ဆောင်းပါး

၈၈ အဖွဲ့ဆီ ဦးသိန်းစိန် ဘာသတင်းတွေ ပို့လိုက်သလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၈၈၈၈ ဒီမိုကရေအရေးတော်ပုံ ငွေရတုအကြို ၂၄ နှစ်ပြည့် အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားတွေကဦးဆောင် ပြီး မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒကိ္ခဏာရာမ ဘုရားကြီးကျောင်းတိုက်မှာ ဒီကနေ့ ကျင်းပခဲ့ ကြပါတယ်။

အခမ်းအနားအတွက်လိုအပ်တာတွေ မနေ့က ပြင်ဆင်နေတုန်း ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အံ့သြစရာ အဖြစ်တခု ပေါ်လာပါတယ်။

အဲ့ဒါကတော့ ပြည်ထောင်စုဝန်ကြီး ၂ ဦးဖြစ်တဲ့ စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်းနဲ့ မီးရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မင်းတို့ အခမ်းအနားကျင်းပမယ့် ကျောင်းတိုက်ကိုရောက်လာပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာပါပဲ။

သမ္မတဦးသိန်းစိန်နဲ့နီးစပ်ပြီး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ ဆွေးနွေးပွဲ တွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ ဒီဝန်ကြီး ၂ ၂ ဦးက သူတို့အခုလိုလာတာဟာ ၈၈၈၈ အခမ်းအနားကျင်းပရာမှာ ကူညီဖို့ဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင်တွေကို ပြောပြီး အခမ်းအနားအတွက် ငွေကျပ် ၁၀ သိန်းကိုလည်း ပေးလှူပါတယ်။

ဒါ့ပြင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့တွေ့ဖို့ သမ္မတထံ ခွင့်တောင်းပြီး သမ္မတရဲ့ ခွင့်ပြုချက်နဲ့ လာခဲ့ တာဖြစ်တယ်၊ ဒါကြောင့် သြဂုတ်လ ၈ ရက်နေ့မှာ ကျင်းပမယ့် ၈၈၈၈ အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြုလိုက်တာဖြစ်တယ်လို့လည်း ဝန်ကြီးတွေ က ပြောသွားခဲ့ပါသေးတယ်။

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ စနေနေ့က သမ္မတဦးသိန်းစိန်ကိုယ်တိုင် နိုင်ငံရေးပါတီ ၁၄ ခုက ပါတီ ခေါင်းဆောင်တွေ နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ အပြီး ဖြစ်ပေါ်လာတာပါ။

အဲဒီတွေ့ဆုံမှုကို နွေးထွေးပွင့်လင်းတဲ့ တွေ့ဆုံမှုလို့ နိုင်ငံရေးပါတီတွေက ရှုမြင်ကြပြီး တွေ့ဆုံဆွေးနွေးမှုအပေါ် ကျေနပ်အားရတယ်လို့လည်း သူတို့က ပြောပါတယ်။ သမ္မတအနေနဲ့လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံအင်အားစုတွေနဲ့ နီးနီးကပ်ကပ်ဆောင်ရွက်နိုင်ဖို့ ပိုပြီး စိတ်ချယုံကြည်မှုရှိလာတယ်လို့ သိရပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ သမ္မတနဲ့နီးစပ်တဲ့ ဝန်ကြီးတွေ အခုလို နိုင်ငံရေးအင်အားစုတွေဆီ ကိုယ်တိုင် သွားရောက်တွေ့ဆုံတာဟာ အစိုးရနဲ့ အဲ့ဒီအင်အားစုတွေကြားမှာ နားလည်မှုပိုရှိလာဖို့နဲ့ အစိုးရရဲ့ လက်ရှိအနေအထား ကို ပိုကောင်းအောင်လုပ်ဖို့လို့ ယူဆကြပါတယ်။

သမ္မတဦးသိန်းစိန်ဟာ သိပ်မကြာခင်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့တွေ့ဖို့ စီစဉ်ထားတယ်၊ ဘယ်နေ့ တွေ့မယ် ဆိုတာကိုတော့  မသတ်မှတ်ရသေးဘူးလို့ အစိုးရနဲ့နီးစပ်သူတွေက ဆိုပါတယ်။ ၈၈ မျိးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကလည်း သူတို့ သမ္မတနဲ့တွေ့ဖို့ စီစဉ် ထားတယ်လို့ အတည်ပြု ပြောကြားပါတယ်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ကာလအတွင်း သမ္မတဦးသိန်းစိန်ဟာ စစ်ကိုင်းတိုင်းမှာ တာဝန်ကျနေတယ်လို့ သိရပါ တယ်။ အဲ့ဒီအချိန်မှာ တပ်မှူးငယ်တယောက်ဖြစ်နေတဲ့ ဦးသိန်းစိန်က စက်တင်ဘာ အာဏာသိမ်းမှုအပြီး အိန္ဒိယ-မြန်မာ နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားတဲ့ ကျောင်းသားတချို့ကို ဖမ်းမိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အဲ့ဒီကျောင်းသားတွေကို ထိန်းသိမ်းတာမျိုးမလုပ်ဘဲ အိမ်ပြန်ပို့ပေးခဲ့တယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် ဒီလိုတွေ့ဆုံမှုမျိုးက သမ္မတဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ထဲမှာ ကွဲနေတယ်ဆိုတာကို ပြသရာရောက်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီလိုတွေ့ဖို့ဆိုတာ သဘောထားတင်းမာပြီး  ရှေးရိုးစွဲဝါဒီတွေဆို ဖြစ်လာဖို့ မလွယ်ပါဘူး။

ဒါ့အပြင် ဒီလိုတွေ့ဆုံမှုတွေကို မနှစ်မြို့တဲ့ ရှေးရိုးစွဲဝါဒီတွေရဲ့ အငြိုအငြင်ခံပြီး လုပ်ခဲ့လိုက်လို့ သမ္မတနဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီတွေ နေပြည်တော်နိုင်ငံရေးမှာ ဘယ်သူ အသာစီးရနေသလဲဆိုတာ စောင့်ကြည့်လေ့လာသူတွေ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။ အုပ်ချုပ်ရေးယန္တရားနဲ့ ကြံ့ခိုင်ရေးပါတီအတွင်း အကွဲအပြဲ ကြီးကြီးမားမား ဖြစ်နေပြီး သမ္မတက ကိုင်တွယ်ရခက်နေပုံရကြောင်းလည်း တချို့က သုံးသပ်ကြပါတယ်။

မေလမှာ သမ္မတက ခေတ်နောက်ပြန်ဆွဲသူတွေ ချန်ထားခဲ့မယ်လို့ ပြောဆိုအပြီး လူမှန်နေရာမှန် ခန့်အပ်ရေး အုပ်ချုပ်ရေးအဖွဲ့အတွင်း ဖြစ်လာလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတွေက ယူဆခဲ့ကြပါတယ်။ ခြစားပြီး လုပ်ငန်းဆောင်ရွက်ရာမှာ အရည်အချင်း မပြည့်မှီတဲ့ အခြား ဝန်ကြီးတချို့လည်း ရာထူးကနေ ထုတ်ပယ်ခံရဖို့ ရှိတယ်ဆိုတဲ့အပြောတွေလည်း ထွက်ရှိလာပါတယ်။

ဒါပေမဲ့ ခေတ်နောက်ပြန်ဆွဲ ဝန်ကြီးတွေ အခုထိ လက်စောင်းထက်နေကြတုန်းပါ။ ဥပမာ ခေတ်နောက်ပြန်ဆွဲသူလို့ လူအများက သတ်မှတ်တဲ့ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး ဦးကျော်ဆန်းဟာ ရာထူးက ထုတ်ပယ်ခံရမယ်လို့ သတင်းတွေ ထွက်နေခဲ့တာကြာပြီဖြစ်ပေမဲ့ အပြောင်းအရွှေ့မခံရတဲ့အပြင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့  စာပေစိစစ်ရေးက ဂျာနယ် ၂ စောင်ကို ထုတ်ဝေခွင့် ပိတ်ခဲ့ပါတယ်။ သတင်းဆောင်းပါးတွေရေးသားတင်ပြမှုမှာ စာပေစစ်စစ်ရေးက ပိုပြီး ဆင်ဆာ လုပ်လာပါသေးတယ်။

လစ်လပ်သွားတဲ့ ဒုသမ္မတဟောင်း ဦးသီဟသူရ တင်အောင်မြင့်ဦး နေရာကို အစိုးရက အခုအချိန်အထိ အစားမထိုးနိုင်သေးပါဘူး။ ဘယ်သူ့ကို အစားထိုးမယ်ဆိုမယ်ဆိုတာကိုလည်း အခုအချိန် ရှင်းရှင်းလင်းလင်း အမည်စာရင်းတင်သွင်းနိုင်ခြင်း မရှိသေးပါဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading