ဆောင်းပါး

အိမ်ပြန်ချင်တယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တနှစ်ကျော် ကြာတဲ့အထိ အိမ်ပြန်ချင်တဲ့စိတ်၊ လယ်ယာတွေ ပြန်လုပ်ချင်တယ် ဆိုတဲ့စိတ်တွေနဲ့ ဒုက္ခသည် စခန်းတွေထဲမှာ သူတို့ ကချင်တိုင်းရင်းသားတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ နေထိုင်နေရတယ်လို့ လိုင်ဇာမြို့ထဲက ဝင်ကြိုင်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ မလုထွယ်က ပြောပြပါတယ်။

“စစ်ပွဲတွေ အမြန်ပြီးစေချင်တယ်။ ဒီစစ်ပွဲက ဘယ်သူ့ကြောင့်၊ ဘာကြောင့် လို့တော့ တွေးမနေ ချင်တော့ဘူး။ ကျမတို့ ဒီမှာ နေရတာ ဒုက္ခရောက်တယ်၊ အိမ်ပြန်ချင်တယ်။ ဖြစ်နိုင်ရင် ဒီနေ့တောင် ပြန်ချင်တယ်” လို့ သူက ဆိုပါတယ်။

ဝင်ကြိုင် ဒုက္ခသည် စခန်းမှာ သူတို့မိသားစု နေထိုင် စားသောက်ဖို့ စီစဉ်ပေးပေမယ့်လည်း သူတို့ ဒေသက အိမ်လောက် အဆင်မပြေကြောင်း၊ ကလေးငယ်တွေရဲ့ အသုံးအဆောင်တွေလည်း မလုံလောက်ကြောင်းနဲ့ အခုတော့ လူကြီး တွေနဲ့ အတူ ကလေးငယ်တွေပါ ဆင်းရဲ ဒုက္ခခံနေရတယ်လို့ မလုထွယ်က ဆက်ပြောတယ်။

“စစ်ပွဲကြောင့် ကလေးငယ်တွေရဲ့ အနာဂတ်က မတွေးဝံ့စရာ ဖြစ်နေပြီ” လို့ သူက ဆိုတယ်။

စစ်ပွဲစဖြစ်တော့ သူတို့ရွာကနေ ဒုက္ခသည်စခန်းကို ညတွင်းချင်း လမ်းလျှောက်လာခဲ့ရတယ်၊ ဘာဆိုဘာမှ ပါမလာဘူး၊ စစ်ပွဲကြောင့် ထိခိုက်ဒဏ်ရာ မရအောင်သာ ကလေးငယ်ငယ်လေးကို ချီပိုးပြီး ပြေးနေခဲ့ရတာလို့ သူက သူ့အတွေ့အကြုံကို ပြောရင်း မလုထွယ်က မျက်ရည်ဝဲလာတယ်။

ကချင်စစ်ဘေး ဒုက္ခသည်အများစုဟာ အရင်က သူတို့နေရပ်တွေမှာ လယ်ယာ လုပ်ကိုင်စားသောက်ရင်း အေးအေးချမ်းချမ်း နေထိုင်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။

အခု အဲဒီဘဝကို ပြန်သတိရတယ်၊ အဲဒီလို ပြန်နေချင်တယ်၊ သူတို့ရဲ့ လယ်ယာတွေကိုပါ စွန့်ခွာလာရတဲ့အတွက် လယ်ယာတွေ ဘယ်လို ဖြစ်နေမလဲ ဆိုတာလည်း စိတ်ပူပန်နေရတယ်လို့ ကွတ်ခိုင်မြို့နယ်အတွင်း နေထိုင်ခဲ့တဲ့ အသက် ၅၈ နှစ် အရွယ် စစ်ဘေးဒုက္ခသည် အမျိုးသမီးကြီး တဦးက ပြောပြတယ်။

“စစ်ပွဲကို အမြန်ပြီးဆုံး စေချင်တယ်။ တကယ်လို့ စစ်ပွဲပြီးသွားရင် ကျမတို့ ဘယ်မှာ သွားနေရမှာလဲ၊ ကျမတို့ အိမ်တွေကော ရှိသေးရဲ့လား၊ အိမ်ကို ဘယ်လိုပြန်ပြင်ရမလဲ ဆိုတာ စိတ်ပူနေတယ်။ လယ်တွေ၊ အိမ်တွေကို နေ့တိုင်း တမ်းတမိတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အိမ်က ကိုယ့်အိမ်ပါပဲ” လို့ သူက ဆိုတယ်။

ကွတ်ခိုင်မြို့နယ်အတွင်းမှာ အခြေစိုက်ပြီး လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ ၄ နဲ့
မြန်မာအစိုးရ တပ်တွေဟာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ကတည်းက စစ်ပွဲစတင် ဖြစ်ပွားခဲ့တာပါ။

ဒီစစ်ပွဲကြောင့် ကွတ်ခိုင်မြို့နယ် ထဲမှာ နေထိုင်ကြတဲ့ ကချင်ပြည်သူ ၉၃ ဦးဟာ တောလမ်းမှာ ရက်ပေါင်းများစွာ လမ်းလျှောက်
ရှောင်ပုန်းခဲ့ပြီး အခုတော့ ကချင် ဒုက္ခသည်စခန်း တခုဖြစ်တဲ့ မာဂျာယန် စခန်းမှာ နေထိုင်နေကြကြောင်း သိရပါတယ်။

“စစ်ဖြစ်ပြီ ဆိုတော့ ကိုယ်လွတ်ရုန်းပြီး ထွက်လာတာ၊ ကလေးငယ်ရဲ့ အဝတ်တွေ၊ စောင်တွေတောင် မပါဘူး။ အဲဒီအချိန်က
မိုးကလည်း ရွာသေးတယ် ။ ကြောက်ကြောက်နဲ့ လမ်းလျှောက်လာတာ မူဆယ်မြို့နယ် ထဲမှာရှိတဲ့ မိုးပေါ် ကျေးရွာအထိပါပဲ။စစ်ပွဲကိုလည်း တခါမှ မကြုံဖူးဘူးလေ။ အခုအိမ်ရော လယ်ရော ဘယ်လို ဖြစ်နေမှန်း မသိတော့ဘူး။ အိမ်ပြန်ချင်တယ် ဆိုတာပဲ သိတယ်” လို့ မာဂျာယန်စခန်းကို ရောက်နေတဲ့ ဒုက္ခသည်တဦးက ပြောပြတယ်။

မာဂျာယန် ဒုက္ခသည်စခန်းက ဘော်ဒါဆောင်မှာ နေထိုင်တဲ့ ကလေးတချို့ ဆိုရင်လည်း စစ်ပွဲကြောင့် မိဘတွေနဲ့ ကွဲကွာ ခဲ့ရတာ ဖြစ်ပြီး အခုအချိန်အထိ သူတို့မိဘတွေနဲ့ တွေ့ခွင့် မရသေးဘူး၊ သူတို့ အားလုံး အိမ်ပြန်ချင်တဲ့စိတ်နဲ့ အိမ်လွမ်း ဝေဒနာ ခံစားနေရတယ်လို့ သိရတယ်။

“ဒီမှာက အိမ်နဲ့တော့ မတူဘူးပေါ့။ ကလေးတွေက ဒီကို ကျောင်းက ဆရာမ အုပ်စုနဲ့အတူ ရောက်လာတာပါ။ မိဘတွေနဲ့လည်း မတွေ့တာ တနှစ် ရှိတော့မယ်။ သမီးက ကွတ်ခိုင်ဘက်ကပါ။ မိဘတွေနဲ့ အရမ်း တွေ့ချင်တယ်။ အိမ်ကိုလည်း ပြန်ချင်တယ်။အစားအသောက် ကအစ ဘာမှ အဆင်မပြေဘူး။ ကျောင်းကတော့ ဒီစခန်းထဲမှာပဲ တက်ရတယ်။ အိမ် ဘယ်တော့ ပြန်ရမှာလဲ ဆိုတာပဲ စဉ်းစားနေတယ်” လို့ အသက် ၁၀ နှစ် အရွယ် အာဘောက်ဆိုတဲ့ ကလေးက ပြောပြပါတယ်။

ကလေးတွေနဲ့အတူ စစ်ဘေးဒဏ်က ရှောင်လာတဲ့ ဆရာမ တဦးကလည်း စစ်ဖြစ်တဲ့အချိန်တုန်းက သူ စာသင်နေရတဲ့ ကလေးတွေကိုပဲ အဓိကထားပြီး ဘယ်လို အန္ထရာယ်မှ မဖြစ်အောင် အခု နေထိုင်တဲ့ စခန်း ရောက်တဲ့အထိ ခေါ်ဆောင် လာတယ်လို့ ရှင်းပြတယ်။

ဆရာမ အနေနဲ့ ကလေးတွေရဲ့ လိုအပ်ချက်၊ အရာအားလုံးကို ဖြည့်ဆည်း ပေးချင်ပေမယ့်လည်း ဘာတခုမှ သေသေချာချာ  မလုပ်ဆောင် ပေးနိုင်လို့ သူ့ကိုယ်သူ မကျေနပ်ဘူးလို့ ပြောပါတယ်။

“တကယ်ဆိုရင် ဒီအသက်အရွယ် ကလေးတွေက မိဘရင်ခွင်မှာ နေရမယ့်အချိန်ပါ။ ကျမတို့တောင် မိဘကို သတိရနေတာပဲ၊
သူတို့ဆိုရင် ဘယ်လောက်အထိ လွမ်းနေမလဲဆိုတာ သိပါတယ်။ အိမ်ကလည်း ဘယ်လိုနည်းနဲ့မှ ပြန်လို့ မရသေးတဲ့ အချိန်မှာ စစ်ကလည်း ပိုဖြစ်နေတယ် ဆိုတော့ ကလေးတွေအတွက် အန္တရာယ် ပိုရှိနိုင်တယ်လေ။ သူတို့ လုံခြုံဖို့ အတွက်က ပို အရေး ကြီးတယ်” လို့ စခန်းဘော်ဒါဆောင် အဆောင်မှူးက ဆိုပါတယ်။

KIA နဲ့ အစိုးရတပ်တွေရဲ့ စစ်ပွဲကြောင့် လိုင်ဇာမြို့က ဂျေယန့် ဒုက္ခသည်စခန်းမှာ နေတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးကြီး တဦးကလည်း သူ့ရွာကို အလွန်ပြန်ချင်တဲ့အကြောင်း၊ လယ်တွေကို ပစ်ထားခဲ့ရလို့ လယ်အတွက် စိတ်ပူနေရကြောင်းနဲ့ လက်ရှိ အလုပ်လက်မဲ့ ဖြစ်နေတဲ့အတွက် ဒုက္ခသည် စခန်းကော်မတီက ဝေပေးတဲ့ ဆန်၊ ဆီ၊ ဆား တွေကို ချွေတာ သုံးစွဲနေရတယ်လို့ ပြောပါတယ်။

စစ်ပွဲကြောင့် ဒေသခံတွေဟာ နေရပ်ကို စွန့်ခွာခဲ့ရပြီး ဒုက္ခသည်စခန်းတွေမှာ နေကြရတဲ့ အတွက် သူတို့ရဲ့ မိရိုးဖလာ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ထိခိုက် နစ်နာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အထူးသဖြင့် တောင်သူတွေ အနေနဲ့ ဒီနှစ်ထဲမှာ သူတို့ လုပ်ငန်းတွေကို ဆက်မလုပ်နိုင်တော့ပါဘူး။ ဒါ့အပြင် ရွာအနီးက လယ်တွေကို အသိမ်းခံရတာတွေလည်း ရှိနေတာကြောင့် စစ်ပွဲပြီးဆုံးသွားခဲ့ရင်တောင် လုပ်ကိုင်စားသောက်ဖို့၊ နေထိုင်ဖို့အတွက် စိုးရိမ် ပူပန်နေကြတာ တွေ့ရပါတယ်။

မြစ်ကြီးနားမြို့နားမှာရှိတဲ့ နန်းဆန်းယန်း ကျေးရွာကနေ စစ်ပွဲကြောင့် လိုင်ဇာမြို့က ဖလူရန် ဒုက္ခသည်စခန်းကို ရောက်နေတဲ့ အသက် ၂၈နှစ် အရွယ် နန်းဒွဲက “ကျမ စစ်ပြေးတဲ့ အချိန်က ကိုယ်ဝန်ကြီးနဲ့ပါ။ ကြောက်ကြောက်နဲ့ ပြေးလာ ရတာ။ ကလေး မွေးတော့လည်း ဒုက္ခတွေရောက်တယ်။ ကျမ ယောက်ျားကလည်း KIA စစ်တပ်ထဲမှာ နေတာ။ အခုထိ သူနဲ့ကို မတွေ့သေး ဘူး။ စစ်ကြောင့် ကလေးတွေရော၊ ကျန်မတို့လို ကလေး အမေတွေပါ ဒုက္ခရောက်တယ်။ မွေးဖို့အတွက် ဘာဆိုဘာမှ မရှိဘူး။ အခုချိန်အထိ ကလေးက အဟာရအတွက် မပြည့်စုံဘူး” လို့ သူ့အတွေ့အကြုံကို ရှင်းပြတယ်။

ဒုက္ခသည်တွေ အားလုံးဟာ နေရပ်ကို ပြန်ချင်နေကြပေမယ့် နယ်မြေ မတည်ငြိမ်သေးလို့ ဘယ်သူမှ မပြန်နိုင်သေးဘူးလို့ သိရပါတယ်။

လက်ရှိ အခြေအနေအရ ကချင်စစ်ပြေး ဒုက္ခသည်တွေဟာ တရုတ် မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းမှာ ရှိတဲ့ ဒုက္ခသည် စခန်း ၂ ခု အပါအဝင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) က စောင့်ရှောက်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင်လျက်ရှိ ပါတယ်။

KIO နဲ့ အစိုးရဟာ နှစ်ဘက် အပစ်ရပ်ဖို့ အတွက် တရားဝင်ကော၊ အလွတ်သဘောပါ ဆွေးနွေး မှုတွေ ရှိနေပေမယ့်လည်း အဲဒီ အတောအတွင်းမှာပဲ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေဆဲ ဖြစ်ပါတယ်။ ဇူလိုင်လဆန်းပိုင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ဆွေးနွေးကြမယ့်နေရာကို နှစ်သက် ညှိနှိုင်းလို့ မရသေးတာကြောင့် အခုအချိန်အထိ ဆွေးနွေး ပွဲ မကျင်းပနိုင်သေးပါဘူး။

KIA ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကလည်း သူတို့ KIA ရပ်တည်ချက် အနေနဲ့ အစိုးရက ငြိမ်းချမ်းရေး ပေးမယ်ဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတွေ ရပိုင်ခွင့်ရှိတဲ့ ငြိမ်းချမ်းရေးပဲ လိုချင်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“လက်မှတ် ရေးထိုးရုံနဲ့ ငြိမ်းချမ်းရေး ရတာမဟုတ်ဘူး။ အပစ်ရပ်ဖို့ ကိစ္စ လက်မှတ်ထိုးတဲ့ အခါမှာ နိုင်ငံတကာ စောင့်ကြည့်ရေး အဖွဲ့တွေက စောင့်ကြည့်ဖို့ လိုအပ်တယ်” လို့ သူက ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading