
ပြည်ခြား-ပုလောဒေသ ရှေ့တန်းခရီးစဉ်နဲ့ ပတ်သက်ပြီး နှစ် ၂၀ လောက်ကြာပြီးချိန်မှာ မောင်ဒေးဗစ်ကို အခုလို ကျနော် ချီမွမ်းခန်း ဖွင့်နေပေမယ့် ၁၉၉၅ တုန်းက အမြင်ကတော့ တကယ့်ပြောင်းပြန်ပါ။
နိုင်ငံခြားသား သတင်းထောက် တဦးကို ရှေ့တန်းခေါ်သွားရတဲ့ တာဝန်က အတော်ကြီးတဲ့အတွက် ခေါ်လာမိတာ မှားပြီလား လို့တောင် စဉ်းစားခဲ့ဖူးပါတယ်။ ကျနော်တို့တပ်တွေနဲ့အတူ နိုင်ငံခြားသတင်းထောက်တွေ၊ အထူးသဖြင့် လူဖြူတွေ ပါလာတယ်လို့ နဝတဘက်က သိသွားရင် အင်အား အလုံးအရင်း သုံးပြီး မရ၊ ရတဲ့နည်းနဲ့ လိုက်လံပိတ်ဆို့ တားဆီးလေ့ ရှိတယ်လို့ ရှေ့တန်းအတွေ့ အကြုံရှိသူ တပ်ခွဲမှူး ကိုလှဦးကပြောပါတယ်။ တကယ် ကတော့ DAB စစ်ကြောင်းတွေ ခေတ်ကောင်းစဉ်က ပြည်ခြား-ပုလောဒေသဆီ ရောက်လာတဲ့ နိုင်ငံခြား သတင်းထောက် အတော်များများ ရှိခဲ့ပြီး အခု မောင်ဒေးဗစ်ဟာ ABSDF ရဲ့ အတောက်ပဆုံး ကာလတွေ ကုန်ခါနီးမှ နောက်ဆုံးရောက်လာသူလို့တောင် ပြောနိုင်မယ်ထင်ပါတယ်။ အရင်နဲ့ကွာတာက အရင်ကဆိုရင် အင်အား ၁၀၀ ကျော် ၂၀၀ လောက်နဲ့သွားနေတဲ့ DAB စစ်ကြောင်းဆိုတော့ နဝတဘက်က အင်အား ၄၀၊ ၅၀ လောက်နဲ့ လာတိုက်မယ့် စစ်ကြောင်းကို ဂရုစိုက်စရာမလိုခဲ့ပါ။
ဆိုလိုတာကတော့ အခု ကျနော်တို့စစ်ကြောင်းက DAB လည်းမဟုတ်၊ KNU နဲ့ ပူးတွဲစစ်ကြောင်းလည်းမဟုတ်။ ကျနော်တို့ တပ်တွေချည်း အင်အား ၃၀ ကျော် ၄၀ လောက်နဲ့ သွားရတဲ့ စည်းရုံးရေးစစ်ကြောင်းဆိုတော့ ကျနော်တို့နဲ့အတူ နိုင်ငံခြားသတင်းထောက် ပါလာတယ်ဆိုတာကို လုံး၀ သတင်းမပေါက်အောင် ထိမ်းထားရပါတယ်။
နောက်ထပ်တွေ့ရတဲ့ ထူးခြားချက်တခုကတော့ ရှေ့တန်းခရီးစဉ်အတွင်း “ဘာတွေကို အဓိက မှတ်တမ်းတင်ချင်တာလဲ” ဆိုပြီး မောင်ဒေးဗစ်ကို မေးတဲ့အခါ “မှတ်တမ်းတင်ဖို့ဆိုပြီး ဘာမှ တကူးတက လုပ်မပြပါနဲ့။ ခင်ဗျားတို့ နေ့စဉ်လုပ်နေကျအတိုင်း လုပ်နေတာကိုပဲ သဘာဝအတိုင်း မြင်ချင်ပါတယ်” လို့ သူက ဖြေပါတယ်။ “ကျနော်တို့ နေ့စဉ်ဘဝပုံက ဘာထူးမှာလဲဗျာ။ ဒီကောင် စိတ်ဝင်စားသွားအောင် နဝတစခန်းတခုကို ဝင်သိမ်းပြလိုက်ရင် ကောင်းမယ်ထင်တယ်” ဆိုပြီး တပ်မှူးငယ်တဦးက ဝင်ပြောတာကို ကျနော်အမှတ်ရနေပါတယ်။
အမှန်အတိုင်းဝန်ခံရရင် သတင်းထောက်ပေါက်စ ကျနော်ကိုယ်တိုင်လည်း အဲဒီကာလက အဲဒီ တပ်မှူးငယ်လိုပဲ အမြင်ရှိနေပါတယ်။ လူစိတ်ဝင်စားမယ့် လုပ်ကွက်တွေကို ထွင်ပြချင်နေပြီး ကျနော်တို့နေ့စဉ်ဘဝက ပရိသတ်အတွက် ဘာမှ စိတ်ဝင်စားဘွယ် မရှိဘူးလို့ ထင်နေခဲ့တာပါ။ ဒါပေမယ့် မောင်ဒေးဗစ်က ဒီလို လုပ်ကွက်ဖော်မယ်ဆိုတဲ့ကိစ္စကို လုံးဝကန့်ကွက်ပြီး ပုံမှန်သွားနေကျ၊ ပုံမှန်လုပ်နေကျအတိုင်းသာ လုပ်ပါ။ “အရိုးဆုံးက အကောင်းဆုံးပါပဲ” လို့ ပြောပါတယ်။ ဒါပေမယ့် မော်ကွန်းရုပ်ရှင်နဲ့သာ ရင်းနှီးခဲ့ဖူးတဲ့ ကျနော်တို့၊ ဗီဒီယိုဆိုတာ ဇာတ်လမ်းဆင်ပြီး ရိုက်ထားတယ်လို့သာ နားလည်နေခဲ့တဲ့ ကျနော်တို့ စိတ်ထဲမှာတော့ သူပြောနေတဲ့ နေ့စဉ်လုပ်နေကျ ရိုးရိုးဘဝကို မှတ်တမ်းတင်မယ်ဆိုတာကို သိပ် နားမလည်ခဲ့ပါ။
ဒီလိုနဲ့ ငါးတက်ကျေးရွာ တောအုပ်ထဲရှိ ကိုလှဦးတို့ အိမ်မှာ ရှေ့တန်းခရီးစဉ်အတွက် အသေးစိပ် ညှိနှိုင်းပြီးတဲ့နောက် ညနေ ၄ နာရီခန့်မှာ ကျနော်တို့စစ်ကြောင်း ငါးတတ်ကနေ ပြည်ခြားရွာဆီ စတင် ချီတက်လာပါတယ်။ မောင်ဒေးဗစ်ပုံကို လူဖြူမှန်းမသိအောင် မျက်နှာကို အိုးမဲသုတ်ပြီး အာရပ်တဦးလို စစ်ရောင်အဝတ်စနဲ့ ခေါင်းမြီးခြုံထားပေမယ့် “အဝေးက မြင်နိုင်သည်” ဆိုတဲ့ ပုံစံကတော့ ပေါ်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်ခြားရွာ မဝင်ခင် ရေပူရွာ တောစပ်ထဲမှာ အမှောင်ပျိုးတဲ့အထိ စစ်ကြောင်းတခုလုံး “အိုခေါ့” (ခနရပ်တာကို ကရင်စကားနဲ့ ခေါ်တာဖြစ်ပြီး ရှေ့တန်းမှာ ဒီစကားက အတော်ခေတ်စားပါတယ်) လုပ်ရင်းနဲ့ ထိုင်စောင့်နေရပြီး ည ၆ နာရီကျော်မှ ရွာထဲဝင်ရပါတယ်။
ပြည်ခြားရွာအစွန် ချောင်းဘေးက ကွမ်းသီးခြံတခုထဲမှာ အဲဒီညက စခန်းချခဲ့ပါတယ်။ ကွမ်းသီး ပင် ၂ ပင်ကြား စစ်ပုခက်ချည်ပြီး အိပ်ရတဲ့အရသာ အတော်ကောင်းပေမယ့် ခွေးတွေအရမ်းဟောင်နေလို့ တော်ရုံနဲ့ အိပ်မပျော်နိုင်ခဲ့ပါ။ မနက် ၄ နာရီလောက်မှာတော့ ပြည်ခြားရွာကနေ ထားဝယ်-မြိတ် ကားလမ်းမကို ဖြတ်ပါတယ်။ ကားလမ်းဆိုပေမယ့် မြို့ပြဒေသက ကားလမ်းတွေလို ကတ္တရာခင်း ထားတာမျိုးမဟုတ်ပါ။ မြေနီလမ်းအဆင့်ပဲ ရှိသေးတဲ့အတွက် အဲဒီမြေနီလမ်းပေါ်မှာ လူ ၅၀ ခန့်ရဲ့ခြေရာတွေ မကျန်အောင်ဆိုပြီး တပ်ခွဲမှူး ကိုလှဦးကိုယ်တိုင် သစ်ခက်တခက်နဲ့ လိုက်ဖျက်နေတာကို မြင်ယောင်နေ ပါတယ်။ ကားလမ်းမကနေ တောင်လေးတလုံးကိုကျော်၊ ကွင်းပြင်တခုထဲ ရောက်တော့ အရှေ့ဘက် မိုးကောင်းကင်မှာ အာရုဏ်တက်ပြီး နေရောင်လေး စထွက်လာနေပါပြီ။ ကင်မရာအမြင်ရှိတဲ့ မောင်ဒေးဗစ်က အဲဒီနေရောင်အောင်မှာ ကျနော်တို့အဖွဲ့ သွားနေတာကို အပီအပြင ်မှတ်တမ်းတင်ပါတယ်။
တနင်္သာရီချောင်းဖျားမှ အက်ဒမန်ပင်လယ်သို့

ကွင်းပြင်အလွန်မှာတော့ မူလတန်းကျောင်းတခုရှိတဲ့ ကမာအိုင်ဆိုတဲ့ ကရင်ရွာလေးတခုကို ရောက်ပါတယ်။ အဲဒီရွာက ကရင်အဖွားအိုတဦးရဲ့ အိမ်ဘေးမှာ ခေတ္တစခန်းချပြီး မနက်စာအတွက် ပြင်ပါတယ်။ ရဲဘော်တချို့ ဆန်ကြိုး (ရှေ့တန်းသွားတဲ့အခါ ဆန်ကို အထုပ်အပိုးနဲ့ သယ်ရခက်လို့ အချင်း ၃ လက်မ။ အရှည် ၃ ပေလောက်ရှိတဲ့ ပိတ်စနဲ့ချုပ်ထားတဲ့ သိုင်းကြိုးထဲ ဆန်ထည့်ပြီး ရဲဘော်တဦးစီက တကြိုးစီ သယ်သွားရပါတယ်) ထဲက ဆန်တွေကို အိုးထဲလောင်းချနေတဲ့ပုံ၊ တွေ့သမျှ သစ်ကိုင်းသစ်ခက်တွေ ကောက်ယူမီးမွှေးနေတဲ့ပုံ၊ ငရုတ်သီးထောင်း၊ ကြက်သွန်နွှာလုပ်နေတဲ့ပုံံ၊ အဲဒီအချိန်မှာ ကျနော်တို့ တာဝန်ရှိသူတွေက မြေပုံကြည့်၊ ရေဒီယို နားထောင်နေပုံ၊ ဘီဘီစီ မြန်မာပိုင်းကနေ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘုထရို့ ဘုထရို့ ဂါလီက ဘာပြောတဲ့ဆိုတဲ့ အသံတွေကို မောင်ဒေးဗစ်က မှတ်တမ်းတင်ထားပါတယ်။
မနက်စာစားပြီး ခရီးဆက်ထွက်လာတော့ လယ်ထဲကုန်းဆိုတဲ့ ရွာငယ်လေးတခု၊ လယ်ကွင်းပြင်ကြီးတခုကို ဖြတ်ရပြီး စပါးကို သဘာဝလေနဲ့ သန့်စင်အောင်လုပ်နေကြတဲ့ လယ်သူမတစုကို တွေ့ရပါတယ်။ နောက်ထပ် လယ်ကွင်ပြင်တခုနဲ့ ပင်လယ်ရေတက်ချိန်မို့ ဗွက်အိုင်ကြီးဖြစ်နေတဲ့ လမုတောလို နေရာတခုကို ဖြတ်ပြီးတဲ့အခါမှာတော့ ကျနော်တို့ခရီးစဉ်ရဲ့ ဒီနေ့အတွက် ဦးတည်ချက် အက်ဒမန်ပင်လယ်ဘေးက လိပ်ဥသောင်ကျေးရွာကို ရောက်လာပါတယ်။
ဒီနေရာတွေဟာ တပ်ခွဲမှူး ကိုလှဦးအပါဝင် ရဲဘော်အတော်များများ မကြာခန ရောက်ဖူးပြီးသား ဖြစ်ပေမယ့် စစ်ကြောင်းမှူးကြီး ကျနော်အတွက်တော့ မောင်ဒေးဗစ်နဲ့ သိပ်မထူးခြား၊ အားလုံးဟာ အသစ်အဆန်း ဖြစ်နေပါတယ်။ သဲသောင်ပြင်နဲ့ အုန်းပင်တန်းတွေအောက်မှာ အခိုင်အမာဆောက်ထားတဲ့ အိမ်အကောင်းစားတွေကို တွေ့ရပြီး ပင်လယ်ကမ်းစပ်မှာလည်း အခိုင်အမာဆောက်ထားတဲ့ လှေဆိပ်နဲ့ ခေတ်မီ စက်လှေကြီးတွေကို တွေ့ရပါတယ်။
အဲဒီလှေဆိပ်ဘေးက လက်ဖက်ရည်ဆိုင်မှာ စစ်ကြောင်းတခုလုံး ဝင်အားပေးခဲ့ပါတယ်။ ပြီးတော့ ရွာသူကြီးကို ဆင့်ခေါ်ပြီး အဲဒီဆိုင်ထဲမှာပဲ တိုင်းရေးပြည်ရေး အခြေအနေ စကားပြောဆွေးနွေးပါတယ်။ ဒီရွာသူကြီးနဲ့ ရွာသူရွာသားတွေဟာ သူတို့ရွာက ဗီဒီယိုရုံမှာ ညစဉ်ပြနေတဲ့ နိုင်ငံခြားဇာတ်ကားတွေကို ကြည့်နေကြဖြစ်ပေမယ့် နိုင်ငံခြားသားတဦးကိုယ်တိုင် သူတို့ရွာဆီ ရောက်လာတာကိုတော့ အခုမှ ပထမဆုံး မြင်ဖူးတာဖြစ်ပုံရပါတယ်။ အထူးအဆန်းအဖြစ် လာဝိုင်းကြည့်နေကြတဲ့အပြင် မောင်ဒေးဗစ်ကနေ သူတို့ကို ဗီဒီယိုရိုက်တာအခါ ပုံမှန်အတိုင်း မဟုတ်တော့ဘဲ မလှုပ်မရှက် သတိဆွဲပြီး ရပ်နေသလိုဖြစ်သွားကြတာကိုလည်း ကျနော်သတိပြုမိပါတယ်။
ရွာထဲကို ဒီလိုပေါ်တင်ဝင်ပြီးရင်တော့ သတင်းက ဘယ်လိုမှထိမ်းမရနိုင်၊ ဒီတော့ တနာရီလောက် လိပ်ဥသောင်မှာ နေပြီးတာနဲ့ KNU တပ်တွေရှိရာ တောအုပ်ထဲက အုန်းတောရွာဖက် ကျနော်တို့ စစ်ကြောင်း ပြန်လှည့်ခဲ့ပါတယ်။ အဲဒီမှာ တညတာစခန်းချပြီး နောက်တရက်မှာတော့ ပြည်ခြားရွာထဲ ပြန်ဝင်ပြီး ခရစ်စ္စမတ်ပွဲ နွဲခဲ့ကြပါတယ်။
နွားလှည်းတွေစီးပြီး ပွဲလာကြတဲ့ ရွာနီးချုပ်စပ်ကလူတွေ၊ ရေခဲတုံးကို ရွေဖော်ထိုးတဲ့ခုံပေါ်တင်ပြီး တဂျစ်ဂျစ်ခြစ်၊ နို့ဆီဖြန်းပြီး ရေခဲခြစ်အဖြစ် စားနေကြတဲ့ ကလေးငယ်တွေရဲ့ ပုံတွေဟာ ကျနော်တို့အတွက် အထူးအဆန်း မဟုတ်ပေမယ့် နိုင်ငံခြားသားတဦး အမြင်မှာတော့ ၁၈ ရာစု မှာကျန်နေခဲ့တဲ့ အမေဇုန်တောထဲက လူရိုင်းရွာတခုဆီ ရောက်နေသလားလို့ ထင်ချင်ထင်နေနိုင်ပါတယ်။ နောက်တရက်မှာတော့ ပြည်ခြားကနေ ကားလမ်းမကို တခါပြန်ဖြတ်ပြီး ဝါးကုန်းဆိုတဲ့ မွန်ရွာလေးကို ကျနော်တို့ ခရီးဆက်ခဲ့ပါတယ်။ အဲဒီက ရပ်မိရပ်ဖ အိမ်တလုံးမှာ ရပ်ရွာအခြေနေကို မေးမြန်းခဲ့ပြီး အထူးသဖြင့် ရေး-ထားဝယ် ရထားလမ်း လုပ်အားပေးဒုက္ခကို ရွာသူမကြီးတဦးက အားရပါးရ ပြောပြတာကို အမှတ်ရနေပါတယ်။
ကျနော်တို့က အိမ်ပေါ်မှာ ရပ်မိရပ်ဖနဲ့ ဒီလိုစကားပြောနေချိန်မှာ စစ်ကြောင်းပြန်ကြားရေးအဖွဲ့ကတော့ ရွာဗီဒီယိုရုံထဲဝင်ကာ Beyond Rangoon ရုပ်ရှင်ကားကိုပြပြီး လူငယ်စည်းရုံးရေး လုပ်နေကြပါတယ်။ ပြန်ကြားရေးအဖွဲနဲ့ ပတ်သက်ပြီး သတိရတုန်း တခုထပ်ဖြည့်ပြောရရင် ရှေ့ပိုင်းအခန်းတခုမှာ ကျနော်တင်ပြခဲ့ဖူးတဲ့ ဗဟိုရုံးအဖွဲ့မှူး ဦးရီထွန်း တီထွင်ထားတဲ့ “ဖရောင်းစက္ကူ ကော်ပီကူး သစ်သားကိရိယာလေး” ကို တပ်ရင်းကနေ ရှေ့တန်းအထိသယ်လာပြီး ရှေ့တန်းအခြေနေနဲ့ကိုက်ညီမယ့် လူထုပညာပေး ပိုစတာတွေ၊ ဆောင်းပါးတွေ၊ ကဗျာတွေကို ချက်ချင်း ဖရောင်းစက္ကူပေါ်ရေး၊ ချက်ချင်းလိမ့်၊ ချက်ချင်းဖြန့်တာကို ကျနော်တို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျနော်နဲ့ ကိုကျော်ကျော် ရေးသမျှကို လက်ရေးလှလှနဲ့ ဖရောင်းစက္ကူပေါ် ရေးပေးသူကတော့ တပ်ရင်းပြန်ကြားရေးအဖွဲ့ဝင် ကိုသက်ဇော်ထွေး ဖြစ်ပါတယ်။
ဗီဒီယိုပြ၊ စာရွက်ဖြန့် ပညာပေးမှုတွေ လုပ်ပြီးတဲ့အခါမှာတော့ ဝါးကုန်းရွာကနေခွာပြီး ပြည်ခြားချောင်းအနီးရှိ ရွာငယ်လေးတခုမှာ (ကထောင်းနီရွာလို့ ထင်ပါတယ်) စခန်းချ ညအိပ်ခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီရွာမှာ စခန်းချနေတုန်း စည်းရုံးရေးမှူး ကိုကိုကျော် ဝါးဆစ်လှေကားပေါ်က ချော်ကျပြီး ခေါင်းကွဲသွားပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျနော်တို့အတွက် ဆိုရင်တော့ နမော်နမဲ့နိုင်လို့ ဖြစ်တာလို့ အလွယ်တကူ မှတ်ချက်ချလိုက်ပြီး ဘာမှ စာဖွဲ့စရာ မရှိလောက်ပါ။ ဒါပေမယ့် ကျနော်တို့ ကြုံတွေသမျှကို မှတ်တမ်းတင်နေတဲ့ နိုင်ငံခြားသား သတင်းထောက်တဦး အမြင်မှာတော့ ဒါဟာ ငှက်ဖျားမိထားလို့ အားနဲမူးဝေနေတဲ့ ကျောင်းသား တော်လှန်ရေးသမားတဦး လှေကားပေါ်က ပြုတ်ကျတာလို့ မောင်ဒေးဗစ်က ရုပ်သံ မှတ်တမ်းထဲမှာ ထည့်ပြောထားပါတယ်။
နောက်တနေ့ မနက်မှာတော့ ရွာကနွားလှည်းတစီးကို အကူညီတောင်း၊ ပါတ်တီးအဖြူကြီး ခေါင်းမှာစည်းထားတဲ့ ကိုကျော်ကျော်ကို လှည်းပေါ်တင်ပြီး ပြည်ခြားရွာကို ပြန်ဝင်ပါတယ်။ ပြည်ခြားချောင်းရေက သန့်ရှင်းစင်ကြယ်နေပြီး ရေအနက်က ဒူးဆစ်ကျော်ကျော်လေးပဲရှိပါတယ်။ နေပူလွန်းလို့ အဲဒီရေကို လက်ခုပ်နဲ့ခပ်ပြီး သောက်နေကြတဲ့ ရဲဘော်တွေ၊ အဲဒီရေကိုဖြတ်ပြီး တက်လာတဲ့နွားလှည်း၊ အရိပ်ကောင်းလှတဲ့ ညောင်ပင်တွေကို မောင်ဒေးဗစ် အမိအရ မှတ်တမ်းတင်နေပါတယ်။ ပြည်ခြားရွာအဝင် ကားလမ်းမပေါ်မှာတော့ ၁၀ ပေလောက်အမြင့်အထိ တိုင်တွေစိုက်ပြီး အပေါ်မှာ ဖက်မိုးထားတဲ့ ထူးခြားတဲ့ ကားဂိတ်တခုကို တွေ့ရပါတယ်။ ဒီကားဂိတ်ဟာ ဒီနေ့အတွက် ကျနော်တို့ လူထုတရားပွဲလုပ်မယ့် သတ်မှတ်နေရာဖြစ်ပါတယ်။
အားလုံးကွက်တိပါပဲ။ အဲဒီကားဂိတ်ဆီ ကျနော်တို့စစ်ကြောင်း ရောက်ပြီး ၁၅ မိနစ်လောက်အတွင်း ထားဝယ်ကနေ မြိတ်ဖက်မောင်းလာတဲ့ လိုင်းကားတစီး မနိုင်ဝန်တွေနဲ့အတူ ဆိုက်ရောက်လာပါတယ်။ လိုင်းကားဆိုလို့ မြို့ပြက ကားတွေလို ဘတ်စကားလို့ မထင်လိုက်ပါနဲ့။ ဒုတိယကမ္ဘာစစ် လက်ကျန် ဒေါ့ဂျစ်ကားကို ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြန်လည်မွမ်းမံထားတဲ့ (အခုချိန်အထိ ဒီလိုကားမျိုးတွေကို တနင်္သာရီတိုင်းမှာ သုံးနေကြဆဲလို့ သိရပါတယ်)၊ အောက်ထပ်မှာ အမျိုးသမီးတွေစီး၊ အမျိုးသားတွေက ခေါင်မိုးပေါ်မှာထိုင်ရတဲ့၊ စားပွဲကုလားထိုင် အပါအဝင် သစ်တိုသစ်စကနေ ငါးပိငါးချဉ်အထိ ပစ္စည်းမျိုးစုံ သယ်နိုင်တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။
ထုံးစံအတိုင်း အဓိကဟောပြောသူကတော့ ခေါင်းကွဲလို့ ပတ်တီးစည်းထားရတဲ့ စည်းရုံးရေးမှုး ကိုကျော်ကျော်ဖြစ်ပါတယ်။ အမျိုးသားညီလာခံကို အဆင့်တိုင်းအဆင့်တိုင်းမှာ ဘယ်လိုဘယ်ပုံ တိုက်ဖျက်ရမယ်။ လုပ်အားပေးမလိုက်ဘဲ ဘယ်လိုဆန့်ကျင်ရမယ်၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ လူထုက လိုက်ပါဆောင်ရွက်ဖို့ လိုတယ် စသည်ဖြင့် သူပြောနေတာတွေကို ပရိသတ်တချို့က စိတ်ဝင်စားကောင်း စိတ်ဝင်စားနေနိုင်ပေမယ့် ကျနော်အမြင်မှာတော့ ကင်မရာကိုင်ထားတဲ့ အနောက်တိုင်းသား လူဖြူ မောင်ဒေးဗစ်ကိုသာ ပရိသတ်က စိတ်ဝင်တစား ကြည့်နေကြတယ်လို့ ထင်နေမိပါတယ်။ အဲဒီဟောပြောပွဲ အပြီးမှာတော့ သတင်းတပတ်ကြာ ကျနော်တို့ရဲ့ လူထုစည်းရုံးရေးခရီးစဉ် စစ်ကြောင်းကို အဆုံးသတ်ပြီး ငါးတက်ကျေးရွာဆီ ပြန်တက်လာခဲ့ပါတယ်။
ဖလင်မပါဘဲ ဓါတ်ပုံရိုက်နေတဲ့ စစ်မြေပြင်သတင်းထောက်
ငါးတက်ရွာက ရှေ့တန်းစစ်ကြောင်းရုံးဆီ ပြန်အရောက်မှာတော့ အစည်းဝေးထိုင်ပြီး မောင်ဒေးဗစ်ကို နောက်တန်းပြန်ပို့ဖို့၊ ပြီးရင် ကျနော်တို့ချည်း ပင်လယ်ပြင်ထဲအထိ စစ်ကြောင်းထပ်ထွက်ပြီး စည်းရုံးရေး ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ငါးတက်မှာ ၃ ရက်လောက် နားပြီးတဲ့နောက် ပြည်ခြားရွာဆီ ပြန်ဆင်းလာပြီး လိပ်ဥသောင်ကို ညဖက်ကြီး ပြန်ဝင်ပါတယ်။ ပြီးတော့ စက်လှေ ၅၊ ၆ စီးလောက် ဆင့်ခေါ်ပြီး ပင်လယ်ထဲက ကျွန်းရွာကြီးတခုဖြစ်တဲ့ လိပ်ဥသောင်ရွာရဲ့ အပေါ်ဘက်ရှိ ပြင်ဘုကြီးကျွန်းဆီ ကျနော်တို့ ခရီးဆက်ခဲ့ပါတယ်။ ပင်လယ်ထဲ စစ်ကြောင်းသွားတဲ့အချိန်မှာ ဒီရေအတက်အကျကို အသေအချာ ထည့်တွက်ထားဖို့လိုပြီး အတွက်မှားလို့ ပြေးပေါက်မှားခဲ့တဲ့ စစ်ကြောင်းတွေ ကျနော်တို့ရှေ့မှာ ရှိခဲ့ဖူးတယ်လို့ လိပ်ဥသောင်ရွာသူကြီးက ပြောပြပါတယ်။

အဲဒီညက လပြည့်ညလို့ ထင်ပါတယ်။ ကောင်းကင်တခုလုံး ကြည်လင်ဝင်းပနေပြီး ပင်လယ်ပြင်ထဲက ကျနော်တို့လှေတွေ အချင်းချင်း မြင်နေရပါတယ်။ မနက်အာရုံတက်ချိန်မှာ ပြင်ဘုကြီးကျွန်းဆီ ဆိုက်ပြီး ကမ်းကပ်ကြပါတယ်။ ဒီလို ကမ်းကပ်တဲ့အခါမှာလည်း အထူးသတိထားဖို့လိုပြီး ကမ်းပေါ်မှာ တဘက်ရန်သူ ရှိမရှိ သတင်းအတိအကျ ရထားဖို့ လိုပါတယ်။ နောက်တခါ ရှေ့ပြေးလှေကို အရင်ကုန်းပေါ် တက်ခိုင်းပြီး အဲဒီအဖွဲ့က မီးစိမ်းပြမှ စစ်ကြောင်းတခုလုံး စနစ်တကျ ချီတက်ကြရပါတယ်။ ဒီလိုမျိုး စနစ်တကျကမ်းတက်တာ မလုပ်မိလို့ ကျနော်တို့အရင် စစ်ကြောင်းတခု ကမ်းအတက်မှာ တဖက်ရန်သူရဲ့ ချေမှုန်းမှုကို ခံခဲ့ရဖူးတယ်လို့ သိရပါတယ်။
ပင်လယ်ပြင်ထဲကတံငါရွာဆိုပေမယ့် ကျနော်တို့ထားဝယ်ဝန်းကျင်က ရွာတွေထက်တောင် ပိုကြီးမား၊ ပိုစည်းကားနေတာကို တွေ့ရပါတယ်။ ရွာထဲရောက်ရောက်ချင်း ပထမဆုံး ကျနော်တို့စစ်ကြောင်း သွားတဲ့နေရာကတော့ အလက သို့မဟုတ် တွဲဖက် အထကကျောင်းဖြစ်ပါတယ်။ ဒီကျောင်းကဆရာ၊ ဆရာမတွေဟာ တပ်ခွဲမှူး ကိုလှဦး အပါအဝင် ကျနော်တို့ရဲဘော်တွေနဲ့ အတော်ရင်းနှီးနေပုံရပါတယ်။ ကျနော်တို့ စစ်ကြောင်းပါ ရဲဘော်အများစုဟာ ပုလောမြို့နယ်က ဖြစ်တာကြောင့် အခုလို ရင်းနှီးနေတာလဲ ဖြစ်နိုင်ပါတယ်။ ဖယောင်းစက္ကူမှာ လက်ရေးနဲ့ ရေးနေရတာကို စိတ်ပျက်နေပုံရတဲ့ ကိုသက်ဇော်ထွေးက ဒီကျောင်းက လက်နှိပ်စက်ကြီးကို ဆွဲသွားရင် ကောင်းမယ်လို့ အကြံပြုတာနဲ့ အဲဒါကြီးကို ကျနော်တို့ အလှူခံလိုက်ပါတယ်။ ကျောင်းဆရာတွေဘက်က စေတနာရှိလို့ လှူလိုက်တာလား၊ ကျနော်တို့ ကိုင်ထားတဲ့ သေနတ်တွေကိုကြည့်ပြီး လှူလိုက်တာလား ဆိုတာကိုတော့ အဲဒီအချိန်က ကျနော် စဉ်းစားဖို့ သတိမရခဲ့ပါဘူး။
နေ့လည်ပိုင်းမှာတော့ ထုံးစံအတိုင်း ရွာလယ်မှာ လူစုပြီး ကိုကျော်ကျော်ကပဲ အမျိုးသားညီလာခံ တိုက်ဖျက်ရေးအကြောင်း ဟောပြောပါတယ်။ ဟောပြောပွဲအပြီးမှာတော့ ကျနော်တို့ရေးထားတဲ့ လှုံ့ဆော်ရေးစာတွေ ဖြန့်ဝေပြီး ရွာအတွင်း လှည့်လည်ကာ လူထုအခြေကို နေလေ့လာခဲ့ပါတယ်။ အဲဒီ ကျွန်းကနေ ကျနော်တို့ ပြန်ထွက်တဲ့အချိန်ကတော့ ညသန်းခေါင်ဝန်းကျင် ဒီရေပြည့်တဲ့အချိန် ဖြစ်ပါတယ်။ ဒီလိုပြန်ထွက်တဲ့အချိန်မှာ အဲဒီကျွန်းဝန်းကျင်က နောက်တကျွန်းဆီ ဆက်သွားမယ်လို့ ကျနော်တို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် စစ်ရေးသတိကြီးလှတဲ့ တပ်ခွဲမှူး ကိုလှဦးက သူ့စိတ်ထဲမှာ သံသယ နည်းနည်း ဖြစ်နေတယ်။ အဲဒီကျွန်းမှာ ရန်သူရှိနေနိုင်တယ်။ ကျနော်တို့ လှေအဝင်လာကို ကျွန်းပေါ်ကနေ စောင့်ပစ်ခံရနိုင်တယ်ဆိုပြီး အစီစဉ်ကို ဖျက်လိုက်ပါတယ်။
ဒီလိုနဲ့ မနက်မိုးလင်းချိန်မှာ လိပ်ဥသောင်ရွာရဲ့ အောက်ဖက်ခပ်လှမ်းလှမ်းက ကျောက်သင်္ဘော သို့မဟုတ် ဖော့ဆိုတဲ့ ကမ်းစပ်ရွာလေးဆီ ကျနော်တို့ ကမ်းတက်ခဲ့ပါတယ်။ နေ့လည်ပိုင်းမှာတော့ ထားဝယ်-မြိတ် ကားလမ်းမပေါ်ရှိ ၅ မိုင်ဆိုတဲ့ ရွာဆီချီတက်ပြီး ထုံးစံအတိုင်း လိုင်းကားကိုတားဆီးကာ လူထုတရားဟောပွဲလုပ်ပြန်ပါတယ်။
အဲဒီက အပြန်မှာတော့ ပြည်ခြားရွာဆီပြန်ဝင်ပြီး ခေတ္တစခန်းချပါတယ်။ အဲဒီလို စခန်းချနေစဉ် “ရွာသူကြီးများအား ခေါ်ယူပညာပေးခြင်း” အစီစဉ်တခုကို ကျနော်တို့ အကောင်ထည်ဖေါ်ပါတယ်။ ပြည်ခြားရွာနောက်ကျော ချောင်းတဖက်ကမ်းက အိမ်ကြီးတလုံးမှာ ကျင်းပတဲ့ နေ့ချင်းပြီး နိုင်ငံရေးသင်တန်းကို ပုလောမြိုနယ် မြောက်ဖက်ခြမ်းရှိ ကျေးရွာပေါင်း ၄၀ ခန့်က ရွာသူကြီးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ၅၀ ခန့် လာတက်ကြပါတယ်။ လက်ရှိနိုင်ငံရေးအခြေနေ၊ အမျိုးသားညီလာခံအခြေနေ၊ ဆန်းဈေးစပါးဈေး အခြေနေ၊ လုပ်အားပေးအခြေအနေ အပါအဝင် ဘာသာရပ် အတော်များများကို ကိုကျော်ကျော်ကပဲ ဒိုင်ခံဆွေးနွေးခဲ့ပါတယ်။ အဲဒီ ရွာသူကြီးသင်တန်း အပြီးမှာတော့ ကျနော်တို့စစ်ကြောင်းရဲ့ ခရီးစဉ်ကို အဆုံးသတ်ပြီး မင်းသမီးခစန်းဆီ ပြန်လာခဲ့ပါတယ်။
အဲ … မင်းသမီးစခန်း ပြန်ရောက်တော့ တလတာ စစ်ကြောင်းခရီးစဉ်တွေအတွင်း ကျနော်ရိုက်ထားတဲ့ ဖလင် ၃ လိပ်ကိုထုတ်ပြီး ကန်ချနပူရီမှာကူးဖို့ လူကြုံနဲ့ ပို့လိုက်ပါတယ်။ နောက်တရက် ဓာတ်ပုံနဲ့ ဖလင်တွေ ပြန်ရောက်လာတော့ ၃ ခွေမှာ တခွေပဲ ပုံပေါ်ပြီး ကျန် ၂ ခွေက ဘာပုံမှမပေါ်ဘဲ အနက်ရောင်ချည်း ဖြစ်နေပါတယ်။ ဒီတော့မှ ကိုယ့်နဖူးကိုယ်ရိုက်ပြီး “သေလိုက်ပါတော့ သတင်းထောက်ကြီးရယ်” လို့ အသံထွက် အော်မိပါတယ်။ အဲဒီကာလဟာ အခုခေတ်လို ဒီဂျီတယ်ခေတ် မဟုတ်သေးတော့ ဖလင်နဲ့ ရိုက်ရပါတယ်။ ကင်မရာကို တခါမှ ကောင်းကောင်း မကိုင်ဖူးသေးတဲ့ ကျနော်ဟာ ရှေ့တန်းမဆင်းခင်လေးကမှ Green November 32 အဖွဲ့ကနေ ရထားတဲ့ Pentax အကောင်းစား ကင်မရာကြီးကို ကိုင်ပြီး ဖလင်ကိုဝင်အောင် အသေအချာ ထည့်တတ်ပုံမရသေးပါ။
ဒါပေမယ့် စစ်ကြောင်းမှူးလည်းဖြစ်၊ ပြန်ကြားရေးတာဝန်ခံလည်းဖြစ်၊ DVB သတင်းထောက်လည်း ဖြစ်နေသူဆိုတော့ ဟန်ကိုယ်ဖို့လုပ်ရင်းနဲ့ ဖလင်ဝင် မဝင် သံသယရှိမှုအပေါ် ဘယ်သူကိုမှ မတိုင်ပင်ဖြစ်ခဲ့ပါ။ “အခွင့်အရေးဆိုတာ နှစ်ခါပြန် မရနိုင်ဘူး” ဆိုတဲ့ သတင်းသမားတွေရဲ့ ဆောင်ပုဒ်ကို အဲဒီအချိန်ကျမှ ကျနော် တကယ်သဘောပေါက်လိုက်ပါတယ်။