ဆောင်းပါး

အမုန်းမြို့ရဲ့ နောက်ကွယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံအနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေဟာ အခု လတ်တလော အခြေအနေတွေအရ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေနဲ့ ပိုင်းခြားထားတဲ့ နယ်မြေဖြစ်လို့ နေပါပြီ။ မတူတဲ့အုပ်စုနှစ်စုကြား သီးခြားခွဲထုတ်ဖို့ ကြိုးစားနေတဲ့ တနည်း အမုန်းတရားက အားပေးအားမြှောက်ပြုလို့ အကြမ်းဖက်ခံထားရတဲ့ မြို့လို့လည်း ဆိုလို့ရပါတယ်။

ရခိုင် ကမ်းရိုးတန်း တလျှောက်နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသား ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီမူဆလင်တွေအကြား ဆယ်စုနှစ်များစွာကြာ ဖြစ်နေတဲ့ တင်းမာမှုတွေဟာ ဇွန်လမှာတော့ အကြမ်းဖက်မှု ပုံစံသစ်နဲ့ ပေါက်ကွဲ ပေါ်ထွက်လာခဲ့တယ်။ လူအနည်းဆုံး ၇၈ ဦးသေဆုံးခဲ့ရပြီး လူပေါင်းသောင်းချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်။ စစ်တွေမြို့နဲ့ မောင်တောမြို့နားတဝိုက်တွေမှာ အိုးမဲ့အိမ်မဲ့ဖြစ်ရသူ ၈၀,၀၀၀ ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ဖြစ်နေတာတွေကိုကြည့်ရတာ ရေရှည်မှာ သွေးချောင်းစီးမှုထက်ပိုတဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်လို့ ပြဆိုနေပါတယ်။ လက်ရှိအနေအထားအရ ကြည့်မယ်ဆိုရင်တော့ ဒေသခံဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေအကြား ပြန်လည်သင့်မြတ်ရေး အယူအဆဟာ ဝိုးတဝါး အိပ်မက်တခုလိုသာ ဖြစ်နေပါတယ်။

အစိုးရက ပဋိပက္ခဖြစ်နေတဲ့ အုပ်စုနှစ်ခုကို သီးခြားခွဲထုတ်ပစ်ခဲ့ပြီး ဒေသခံတွေကလည်း ပိုဆိုးလာတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ လက်စားချေ တိုက်ခိုက်မှုတွေကို ကြောက်ရွံ့ပြီး ရေရှည် လုံခြုံစိတ်ချရမယ့် ဒေသတွေဆီ ရွှေ့ပြောင်းအခြေချချင်နေကြပါတယ်။

မဆက်ဆံခြင်း

လူဦးရေ ၂ သိန်း နီးပါးရှိတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခရဲ့ အနာတရတွေဟာ နေရာတိုင်းမှာ ကျန်ရစ်နေခဲ့တယ်။ မီးလောင်ထားတဲ့ အိမ်တွေ၊ ဆိုင်တွေနဲ့ ဈေးတွေဟာ ဗုဒ္ဓဘာသာအများစု နေထိုင်ရာတွေသာမက မွတ်ဆလင်ရပ်ကွက်တွေမှာလည်း တွေ့နိုင်ပါတယ်။

စစ်တွေမြို့ရဲ့ တချို့နေရာတွေမှာတော့ ဇွန်လကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုရဲ့ အပျက်အစီးတွေက ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း တိုက်ခဲ့တုန်းက အခြေအနေမျိုးလို တွေ့ရပါတယ်။ အထူးခြားဆုံးက မြို့နေလူထုရဲ့ ၃ ပုံ ၁ ပုံဖြစ်တဲ့ အလုပ်သမားလူတန်းစား မွတ်ဆလင်တွေ လုံးဝနီးပါး ပျောက်နေတာပါ။

မြို့ထဲမှာ ဆိုက်ကားနင်းသမား၊ ဈေးနဲ့ ဆိပ်ခံတံတားတွေမှာ ကုန်ထမ်းသမားများအဖြစ်သာ အမြဲလုပ်လေ့ရှိတဲ့ ဘင်္ဂါလီတွေ အခု မရှိတော့ပါဘူး။ လေဆိပ်မှာ၊ ကျွန်းတွေကို ဖယ်ရီပြေးဆွဲတဲ့ လှေတွေမှာ သို့မဟုတ် ဘူးသီးတောင်နဲ့ မောင်တောဒေသကို ပြေးဆွဲတဲ့ ဘတ်စ်ကားတွေမှာတောင် မူဆလင်တွေရဲ့ အရိပ်အယောင် မတွေ့ရတော့ပါဘူး။

ဒေသခံ ဟိန္ဒူတွေနဲ့ အိန္ဒိယနွယ်ဖွား ရုပ်ထွက်တဲ့ ဒေသခံတွေဟာ သူတို့ကို ဘင်္ဂါလီနဲ့မှားမှာ စိုးလို့ နဖူးမှာ ဆေးစက်ကလေးတွေ တို့ထားရပါတယ်။

ဒေသခံ သတင်းရင်းမြစ်တွေအဆိုအရ ဘင်္ဂါလီတွေဟာ လက်တွေ့မှာ စီးပွားရေးအရ တားမြစ်တာ၊ အစားအသောက်၊ ဆေးဝါး၊ ခရီးသွားလာမှုနဲ့ ဆက်သွယ်ရေးတွေမှာ ထိန်းချုပ်တာတွေခံနေရပြီး မြို့ရဲ့ အကြီးဆုံးဈေးထဲကို ဝင်ရောက်ခွင့် မရှိတော့သလို တမြို့ကနေ တမြို့ကို ခရီးသွားလို့လည်း မရတော့ပါဘူး။

ဗိုက်ဆာနေပြီ

စစ်တွေအနောက်ဘက် ကီလိုမီတာအနည်းငယ်လောက်ပဲဝေးတဲ့ ဘူမီး ရွာဟာ ဘင်္ဂါလီ ဒုက္ခသည်ထောင်ပေါင်းများစွာနဲ့ ပြည့်နေပါတယ်။ ဒေသခံတွေ အဆိုအရ အခြေမဲ့ မြို့လူထုတွေ လာအခြေချတဲ့ စခန်းတွေထဲမှာ အဲဒီစခန်းဟာ အကြီးဆုံးဖြစ်ပါတယ်။ သူတို့ပြောတာက သူတို့ဟာ မြို့ကနေ ပထမတော့ လူအုပ်စုကြီးရဲ့၊ နောက်တော့ လုံခြုံရေး အင်အားစုတွေရဲ့ မောင်းထုတ်ခြင်းကို ခံခဲ့ရတာပါတဲ့။

ဒုက္ခသည်တွေဟာ အခု မုတ်သုံမိုးကာလမှာ ရွှံ့ဖုံးတဲ့ တဲကလေးတွေနဲ့ နေနေကြရပြီး ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကပေးတဲ့ ဆန်နဲ့သာ အသက်ရှင်နေနေရတယ်။ အဲဒီနေရာမှာ ဆေးခန်းလည်းမရှိ၊ သင့်တင့်တဲ့ အိမ်သာ၊ သို့မဟုတ် သန့်ရှင်းတဲ့ သောက်ရေတွေလည်း မရကြပါဘူး။ စခန်းကို လုံခြုံရေးတပ်တွေက အချိန်ပြည့် ဝန်းရံထားပါတယ်။

“မြို့ထဲကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်အများစုဟာ လက်လုပ်လက်စားတွေနဲ့ နေ့စားအလုပ်သမားတွေပါ။ ကျနော်တို့ နေ့စဉ်အသက်ရှင်ရေးအတွက် အခက်အခဲ အများကြီး ကြုံနေရပါတယ်။ မြို့ထဲကို ပြန်သွားရင် ဘာများဖြစ်လာမလဲလို့ ကျနော်တို့ ကြောက်နေကြရတယ်။ ကျနော်တို့ ပြန်မသွားနိုင်သေးဘူး။ သူတို့အိမ်တွေဆီ၊ ဆိုင်တွေဆီကို အရဲစွန့်ပြန်သွားခဲ့ကြသူတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ အာဏာပိုင်တွေက ပေးမသွားဘူး” လို့ ဘူမီးက ဒုက္ခသည်တဦးဖြစ်တဲ့ ဦးရွှေမောင်က ပြောပါတယ်။

“ကျနော်တို့ တယောက်နဲ့တယောက် အစားအသောက် ဝေစားကြတယ်။ အခု ကျနော်တို့ ဗိုက်ဆာတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အစားအသောက် အကူအညီ ထောက်ပံ့ပေးထားပေမယ့် ဒီလောက်များတဲ့လူတွေအတွက် လုံလောက်မှုမရှိဘူး” လို့ သူက ဆက်ပြောပြတယ်။

ဘူမီးစခန်းမှာ အတင်းအဓမ္မနေခိုင်းခံရတဲ့ ဘင်္ဂါလီတွေ ပုံကြည့်ရတာ စိတ်ပျက်လက်ပျက် ဖြစ်နေပုံပါ။ အမျိုးသမီးတယောက်က မိုးရေစိုနေတဲ့ သူမကလေးကလေးကို လက်မှာ ပိုက်ထားပြီး ထိုင်ငိုနေတယ်။ သူမက သူတို့ ဖျားနေလို့ ပြစရာ ဆေးခန်း၊ စားစရာ အစာလည်း မရှိဘူးလို့ ပြောတယ်။

“အာဏာပိုင်တွေသာ ကျနော်တို့ လုံခြုံရေးယူပေးမယ်ဆိုရင် ကျနော်တို့ အိမ်ပြန်ချင်တယ်” လို့ ဘူမီးက မူဟာမတ်ရှီကို က ပြောပါတယ်။ “ကျနော်ပြန်သွားလို့ရှိရင် အဲဒီမှာ ဘာမှရှိမှာမဟုတ်ဘူးလို့ ရဲက ပြောပါတယ်။ ဒါပေမယ့် ကျနော် ပြန်ချင်တုန်းပါပဲ”

ရိုဟင်ဂျာ အလိုမရှိ

ဘင်္ဂါလီလို့ အများက ခေါ်ဝေါ်သတ်မှတ်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ရိုဟင်ဂျာတွေလို့ ပြောဆိုရည်ညွန်းကြသူတွေကို ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ပြောဆိုနေကြသူတွေဟာ အကြမ်းဖက်မှုကို တိုက်ရိုက်ခံစားခဲ့ကြရသူတွေ သာမက ဒီမိုကရေစီရေး ထောက်ခံသူ နိုင်ငံရေးသမားတွေကပါ တပ်မတော်ဟာ မရှိမဖြစ် လိုအပ်တယ်လို့ ပြောလာကြပါတယ်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဥက္ကဋ္ဌ ဦးအေးသာအောင်က ဒေသခံပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ ကာကွယ်ဖို့၊ လုံခြုံရေးအရ အစိုးရ၊ တပ်မတော်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်များ အချိန်ကာလ တခုအထိ ပူးပေါင်းရမှာ ဖြစ်ကြောင်း၊ တပ်မတော်နဲ့အစိုးရ ကလည်း စစ်မှန်တဲ့ စေတနာနဲ့ ပြည်သူများကို တာဝန်ယူပေးစေလိုကြောင်း ပြောပါတယ်။

တချို့ကဆို ရခိုင်ဒေသ ပြဿနာဟာ တဘက်နိုင်ငံက တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီလူမျိုးများရဲ့ လူဦးရေတိုးပွားပြီး ဘာသာရေး ချဲ့ထွင်လိုမှု၊ နယ်မြေ ပိုင်ဆိုင်လိုမှုများအပေါ် အခြေခံတယ်လို့ ယူဆကြပါတယ်။

အသက် ၉၀ ကျော် သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းက “ကျနော် ၁၉၅၆ ဝန်းကျင်မှာ ပါလီမန်အတွင်းဝန် ဘဝနဲ့ အဲဒီဒေသကို သွားရောက်လေ့လာခဲ့တဲ့ အချိန်ကတည်းက ဘင်္ဂါလီတွေဟာ အဲဒီနယ်စပ်တွေမှာ ဝင်ရောက် ချယ်လှယ်နေကြပါပြီ၊ အခုချိန်မှာတော့ ထိန်းမနိုင်အောင် လူဦးရေ များနေတယ်၊ ဒီကိစ္စကို အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ကိုင်တွယ်မှ ရတော့မယ်” လို့ ဧရာဝတီကို ပြောပါတယ်။

ဘင်္ဂါလီတို့ဟာ လူဦးရေများပြားတဲ့အတွက် နယ်စပ်ဒေသနဲ့ နယ်မြေ လုံခြုံရေးအတွက် ကာကွယ်ရေး တပ်တခု ချထားကာ လူဝင်မှုကိစ္စကို တင်းကျပ် စွာ ကိုင်တွယ်ဖြေရှင်းမှသာ ရခိုင်ဒေသ ရေရှည်တည်ငြိမ်မှု ရရှိနိုင်မယ်လို့ ဦးချန်ထွန်းက ဆိုပါတယ်။

စစ်တွေမြို့ စားသောက်ဆိုင်တွေ အရက်ဆိုင်တွေမှာ တာဝန်ချိန်ပြင်ပ လုံခြုံရေးအရာရှိတွေနဲ့ ပြောဆိုမေးမြန်းမှုတွေအပေါ် အခြေခံပြီး အယ်လ်ဂျာဇီးရား သတင်းဌာနက ရိုဟင်ဂျာအပေါ် မြန်မာစစ်တပ်နဲ့ ရဲတချို့က ဘယ်လိုယူဆကြသလဲဆိုတဲ့ ရေးသားပေးပို့ချက်ကဆိုရင်လည်း မယုံနိုင်ဖွယ်ဖြစ်ရပါတယ်။

ခြေမြန်တပ်ရင်းအမှတ် ၃၅၂ က ရခိုင်တိုင်းရင်းသား စစ်သားတဦးက သူနဲ့ သူ့ရဲဘော်တွေဟာ ဇွန် ၈ ရက်ညမှာ ဘူးသီးတောင်နဲ့ မောင်တောမြို့အကြား သုံးမိုင်လောက်ဝေးတဲ့ မြို့သူကြီး ရွာက “ရိုဟင်ဂျာ ၃၀၀” ကို သတ်ခဲ့တယ်လို့ ပြောပါတယ်။ အမည်မဖော်လိုတဲ့ စစ်သားက မွတ်ဆလင်ရာပေါင်းများစွာက သူတို့ ကားကို ရပ်တန့်ဖို့ ကြိုးစားကြတဲ့အတွက် သတ်ဖြတ်မှု ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။

“သေနတ်ဒင်ကို ကျနော့် ညာဘက်ခါးမှာ တင်ပြီး မူဆလင်အများကြီးကို ပစ်လိုက်တာ။ နောက် ကျနော့် ဘယ်ဘက်လက်ကလည်း ကျည်ကပ်တွေ ကိုင်ထားတယ်။ အဲလိုဆိုတော့ ကျည်ဆံတွေကုန်သွားရင် မြန်မြန်ပြန်ဖြည့်လို့ရတာပေါ့” လို့ မောင်တောမြို့ပြင်က ရွာတရွာမှာ စခန်းချနေတဲ့ အဲဒီစစ်သားက ပြောခဲ့တာပါ။

“အလောင်းတွေအများကြီးကို အစုလိုက် အပြုံလိုက်မြှုပ်ဖို့ ဘူဒိုဇာတစီးတောင် ခေါ်ခဲ့ရတယ်” လို့ နောက်ထပ် ရခိုင်စစ်သားတယောက်က ပြောတယ်။ သူက ဇွန်လ အစောပိုင်း အကြမ်းဖက်ဖြိုခွဲမှုအတွင်း သူနဲ့ သူ့ရဲ့တပ်စုဟာ မောင်တောနားက ညောင်ချောင်း ရွာမှာ မူဆလင်တွေ မရေတွက်နိုင်အောင်ကို သတ်ခဲ့တယ်လို့ ထပ်ပြောပါတယ်။ “ကျနော်တို့ အထက်အရာရှိတွေကိုတောင် ဒီအကြောင်း သတင်းမပို့ဘဲ ထားတာပါ” လို့ သူက ပြောပါတယ်။

ဒီစွပ်စွဲချက်တွေကို အတည်ပြုဖို့က မလွယ်ကူပါဘူး။ ဒီလို မဖြစ်ခဲ့ဘူးဆိုရင်တောင် ဒီလိုသတင်းဆိုးမျိုးကို မြိန်ရေရှက်ရေ ပြောနိုင်လောက်အောင် အမုန်းတရား မီးတောက်လောင်နေတာက အမှန်တရား ဖြစ်နေခဲ့ပါပြီ။

အစိုးရ “ဖြေရှင်းဆောင်ရွက်မှု”

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့(HRW) က သြဂုတ် ၁ ရက်နေ့မှာ မြန်မာအစိုးရက ရခိုင်ပြည်နယ် အရေး ကိုင်တွယ်ရာတွင် လစ်ဟာမှုများရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များက ပဋိပက္ခများ ဖြစ်ပွားရာ ရခိုင်ဒေသရှိ ရိုဟင်ဂျာ မွတ်ဆလင်များကို ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်ကြောင်း၊ အစိုးရကလည်း လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများကို တင်းကျပ် ထားကြောင်း၊ ရိုဟင်ဂျာ ဒုက္ခသည် တသိန်းကျော် ရွှေ့ပြောင်းနေထိုင်ရပြီး စားရေရိက္ခာ၊ ယာယီ အမိုးအကာများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ဒါပေမယ့် မြန်မာအစိုးရက အခိုင်အမာ ငြင်းဆိုပြီး “ထိုဒေသများတွင် တည်ငြိမ်ရေးနဲ့ ဥပဒေစိုးမိုးရေးရရှိအောင် အစိုးရအနေနဲ့ အစွမ်းကုန် ဆောင်ရွက်နေပါသည်” လို့ ဇူလိုင် ၃၀ မှာ ထုတ်ပြန်ပါတယ်။ အင်ဒိုနီးရှား၊ ဆော်ဒီအာရေဗျ တို့ကဲ့သို့ မူဆလင်နိုင်ငံများရဲ့ ဝေဖန်မှုတွေကြောင့်လည်း အစိုးရက “ယခုဖြစ်ရပ်အား နိုင်ငံရေးအသွင်နှင့် ဘာသာရေးပဋိပက္ခအဖြစ် နိုင်ငံတကာက ထင်လာအောင် လုပ်ဆောင်နေတာတွေ ရှိတယ်” လို့ ဝေဖန်ထားပြန်တယ်။

အစိုးရက နှစ်ပေါင်းများစွာ ရိုဟင်ဂျာအရေးကို ငြင်းဆိုခဲ့တယ်။ ယခင် စစ်အစိုးရဟောင်းနဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးအသုံးကို အထူးရှောင်ကြဉ်ပြီး သူတို့ကို “ဘင်္ဂါလီ မွတ်ဆလင်” များအဖြစ် ပြောဆိုသုံးနှုံးကြတယ်။ သူတို့ဟာ ဌာနေတိုင်းရင်းသားမဟုတ်ဘဲ မြန်မာနိုင်ငံတွင်းကို လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးလေးခု ကမှ ဝင်ရောက် အခြေချနေထိုင်လာသူတွေ ဖြစ်တယ်လို့ ရည်ညွှန်းပြောဆိုတာ ဖြစ်တယ်။ မြန်မာအစိုးရ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးကလည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိပါဘူးလို့ ထပ်ခါတလဲလဲ ပြောဆိုထားတယ်။

ပြီးခဲ့တဲ့လက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က နိုင်ငံတွင်းက ၈ သိန်းကနေ ၁ သန်းနီးပါးရှိတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေအတွက် တခုတည်းသောအဖြေဟာ ဒုက္ခသည်စခန်းတွေမှာ ထားရှိရေး သို့မဟုတ် ပြန်လည်ပို့ဆောင်ရေးသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တိုးလာနေတဲ့ ဖိအား

၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌရာထူးကို လက်ခံယူရမှာမို့ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာအရေး ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ဝင် မွတ်ဆလင်နိုင်ငံတွေအပြင် အများက အာရုံစိုက်နေကြပါတယ်။ အာဆီယံ အထွေထွေအတွင်းရေးမှူး မစ္စတာ ဆူရင်ပစ်ဆူဝမ်က ရခိုင်အရေးဟာ ၂၀၀၈ နာဂစ်တုန်းကလို လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ဘေးဒုက္ခအကျပ်အတည်းအဖြစ် ယူဆနေပြီး အာဆီယံ လက်ရှိဥက္ကဋ္ဌရာထူး ယူထားတဲ့ ကမ္ဘောဒီးယားက ဩဂုတ် ၁၄ မှာ အထူးအစည်းအဝေး ခေါ်ထားပါတယ်။

မြန်မာကတော့ အာဆီယံ အကူအညီကို လတ်တလော လက်မခံသေးပါဘူး။ ဒါပေမဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး မွတ်ဆလင်နိုင်ငံတွေက စိုးရိမ်မှုတွေ တစ ထက်တစ ပိုမြင့်လာခဲ့ပြီး မူဆလင် ၅၇ နိုင်ငံပါဝင်ဖွဲ့စည်းထားတဲ့ အစ္စလမ်မစ်ပူးပေါင်းဆောင်ရွက်အသင်း Organisation of Islamic Cooperation (OIC) က မြန်မာအစိုးရကို သံတမန်ရေး ဖိအားတွေ ပေးလာကြပါတယ်။

မွတ်ဆလင် ကမ္ဘာရဲ့ စိုးရိမ်မှုတွေကို မလျှော့ချနိုင်ရင် အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအထိ ရောက်စေနိုင်တာမို့ ဦးသိန်းစိန်အစိုးရဟာ တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့ ဝန်ကြီးချုပ်ကတော်တို့ ဦးဆောင်တဲ့ သံအဖွဲ့ကို ရခိုင်အရေး လာကြည့်ဖို့ လက်ခံခဲ့ပြီး အင်ဒိုနီးရှား ဒု သမ္မတဟောင်း ဦးစီးလာတဲ့ OIC ကိုယ်စားလှယ် အဖွဲ့ကိုလည်း ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေဆီ လိုက်ပြခဲ့ကြပါတယ်။

ရလဒ်အနေနဲ့ လာမယ့် OIC ထိပ်သီးအစည်းအဝေးမှာ တွေ့ရှိချက်အသီးသီးကို တင်ပြကြရာမှာ ဘယ်လိုဖြစ်မယ်သာ မပြောနိုင်ပေမယ့် ဆော်ဒီအာရေးဗျ ကတော့ လက်ငင်း ရခိုင်၊ ဘင်္ဂါလီ ခွဲခြားမှုမပြုဘဲ ရခိုင်အရေး အမေရိကန်ဒေါ်လာ သန်း ၅၀ လှူဖို့ ပြောလိုက်ပါတယ်။

အခုဆို ဦးသိန်းစိန်အစိုးရအနေနဲ့ ရခိုင်မှာ ရေရှည် လူမှုရေးသဟဇာတ ပြန်တည်ဆောက်ရေး ပြည်တွင်းနိုင်ငံရေး အင်အားစုတွေကို စည်းရုံးနားချနေပုံ ရပါတယ်။ ALD နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့က ခေါင်းဆောင် ၁၀ ဦးကို သမ္မတ ဦးသိန်းစိန်က ဩဂုတ် ၉ ရက်မှာ သီးခြား ခေါ်ယူတွေ့ဆုံပါတယ်။

တပ်မတော်ကိုယ်စားလှယ်များပါ တက်ရောက်တဲ့ ဆွေးနွေးတွေ့ဆုံပွဲမှာ ဦးသိန်းစိန်က နိုင်ငံတကာက ဖိအားတွေ ပိုတိုးမလာစေဖို့၊ “သူ့လူမျိုး ကိုယ့်လူမျိုး အစွန်းရောက်အမြင်များ ရှေ့တန်းမတင်ဘဲ လူ့အခွင့်အရေးအမြင် ပြောင်းလဲလာအောင် ဖျောင်းဖျရန် လိုအပ်တယ်” လို့  ပြောပါတယ်။

တချိန်တည်းမှာ သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်မှာ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးကြပါတယ်။ အခုလိုတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အသေးစိပ် ဘာတွေ ဆွေးနွေးကြတယ်ဆိုတာတော့ မသိရှိရပေမယ့် ဒေါ်အောင်ဆန်းစုကြည် မကြာသေးမီကပဲ လွှတ်တော်တွင်းမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်လာတဲ့ အတွက် လတ်တလော ရခိုင်အရေးဖြစ်နိုင်တယ်လို့ နေပြည်တော် သတင်းရပ်ကွက်တွေက ဆိုပါတယ်။

ပြည်တွင်းနိုင်ငံရေး ထောက်ခံမှုနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ ဦးသိန်းစိန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကူအညီ လိုပါလိမ့်မယ်။ ဒါပေမယ့် ရိုဟင်ဂျာအရေး နှုတ်ဆိတ်နေလွန်းတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်မှုတွေလည်း တဘက်က ရှိပါတယ်။

မရေရာတဲ့ အနာဂတ်

ဘင်္ဂါလီတွေရဲ့ လူဦးရေတိုးများလာမှုအပေါ် ရခိုင်တွေရဲ့ စိုးရိမ်မှုနဲ့ မနှစ်မြို့မှုတွေအပေါ် လူတော်တော်များများက နားလည်လက်ခံနိုင်ပါတယ်။ လူဦးရေများလာသူက အုပ်စုတွင်း အားပြိုင်တဲ့အခါ ရခိုင်တွေအပေါ် လွှမ်းမိုးလာမယ်လို့ မြင်ကြတယ်။ စစ်တွေမြို့ အပြင်ဘက်မှာဆိုရင် သုံးပုံ ၂ ပုံလောက်က ဘင်္ဂါလီတွေ ဖြစ်ကြပါတယ်။ နယ်ချင်းထိစပ်နေတဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့မှာ အများစုဟာ ဘင်္ဂါလီတွေဖြစ်တယ်ဆိုတာ တရားဝင် ကိန်းဂဏန်းတွေအရ သိရတယ်။

ယဉ်ကျေးမှုအခြေခံတွေးခေါ်မှုကနေ ဖြစ်ပေါ်လာတဲ့ လူဦးရေတိုးပွားမှုအပေါ် စိုးရိမ်မှုတွေဟာ မိသားစုဝင်အများကြီးရှိတဲ့ အသက် ၇၂ နှစ်အရွယ် ဘင်္ဂါလီအမျိုးသား ဆာယတ်အဒူလာ လို ထောက်ပြစရာ ဖြစ်ပါတယ်။ သူ့မှာ ဇနီး ၄ ဦး၊ သားသမီး ၂၈ ဦးနဲ့ သူ့စကားအရ မြေးတွေ “အများကြီး” ရှိတယ်။ အာဏာပိုင်တွေက အဒူလာရဲ့ မိသားစု ကို လူဦးရေပေါက်ကွဲမှုအဖြစ် ကင်ပွန်းတပ်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်။

ဒါပေမယ့် အဒူလာက ကိုယ်ပိုင်ခွဲထွက်ခွင့်နယ်မြေ တောင်းဆိုဖို့ သူ့မှာ ဆန္ဒမရှိကြောင်းနဲ့ ဘင်္ဂါလီမိသားစုတွေကို ဇနီးတဦးသာယူပြီး ကလေး ၂ ယောက်ပဲ မွေးဖို့ ထိန်းချုပ်မယ့် အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် ပြောစရာမရှိပေမယ့် ဒါဟာ ဂုဏ်သိက္ခာရှိရှိ ပြောတာမျိုးသာဖြစ်သင့်ကြောင်း ပြောပါတယ်။ “ရခိုင်နဲ့ မြန်မာတွေလိုပဲ တန်းတူအခွင့်အရေး ရချင်တာပါ။ သာမန်လူတယောက် ဘဝထက်ပိုပြီး ဘာမှ မလိုချင်ပါဘူး” လို့ သူက ပြောပါတယ်။

တခြား ရိုဟင်ဂျာခေါင်းဆောင်တွေကတော့ ဒေသခံအသိုင်းအဝိုင်းရဲ့ အမြင်က လွဲမှားနေပြီး လူမျိုးရေးခွဲခြားတယ်လို့ ပြောပါတယ်။ အများစုက လယ်သမားတွေနဲ့ အလုပ်သမားလူတန်းစားတွေ ဖြစ်ကြတာပါ။ ဒါပေမယ့် တချို့ရိုဟင်ဂျာတွေကတော့ တက္ကသိုလ်ဘွဲ့ရတွေဖြစ်ပြီး စစ်တွေနဲ့ ရန်ကုန်မှာ စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ထားတာပါ။

ဘူမီးဒုက္ခသည်စခန်းမှာ အစားအစာဝေတာကို ကြီးကြပ်နေတဲ့ သိန်းဇော်နဲ့ ကျော်လှ ဆိုသူတွေဟာ စစ်တွေမြို့ရဲ့လူချမ်းသာစာရင်းဝင်သူတွေ ဖြစ်ကြပါတယ်။ သူတို့က သူတို့ရဲ့ ဘိုးဘွားတွေဟာ ရခိုင်ပြည်နယ်မှာ နှစ်ပေါင်း ၃၅၀ လောက်တည်းက နေထိုင်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ပေါင်းတာရှည်ဖြစ်နေတဲ့ ရန်မီးပွားမှုတွေက လူမျိုးရေးကြောင့်လား၊ ဘာသာရေးကြောင့်လား သို့မဟုတ် လူဦးရေကြောင့်လား။ ဘယ်လိုကြောင့်ပဲဖြစ်စေ တိုင်းပြည်အတွက် ပျက်ဆီးရာသာ ဖြစ်စေခဲ့တာပါ။ အမုန်းမီးကြောင့် ပျက်ဆီးသွားရတဲ့ ရပ်ရွာနဲ့ ဈေးတွေသာမက လူမှုဆက်ဆံရေးစနစ်ကို ပြန်တည်ဆောက်ဖို့ကတော့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

အယ်လ်ဂျာဇီးရားသတင်းဌာန၏   ‘Mass graves’ for Myanmar’s Rohingya သတင်းပေးပို့ချက်ကို ဆီလျော်အောင် ဘာသာပြန်ချက်အပေါ် အခြေပြု၍ ရဲနည်က ပြန်လည်ရေးသား တည်းဖြတ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading