ဆောင်းပါး

ထောင့်ပြောင်း မန္တလေးညများ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အရင်က မန္တလေးမြို့ရဲ့ ညချမ်းတွေမှာ ဈေးချိုတော် ညဈေးတန်းကို လမ်းလျှောက်ထွက်ကြရင်း ဈေးဝယ်ကြတယ်၊ အအေးဆိုင် ထိုင်ကြတယ်၊ လက်ဖက်ရည် သောက်ကြတယ်။ အထူးသဖြင့် ညဈေးတန်း စာအုပ်အဟောင်းဆိုင်တွေမှာ စာအုပ်အဟောင်းတွေ ဝယ်ကြတယ်၊ စာအုပ်အသစ် မဂ္ဂဇင်းအသစ်တွေ မြည်းစမ်းကြတယ်။ ပြီးရင် ဆိုင်းသံ ဗုံသံကြားရာ အငြိမ့်ပွဲ၊ ဇာတ်ပွဲတွေဆီ သွားရောက် ကြည့်ရှုကြတယ်။

သေချာတာ တခုကတော့ ဘယ်သူမှ သန်းခေါင်ထက် ညဉ့်မနက်ကြပါ။ ညဈေးတန်း လျှောက်ကြတယ် ဆိုတာကလည်း လူငယ်တွေက နာရီစင်အောက် အအေးဆိုင်တွေက အကိုင်း ရီကော်ဒါ စက်ကြီးတွေနဲ့ ဖွင့်တဲ့ လာရှိုးသိန်းအောင်တို့၊ မင်းမင်းလတ်တို့၊ တက္ကသိုလ် ထွန်းနောင်တို့ရဲ့ စတီရီယို သီချင်းတွေ နားထောင်ချင်ကြလို့ပါ။ ညဈေးတန်း ဆိုတာကလည်း
၉ နာရီဆိုရင် ပိတ်ပါသည်။ မအိပ်ချင်သေးလျင် ကထိန်ပွဲ ဘုရားပွဲတွေ ၁၂ ရာသီပြည့်နေတဲ့ ဇာတ်ပွဲ အငြိမ့်ပွဲတွေ သွားကြည့်ရုံပါပဲ။

ဇာတ်ပွဲကတော့ မိုးအလင်းကြည့်လို့ ရတယ်။ အငြိမ့်ပွဲက လွန်ရောကျွံရော နာရီပြန် တချက်ပေါ့။ အငြိမ့်သိမ်းရင် အငြိမ့် မင်းသမီးအကြောင်း လူရွှင်တော်တွေရဲ့ ပြက်လုံးတွေအကြောင်း အလင်းဖွင့်တဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး စားမြုံ့ ပြန်ကြတယ်။ ဒါပါပဲ။

သောက်တတ် စားတတ်ရင်တော့ ရုံတော်ကြီး (၈၄ လမ်းနှင့် ၂၈လမ်း ၂၉ လမ်းကြား) မှာ ဟိုတယ်နှင့် စားပွဲရုံတွေ ရှိတယ်။ လိုင်စင်နဲ့ရောင်းတဲ့ အရက်ဖြူကတော့ ညနေစောင်းကတည်းက တန်းစီမှရမယ်။ ပြည်တွင်းဖြစ် နိုင်ငံခြားအရက်
ဆိုတာကိုတော့ လွယ်လွယ်နှင့် ရနိုင်တယ်။ ဒါပေမယ့် ဟိုတယ်ကြီးတွေ စားသောက်ဆိုင်တွေကလည်း ည ၉ နာရီထက် အချိန်ပိုပြီး မဖွင့်ဘူး။

မန္တလေးမှာ ညဈေးတန်း လမ်းလျှောက်သလိုပဲ ကျုံးနံဘေးမှာလည်း လမ်းလျှောက်နိုင်တယ်။ ပြီးရင် ည ၉ နာရီခွဲပွဲ ရုပ်ရှင်ကြည့်နိုင်တယ်။ ဝင်းလိုက်၊ မစိုးရိမ်၊ ရွှေနဂါး၊ မြို့မ၊ မြို့ဂုဏ်ရောင်၊ တော်ဝင်ဆိုတဲ့ မြို့လယ် ရုပ်ရှင်ရုံကြီးတွေရှိတယ်။ အဲဒါ ရုပ်ရှင်ရုံကြီးတွေနဲ့ အနီးအနားမှာ အလင်းဖွင့် လက်ဖက်ရည်ဆိုင်တွေ ရှိတယ်။ ဒီတော့ မန္တလေးရဲ့ ညဉ့်သုံးယံ စလုံးမှာ ဈေးချိုနဲ့ မြို့လယ်ခေါင်မှာပဲ ကုန်ဆုံးကြတယ်။

လမ်းလျှောက်မယ်၊ သီချင်းနားထောင်မယ်၊ ရုပ်ရှင်ကြည့်မယ်၊ အငြိမ့်ကြည့်မယ်၊ စားသောက်ကြမယ် ဒါပါပဲ။ အဲဒီလို အစဉ်အဆက် တည်မြဲခဲ့တဲ့ ဓလေ့မှာ ၁၉၉၀ ဝန်းကျင် စီးပွားရေး အသွင်သဏ္ဌာန် အပြောင်းအလဲနဲ့အတူ တဘက်နယ်စပ် ရွှေလီ၊ ကူမင်း၊ မြို့ကြီးတွေက ကာရာအိုကေ၊ စင်တင် ယဉ်ကျေးမှုကလည်း ဆိုင်းမဆင့် ဗုံမဆင့် အပြေးအလွှား ရောက်လာတော့တယ်။ နယ်စပ်ကုန်သွယ်ရေးနဲ့ ကျောက်မျက် စီးပွားရေး၊ သစ်လုပ်ငန်း စီးပွားရေးတွေ တရှိန်ထိုး ဖြစ်ထွန်းလာတာနဲ့ အညီ ရွှေလီ၊ ကူးမင်းမြို့ကြီးတွေနဲ့ အိမ်ဦးကြမ်းဖြစ်လာတဲ့ စီးပွားရေးသမားတွေက အချက်အချာကျတဲ့ မန္တလေးမှာ အိမ်သစ်ရာသစ်တွေ အလုံးအရင်းနဲ့ ထူထောင်လာကြတယ်။ လုပ်ငန်းခွဲတွေလည်း အခြေချလာကြတယ်။ မန္တလေးမြို့ရဲ့ မြို့လယ်နေရာတွေမှာ အထပ်မြင့်ဟိုတယ်ကြီးတွေလည်း တလုံးပြီး တလုံး ပေါ်ပေါက်လာတယ်။

ဧည့်သည်တွေနဲ့ စည်ကားလာတယ်။ မန္တလေးရဲ့ အထင်ကရ ကျုံးမြို့ရိုးကြီးက အနောက်တောင် ကျုံးထောင့်မှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကြီးနဲ့ အတူ ရေပေါ်အပန်းဖြေစခန်း ဆိုတာလည်း အရှင်မွေး နေ့ချင်းကြီးဆိုသလို ပေါ်ပေါက် လာတယ်။ ရေပေါ်အပန်းဖြေ စခန်းမှာ တရုတ်စာ၊ ဗမာစာ၊ ဥရောပစာ အစုံရတယ်။ အထူးသဖြင့် မြန်မာတွေနဲ့ ရင်းနှီးပြီးသား ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ အစိမ်းကြော်၊ တောက်တောက်ကြော်၊ ချိုချဉ်ကြော်ဆိုတဲ့ တရုတ်စာတွေထက် အသစ်အဆန်း ဖြစ်တဲ့ အကင်စုံ ယူနန်စာတွေကို ပိုပြီး ခံတွင်းတွေ့လာကြတယ်။ ရေပေါ်အပန်းဖြေစခန်းမှာ အဲဒီလို အစားအသောက် အသစ်အဆန်းတွေ အပြင် စကပ်ဝတ်၊ ဘောင်းဘီတိုဝတ် မြန်မာ ဆယ်ကျော်သက်မလေးတွေရဲ့ စင်တင်ကာရာအိုကေ သီဆိုဖျော်ဖြေမှု ဆိုတာလည်း ထူးထူးဆန်းဆန်း ခေတ်စားလာတယ်။ အဆိုတော်မလေးတွေက ကြိုးမဲ့မိုက်ကိုင်ရင်း သီချင်းဆိုတယ်။ စားသောက်တဲ့ စားပွဲတွေဆီ သီချင်းဆိုရင်း ရောက်လာတယ်။ တရင်းတနှီး ဝင်ထိုင်တယ်။ ပေါင်ပေါ်ထိ တက်ထိုင်တယ်။ စားသောက်သူက သူတို့လေးတွေကို ပိုက်ဆံတရာတန် အလိပ်လိုက် ရင်ပတ်ကြားထိုးပြီး
ဆုချနိုင်တယ်။ ပွေ့ဖက်ထားနိုင်တယ်။

လာပြီး စားသောက်ကြသူတွေက အများစု မြန်မာစကား မတတ်ဘူး။ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း ပုံစံတွေ …။ အဲဒီလို လူမြင်ကွင်းမှာ သီဆိုနေထိုင် စားသောက် ပြုမူကြတာတွေကို အထူးအဆန်းဖြစ်ပြီး မန္တလေးသားတွေ အများစုက ရေပေါ်အပန်းဖြေစခန်းထဲ ဝင်ကြေး ၃ ကျပ်ပေးကာ ကြိတ်ကြိတ်တိုး တအံ့တသြ လာကြည့်ကြတယ်။

မှတ်မိပါသေးတယ်။ မန္တလေးရဲ့ အဲဒီ မကြုံစဖူး အဖြစ်အပျက်ကို မန္တလေးသား စာရေးဆရာ ဝင်းစည်သူက “ကာရာအိုကေ ညချမ်း” ဆိုပြီး ဝတ္ထုတပုဒ် ရေးဖူးတယ်။

ကျုံးထောင့် ရေပေါ်အပန်းဖြေစခန်းက ကာရာအိုကေ ဗိုင်းရပ်စ်က မန္တလေးတမြို့လုံး ကူးစက်သွားတယ်။ ဟိုတယ်တွေမှာလည်း ကာရာအိုကေ၊ စားသောက်ဆိုင်တွေမှာလည်း ကာရာအိုကေ၊ အထူးသဖြင့် မြို့သစ်လို ဆင်ခြေဖုံး နေရာတွေမှာ ကာရာအိုကေ စားသောက်ဆိုင်တွေ အသစ်အသစ် အများကြီး ပေါ်ပေါက်လာတယ်။

၁၉၉၃ ခုနှစ် ဝန်းကျင်မှာ မြို့လယ်ခေါင်ကျုံးထောင့်က ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကြီးကို မြို့စွန် မနော်ရမံ ဥယျာဉ်ထဲ
ရွှေ့ပြောင်းလိုက်တယ်။ ရေပေါ် အပန်းဖြေစခန်းကိုလည်း ဖျက်သိမ်းလိုက်တယ်။ နာမည်ကျော် ရေပေါ် ကာရာအိုကေ ကတော့ ဇာတ်သိမ်းသွားတာပေါ့။ ဒါပေမယ့် ကာရာအိုကေ ရောဂါကတော့ မန္တလေးတမြို့လုံး ဝါးမြိုသွားပါပြီ။ ကာရာအိုကေနဲ့ ဖွားဘက်တော် ဘီယာ ယဉ်ကျေးမှု၊ အကင်စုံယဉ်ကျေးမှု၊ ပန်းကုံးယဉ်ကျေးမှုတွေကတော့ မန္တလေးရဲ့ အစဉ်အလာကြီးမားတဲ့ “သုခုမသဘင်မှု ယဉ်ကျေးမှု” ကိုလည်း ဝါးမြိုသွားပါပြီ။

ကာရာအိုကေနဲ့ စားသောက်ဆိုင်တွေကို ည ၁၁ နာရီအထိသာ ဖွင့်လှစ်ခွင့်ပြုတယ် ဆိုပေမယ့်လည်း သန်ခေါင်သန်းလွဲ အထိ
အရှိန်မသတ် နိုင်ကြသေးပါဘူး။ မန္တလေးရဲ့ သန်းခေါင်ကျော် ညချမ်းဟာ မူးယစ်ရီဝေမှုနှင့်အတူ ရမ္မတ်ဇော ပြင်းပြင်းနဲ့ NC17 ဟောင်ကောင် အက်ရှင်ကားများပမာ မိန်းမချောလေးများနဲ့အတူ တုတ်တပြက်၊ ဓားတပြက် သွေးသံရဲရဲ အနိဋ္ဌာရုံ ညချမ်းတွေပါပဲ။ အနုပညာမဆန်တဲ့ ညတွေပဲပေါ့။

အထူးသဖြင့် စားသောက်ဆိုင်နဲ့ ကာရာအိုကေကအပြန် ဂျစ်ကားတွေနဲ့၊ ဆိုင်ကယ်တွေနဲ့ မိန်းကလေး၊ ယောက်ျားလေး လူငယ်အုပ်စုတွေဟာ ကျုံးတောင်ဘက်ခြမ်း၊ ကျုံးအရှေ့ဘက်ခြမ်းနဲ့ မန္တလေးတောင်တက် တောင်ဆင်း ကားလမ်းပေါ်တွေမှာ မိုးလင်းလုနီးထိ အရှိန်ကောင်းကြဆဲပါ။ ထိကြ၊ ငြိကြ၊ တိုက်ကြ၊ ခိုက်ကြတဲ့ ဇာတ်လမ်းတွေလည်း အများကြီးပေါ့။

မန္တလေးတောင်တက်၊ တောင်ဆင်း ကားလမ်းဆိုလို့ စကားစပ်ကာ ပြောရဦးမယ်။ မန္တလေးတောင်ဆိုတာ မန္တလေးမြို့ တည်ခြင်းရဲ့ ဘာသာရေးဆိုင်ရာ အထင်ကရ အထွတ်အမြတ်နေရာ မြတ်စွာဘုရားရှင် ကိုယ်တိုင်ကြွရောက်လာပြီး ဗျာဒိတ်ပေးတယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်ခဲ့တဲ့နေရာပါ။ မန္တလေးရဲ့ ကျက်သရေဆောင်အဖြစ် အထွတ်အမြတ် ထားတဲ့နေရာ မန္တလေးထီးဦး နန်းဦးမှာ သာသနိက အဆောက်အအုံများနဲ့ အထင်ကရ ရှိခဲ့တဲ့ နေရာပါ။ လက်ထက်တော်ကြီး၊ လက်ထက်တော်လေး ကာလမှာလည်း ရှင်ဘုရင်ကိုယ်တိုင် အလေးအမြတ်ပြုခဲ့တဲ့ နေရာပါ။ ဒီအစဉ်အလာကို နောက်ပိုင်း ရသေ့ကြီးဦးခန္တီက အမွေဆက်ခံပြီး ဘာသာရေးဆိုင်ရာ အစဉ်အလာကြီးမားတဲ့ အစဉ်အဖြစ် တည်ထားကိုးကွယ်ခဲ့တာပါ။ ဒါကြောင့် မန္တလေးတောင်တော်ကို ရသေ့ကြီး ဦးခန္တီနှင့်အတူ နာမည်ကျော် ရဟန်းပျိုအဖွဲ့ကလည်း တပဲ တရွေးသားမျှ အစဉ်အလာ အပွန်းအပဲ့မခံဘဲ မျက်စိရှေ့မှောက်ထားကာ ထိမ်းသိမ်းစောင့်ရှောက်ခဲ့တာပါ။

၁၉၈၀ ဝန်းကျင်ကာလများအထိ ရဟန်းပျိုအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးကုသလကိုယ်တိုင် တနေ့နှစ်ကြိမ် စောင်းတန်း တလျှောက် တက်ဆင်းရင်း စောင့်လျှောက်ခဲ့တယ်။ စောင်းတန်းတွေမှာ အမှိုက်တမျှင်မျှ မရှိရအောင် စောင့်လျှောက်တယ်။ ဘာသာ သာသနာနဲ့ ယဉ်ကျေးမှုကို ထိပါးစေမယ့် ပြုမူနေထိုင်မှုမျိုး မရှိရအောင် ထိန်းသိမ်းတယ်။ ဘုရားဖူးဧည့်သည်တွေ စိတ်လက်ချမ်းသာစေရေး၊ လုံခြုံရေးအတွက် ကြည့်ရှုတယ်။ တောင်တော်ပေါ်မှာ အစားအသောက်ကအစ ဂရုတစိုက်နဲ့ ရောင်းချစေတယ်။

၁၉၉၀ ခုနှစ်ကျော်ဝန်းကျင် မန္တလေးတောင်ပေါ်ကို လွယ်လင့်တကူ တက်ရောက်နိုင်ရေးအတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေက တောင်တက်ကားလမ်းတွေ ဖောက်လုပ်ခြင်းနဲ့အတူ တောင်တော် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်တယ်။ တောင်ပေါ်ကို ကိုယ်ပိုင်ကားတွေ ဥဒဟို ရောက်လာခြင်းနဲ့အတူ စားသောက်ဆိုင်တွေလည်း ရုတ်ခြည်း တိုးပွားလာတယ်။

မြို့ထဲမှာ ရနိုင်တဲ့ အစားအသောက်တွေ မှန်သမျှ တောင်ပေါ်မှာရတယ်။ မြို့ထဲက စားသောက်ဆိုင်တွေ ပုံစံအတိုင်း ကာရာအိုကေ ယဉ်ကျေးမှုလည်း တောင်ပေါ်အထိ တက်လာဖူးတယ်။ မန္တလေးတောင် လာသူမှန်သမျှ ကားနဲ့ပဲ တက်ကြတော့တယ်။ ရှေးအစဉ်အဆက် ရှိခဲ့တဲ့ စောင်းတန်းတွေမှာ၊ စောင်းတန်းတလျှောက်က အာရုံခံ ဇရပ်တွေ၊ ဘုရားပုထိုးတွေမှာ လူသူ အရောက်အပေါက် နည်းကုန်တယ်။ လူသူအရောက်အပေါက် နည်းတာနှင့်အမျှ ကြီးကြပ်မှုတွေလည်း နည်းကုန်တော့ မသန့်မရှင်း အမှိုက်ရှုပ်ပွမှုတွေ၊ မသင့်တင့် မလျောက်ပတ်တဲ့ အိမ်ထောင်မှုပစ္စည်း အဝတ်အစား ထားသိုမှုတွေ၊ အိမ်မွေးတိရစ္ဆာန် မွေးမြူမှုတွေနဲ့ အမြင်မတင့်တယ်တာတွေ၊ လုံခြံမှုဆိုင်ရာ အနှောင့်အယှက် ဖြစ်ဖွယ်ရာတွေ ပေါ်ထွန်းလာတယ်။

မန္တလေးမြို့တွင် အခါကြီးရက်ကြီးများ၌ ကျင်းပလေ့ရှိသော ပါတီပွဲတခုမြင်ကွင်း (ဓာတ်ပုံ – နေရောင်)

ဒီထက်ဆိုးတာက မန္တလေးတောင်ပေါ်ကနေ နေဝင်အလှ ကြည့်ရှုခံစားဆိုတဲ့ ခေတ်ပေါ် အပြုအမူနဲ့အတူ လူငယ်တွေရဲ့ ဆည်းဆာနဲ့ ညဉ့်ဦးယံ အချိန်တွေကို မန္တလေးတောင်ပေါ် ကုန်ဆုံးစေတော့ မလိုလားအပ်တာတွေ ဖြစ်ကုန်တယ်။ တောင်တက် တောင်ဆင်း ကားလမ်းနဲ့ ဘာသာရေးဆိုင်ရာ နေရာဌာနတွေဟာ ညစ်နွမ်းကြရတယ်။ နောက်ပိုင်း သက်ဆိုင်ရာက မန္တလေးတောင်ပေါ် တောင်အောက် ဝန်းကျင် အရက်သေစာရောင်းချမှု တားဆီးပိတ်ပင်ခဲ့တယ်။

ဘာသာသာသနာနဲ့ ယဉ်ကျေးမှု ရေးရာအတွက်သာမက မလိုလားအပ်တဲ့ ဒုစရိုက်မှုများ ကာကွယ်တားဆီးရေးမှာ
မန္တလေးတောင်ကို စောင့်ရှောက် ထိန်းသိမ်းခြင်းကလည် အဓိကကျပါတယ်။ ၂၀၀၀ ခုနှစ်ဝန်းကျင်မှာ သီးခြား စင်တင်ဖျော်ဖြေမှု ပွဲလမ်းတွေ မန္တလေးမှာ မျက်စိကျလာတယ်။ ဘီယာဆိုင်တချို့ နိုက်ကလပ်ဆန်တဲ့ သန်းခေါင်ကျော် စင်တင်ဖျော်ဖြေပွဲတွေ ကျင်းပလာကြတယ်။ အထူးသဖြင့် မြို့သစ်လိုနေရာမျိုးတွေမှာ ပိုမိုကြီးထွားလာတယ်။ နောက်ပိုင်း
ကေတီဗီ အခန်းဖွဲ့ကာရာအိုကေ ဆိုင်များလည်း မိန်းကလေး ဝန်ဆောင်မှုများဖြင့် ပေါ်ထွန်းလာသောအခါ သီးခြားလုံခြုံမှုရှိရှိဖြင့် လူငယ်ကြိုက် ပြုမူဆောင်ရွက်ဖွယ်ကိစ္စများ ပြီးပြည့်စုံစေသောအခါ ထိုကေတီဗီများကလည်း
ရင်းနှီးရကျိုး နပ်လောက်အောင် အဆင်ပြေခဲ့ကြတယ်။

မန္တလေးမှာ လူနေမှုအဆင့်အတန်း တိုးတက်လာတာနဲ့အမျှ ဟိုတယ်ဝန်ဆောင်မှုတွေလည်း ကောင်းလာတယ်။ အထူးသဖြင့် စီးပွားရေးအတွက် လာရောက်ကြတဲ့ နိုင်ငံခြားသားတွေ များပြားလာတာနဲ့အမျှ စံချိန်မီဟိုတယ်ကြီးတွေ ဖွင့်လှစ်လာကြတယ်။
ဒီဟိုတယ်ကြီးတွေမှာ တည်းခိုကြတဲ့ နိုင်ငံခြားသားတွေအတွက် ဟိုတယ် Night Life တွေ ထားရှိလာရတယ်။ နောက်ပိုင်း ဒီဟိုတယ်ကြီးတွေမှာ နိုင်ငံခြားသား အဝင်အထွက် နည်းလာပေမယ့် ဟိုတယ် Night Life တွေရဲ့ အရှိန်အဟုန်က လျော့ပါးမသွားပါဘူး။

ဆယ်ကျော်သက် လူငယ်လေးတွေ အများစုက ဝင်ရောက် နေရာယူကြတယ်။ ဝင်ကြေးအနေနဲလည်း တယောက်ကို ငွေကျပ် ၅၀၀၀ နဲ့ ၁၀၀၀၀ ကြားပဲရှိတော့ မတွန့်တိုနိုင်ကြပါဘူး။ လွတ်လွတ်လပ်လပ် ပျော်နိုင်ပါးနိုင်တယ်။ ကနိုင် ခုန်နိုင်တယ်။ ဘီယာ (သို့မဟုတ်) ကော့တေး တခွက်လည်း သောက်ရတယ်။ ဒါကြောင့် မိန်းကလေးများပါမကျန် လူငယ်အများစု ဟိုတယ် Night Life ဆီရောက်သွားကြတယ်။ နိုင်ငံခြားသားအတွက် ဖွင့်တဲ့ ဟိုတယ် Night Life တွေက ဧည့်သည်မလာမှာ ပူစရာ မလိုတော့ပါဘူး။

ဒီအချိန်မှာပဲ တခြားခန်းမတွေ၊ ဟိုတယ်တွေမှာ နေ့ကြီး ရက်ကြီးများကို အကြောင်းပြုပြီး သီးခြား ဖျော်ဖြေမှုအစီအစဉ်တွေ ကျင်းပလာကြတယ်။ ညနေ ၄ နာရီက ည ၁၁ နာရီကျော်အထိ ကျင်းပတဲ့ အဲဒီဖျော်ဖြေမှု အစီအစဉ်တွေမှာ ဒီဂျေတွေပါတယ်။

ဒီပွဲတွေက တရားဝင် ကျင်းပတဲ့ ပွဲတွေပါ။ အထူးသဖြင့် ကဆုန်လပြည့်၊ ဝါဆိုလပြည့်၊ တော်သလင်းလပြည့်၊ သီတင်းကျွတ် လပြည့်၊ တန်ဆောင်မုန်း လပြည့်စတဲ့ ဘာသာရေးဆိုင်ရာ အခါကြီးရက်ကြီးတွေမှာ ကျင်းပကြတယ်။ ဒါကြောင့် လူငယ်တွေ အဖို့ အခါကြီးရက်ကြီး ဆိုတာ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ ပြုမူဆောင်ရွက်ဖို့ ဆိုတဲ့အသိ မရှိကြတော့ဘဲ ဘီယာ သောက်မယ်၊ ကမယ်၊ ခုန်မယ်၊ လည်မယ်၊ ပတ်မယ်၊ အပျော်ကျူးမယ်၊ ခိုက်ရန်ဒေါသ ဖြစ်မယ်ဆိုတဲ့ တလွဲကိစ္စတွေပဲ သိကြတော့တာပါ။

တိုးတက်ပြောင်းလဲလာတဲ့ လူမှုဝန်းကျင်အရ သမရိုးကျမဟုတ်တဲ့ ပွဲလမ်း အခင်းအကျင်းတွေ ပေါ်ပေါက်တယ်ဆိုတာ နိယာမပါ။ ဒါပေမယ့် လူငယ်တွေအတွက် အညွန့် တလူလူတက်နေတဲ့ စိတ်ဓာတ်နဲ့အတူ ကိုယ်ကာယ စွမ်းအားတွေကလည်း အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါး၊ ဖိုမကိစ္စတွေနဲ့သာ အချိန်ကုန်နေခြင်းအပေါ် မိဘတွေက စိုးရိမ်ပူပန်ကြတာပေါ့။

မန္တလေးရဲ့ Night Life မှာ လတ်တလော စည်ကားနေတာက မန္တလေး ကျုံးနံဘေး ဝန်းကျင်ပါ။ အထူးသဖြင့် ကျုံးအရှေ့လမ်း (၆၆ လမ်း) နဲ့ ကျုံးတောင်ဘက် လမ်း (၂၆ ဘီလမ်း) တွေပါပဲ။ ကျုံးနဘေး ပလက်ဖောင်းတွေ ပေါ်မှာ ညနေ နေဝင်ကတည်းက ညဉ့်သန်းခေါင်အထိ ပွဲတော်ကြီးတမျှပါ။

ညဉ့်ဦးပိုင်းမှာတော့ သာမန်သမီးရည်းစား စုံတွဲတွေ အများစုပါ။ မြန်မာစကားပုံအတိုင်း “မြင်သူရှက်” ရတဲ့ အပြုအမူတွေပါပဲ။ နောက်ပိုင်း ညဉ့်နက်လေ လိင်တူကိစ္စ၊ သွေးသားရောင်းကုန်ကိစ္စ ဈေးပွဲတော်ကြီး စည်ကားလေပါပဲ။ ဒီလိုနဲ့ ကျုံးအတွင်း အလောင်းပေါ်တဲ့ ကိစ္စလည်း မကြာမကြာဆိုပါတော့…။ လိုင်စင်ရ ပြည့်တန်ဆာလမ်းမကြီးတွေအဖြစ် လျစ်လျှူရှုထားကြပုံရရဲ့ …။

ဒီလို အပြိုင်နေရာ ဈေးကွက်တခုလည်း မန္တလေးအနောက်ခြမ်း ကန်တော်ကြီးမှာလည်း ရှိလေရဲ့ …။ ဒီမြင်ကွင်းတွေ အတိုင်း မန္တလေးမှာ “အပျိုစစ်” ဆိုတာ ရှိသေးသလားဆိုတာ ယုံမှား သံသယ ရှိလာပါတော့တယ်။

အထူးသဖြင့် ဒီကနေ့အချိန်ဟာ ဟီးရိုးအင်းပေါ်ခါစ ဝယ်လိုအားဈေးကွက် သုံးစွဲမှုဈေးကွက် အားကောင်းခဲ့သော မန္တလေးရဲ့ အစဉ်အလာဟာ ပြန်လည် ဦးမော့လာတယ်လို့ ဆိုရမယ့် ကာလတွေပါ။ တရုတ်ပြည်ဖြစ် ဆိုင်ကယ်တွေ အစီးရေ သိန်းချီပြီး လိုင်စင်ချပေးခြင်းနှင့် အတူ မန္တလေးမြို့ရဲ့ လမ်းမကြီးတွေပေါ်က ညဉ့်သုံးယံဟာ အုပ်စုဖွဲ့ဆိုင်ကယ်တွေရဲ့ အိတ်ဇောသံ
သံသေးသံကြောင် အော်ဟစ်သံ ဘောင်းဘီတို၊ အင်္ကျီတိုဝတ် မိန်းကလေးတွေမပါမဖြစ် ပါလေ့ရှိတဲ့ ယောက်ျားလေး သုံးယောက်စီး ဆိုင်ကယ်တွေနဲ့ ရမ္မက်ဇောသံ၊ အထိမခံ ပါးလှပ်လှပ် ရီဝေဝေစိတ်ကြောင့် အချင်းချင်း ထိကြ၊ ခိုက်ကြ၊ တိုက်ကြ၊ ခိုက်ကြမှုမှသည် အုပ်စုဖွဲ့ ရန်ညှိုးကြီးကြီးဖြင့် ထိုးခုတ် တိုက်ခိုက်မှုများထိ အကျည်းတန်ခဲ့သော မန္တလေး ညချမ်းများကို အတိတ်မှာပင် ထားရစ်ခဲ့ချင်ပြီ။

နှစ်ခြိုက်အနားယူ လုံလုံခြုံခြုံ အိပ်မောကျစွာနဲ့ အနာဂတ်ရဲ့ အားသစ်အင်သစ်များအတွက် ချမ်းမြေ့ကြည်နူးဖွယ် မန္တလေး ညဉ့်ချမ်းများ ဖြစ်ထွန်း တည်တံ့စေချင် နေမိပါတော့တယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading