ဆောင်းပါး

ကယ်တင်ရမယ့် မြို့တော်ရန်ကုန်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တစစီပြိုကျနေတဲ့ ရန်ကုန်က ဗြိတိသျှကိုလိုနီခေတ် ဗိသုကာလက်ရာတွေကို ဓာတ်ပုံနဲ့ မှတ်တမ်းတင်ပြီး စာအုပ် ထုတ်ဝေဖို့ ဓာတ်ပုံဆရာ ၂ ယောက်က ပြင်ဆင်နေကြပါတယ်။ ရန်ကုန်ဆိုတာကလည်း ဒီလက်ရာတွေကြောင့် ထင်ရှားကျော်ကြားနေတာကိုး။

မော်ရိုကိုနိုင်ငံဖွား သြစတြေလျနိုင်ငံသား ယက်ခ် မောဒီ (Jacques Maudy) နဲ့ အီတလီနိုင်ငံသား ဂျီမီ ကက်စက်စ်စီယာ (Jimi Cassaccia) တို့ဟာ ပုံဖျက်ခံရတဲ့ မြို့တော်ရဲ့ သရုပ်မှန်ကို ရင်သပ်ရှုမောဖွယ်ရုပ်ပုံတွေနဲ့ ရေးဆွဲပြနိုင်ကြပါတယ်။ တချိန်တည်းမှာလည်း သမိုင်းဆိုင်ရာအမွေအနှစ်တွေကို အလေးအနက် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုတယ်ဆိုတာကိုလည်း ရုပ်ပုံတွေကနေတဆင့် ပြောပြကြပါတယ်။

ထင်ရှားတဲ့ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦး တည်ထောင်ခဲ့တဲ့ ရန်ကုန်အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Rangoon Heritage Trust – RHT) ကိုယ်စား ရိုက်ကူးတဲ့ ဒီဓာတ်ပုံတွေဟာ စိတ်ကူးစိတ်သန်းကောင်းမွန်ပြီး အရောင်အသွေး စုံလင်လှတဲ့အပြင် မြို့တော်ဟောင်းရဲ့ မုတ်သုန်ရာသီ မြင်ကွင်းကိုလည်း အထူးခံစားရစေမှာ ဖြစ်ပါတယ်။

အခုလို မှတ်တမ်းတင်တာဟာ ရန်ကုန်မြို့ကြီးရဲ့ တန်ဖိုးရှိလှတဲ့ ယဉ်ကျေးမှုဆိုင်ရာ သွင်ပြင်လက္ခဏာကို ကာကွယ် စောင့်ရှောက်သွားနိုင်ရေးအတွက် ဥပဒေပြဌာန်းနိုင်ဖို့ သမိုင်းပညာရှင်တွေ ဝိုင်းဝန်းကြိုးပမ်းနေကြတာရဲ့ အစိတ်အပိုင်း တခုဖြစ်ပါတယ်။ နောင်လာမယ့် မျိုးဆက်တွေအတွက် သူတို့ ကြိုးပမ်းနေကြတာပါ။

သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကား (Bob Carr) မြန်မာပြည်ကို အလည်လာစဉ်အခါက ဒီမှတ်တမ်းတင်တဲ့ အလုပ်ကိုလုပ်ဖို့ RHT ကို အလေးအနက် တိုက်တွန်းခဲ့ပါတယ်။ မြန်မာပြည်ရဲ့ ကြွယ်ဝလှတဲ့ ဗိသုကာ အမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ သူ့အစိုးရအနေနဲ့ အထောက်အပံ့ ပေးသွားမယ်၊ ကျွမ်းကျင်သူတွေနဲ့ ကူညီသွားမယ်လို့လည်း ကတိပေးသွားခဲ့ပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို မကြာသေးခင်က လျှော့ချလိုက်တာနဲ့အတူ သူ့ထက်ငါ အလျင်စလို ဝင်ရောက်လာကြမယ့် ဖွံ့ဖြိုးရေး စီမံကိန်းတွေက အလျှင်အမြန် ယိုယွင်းပျက်စီးနေတဲ့ ၁၈ ရာစုပုံစံ လက်ရာမွန်တွေအပေါ် ခြိမ်းခြောက်မှုရှိနိုင်တယ်လို့ စိုးရိမ်မှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေကြပါတယ်။ နှစ်နဲ့ချီပြီး လှည့်မကြည့်ဘဲ ထားခဲ့တာမို့ အဲ့ဒီအဆောက်အအုံ အတော်များများဟာ မူလအနေအထားရောက်အောင် အသည်းအသန် ပြန်လုပ်ဖို့ လိုနေပါတယ်။

RHT ရဲ့ ကြိုးစားမှုရလဒ်အဖြစ် အခုဆိုရင် မြန်မာအစိုးရက ဆောက်လုပ်ခွင့် ပါမစ် အခု ၂၀ ကို ဆိုင်းငံ့ထားလိုက်ပါပြီ။ မူလအနေအထားအတိုင်း မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ ကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်တဲ့ အချိန်အထိ ဆိုင်းငံ့ထားလိုက်တာပါ။

ယက်ခ် မောဒီနဲ့ ဂျီမီ ကက်စက်စ်စီယာ တို့ဟာ ဓာတ်ပုံရိုက်တဲ့နေရာမှာ အရိပ်ကျမှု လျော့နည်းရလေအောင်နဲ့ သမိုင်း အမွေအနှစ် အဆောက်အအုံတွေရဲ့ အသေးစိတ်ကို ညှို့ဓာတ်ပါတဲ့ အရောင်နဲ့ ဖော်ထုတ်နိုင်အောင် ရန်ကုန်မြို့ကြီးရဲ့ အေးစိမ့်စိုစွတ်တိမ်ဖုံးနေတဲ့ ရာသီဥတုကို ဖြစ်နိုင်သမျှ အကောင်းဆုံး အသုံးချခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ဓာတ်ပုံတွေထဲမှာ ကောင်းမွန်တဲ့ ပုံတူပန်ချီကားတွေနဲ့ ရန်ကုန်လမ်းမတွေပေါ်က မြင်ကွင်းအတော်များများလည်း ပါဝင်ပါတယ်။

ပုံတွေထဲမှာ ထင်ရှားတာကတော့ ဗြိတိသျှတွေအတွက် သီးသန့်တည်ဆောက်ခဲ့တဲ့ ကိုလိုနီခေတ် ပဲခူးကလပ် ဓာတ်ပုံတွေပါပဲ။ အကောင်းဆုံး ကျွန်းသစ်တွေနဲ့ ၁၈၈၀ ခုနှစ်တွေနှောင်းပိုင်းမှာ တည်ဆောက်ခဲ့တဲ့ ဒီကလပ်ဟာ အခုဆိုရင် အသည်းအသန် ပျက်စီးယိုယွင်းနေပြီဆိုပေမယ့် အချိန်ရဲ့ စမ်းသပ်မှုကို အံ့သြလောက်အောင် အာခံနေဆဲဖြစ်ပါတယ်။ အဲ့ဒီ အချိန်တုန်းကဆိုရင် လူတန်းစားအရ၊ လူမျိုးရေးအရ ခွဲခြားတဲ့နေရာမှာ ဒီကလပ်ဟာ ထိပ်ဖျားမှာ ရှိနေခဲ့ပါ။ ရာထူးအမြင့်ဆုံး မြန်မာလူမျိုးတွေတောင် ဒီကလပ်ထဲ ဝင်ခွင့်မရခဲ့ကြပါဘူး။

အထင်ကရ ရန်ကုန်အတွင်းဝန်ရုံး အဆောက်အအုံကို အတွင်း၊ အပြင်ရိုက်ပြီး မီးမောင်းထိုးပြထားတဲ့ ပုံတွေကိုလည်း ယက်ခ် မောဒီနဲ့ ဂျီမီ ကက်စက်စ်စီယာ တို့ရဲ့ ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။ လက်ရှိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းဟာ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက် တယောက်ရဲ့လက်ချက်နဲ့  ၁၉၄၇ ခုနှစ်တုန်းက ဒီနေရာမှာ လုပ်ကြံခံခဲ့ရတာပါ။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့အချိန်ကစလို့ အတွင်းဝန်ရုံး အဆောက်အအုံကို ပိတ်ထားခဲ့ပြီး အပြင်လူတွေ ဝင်ခွင့် မရခဲ့တာမို့ ဒီဓာတ်ပုံတွေက ထင်ရှားတဲ့ မြန်မာ့အမိုင်းကာလတခုကို ရှားရှားပါးပါး ဖျတ်ကနဲ မြင်ရစေပါတယ်။

ယက်ခ် မောဒီနဲ့ ဂျီမီ ကက်စက်စ်စီယာတို့ရဲ့ ဓာတ်ပုံမှတ်တမ်းစာအုပ်ဟာ အခုဆိုရင် ပုံနှိပ်နိုင်တဲ့အဆင့်ကို ချဉ်းနင်းဝင် ရောက်နေပါပြီ။ စာအုပ်အဖြစ်ထုတ်ဝေနိုင်ဖို့အတွက် သူတို့က အလှူရှင်တွေ ရှာဖွေနေကြပါတယ်။ ဓာတ်ပုံတွေနဲ့ ပတ် သက်ပြီး ထပ်မံသိရှိလိုတယ်ဆိုရင်တော့ သူတို့ရဲ့ဝက်ဘ်ဆိုဒ် (JJMC) မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

Steve Tickner ၏ စာအုပ်အညွှန်း Yangon: a City to Rescue ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading