ဆောင်းပါး

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၂)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြန်လည် ပေါင်းစည်းရေး ညီလာခံနဲ့ မယ်ကော့မိုင် ဒေသ ခရီးစဉ်

မြန်မာ့တော်လှန်ရေး သမိုင်းမှာ မကွဲဘူးတဲ့ နိုင်ငံရေး အဖွဲ့အစည်း မရှိသလောက် ရှားတယ်ဆိုတဲ့ စကားနဲ့အညီ ကျနော်တို့ ABSDF ဟာလည်း နယ်စပ်ဒေသ နိုင်ငံရေးအရှိန် အကောင်းဆုံးကာလ ၁၉၉၁ စက်တင်ဘာ ဝန်းကျင် မှာ စတင်ကွဲပြဲ ခဲ့ပါတယ်။ အဲဒီလို ကွဲပြဲချိန်ကစပြီး ဗဟို ၂ ခု ပြန်လည်ပေါင်းစည်းရေး အတွက် ကျနော်တို့ မင်းသမီးစခန်း ၂၀၁ တပ်ရင်း ဘက်မလိုက်အဖွဲ့ အပါအဝင် အဖွဲ့အစည်းတချို့၊ ပုဂ္ဂိုလ် တချို့က ကြားဝင် စေ့စပ် ပေးခဲ့ကြပေမယ့် အချိန်မတန်သေးလို့လား မသိပါဘူး၊ ဗဟို ၂ ဘက်စလုံးက ခေါင်းဆောင်ပိုင်းက ပေါင်းစည်း ချင်တဲ့ လက္ခဏာ မပြခဲ့ပါဘူး။

“အချိန်က စကားပြောလိမ့်မယ်” ဆိုတဲ့စကားကို ဒီနေရာမှာ သုံးသင့်တယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ၁၉၉၃ ခုနှစ် ကျနော်တို့ ဘက်မလိုက်အဖွဲ့က ကြားဝင် စေ့စပ်ပေးတုန်းက သိပ် စိတ်ဝင်စားမှုမပြတဲ့ ၂ ဘက် ဗဟို ခေါင်းဆောင်တွေဟာ ၁၉၉၆ မှာ DAB တပ်ပေါင်းစုက ကြားဝင်စေ့စပ်ပေးတဲ့ အချိန်မှာတော့ ပြန်လည် ပေါင်းစည်းရေး အဆိုကို လက်ခံ လိုက်ပါတယ်။

ကြားဝင် ညှိနှိုင်းပေးတဲ့ DAB အဖွဲ့ဝင်တွေထဲမှာ KNU က ဗိုလ်ချုပ်ကြီး တာမလာဘော (လက်ရှိ KNU ဥက္ကဋ္ဌ) က အဖွဲ့ခေါင်းဆောင် ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF) နဲ့ အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) က ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။ လပေါင်းများစွာ၊ အကြိမ်ပေါင်းများစွာ ညှိနှိုင်းမှုအရ ပြန်လည် ပေါင်းစည်းဖို့ သဘောတူညီချက် ရခဲ့ပြီး ၁၉၉၆ စက်တင်ဘာ ၅ ရက် နေ့မှာ ပေါင်းစည်းရေး ညီလာခံ ကျင်းပမယ်ဆိုတဲ့ ဖိတ်စာ ကျနော်တို့ မင်းသမီး စခန်းဆီ ရောက်လာပါတယ်။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ၁၉၈၈ စက်တင်ဘာ စစ်အာဏာ သိမ်းပြီးချိန်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ABSDF ဟာ တပေါင်းတစည်းတည်း ၃ နှစ်ပဲ နေရပြီး အကွဲအပြဲ ကာလနဲ့ ၅ နှစ်ကြာနေပြီးမှ ပြန်လည် ပေါင်းစည်းနိုင်ခဲ့တဲ့ သဘော ဖြစ်ပါတယ်။

အဲဒီအချိန်ဟာ မာနယ်ပလော ဌာနချုပ် ကျဆုံးပြီးကာစ၊ ကိုနိုင်အောင်တို့ ဗဟိုနဲ့ ကိုမိုးသီးဇွန်တို့ ဗဟို ၂ ခု စလုံးလည်း တပ်တည်နေရာ အတည်တကျ မထိုင်နိုင်ဘဲ ရွှေ့ပြောင်းနေရတဲ့ ကာလဖြစ်ပါတယ်။ နောက်တခါ ဒီလို ပြန်ပေါင်းနိုင်အောင် ညှိနှိုင်းဆောင်ရွက် ပေးသူတွေအထဲမှာ KNU နဲ့ DAB ခေါင်းဆောင်တွေ အဓိက နေရာက ပါနေတဲ့အတွက် ပေါင်းစည်းရေး ညီလာခံ ကျင်းပမယ့် နေရာကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြ ယာယီရုံး ထိုင်နေတဲ့ တပ်မဟာ ၆ ခွင်ထဲက ထီးကပလယ် သို့မဟုတ် ပိတောက်မြိုင်စခန်းကို ရွေးချယ် လိုက်တယ်လို့ ထင်ပါတယ်။

မြန်မာပြည် မြေပုံကို ကြည့်လိုက်မယ်ဆိုရင် မြဝတီနဲ့ ဘုရားသုံးဆူ အကြား ထိုင်းနယ်မြေထဲ အချွန်လေး ထွက်နေတဲ့ နေရာဟာ ထီးကပလယ် သို့မဟုတ် ပိတောက်မြိုင်စခန်း အခြေစိုက်တဲ့ နေရာဖြစ်ပါတယ်။

တပ်ရင်း အသီးသီးက ကိုယ်စားလှယ်တွေဟာ ၁၉၉၆ စက်တင်ဘာလ ၃ ရက်၊ ၄ ရက်နေ့တွေမှာ ထီးကပလယ် စခန်းဆီ ရောက်လာကြပြီး စက်တင်ဘာ ၅ ရက်နေ့ကနေ ၁၅ ရက်နေ့ အထိ ၁၆ ရက်ကြာ ကျင်းပခဲ့တယ်လို့ မှတ်တန်းတွေမှာ တွေ့ရပါတယ်။

ကျနော် မှတ်မိသလောက် ဆိုရင် ပေါင်းစည်းရေးညီ လာခံအတွက် ကျနော်တို့ အမှတ် ၁ တပ်ရင်း မင်းသမီး စခန်း ကိုယ်စားလှယ်တွေအဖြစ် ပါသွားသူတွေ ကတော့ ဒေါက်တာ နိုင်အောင်တို့ ဗဟိုဘက်မှာ ဥက္ကဋ္ဌ ကိုနိုင်အောင်၊ ဒုဥက္ကဋ္ဌ ကိုကျော်ကျော်၊ အထွေ ထွေအတွင်းရေးမှူး ကိုမျိုးဝင်း၊ အတွင်းရေးမှူး ၂ ကိုဌေးအောင်၊ ပြန်ကြားရေး ဌာန ကိုခင်မောင်ဝင်း၊ စစ်ရေးဌာန ကိုကျော်ထင်၊ တောင်ပိုင်း စစ်ဒေသကော်မတီက ကိုသောင်းထွန်း၊ကိုမင်းအောင်နဲ့ ကျနော်၊ တပ်ရင်းမှူး ချစ်ကိုကိုတို့ ပါဝင်ပါတယ်။

မင်းသမီး၊ ထီးခီး၊ ဖုနန်းလွန်၊ ကန်ချနပူရီ၊ ဘန်ကောက်၊ မဲဆောက်ကနေတဆင့် မယ်ကော့မိုင်ဒေသဆီ ကားအဆင့်ဆင့်စီးပြီး ကျနော်တို့အုပ်စု ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်ဟာ ကိုမိုးသီးဇွန်တို့ ဗဟိုဘက်က တပ်ဖွဲ့ဝင် တချို့နဲ့ DAB၊ NDF၊ NCG၊ NLD-LA၊ DPNS စတဲ့ တော်လှန်ရေး အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ် အတော်များများ မယ်ကော့မိုင်မှာ ရုံးခန်းတွေ ဖွင့်ထားပြီး တပ်မဟာ ၆ ခွင်က တဆင့် ပြည်တွင်း လှုပ်ရှားမှုတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတဲ့ ကာလဖြစ်ပါတယ်။

မယ်ကော့မိုင်ကနေ ထီးကပလယ်ကို ၃၊ ၄ နာရီလောက်ပဲ ကားမောင်းရပြီး ကားလမ်းဘေး သစ်စက်ကြီးတခုဆီ မရောက်ခင် ကျွန်းတောကြီးထဲ ၁၅ မိနစ်လောက် ဝင်သွားတော့ ညီလာခံကျင်းပမယ့် ခန်းမဆောင်နဲ့ ကျနော်တို့ ကိုယ်စားလှယ်တွေ တည်းရမယ့် ဘားတိုက်တလုံးကို တွေ့ရပါတယ်။ အဆောက်အဦတွေက မာနယ်ပလော ဌာနချုပ်နဲ့ ဘာမှမဆိုင်ပါဘူး။

တော်လှန်ရေး ခေတ်ဦးပိုင်းကာလ အဆောက်အဦ တွေလို အင်ဖက်မိုး ဝါးတဲတွေသာ ဖြစ်ပါတယ်။ ကျနော်တို့ အဆောင်ကနေ တောင်ကုန်းလေးပေါ် တက်သွားတော့ ဗိုလ်ချုပ်မြရဲ့ နေအိမ်ကို တွေ့ရပါတယ်။

ရှေ့ပိုင်းမှာ ကျနော်တင်ပြခဲ့ဖူးတဲ့ မာနယ်ပလောက အိမ်ဖြူတော်နဲ့ ဘာမှမဆိုင်ပါဘူး။ ကရင်ရွာတွေမှာ တွေ့ရလေ့ရှိတဲ့ ခပ်ကြီးကြီး ဝါးတဲတလုံးမျှသာ ဖြစ်ပါတယ်။ သူ့အိမ်ဘေးမှာတော့ ဆက်သွယ်ရေးရုံး၊ လုံခြုံရေး ရဲဘော်တချို့ကိုသာ တွေ့ရတဲ့အတွက် ဒါဟာ ဥက္ကဋ္ဌရဲ့ သီးခြားရုံးခန်း ဖြစ်ပြီး ဗဟိုလုံခြုံရေး တပ်နဲ့ တပ်မဟာ ၆ တပ်တွေကတော့ အရှေ့ဘက် ခပ်လှမ်းလှမ်းမှာ ရှိလိမ့်မယ်လို့ ယူဆရပါတယ်။

ကျနော်တို့ ကိုယ်စားလှယ်တွေ ကတော့ ရှေ့မှာပြောခဲ့တဲ့ ကားလမ်းဘေးက သစ်စက်ရှိရာ၊ ပရိဘောဂ ထုတ်လုပ်ရေး အလုပ်ရုံတွေရှိရာ ရွာငယ်လေးက လက်ဖက်ရည်ဆိုင်လောက်ပဲ ရောက်ဖူးပြီး တခြား နေရာတွေဆီ သွားလေ့လာဖို့ အချိန်မရလိုက်ပါ။

၁၆ ရက်အကြာ ထီးကပလယ်မှာ ကျင်းပခဲ့တဲ့ အဲဒီညီလာခံ ကာလအတွင်း မိုးကအဆက်မပြတ် ရွာနေတဲ့ အတွက် သွားလေရာမှာ ဗွက်ထနေပြီး ဒီဒေသကဗွက်ဟာ တခြားစခန်းတွေက ဗွက်ထက် ပို လမ်းလျှောက်ရ ခက်တယ်လို့ ကျနော်ထင်ပါတယ်။ မြို့ကိုဖြတ်ပြီးလာတဲ့ ကိုယ်စားလှယ်တွေ ဆိုတော့ စစ် ဖိနပ်လည်းမပါ၊ မိုးရေထဲ စီးတဲ့ လည်ရှည်ရော်ဘာဖိနပ်လည်းမပါ၊ မြို့ပေါ်စီးတဲ့ အလှပြ ညှပ်ဖိနပ်နဲ့ ဆိုတော့ အတော် ဒုက္ခများခဲ့ပါတယ်။ နောက်တခါ ဘားတိုက်ဘေးက အိမ်သာထဲမှာ ရေတွေပြည့်နေလို့ အိမ်သာတက်တိုင်း အဲဒီရေ ပြန်စင်တဲ့ ဒုက္ခကလည်း အတော်ဆိုးပါတယ်။ တော်လှန်ရေး လုပ်ပါတယ်ဆိုမှ ဒါတွေကို ဂရုစိုက်စရာလားလို့ မေးရင်လည်း ခံရမှာပါပဲ။ အရင် မာနယ်ပလော ခေတ်နဲ့ ကွာတာကိုသာ အဓိက တင်ပြလိုတာပါ။

စစ်ရေး တိုက်ပွဲအဓိကလား၊ နိုင်ငံရေးတိုက်ပွဲ အဓိကလား

အခင်းအကျင်းဘက်ကနေ သဘောတရားဘက်ကို လှည့်ရမယ် ဆိုရင်တော့ အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ကျောင်းသားတွေရဲ့ ငြင်းခုံပွဲကတော့ လွန်ခဲ့တဲ့ ၈ နှစ်ကအတိုင်း အားကောင်းမောင်းသန် ရှိနေဆဲ ဖြစ်ပါတယ်။

၁၅ ရက်ကြာ ငြင်းခုံမှုအတွင်း ဗဟိုကော်မတီ နေရာခွဲဝေမှု ပြဿနာအပြင် စစ်ရေးအဓိကလား၊ နိုင်ငံရေး အဓိကလား ဆိုတဲ့ အချက်အတွက်လည်း အချိန် အတော်ကုန်ခဲ့ပါတယ်။ ဒီညီလာခံ အကြောင်း မှတ်တမ်း ရေးထားသူ တဦးရဲ့ အပြောအတိုင်းဆိုရင် ကိုမိုးသီးဇွန်တို့ဘက်က “စစ်ရေးတိုက်ပွဲအဓိက” လို့တင်ပြပြီး ကိုနိုင်အောင်တို့ဘက် ကတော့ “နိုင်ငံရေး တိုက်ပွဲကို အဓိကထားပြီး စစ်ရေးတိုက်ပွဲနဲ့ ပူးတွဲ ဆောင်ရွက်ရန်” ဆိုပြီး တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒီလိုအကြိတ်အနယ် ငြင်းခုန်နေတဲ့ ကြားထဲ ကိုမိုးသီးဇွန်တို့ ဗဟိုဘက်က နိုင်ငံခြားရေး တာဝန်ခံ ကိုအောင်နိုင်ဦးက ဝင်လာပြီး “နိုင်ငံရေးနည်း သက်သက်” ကို ဦးစားပေးလုပ်မှသာ အလုပ်ဖြစ်လိမ့်မယ်လို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

နေ့ဘက်မှာ ဒီလိုငြင်းကြသလို ညဘက် ဘားတိုက် ရောက်တဲ့အခါမှာလည်း အကြောင်းမျိုးစုံကို ကျ နော်တို့ကြား ငြင်းခုံလေ့ ရှိပါတယ်။ အဲဒီထဲက ကျနော် မှတ်မိနေတဲ့ အချက်တခုကတော့ ၁၀၂ တပ်ရင်းမှူး ကိုမြတ်စိုးခေါ် ပါပါကြီး (အခု နော်ဝေ) ပြောလေ့ရှိတဲ့ ပညာတတ် လူငယ်တွေ ကွန်ပျူတာကိုကျွမ်းလွန်းလို့ ကီးဘုတ်ကို နောက်ပြန်ရိုက်နိုင်တဲ့ အကြောင်း၊ ဒါပေမယ့် အဲဒီလူတွေ အတော်များများ တတိယ နိုင်ငံတွေဆီ ထွက်သွား ကြတဲ့ အကြောင်းဖြစ်ပါတယ်။ တညလုံး အဲဒီလို ငြင်းခုံပြီး အိပ်လို့ကောင်းတုန်း မနက် ၄ နာရီလောက်မှာ အသံကျယ်ကျယ်နဲ့ ဘုရားရှိခိုးတတ်တဲ့ ကိုယ်စားလှယ် တဦးကြောင့် အိပ်ရေးပျက်ခဲ့ တာတွေကိုလည်း မှတ်မိနေပါတယ်။ အဲဒီ ကိုယ်စားလှယ်ဟာ ကျနော်တို့ထက် အသက်နည်းနည်း ပိုကြီးတဲ့အပြင် ဘုရာရှိခိုး နေတာဆိုတော့ အသံမထွက်ဘဲ ရှိခိုးပါလို့ သွားတားလို့ကလည်း မသင့်ပါဘူး။

ညီလာခံ နောက်ဆုံးနေ့ ထုတ်ပြန်ချက် ထဲမှာတော့ “စစ်အာဏာရှင် စနစ်နှင့် နဝတ စစ်အုပ်စုကို စစ်ရေးတိုက်ပွဲ အဓိကထား၍ နိုင်ငံရေး တိုက်ပွဲများနှင့် ဟန်ချက်ညီ ပေါင်းစပ် တိုက်ပွဲဝင်သွားကြရန် ဤ ပေါင်းစည်းရေး ညီလာခံ ကြီးမှ သံဓိဌာန်ပြုခဲ့သည်” လို့ ဖော်ပြထားတာ တွေ့ရပါတယ်၊၊

ဒါ့အပြင် စစ်အာဏာရှင် စနစ်ကို ဘက်ပေါင်းစုံ အကျယ်အပြန့် စစ်မျက်နှာဖြန့် တိုက်ပွဲဆင်သွားနိုင်ရေး အတွက် ဒီမိုကရေစီ အင်အားစုများ၊ တိုင်ရင်းသား အင်အားစုများကို အမျိုးသားနိုင်ငံရေး အင်အားစုကြီးအဖြစ် စုစည်း တိုက်ပွဲဝင်သွားဖို့ တပ်ပေါင်စုမူကိုလည်း ချမှတ်ခဲ့ပါတယ်။

ပြီးတော့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ အခွင့်အလမ်း ရှိရင် ဖြေရှင်းသွားနိုင်ရေး အတွက် ပြည်တွင်း ငြိမ်ချမ်းရေးဆိုင်ရာ သဘောထား တရပ်ကိုလည်း ချမှတ်နိုင်ခဲ့တယ်လို့ အဲဒီ ကြေငြာချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ညီလာခံ နောက်ဆုံးနေ့ ရွေးချယ်တင်မြှောက်ပွဲကနေ တက်လာတဲ့ ဗဟိုကော်မတီ အသစ်ထဲမှာတော့ ကိုနိုင်အောင်က ဥက္ကဋ္ဌ၊ ကိုမိုးသီးဇွန်က ဒု ဥက္ကဋ္ဌ၊ ကိုအောင်သူငြိမ်းက အထွေထွေအတွင်းရေးမှူး၊ ကိုစိုင်းမြင့်သူက အတွင်းရေးမှူး ၁၊ ကိုမျိုးဝင်းက အတွင်းရေးမှူး ၂ ဖြစ်လာပါတယ်။ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် ၇ ဦးကတော့ ကိုကျော်ကျော်၊ ကိုဝင်းမင်း၊ ကိုခင်မောင်ဝင်း၊ ကိုအောင်နိုင်ဦး၊ ကိုဝင်းနိုင်ဦး။ ကိုအောင်နိုင်နဲ့
ကိုအောင်ခိုင်တို့ ဖြစ်ပါတယ်။

ဗဟိုကော်မတီဝင် ၁၇ ဦးကတော့ ကိုကျော်ကိုကိုဝင်း၊ ကိုလွမ်းဏီ၊ ကိုဇော်မင်း၊ ကိုမောင်မောင်တိတ်၊ ကိုကျော်မို၊
ကိုဇော်ဝင်းလွင်၊ ကိုဝင်းချို၊ ကိုကျော်ထင်၊ ကိုဆလိုင်းယောအောင်၊ ကိုမောင်ဒီ၊ ကိုရဲလင်းထွန်း၊ ကိုလှဌေး၊ ကိုဆန်နီ၊ ကိုမင်းအောင်၊ ကိုအောင်ထူး၊ ကိုခင်ကျော်နဲ့ ကိုသက်နိုင်တို့ ဖြစ်ပါတယ်။ ပွဲပြီးတဲ့အထိ အရန်ခုံမှာ ထိုင်နေရသူလို့ နောက်ပြောင်ခံခဲ့ရတဲ့ ကျနော်ကတော့ ဒီတကြိမ်မှာလည်း အရန်ဗဟို ကော်မတီကနေ ရှေ့ကို မတက်ပါဘူး။ ကျနော်နဲ့အတူ အရန် ဗဟိုကော်မတီဝင် ဖြစ်လာသူ တခြား ၂ ဦးကတော့ ကိုဘစောထွန်းနဲ့ ကိုသူရိန်တို့ ဖြစ်ပါတယ်။ ဒီညီလာခံဆီ တပ်ရင်း အသီးသီးက ကိုယ်စားလှယ် ၆၀ တက်ရောက်ခဲ့တယ်လို့ ညီလာခံ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညီလာခံ ပိတ်ပွဲညမှာတော့ ထုံးစံအတိုင်း ဂီတပွဲတွေဆင်နွှဲပြီး “ဆုံးရှုံးခဲ့တဲ့ လူ့အခွင့်ရေးအတွက် တော်လှန်နေ၊ ကျောင်းတော်မြေနဲ့ တမ်းတချစ်သူ ချန်ကာလေ၊ တိုင်တည်ပါတယ် အသက်သွေး စတေးခဲ့ ရဲဘော် သူငယ်ချင်း ရေ …” ဆိုတဲ့သီချင်းကို ဝိုင်းဖွဲ့ သီဆိုကြပါတယ်။

အဲဒီနောက်မှာတော့ “သွေးမုန်တိုင်း” “အရေးကြီးပြီ” “ပျံသာပျံပါ ခွပ်ဒေါင်းနီ” “ဂျက်ဆင်ထိပ်က လရိပ်ပြာ” “အမေ့အိမ်” အပါဝင် တက္ကသိုလ်အလွမ်း၊ အိမ်အလွမ်း သီချင်းတွေဆိုကြတာကို ကျနော် မှတ်မိနေပါတယ်။

ဂစ်တာ အတီးကောင်းတဲ့ ကိုဘစောထွန်း၊ ကိုဝင်းချိုတို့က ဒီပွဲကို ဦးဆောင်တာဖြစ်ပြီး မြန်မာ သီချင်းတွေ ဆိုနေရင်းကနေ “Take me Home, Country Road” သီချင်းဆီ ရောက်သွားပါတယ်။ ဒီ ညီလာခံကို သတင်း လာယူကြတဲ့ Bangkok Post သတင်းစာက ရတ်ဘချိုနဲ့ ထိုင်း သတင်းထောက် တွေလည်း ကျနော်တို့ရဲ့ ဂီတဝိုင်းမှာ ဝင်ရောက် အားပေးကြပါတယ်။

အိမ်မပြန်နိုင်သေးတဲ့ တောထဲက တော်လှန်ရေး ကျောင်းသားတွေအကြောင်း “Take me Home, Country Road” ဆိုတဲ့ ခေါင်းစည်းနဲ့ အထူးဆောင်းပါးရှည် တပုဒ် Bangkok Post မှာ ရတ်ဘချို ရေးသားခဲ့တာကို ကျနော် အမှတ်ရနေပါသေးတယ်။

ဗဟိုကော်မတီ အစည်းအဝေးနဲ့ ဒုက္ခသည်စခန်းများ

မြန်မာနယ်ဘက်က ကျောင်းသားစခန်းတွေနဲ့ ထိုင်းနယ်ဘက် က ဒုက္ခသည်စခန်းပြ မြေပုံအကြမ်း
မြန်မာနယ်ဘက်က ကျောင်းသားစခန်းတွေနဲ့ ထိုင်းနယ်ဘက် က ဒုက္ခသည်စခန်းပြ မြေပုံအကြမ်း

ပေါင်းစည်းရေး ညီလာခံကို ဗိုလ်ချုပ်မြ အိမ်ဘေးနားက လွတ်မြောက်နယ်မြေမှာ ကျင်းပနိုင်ခဲ့ပေမယ့်  အဲဒီ နောက်ပိုင်းကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေး တွေကိုတော့ ဒုက္ခသည်စခန်း ဝန်းကျင်မှာသာ လုပ်ခွင့် ရခဲ့တာကို ကျနော်မှတ်မိနေပါတယ်။ တကယ်ကတော့ ပေါင်းစည်းရေး မတိုင်မီ ရောင်နီဦး စခန်းမှာ ကျင်းပတဲ့ ကိုနိုင်အောင်တို့ဘက်က စတုတ္ထအကြိမ် ညီလာခံလုပ်တဲ့ နေရာဟာလည်း ဒုက္ခသည် စခန်း ဝန်းကျင်မှာပါပဲ။ အဲဒီညီလာခံ သက်တမ်းအတွင်း ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေး တခုကတော့ ကရင်နီနယ်မြေ ထတမောလဲ စခန်းမှာ ဖြစ်ပါတယ်။

အဲဒီအစည်းဝေးကို သွားဖို့အတွက် ထိုင်းနိုင်ငံရဲ့ အလှပဆုံး စာရင်းဝင် တောင်ပေါ်မြို့လေး မယ်ဟောင်ဆောင်ကို ပထမဆုံး အကြိမ် ကျနော် ရောက်ဖူးခဲ့ပါတယ်။

အဲဒီအချိန်ဟာ ဘိန်းဘုရင် ခွန်ဆာ အင်အားကောင်းဆဲ အချိန်ဖြစ်ပြီး မယ်ဟောင်ဆောင် မြို့အထိ သူ့ရဲ့သြဇာ က လွှမ်းမိုးခဲ့တယ်လို့ သိရပါတယ်။

အဲဒီကာလ ABSDF ရုံးစိုက်တဲ့ နေရာက မယ်ဟောင်ဆောင် လေယဉ်ကွင်းနဲ့ သိပ်မဝေးတဲ့ တောင်ကုန်းလေး ပေါ်က ခြံဝန်းကြယ်ကြီးထဲက လုံးချင်းအိမ် ခပ်သေးသေးလေး။

ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း ဒီအခန်းသေးသေးနဲ့ မလုံလောက်တဲ့အတွက် အဲဒီအိမ်ဘေးမှာ ယာယီတဲထိုး၊ စားဖိုဆောင်နဲ့ တည်းခိုဆောင်အဖြစ် တိုးချဲ့ပြင်ဆင်ပေါ့။ ခြံဝန်းက အတော်ကျယ်တဲ့အတွက် လွတ်လွတ်လပ်လပ် နေခွင့်ရထားတဲ့ သဘောလည်း ဖြစ်နေပါတယ်။ မယ်ဟောင်ဆောင် ဈေးထဲ ဝင်လိုက်မယ် ဆိုရင်တော့ ထိုင်းဈေးထဲ ရောက်နေတယ်လို့ မထင်ရဘဲ ရှမ်းပြည်က ဈေးတခုခုကို ရောက်နေတယ်လို့ ထင်ရပါတယ်။

တို့ဟူးနွေး အပါအဝင် ရှမ်းစားစရာတွေ၊ ပလောင်လဖက်တွေ၊ ရှမ်းပြည်က ဝတ်စုံတွေ စသဖြင့် အတော်ကို စုံစုံ လင်လင် တွေ့ရပါတယ်။ အဲဒီဈေးကနေ ဘုရားတောင်ပေါ် တက်လိုက်မယ် ဆိုရင်တော့ သပ္ပာယ်လှတဲ့ စေတီ ပုထိုးတွေကို တွေ့ရပြီး အဲဒီကနေ မယ်ဟောင်ဆောင် တမြို့လုံးကို လှမ်းမြင်ရတဲ့ ရှုခင်းက အတော် လှပပါတယ်။

အဲဒီလို လှပတဲ့မြို့ကနေ အစည်းအဝေး ကျင်းပမယ့် နေရာဆီအသွား လမ်းပေါ်မှာတွေ့ရတဲ့ အဓိက ရွာကြီးတခုက နန်းဆွယ်ရွာ ဖြစ်ပါတယ်။ အဲဒီခေတ်က မြေနီလမ်းကြမ်း အဆင့်သာ ရှိသေးပေမယ့် အခုတော့ အကောင်းစား ကတ္တရာလမ်းကြီး ဖြစ်နေခဲ့ပါပြီ။ အဲဒီရွာကအထွက် ချောင်းလေးကိုကျော်၊ ထိုင်းနယ်ခြားစောင့် ဂိတ်နဲ့ ပဒေါင် လည်ပင်းရှည် ရွာတွေကိုကျော်ပြီး တောထဲ တနာရီနီးပါး ဆက်ဝင်လာတဲ့ အခါမှာတော့ ကျနော်တို့ ABSDF ဗဟိုဌာနချုပ် ရုံးစိုက်ရာ ထတမော်လဲ ဆိုတဲ့ စခန်းကို ဒုက္ခသည် စခန်းအလွန် ရပ်ကွက်တခုမှာ တွေ့ရပါတယ်။

ABSDF အမှတ် ၄ တပ်ရင်းကတော့ အဲဒီအရှေ့ မြန်မာနယ်မြေထဲမှာ အခြေစိုက်ထားတယ်လို့ သိရပေမယ့် ကျနော် မရောက်ဖြစ်ခဲ့ပါ။

ပေါင်းစည်းရေး ညီလာခံသက်တမ်း ပထမ အကြိမ် ဗဟိုကော်မတီ အစည်းဝေး ကျင်းပတဲ့နေရာကတော့ မယ်စရီးယန်း မြို့ကနေ တောထဲဝင်ရတဲ့ မယ်ရယ် ဒုက္ခသည်စခန်း ဝန်းကျင်မှာ ဖြစ်ပါတယ်။ ဒုက္ခသည် စခန်းဝန်းကျင် ဆိုပေမယ့် ထတမောလဲလို ဒုက္ခသည်စခန်းနဲ့ ဆက်နေတာမျိုး မဟုတ်ဘဲ ရောင်နီဦးစခန်းလို ဒုက္ခသည်နဲ့ ခပ်ဝေးဝေး သီးခြားနေရာလေး ဖြစ်ပါတယ်။

ချောင်းကြီးတခုကို ကြိုးတံတားနဲ့ ဖြတ်သွားရပြီး အဲဒီမှာ ဗဟိုရုံး စိုက်ထားပါတယ်။ ကိုမိုးသီးဇွန်၊ ကိုအောင်သူ ငြိမ်း၊ ကိုလွဏ်းနီ အပါအဝင် တောင်ပိုင်းကနေ ရောက်လာကြတဲ့ ဗဟိုကော်မီတီဝင် အစုံအလင်ကို တွေ့ရပြီး လူအတော်စုံတဲ့ အစည်းဝေးတခု ဖြစ်ပါတယ်။ ဝါးရုံပင်တွေ၊ သစ်ပင်ကြီးတွေ အောက်မှာ ဆောက်ထားတဲ့ ရဲဘော်တွေရဲ့ တဲအိမ်တွေမှာ အဝေးကလာတဲ့ ကျနော်တို့ ဗဟိုကော်မတီဝင်တွေ တည်းခိုကြရပါတယ်။

ကျနော်တည်းတဲ့အိမ်က မင်းသမီးခစန်းကနေ ဗဟိုရုံး အဖွဲ့မှူးဖြစ်လာသူ ကိုမြင့်အောင် (အခုနယူးဇီလန်) ရဲ့ တဲအိမ်ဖြစ်ပါတယ်။ တိုက်ဆိုင်ချင်တော့ သူတဲဘေးကအိမ်က DVB သတင်းထောက် ကိုမောင်တူး (အခုထိ DVB မှာတာ ဝန်ထမ်းနေဆဲ) ရဲ့ တဲအိမ်ဖြစ်ပါတယ်။

မယ်ရယ်စခန်း အစည်းဝေးအတွင်း ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာ တွေထဲမှာ စစ်ရေးကိုဦးစားပေးပြီး တိုက်ပွဲ ွသတင်းတွေကို ဒေါင်းအိုးဝေမှာ ဆက်တိုက်ဖော်ပြနေလို့ သူတို့ရဲ့ အလှူငွေတွေ ဖြတ်ပစ်မယ်ဆိုပြီး အမေရိကန် အခြေစိုက် အလှူရှင် အဖွဲ့ကြီးတခုက သတိပေးတဲ့ ကိစ္စုကို ကျနော် မှတ်မိနေပါတယ်။ နောက်တခါ အစည်းအဝေး ကျင်းပတဲ့ အချိန်ဟာ ၈ လေးလုံး ၉ နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်နေတဲ့ အတွက် ၈ လေးလုံး အခမ်းအနားကိုပါ အစည်းအဝေး ခန်းမထဲမှာ ကျင်းပခဲ့ပါတယ်။

အဲဒီ မယ်ရယ် ကျောင်းသား စခန်းကနေ တနာရီလောက် တောဆက်တိုး သွားမယ်ဆိုရင်တော့ မယ်ရယ်ဒုက္ခသည် စခန်းကြီး (အခု မယ်လဥ) ကို ရောက်နိုင်ပါတယ်။

အဲဒီကာလ ဒုက္ခသည်စခန်း အခြေအနေတွေကို ပြောရမယ်ဆိုရင် မြောက်ပိုင်း မယ်ဟောင်ဆောင် ခရိုင် ကရင်နီ ဒေသမှာ စခန်း ၁၊ ၂၊ ၃၊ ၄ လို့ အမည်ပေးထားတဲ့ ကရင်နီ ဒုက္ခသည်စခန်း ၄ ခုရှိပါတယ်။ မယ်စရီးယန်း မြို့နယ်ထဲမှာ မယ်ရယ် (နောက်ပိုင်း မယ်လဥ) နဲ့ ဇလား (နောက်ပိုင်း မယ်လမမောင်) လို့ အမည်ပေးထားတဲ့ ကရင်ဒုက္ခသည် စခန်း ၂ ခုရှိပါတယ်။

မဲဆောက် ဝန်းကျင်မှာတော့ မယ်လနဲ့ အုန်းဖြန် ဒုက္ခသည်စခန်း ၂ ခုရှိပြီး သိပ်မကြာခင်မှာ နိုပိုး ဒုက္ခသည် စခန်း ထပ်ပေါ်လာပါတယ်။ ကျနော် အနေများတဲ့ မင်းသမိး ဒေသမှာတော့ ၁၉၉၇ ဖေဖော်ဝါရီ ထိုးစစ်အပြီး ကန်ချနပူရီ ခရိုင် စန်ခရပူရီ မြို့နယ်ထဲမှာ ဘန်းတုံယန်း စခန်းနဲ့ ရတ်ချပူရီခရိုင် စွေဖီးမြို့နယ်ထဲမှာ ထန်ဟင်း ဒုက္ခသည် စခန်းတွေ ပေါ်လာပါတယ်။

TBBC လို့ခေါ်တဲ့ ထိုင်း – မြန်မာနယ်စပ် ကယ်ဆယ်ရေး အဖွဲ့က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဆိုရင် ဒီစခန်းတွေထဲက မူလ မယ်လ စခန်းဟာ ၈ လေးလုံး အရေးတော်ပုံ မတိုင်ခင်၊ ကျောင်းသားတွေ နယ်စပ် မရောက်ခင် ၁၉၈၄ ကတည်းက စတင် ပေါ်ပေါက်လာတာလို့ သိရပါတယ်။ ၁၉၉၄ နှောင်းပိုင်း မာနယ်ပလော စခန်းကျပြီး နောက်မှာတော့ စခန်းတွေ အတော်များလာတယ်လို့ ဆိုပါတယ်။

အခုနောက်ဆုံး စာရင်းတွေအရ ဆိုရင် တရားဝင် ဖွင့်လှစ်ထားတဲ့ စခန်း ၉ ခုရှိနေဆဲ ဖြစ်ပြီး ဒုက္ခသည် ဦးရေ ၁ သိန်း ၄ သောင်းလောက် ခိုလှုံနေကြတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading