ဆောင်းပါး

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၁)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လက်နက်ကိုင် တော်လှန်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု

သဘာ၀ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး (Environmental) ဆိုတဲ့ စကားလုံးဟာ အခုခေတ် လူငယ်တွေအတွက် အသစ်အဆန်း မဟုတ်တော့ပေမယ့် လွန်ခဲ့တဲ့နှစ် ၂၀ ကျော်၊ ကျနော်တို့ တောစခိုစဉ် အချိန်ကတော့ ဒီ စကားလုံးဟာ ကျနော့်အတွက် လုံး၀ အသစ်အဆန်း ဖြစ်ပါတယ်။ ဒီစကားလုံးနဲ့ ကျနော့်ကို စတင် မိတ်ဆက်ပေး သူကတော့ နှုတ်ခမ်းမွေး ကားကား၊ ပိန်ပိန်ရှည်ရှည်နဲ့ နယူးဇီလန်နိုင်ငံသား Steve Thompson ပါ။

၁၉၈၈၊ ၈၉ က မဲဆောက်မြို့ ဝန်းကျင်မှာအခြေစိုက်ပြီး KNU နယ်မြေထဲက ကျောင်းသားစခန်း ၇ ခု အတွက် ABSDF နယ်မြေ ကော်မတီမှာ တာဝန်ထမ်းစဉ်မှာ သူနဲ့စတွေ့ခဲ့တာပါ။ သူဟာ မာနယ်ပလော အပါဝင် KNU နဲ့ ABSDF စခန်းအတော်များများဆီ လှည့်လည်သွားလာနေသူ ဖြစ်ပြီး အခုချိန်ထိ နယ်စပ်က သဘာ၀ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့တွေနဲ့ လက်တွဲ တာဝန်ထမ်း နေဆဲလို့ သိရပါတယ်။

Steve က မိတ်ဆက်ပေးလို့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဆိုတာကို စကားလုံးအဖြစ် သိလိုက်ရပေမယ့် လက်တွေ့ သိပ်နားမလည်ပါဘူး။ အကြမ်းအားဖြင့်ကတော့ သံလွင်နဲ့ သောင်ရင်းမြစ် တကျောရှိ KNU ထိမ်းချုပ် နယ်မြေက တောင်တွေမှာ သစ်ပင်တွေ ခုတ်လဲှနေတာ တွေ့ရပြီး ထိုင်းဘက်ကမ်းက တောင်တန်းတွေ အားလုံး ပေါ်မှာတော့ ကျွန်းသစ်စိုက်ခင်း အသစ်စက်စက် တွေကို တွေ့ရပါတယ်။ ဒီအတွက် မြန်မာဘက်မှာ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးနေပြီး ထိုင်းဘက်မှာတော့ ပျက်စီးမှုကနေ တိုးတက်မှုဆီ ချီတက်နေပြီလို့ နားလည် ထားပါတယ်။

တခါ KNU နယ်မြေထဲကို ခရီးသွားရင်းနဲ့ အရွယ်အစားမျိုးုစုံ ကျွန်းသစ်တွေကို ထိုင်း သစ်ကုန်သည်တွေက စီးပွားဖြစ် အကြီးအကျယ် ခုတ်ယူနေတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း KNU သစ်တောဌာနဟာ နယ်စပ်မှာ ဝင်ငွေအကောင်းဆုံး ဌာနဖြစ်ပြီး ပဒိုအောင်ဆန်းလို ပုဂ္ဂိုလ်တွေ ထင်ရှားခဲ့တယ်လို့ ထင်ပါတယ်။

ကျနော် အနေများတဲ့ KNU တပ်မဟာ ၄ ဒေသ မြိတ် – ထားဝယ်ခရိုင် မင်းသမီး ဘက်မှာလည်း အခြေအနေက ဗဟိုဘက်နဲ့ သိပ်မထူးပါဘူး။ ဒါပေမယ့် တပ်မဟာ ၄ ဒေသ သစ်တောတာဝန်ခံ ပဒို ဂျင်မီဟာ ထီးခီး စခန်း ဝန်းကျင်မှာ ၅ ဧကလောက် အကျယ်ရှိတဲ့ ကျွန်းသစ် စိုက်ခင်းတခု စိုက်ထားပါတယ်။ နောက်တခါ သစ်တော ဌာနက ကိုဖရန်ကီ (အခုထိ ချင်းမိုင် အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့တခုမှာ တာဝန်ထမ်း နေဆဲလို့ သိရပါတယ်) ဦးစီးတဲ့ အဖွဲ့က ထားဝယ်ဒေသရဲ့ အမြင့်ဆုံး တောင်တန်း မြင့်မိုရ်လက်ခတ် တောင်မှာ တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော စီမံကိန်းတခု အကောင်ထည် ဖော်ခဲ့တယ်လို့ ကြားသိရပါတယ်။ ဗဟိုဘက်မှာလည်း အလားတူ စီမံကိန်းတွေ ရှိနိုင်ပြီး ကျနော်မသိတာလည်း ဖြစ်နေနိုင်ပါတယ်။

အဲဒီစီမံကိန်း ၂ ခုက လွဲရင်တော့ သစ်ပင် ခုတ်ရောင်းတဲ့ နေရာမှာ အတူတူပါပဲ။ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အကြား ရာသီဥတု အခြေအနေ ကွာခြားမှုအရ ဒီဘက်မှာ ကျွန်းသစ် သိပ်မရှိပါဘူး။ ဒါပေမယ့် နော်ဘောကော့လို့ ခေါ်တဲ့ တောပိတောက်သားဟာ ပရိဘောဂ ထုတ်တဲ့နေရာမှာ သိပ်နာမည်ကြီးတဲ့အတွက် နှစ်ပေါင်း ၃၀၊ ၄၀ ကျော်လောက် ကတည်းက ရှိနေတယ်လို့ ယူဆရတဲ့ လူ ၃၊ ၄ ယောက်ဖက်စာ လုံးပတ်ရှိတဲ့ သစ်ပင်ကြီးတွေကို အမြစ်ပါမကျန် တူးဖော်ပြီး ထိုင်းနဲ့ ကရင်သစ်ကုန်သည်တွေက သယ်ယူနေတာ တွေ့ရပါတယ်။

၁၉၉၀ နောက်ပိုင်းမှာတော့ နော်ဘောကော့တင် မကတော့ဘဲ သစ်ပင်ကြီးအတော်များများကို တနင်္သာရီမြစ် အနောက်ဘက်ကမ်းက ကျနော်တို့ စတင်တောခိုလာတဲ့ ဘန်းချောင်းဒေသဘက် အထိ ကားလမ်းတွေ ဖောက်ပြီး စီးပွားဖြစ် ရောင်းစားလာတာကို တွေ့ရပါတယ်။

၁၉၉၅ ဝန်းကျင် ရောက်တဲ့အခါမှာတော့ သစ်ပင်ကြီးတွေ နည်းလာလို့လားမသိပါဘူး၊ ကျနော်တို့ စခန်း ဝန်းကျင်က ကြခတ်ဝါးရုံတွေကိုပါ ဝါးရုံအလိုက် ခုတ်ရောင်းခွင့် ပေးလိုက်တဲ့အတွက် သစ်ရော၊ ဝါးပါ အတော် ပြောင်သွားပါတယ်။ ရာသီဥတုလည်း ကျနော်တို့ တောထဲရောက်ကာစ ၁၉၈၈ ထက်စာရင် ၂ ဆ နီးပါး ပိုပူလာတယ်လို့ ကျနော့်စိတ်ထဲ ထင်မိပါတယ်။

၁၉၉၀ အစောပိုင်း အမရာ စခန်းကို ကျနော် ရောက်စအချိန်က ဆိုရင် စခန်းနောက်ကျောက ချောင်းငယ် လေးဟာ နွေရာသီအထိ စမ်းရေစီးနေပြီး အဲဒီချောင်းဖျားမှာ တောကြက်တွေ အများကြီး ရှိတဲ့အတွက် ကျနော်တို့ သွားပစ်ကြတာကို မှတ်မိနေပါတယ်။ ဒါပေမယ့် ၁၉၉၃၊ ၉၄ လောက် ရောက်တဲ့အခါမှာတော့ အဲဒီချောင်းဟာ မိုးရာသီ လွန်တာနဲ့ လုံး၀ ခမ်းခြောက်သွားပြီး တောလည်း ပြုန်းသွားတဲ့အတွက် တောကြက်ပါအဝင် ဘာအကောင် ဗလောင်မှ မရှိတော့ပါ။

KNU နဲ့ ထိုင်းသစ်ကုန်သည်တွေ သစ်တောဖြုန်းတာအပြင် ကျောင်းသားတွေ သစ်တောဖြုန်းတဲ့ ကိစ္စတခု ကိုလည်း သတိရတုန်း တင်ပြချင်ပါတယ်။

ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ ပြည်ခြား – ပုလောဒေသ စစ်ကြောင်းသွားချိန်ဟာ ပုလောမြို့နယ်အတွင်း သစ်ခွပန်းတွေ (ဒေသအခေါ် စဘူပန်း) သစ်ပင်ကြီးတွေရဲ့ ခွဆုံတွေပေါ်မှာ ပွင့်တဲ့အချိန် ဖြစ်ပါတယ်။ လစာမရှိ၊ ဝင်ငွေ မရှိတဲ့ ရဲဘော်တွေဟာ ဆေးလိပ်ဖိုး၊ ဟင်းဖိုး လိုတဲ့အတွက် အချိန်အားရတိုင်း အဲဒီပန်းတွေကို လိုက်ခူးကြပါတယ်။ တနေ့မှာ ကျနော်လိုက်သွား ကြည့်တော့ သစ်ပင်ပေါ်တက်ပြီး သစ်ခွပန်းကို ခူးယူတာမျိုးမဟုတ်ဘဲ၊ သစ်ခွပန်း ရှိတဲ့ သစ်ကိုင်းတခုလုံးကို အရင်းကနေ ခုတ်ချပြီး အောက်ရောက်မှ ပန်းကိုယူတာ၊ ဒါမှမဟုတ် အပင်လိုက် ခုတ်လဲှပြီးမှ ပန်းကို ယူတာမျိုး တွေ့ရပါတယ်။

“သတင်းထောက်ကြီး ကလည်းဗျာ၊ လူတိုင်းဒီလိုပဲ ခုတ်နေကြတာပဲ။ ကျနော်တို့ မခုတ်လည်း သူများတွေ
ခုတ်မှာပါပဲ။ တောထဲက သစ်ပင်ကို ဘယ်သူမှ မပိုင်ဘူး။ ဘယ်သူကမှလည်း ဒီအပင်တွေကို လာစိုက် ထားတာ မဟုတ်ဘူး” လို့ ရဲဘော်တချို့က ဆင်ခြေပေးတာကို ကျနော် အမှတ်ရနေပါတယ်။

တခါ ပြည်ခြားကနေ တပ်ရင်းအပြန်လမ်းမှာလည်း တောဓညင်းသီး အပါဝင် စားလို့ရသမျှ သစ်သီး သစ်ရွက်တွေ
အတွက် တောထဲက သစ်ပင်တွေကို ဘာမှစဉ်းစားမနေဘဲ အလွယ်တကူခုတ်လဲှ၊ ခုတ်ယူခဲ့ကြတာကို ကျနော် မှတ်မိနေပါတယ်။

ဒါတွေဟာ အရှိတရားကို ပြောနေခြင်းသာဖြစ်ပြီး KNU အပါဝင် နယ်စပ်တကျောက လက်နက်ကိုင် အဖွဲ့တွေကို အပြစ်တင်နေခြင်း မဟုတ်ပါ။ ပြည်တွင်းစစ် ဖြစ်ခဲ့တဲ့ ကမ္ဘောဒီယား အပါဝင် တခြားနိုင်ငံ တွေမှာလည်း အလားတူ သစ်တောတွေ၊ သဘာ၀ ဝန်းကျင်တွေ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဆိုလိုတာကတော့ နယ်မြေ တည်ငြိမ်မှုမရှိသေးတဲ့ တော်လှန်ရေးနယ်မြေမှာ သာမန်နိုင်ငံတခုလို ကုန်ထုတ်လုပ်မှုကနေ ငွေရှာဖို့ သိပ်မလွယ်တော့ အလွယ်နည်းဖြစ်တဲ့ ကိုယ်နယ်မြေထဲက သစ်ပင်တွေကို လက်ညှိုးထိုး ရောင်းရတာ၊ ခဲမိုင်း၊ သတ္တုမိုင်း ရှိတဲ့နေရာတွေကို လက်ညှိုထိုး ရောင်းစားတဲ့ အလုပ်ကိုပဲ မလွှဲ မရှောင်သာ လုပ်ကြရတာပါ။ အဲဒီကရတဲ့ ငွေတွေနဲ့ အင်အားသောင်းနဲ့ချီရှိတဲ့ တော်လှန်ရေး တပ်သားတွေကို ကျွေးမွေးရေး၊ လက်နက်ခဲယမ်း ဖြည့်ဆည်းပေးရေး၊ တိုက်ပွဲဖော်ဆောင်ရေးတွေကို ဆောင်ရွက်ခဲ့ရတဲ့ သဘော ရှိပါတယ်။

တချို့ ဝေဖန်သူတွေကတော့ နယ်မြေ ၈၀ ရာခိုင်နှုန်းကျော်ကို တည်တည်ငြိမ်ငြိမ် ထိမ်းချုပ်ထားနိုင်တဲ့ နဝတ စစ်အစိုးရကလည်း ကုန်ထုတ်လုပ်မှုကနေ ဝင်ငွေရှာတာမျိုး မလုပ်ဘဲ သူပုန်တွေနဲ့ ထူးမခြားနား သစ်ပင် ခုတ်ရောင်း၊ မိုင်းတွေတူးရောင်း၊ ရေနဲ့ဓာတ်ငွေ့ထွက်တဲ့ နေရာတွေကို လက်ညှိုထိုး ရောင်းစားတဲ့ “သွပ်မိုးခွာ အိမ်တိုင်ဖြုတ်ရောင်း” တဲ့ စီးပွားရေးစနစ်ကိုပဲ လုပ်နေဆဲဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှု အတော် များများဟာ ပြည်တွင်းစစ် တခုတည်းကြောင့်လို့ ပြောဖို့ခက်နေပါတယ်။ ပြည်တွင်းစစ် ရပ်စဲစပြုနေတဲ့ အခုအချိန်မှာလည်း သစ်တောတွေကို ခုတ်ရောင်းဆဲ၊ တွင်းထွက်တွေ၊ ဓာတ်ငွေ့တွေကို အရင်က လိုပဲ ရောင်စားနေဆဲ ဖြစ်တာကို တွေ့နေရပါတယ်။

မျောက်သားစားချင်ရင် အလှူရှင် မျက်နှာကိုမကြည့်နဲ့

“မျောက်သားစားချင်ရင် မျောက်မျက်နှာကို မကြည့်နဲ့” ဆိုတဲ့ ဆိုရိုးစကားကို စာဖတ်သူတွေ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် တောထဲမှာ ငတ်ပြတ်နေတဲ့ ကျနော်တို့အဖို့ကတော့ မျောက်မျက်နှာ ကြည့်ရုံတင်မက၊ မျောက်တကောင်လုံးကို အသေချာကြည့်ပြီး စားနေကြသူတွေ ဖြစ်တဲ့အတွက် အဲဒီ ဆိုရိုးစကားက မမှန်တော့ ပါဘူး။

၁၉၉၄ နိုဝင်ဘာ၊ ဒီဇင်ဘာလထဲမှာလို့ ထင်ပါတယ်။ ထောက်ပံ့ရေး တာဝန်နဲ့ ဟွာဟင်ဒေသက စခန်းသစ်ဆီ နိုင်ငံခြားသား NGO ဝန်ထမ်းတဦးကို ကျနော် ခေါ်သွားဖူးပါတယ်။ စခန်းသစ် တည်ဆောက်ကစ ABSDF အခြေအနေကို မျက်မြင်ကိုယ်တွေ့ သိချင်လို့ဆိုပြီး လိုက်ကြည့်သူကတော့ ဘန်ကောက်မြို့ ဆူခွန်ဗစ်လမ်းထဲမှာ ရုံးခန်းဖွင့်ထားတဲ့ နာမည်ကြီး NGO တခုက အသက် ၃၀ ဝန်းကျင်အရွယ် အနောက်တိုင်းသူ တဦးဖြစ်ပါတယ်။

ငှက်ဖျားပေါလှတဲ့ နယ်စပ်ဒေသဆီ ရောက်လာတဲ့ မရွှေချောက ခြင်ဆေးတွေ၊ ခြင်ထောင်တွေ၊ ရေသန့်ဗူးတွေ၊ လက်နှိပ် ဓာတ်မီးတွေ အစုံအလင်နဲ့ပေါ့။ ဒီလိုနဲ့ နောက်တနေ့ မိုးလင်းတော့ အဲဒီ NGO အမျိုးသမီးရယ်၊ ထိုင်း ကားဆရာရယ်၊ ကျနော်ရယ်၊ နောက် သံပုရာခြံ ဂိုထောင်က ရဲဘော် ၂ ဦးရယ် စခန်းသစ်ဆီ ချီတက်လာကြ ပါတယ်။

တောကနက်နက်၊ သစ်ပင်ကြီးတွေ အောက်က စမ်းချောင်းလေးရဲ့ရေက အေးမြမြဆိုတော့ ဆန်ကီလို ၂၀ လောက် ထမ်းပြီး နေ့စဉ်သွားနေရတဲ့ ရဲဘော်တွေအဖို့ ငိုချင်စရာကြီး ဖြစ်နေပေမယ့် မြို့ပေါ်က အနောက် တိုင်းသူ အတွက်တော့ စိတ်ကြည်နူးစရာ၊ ပျော်ရွင်စရာကြီး ဖြစ်နေပုံရပါတယ်။ တောတောင် စမ်းရေ သာယာတဲ့ အကြောင်း စကားတပြောပြောနဲ့ လျှောက်လာလိုက်တာ မောပန်းရမှန်းတောင် မသိဘဲ ခရီးတဝက်လောက် ပေါက်လာပါတယ်။ ဒီလိုနဲ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ နေ့လယ်စာ စားဖို့ ထမင်းထုတ်ဖြည်ပါတယ်။

အနီးအနားက ခပ်ကြီးကြီး သစ်ရွက်တွေကိုခူး၊ ချောင်းဘေးနားက ကျောက်တုံးပေါ်မှာ အသေအချာခင်း၊ ပလတ်စတစ်နဲ့ ထုတ်လာတဲ့ ထမင်းတွေကိုဖြည်ပြီး အဲဒီသစ်ရွက်တွေ ပေါ်မှာတင်၊ ဆီရွဲှနေတဲ့ ငါးသေတ္တာ ဟင်းကို လောင်းပြီး ဇွန်းမပါ၊ လက်ဗလာနဲ့ သုံးဆောင်တော်မူပေါ့။ မရွှေချောကတော့ အသင့်သယ်လာတဲ့ ပလတ်စတစ်ခွက်ထဲ ထမင်းထည့်၊ ပလပ်စတစ် ဇွန်းခရင်းနဲ့ပေါ့။ ဒီအထိ ပြဿနာ ကြီးကြီးမားမား မတက် သေးပါဘူး။

“သစ်ရွက်တွေကို ဘာလို့ မလိုအပ်ဘဲ လျှောက်ခူူး နေတာလဲ၊ ချောင်းရေကို ဒီတိုင်း မသောက်ရဘူး၊ ကြိုချက်ပြီးမှ သောက်ရတယ်လေ” လို့ ပြောပြီး သူ့ရေသန့်ဗူးကို မော့သောက်နေပါတယ်။ ကျနော်တို့ တောထဲက ပုဂ္ဂိုလ်တွေ ကတော့ သူ့လို ရေသန့်ဗူး ဘယ်သောက်နိုင်မလဲ။ ဒီတော့ ဆီပြန်နေတဲ့ ချောင်းရေကိုပဲ ကြည်အောင် ခဏ စောင့်ပြီး လက်ခုပ်နဲ့ ခပ်သောက်၊ ဒီရေထဲမှာပဲ လက်ဆေး၊ လက်မှာ ကပ်ကျန်နေတဲ့ ထမင်းလုံးတွေ၊ အဆီတွေ လည်း အဲဒီချောင်းရေထဲမှာ မျောပါပေါ့။ ချောင်းက ရေစီးနေတယ်ဆိုတော့ ဘာမှ မဖြစ်ဘူးလို့ ထင်ခဲ့တာပါပဲ။

ဒါပေမယ့် ကျနော်တို့ အဲဒီလို လုပ်နေတာကို မရွှေချောက အသေအချာ ကြည့်ပြီး “တောကြီးမျက်မည်းထဲက ဒီလောက် သန့်ပြန့်နေတဲ့ စမ်းချောင်းကို မင်းတို့မို့ ညစ်ပတ်အောင် လုပ်ရက်တယ်” လို့ ပြောပြီး ကျနော်တို့ ပစ်ချခဲ့တဲ့ ထမင်းလုံးတွေကို လိုက်ဆယ်၊ ပလတ်စတစ်စ တွေကိုလိုက်သိမ်း လုပ်နေပါတယ်။ ဒီတော့ ကျနော်လည်း မနေသာဘဲ လိုက်ကူရတာပေါ့။

“ဒီတောကြီးမျက်မည်းထဲမှာ ဘယ်ရဲက လာစစ်မှာမို့လဲကွာ” ဆိုပြီး သူနားမလည်နိုင်တဲ့ ထားဝယ် စကားနဲ့ ကျနော်တို့ အချင်းချင်း ပြောပြီး ရယ်လိုက်ပါသေးတယ်။ အဲဒီကနေ ခရီးဆက်ပြီး စခန်းသစ်ရောက်မှ သူဟာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးသမား၊ အထူးသဖြင့် တောရိုင်း တိရစ္ဆာန်တွေကို အထူးအလေးထားတဲ့ သူမှန်း သိလိုက်ရပါတယ်။

သိလိုက်ရ ပုံကလဲ ကြည့်ပါဦး။ နိုင်ငံခြားသူ လှပျိုဖြူ အလှူရှင်ကို အထူးဧည့်သည်အဖြစ် ရှားပါး အသားနဲ့ ဧည့်ခံလိုက်ရာကနေ တောင်းပန်လို့ မရတော့တဲ့ ပြဿနာကြီး ဖြစ်ခဲ့တယ် ဆိုပါတော့။ မောမော ပန်းပန်းနဲ့ ရောက်လာတဲ့ ကျနော်တို့ကို ရဲဘော်တွေ ဧည့်ခံကျွေးမွေးတဲ့ အသားဟင်းက မျောက်သား ဖြစ်နေပါတယ်။ အသား မစားရတာ ကြာပြီဖြစ်တဲ့ ကျနော့်အတွက် အိုကေပေမယ့် NGO မယ်တော် အတွက်ကတော့ “မျောက်ဆိုတာ တောရိုင်း သတ္တဝါပဲ၊ တောရိုင်း သတ္တဝါကို ထိမ်းသိမ်း ကာကွယ်ရမယ်ဆိုတာ မင်းတို့ မသိ ဘူးလား” လို့ အော်ပြောပြီး ငိုတော့မလို ဖြစ်နေလို့ မနည်း ဖြေရှင်းတောင်းပန် ရပါတယ်။ ကျနော်က အဲဒီလို တောင်းပန်နေပေမယ့် ရဲဘော်တွေက သဘောမပေါက်။

“မျောက်သား မစားစေချင်ရင် သူတို့ NGO က အသား ငါးတွေ များများလှူထား ပေါ့ဗျာ။ ငါးပိလောက်ပဲ လှူပြီး မျောက်ပစ် စားတာကို အပြစ်တင်နေလို့ ဘယ်ဖြစ်မလဲ” ဆိုပြီး ရဲဘော်တဦးက ဝင်ပြောပါတယ်။

နောက်ထပ် ရဲဘော်တဦးကလည်း “ဟုတ်တာပဲ၊ တခြားစားစရာ ရှိနေရင် ကျည်ဆံအကုန်ခံ၊ ပင်ပန်းခံပြီး ကျနော်တို့ ဘယ် မျောက်ပစ်စားနေမလဲ” ဆိုပြီး ဝင်ထောက်ပါတယ်။ ကျနော်ဟာ အဲဒီအချိန်အထိ သဘာ၀ ပတ်ဝန်းကျင်နဲ့ တောရိုင်း တိရစ္ဆာန်တွေ အပေါ် အနောက်တိုင်း သားတွေ၊ အထူးသဖြင့် လူသားချင်း စာနာရေး အကူအညီပေးနေတဲ့ NGO ဝန်ထမ်းတွေ ဘယ်လောက်အထိ အလေးထားမှန်း နားမလည်သေးပါ။ ရှေ့က ရဲဘော် ၂ ဦးအမြင်နဲ့ ကျနော့်အမြင် အတူတူ ဖြစ်နေတဲ့အတွက် အဲဒီ စကားကိုပဲ ထောက်ခံ ဆွေးနွေးလိုက်မိ ပါတယ်။ အဲဒီတော့ မရွှေချောက ငိုသံနဲ့အပြစ်တင်၊ ကျနော်တို့က ဝိုင်းရယ်ပေါ့။

အဲဒီထက် ပိုဆိုးတာက နောက်တနေ့ မိုးလင်းတော့ နေထွက်ချိန် မျောက်မြူးချိန်မှာ မျောက်ပစ် နေကြ ထုံးစံအတိုင်း စခန်းဝန်းကျင်က သစ်ပင်ကြီးတွေပေါ်က မျောက်တွေကို ရဲဘော်တွေ လိုက်ပစ်ပြီး သေနတ် ဒဏ်ရာနဲ့ သွေးတွေစွန်းနေတဲ့ မျောက်တွေ၊ အမြီးကိုခေါင်းမှာ ချည်ပြီး စလွယ်သိုင်း သယ်လာတဲ့ မျောက်တွေကို မရွှေချောက ထပ်မြင်သွား ပြန်ပါတယ်။ ဒီလိုနဲ့ NGO မရွှေချောကို ဘယ်လိုမှ ရှင်းပြ တောင်းပန်လို့ မရတော့ ပါဘူး။ ဒါပေမယ့် အဲဒီကိစ္စဟာ ဒီလောက်နဲ့ပဲ ပြီးသွားမယ်လို့ ထင်ပြီး လာရင်းကိစ္စဖြစ်တဲ့ စခန်းသစ်က လူဦးရေစာရင်း၊ လိုအပ်တဲ့ ရိက္ခာစာရင်း၊ ဆေးဝါးစာရင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ စသဖြင့် စာရင်းဇယား ကိစ္စတွေကို ရှင်းလင်းပြောပြပြီး စခန်းကနေ ခေါင်ယိုင်ကို ပြန်ထွက်လာခဲ့ပါတယ်။ ခေါင်ယိုင်ကနေ ဘန်ကောက် ပြန်တက်တဲ့ အခါမှာတော့ ကျနော်ဟာ ရတ်ချပူရီမှာ ဆင်းပြီး မင်းသမီး စခန်းဆီ ပြန်ဝင်လာ ခဲ့ပါတယ်။ စခန်းသစ်က မျောက်ကိစ္စဟာလည်း ဒီမှာပဲ တစခန်း ရပ်သွားပြီလို့ ကျနော်ထင်ခဲ့ပါတယ်။

ဒါပေမယ့် NGO မရွှေချောက ကျနော်တို့ မျောက်ပစ်သမားတွေကို အတော် စိတ်နာသွားပုံ ရပါတယ်။ ကျနော် မင်းသမီး စခန်းဆီရောက်ပြီး သီတင်း တပတ်တောင် မကြာပါဘူး၊ ဗဟိုကနေ ကြေးနန်း ဝင်လာပါတယ်။

“စခန်းသစ်ဘက်က ရဲဘော်တွေ ရှားပါး တောရိုင်းတိရစ္ဆာန်တွေကို ပစ်သတ်နေတာ အမြန်ဆုံး ရပ်တန့်ဖို့ … NGO အဖွဲ့က သတိပေး လာပါတယ်။ တကယ်လို့အချိန်မီ မရပ်ဘူးဆိုရင် သူတို့အဖွဲ့ရဲ့ အလှူငွေတွေ ရပ်ကောင်း
ရပ်ရလိမ့်မယ်လို့ ပြောလာတဲ့အတွက် အဲဒီကိစ္စကို တောင်ပိုင်း ဗလဖ ကော်မတီက အလေးအနက်ထား ဆက်လက် ဆောင်ရွက်ရန် ညွှန်ကြား” လို့ အဲဒီကြေးနန်းစာ ထဲမှာ ပါရှိတာကို ကျနော် အမှတ်ရ နေပါတယ်။

မျောက်ပစ်မုဆိုးမှသည် သဘာဝပတ်ဝန်းကျင် သတင်းထောက် အဖြစ်သို့

အဲဒီလို သစ်ပင်ပေါ်က မျောက်တွေကို ပစ်စားခဲ့ဖူးတဲ့၊ အင်းအိုင်တွေထဲ လက်ဗစ်ဗုံး ပစ်ချပြီး ငါး ဖမ်းခဲ့ဖူးတဲ့၊ သဘာ၀ ချောင်းရေထဲ စားကြွင်းစားကျန်နဲ့ ပလပ်စတစ်စတွေ ပစ်ချခဲ့ဲဖူးတဲ့ ကျနော် DVB သတင်းထောက် အဖြစ် ပေးပို့တဲ့ သတင်းတွေထဲမှာ ပထမဆုံး ပေါက်သွားတဲ့ သတင်းက သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အကြောင်း ဖြစ်နေတယ်ဆိုရင် စာဖတ်ပရိတ်သတ် ယုံပါ့မလားဘဲ။

၁၉၉၅ နှောင်းပိုင်းမှာ DVB သတင်းထောက် စဖြစ်လာတဲ့ ကျနော့်အတွက် ပထမဆုံး လိုက်တဲ့ သတင်းကြီး တခုက နတ်အိမ်တောင် ကံပေါက်ဒေသမှာ စတင် ဖောက်လုပ်တဲ့ ရတနာ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံက Total ကုမ္ပဏီ၊ အမေရိကန်က Unocal ကုမ္ပဏီ (ဆန္ဒပြမှု တွေကြောင့် နောက်ပိုင်း ပြန်နုတ်ထွက်သွား) နဲ့ ထိုင်းနိုင်ငံက PTTEP ကုမ္ပဏီတို့ နဝတ စစ်အစိုးရရဲ့ MOGE (မြန်မာ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ငန်း) နဲ့ ပေါင်းပြီး ဖောက်လုပ်တဲ့ ကီလိုမီတာ ၇၀၀ ကျော်ရှိ ဒီပိုက်လိုင်း စီမံကိန်းဟာ ကျနော်တို့နဲ့ KNU ထိမ်းချုပ် နယ်မြေတွေကို ဖြတ်သွားမှာမို့ ဒါကို တိုက်ဖျက်ရမယ်လို့ အဲဒီကာလက မူဝါဒ ချမှတ်ထားပါတယ်။

ကျနော် မှတ်မိသလောက်ဆိုရင် ၁၉၉၅ နှောင်းပိုင်းမှာ KNU အထူးတပ်ဖွဲ့တခုက ပင်လယ် ကမ်းစပ် ဒမင်းဆိပ် ရွာနားအထိ ဝင်ပြီး ဒီ စီမံကိန်း လုပ်ငန်းခွင်တခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ဖူး ပါတယ်။ ဒါပေမယ့် ABSDF အနေနဲ့ကတော့ စစ်ရေးအရ အဲဒီလို မလုပ်နိုင်တဲ့အတွက် ဒီ စီမံကိန်းအတွင်း လုပ်အားပေး ခိုင်းစေမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သစ်တော ပြုန်းတီးမှု အပါအဝင် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုတွေကို အလေးထား ဖော်ထုတ်မယ်လို့ စဉ်းစားပြီး တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေး တာဝန်ခံ ကျနော်နဲ့ အဖွဲ့ဟာ မင်းသမီး စခန်းကနေ ထုံပါဖုံနဲ့ နတ်အိမ်တောင်ဘက် ခရီးထွက် လာပါတယ်။ ကျနော်၊ ကိုမင်းဇော်ရွှေနဲ့ ကိုသိန်းမြင့်ကျော်တို့ ၃ ဦး ထုံပါဖုံမြို့က မြန်မာ ရပ်ကွက်ကို ရောက်ရောက်ချင်း တွေ့လိုက်ရသူ တဦးက ရတနာပိုက်လိုင်း လုံခြုံရေးအတွက် ဟိန်းဇဲကျွန်း စစ်တပ်မှာ လုပ်အားပေး ခိုင်းစေခံရလို့ ထွက်ပြေးလာသူ ဖြစ်နေပါတယ်။ အဲဒီလူနဲ့ အင်တာဗျုးပြီး ကျနော် ပို့လိုက်တဲ့သတင်းကို ABSDF ဗဟို နိုင်ငံခြားရေး ဌာနနဲ့ သုတေသန ဌာနတို့က မြန်မာ – အင်္ဂလိပ် ၂ ဘာသာနဲ့ ချက်ချင်း သတင်းထုတ်ပြန်ပြီး နောက်တနေ့ထုတ် Bangkok Post နဲ့ The Nation သတင်းစာတွေမှာ ပါလာပါတယ်။

အနှစ် ပြန်ချုပ်ရရင်တော့ ဒီသတင်းနဲ့ ပေါက်သွားတဲ့ ကျနော်ဟာ ရတနာ ဓာတ်ငွေ့ပိုက်လိုင်း သတင်းကို ထဲထဲဝင်ဝင် ဆက်လိုက်ခဲ့ပြီး ထိုင်းကျောင်းသားတွေ၊ ထိုင်း NGO တွေနဲ့အတူ ထုံပါဖုံမြို့နယ် တောနက်ထဲက ပိုက်လိုင်းဆန္ဒပြပွဲ နေရာအထိ ရောက်သွားခဲ့ပါတယ်။ ထုံပါဖုံကနေ နတ်အိမ်တောင် အသွား ကားလမ်းမနေက ချောင်းရိုးလေး အတိုင်း ၅ မိုင်လောက် ဆက်သွားရတဲ့နေရာကို ဟွေးခရိုင်ဒေသလို့ ဒေသခံတွေက ခေါ်ဆိုပြီး အဲဒီတောထဲမှာ စခန်းချ ဦးဆောင် ဆန္ဒပြ နေသူကတော့ နိုဗဲလ်ဆုအတွက် အဆိုတင်သွင်း ခံရတဲ့အထိ လူသိများသူ လူမှုဝေဖန်ရေးဆရာ အာကျန်ဆူလတ် Sulak Sivaraksa ဖြစ်ပါတယ်။

ဒီစီမံကိန်းကြောင့် အဓိက ထိခိုက်ပျက်စီးနေတဲ့ နေရာဟာ မြန်မာနိုင်ငံဘက်မှာ ဖြစ်ပေမယ့် အဲဒီ ကာလ တုန်းကတော့ အခုခေတ်လို မြန်မာနိုင်ငံမှာ ဆန္ဒပြခွင့် မရှိသေးတဲ့အတွက် ထိုင်းဘက်က လူတွေက မြန်မာတွေ အတွက်ပါ ဆန္ဒပြပေးနေတဲ့ သဘောဖြစ်ပါတယ်။

“ဒီပိုက်လိုင်း စီမံကိန်းသာ အခုလမ်းကြောင်းအတိုင်း ဖောက်မယ်ဆိုရင် ဒီမှာ ခင်ဗျားတို့ မြင်နေရတဲ့ အေးမြတဲ့ စမ်းချောင်းလေး၊ လှပတဲ့ သစ်ပင်ကြီးတွေအပြင် ဟောဒီလို ရှားပါးလှတဲ့ ရောင်စုံ ဂဏန်းမျိုးစေ့တွေပါ မျိုးသုဉ်း သွားနိုင်ပါတယ်။ တောဆင်ရိုင်းတွေလည်း အများကြီး ဒုက္ခဖြစ်သွား နိုင်ပါတယ်” လို့ အာဂျန် ဆူလတ်က ကျနော်နဲ့ ထိုင်းသတင်းထောက် တွေကို ရှင်းပြပါတယ်။ ဒီဆန္ဒပြပွဲမှာ လူတွေ ထောင်နဲ့ ချီပြီး ပါဝင်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ PTT နဲ့ ထိုင်းအစိုးရက အာကျန် ဆူလတ်ကို ဖမ်းဆီးပြီး စီမံကိန်းကို ဆက်လုပ်တဲ့အတွက် ၁၉၉၆၊ ၉၇ မှာ စီမံကိန်း ပြီးစီးသွားပါတယ်။

ဒီလို ပြီးစီးသွားပေမယ့် ဓာတ်ငွေ့ပိုက်လိုင်းရဲ့ အန္တရာယ်နဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်မှု၊ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်းကို စီမံကိန်းကာလ ၃ နှစ်လောက်အတွင်း အာကျန်ဆူလတ်နဲ့ အဖွဲ့က ထိုင်းမီဒီယာနဲ့ ထိုင်း လူ့အဖွဲ့အစည်းတွေကို ကောင်းကောင်း သတင်းဖြန့်ဖြူး ပညာပေးနိုင် ခဲ့ပါတယ်။ အဲဒီလို ပညာပေးမှုကို ရလိုက်သူတွေထဲမှာ တောလိုက် မုဆိုးကနေ သတင်းထောက် ဖြစ်လာတဲ့ ကျနော်လည်း ပါဝင်ပြီး သဘာ၀ ပတ်ဝန်းကျင်နဲ့ တောရိုင်း တိရစ္ဆာန် ထိမ်းသိမ်းကာကွယ်ရေး သတင်း အတော်များများကို DVB အတွက် ပို့ပေးခဲ့ ဖူးတာ၊ ကျနော်ကိုယ်တိုင် သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးသမား ဖြစ်သွားတာကို အမှတ်ရ နေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading