ဆောင်းပါး

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၄)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စစ်မြေပြင်မှာ သတင်းယူခြင်း

စစ်ပူလို့ ဒီလိုရှုပ်ရှက်ခတ်နေတဲ့ကြားထဲ ဗီဒီယိုကင်မရာတလုံးကိုင်ပြီး ကျနော်တို့စခန်းဆီ ရောက်လာသူက ကိုအောင်မျိုးမင်း (အခု လူ့အခွင့်ရေးပညာပေးဌာန-မြန်မာနိုင်ငံ [HREIB] ညွှန်မှူး)။ အဲဒီအချိန်ကတော့ သူဟာ ကျနော်တို့ အမှတ် ၁ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့အပြင် DVB သတင်းထောက်အဖြစ်လည်း စတင်တာဝန်ထမ်းနေပြီလို့ ထင်ပါတယ်။

ဘန်ကောက်အခြေစိုက် NGO တွေ၊ မီဒီယာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး မင်းသမီးစစ်မြေပြင်ဆီ နိုင်ငံခြားသတင်းထောက်တွေ ဝင်ခွင့်မရလို့ သူဝင်လာတာဖြစ်တယ်၊ ရှေ့တန်းကပုံတွေ လိုချင်တယ်၊ ဒါဟာ ABSDF တခုလုံးအတွက်ဖြစ်တယ်၊ ဒီပုံတွေကို သူယူသွားပြီးပြနိုင်မှ မင်းသမီးဒေသက စစ်ပွဲအခြေနေကို တမ္ဘာလုံးက သိနိုင်မယ်ဆိုပြီး ကိုအောင်မျိုးမင်းက ရှင်းပြပါတယ်။ သူရဲ့ရှင်းပြချက်ကို စစ်ဒေသ ကော်မတီဝင်အားလုံးက လက်ခံတဲ့ အတွက် သူကိုရှေ့တန်းရှိ ကိုဆလိုင်းယောအောင်တို့ တပ်တွေရှိရာ ဆင်ဖြူတိုင်အထိ လိုက်ပို့ပေးရေးတာဝန်ဟာ ပြန်ကြားရေးတာဝန်ခံ ကျနော်အပေါ် ကျလာပါတယ်။

စစ်မြင်ပြင်ဆီ သတင်းသွားယူမှာဆိုတော့ ဒုက္ခသည်စခန်းဆီ သွားသလိုမျိုး ဒီတိုင်းထသွားလို့ မဖြစ်။ ဒီတော့ ကိုရဲမင်းအောင် (အခု ဖင်လန်နိုင်ငံ) ဦးစီးတဲ့ တပ်စိပ်တစိပ်ကိုခေါ်ပြီး လှေတဆင့်၊ ကားတဆင့်နဲ့ ဆင်ဖြူတိုင်ရှိ ကျနော်တို့တပ်တွေဆီသွားပြီး သတင်းယူဖို့ ပြင်ရပါတယ်။ အဲဒီအချိန်မှာ ဆင်ဖြူတိုင်နဲ့ လယ်အော်ဖက်အထိ နဝတတပ်တွေက ရောက်နေပြီး ကျနော်တို့တပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေဖြစ် နေပါပြီ။ KNU ဆီ ကား

အကူညီတောင်းတော့ ကျနော်တို့အဖွဲ့ကို ဆင်ဖြူတိုင်ဆီ စစ်ကူသွားမယ့်အဖွဲ့ထင်ပြီး 4-Wheel ကားတစီး ချက်ချင်းလွှတ်ကာ အမိုကျေးရွာအထိ လိုက်ပို့ပေးပါတယ်။ အမိုရောက်တော့ ရွာထဲမှာလူတွေ သိပ်မရှိတော့။ အကုန်လုံးနီးပါး ထိုင်းနယ်စပ်ဘက်က ဘောတီကျေးရွာနဲ့ ကျနော်တို့ စခန်းအနီးက ထီးထာရွာတွေဘက် ပြေးသွားပြီလို့ သိရပါတယ်။

ရွာလယ်ရှိ KNLA တပ်ရင်း ၁၀ တပ်ထောက်ဗိုလ်ကြီးရဲ့ အိမ်မှာ ခဏတည်းပြီးတဲ့နောက် စက်လှေတစီးနဲ့ တပ်ရင်း ၁၀ ဌာနချုပ်ရှိရာ အမိုဟောင်းရွာဆီ ကျနော်တို့ တပ်စိပ်ရောက်လာပါတယ်။ စစ်ပူကာလဆိုတော့ သေနတ်တွေကိုင်ပြီး ယူနီဖောင်းအပြည့်အစုံနဲ့ ရောက်လာတဲ့ ကျနော်တို့အဖွဲ့ကို စစ်ကူလာတဲ့အဖွဲ့ချည်း အားလုံးက ထင်နေလို့ မနည်းရှင်းပြနေရပါတယ်။

ABSDF ၂၀၃ တပ်ရင်းမှ တပ်မှူးဟောင်းတဦး KNU ဆီ ပြောင်းပြီး တပ်ရင်း ၁၀ ဌာနချုပ်မှာ ရိက္ခာမှူးဖြစ်နေတဲ့အတွက် ဒီတိုက်ပွဲ မတိုင်မီကတည်းက တပ်ရင်း ၁၀ စခန်းဆီ ကျနော် နှစ်ခေါက်လောက် လာရောက်လည်ပတ်ဖူးပါတယ်။

တနင်္သာရီမြစ်ကမ်းတလျှောက်မှာ အိမ်ထောင်သည်လိုင်း ထားရှိပြီး အပေါ်ခမ်းလှမ်းလှမ်းမှာတော့ စစ်ရေးပြကွင်းနဲ့ တပ်ရင်းရုံးကို စနစ်တကျထားရှိတာ တွေ့ရပါတယ်။ ကျနော်နဲ့သိတဲ့ KNU တပ်မှူးငယ်တချို့၊ ရဲဘော်တချို့က ကျနော်တို့အဖွဲ့ကို တပ်ရင်းရုံးဆီ လိုက်ပို့ပေးတဲ့အတွက် အဲဒီမှာ တပ်ရင်း ၁၀ မှူး ဗိုလ်မှူးကြီးကက်နက်နဲ့ စကားပြောခွင့်ရပါတယ်။

ပထမပိုင်းမှာတော့ ဒီလောက်စစ်ပူနေတဲ့ကြားထဲ စစ်ကူလာတာ မဟုတ်ဘဲ သတင်းလာမေးတဲ့အဖွဲ့ ဖြစ်နေတာကို သူလည်း သိပ်သဘောကျပုံမရ။ ဒါပေမယ့် ထားဝယ်စကားနဲ့ နှုတ်ဆက်လိုက်တော့ သူ ပြုံးပြုံးရွှင်ရွှင်ဖြစ်လာပြီး ကျနော့်ကို DVB သတင်းထောက်မှန်း မှတ်မိသွားပါတယ်။ KNU တပ်မှူးတွေထဲမှာ ထားဝယ်သား အတော်များများရှိပေမယ့် ကရင်စကားနဲ့ ဗမာစကားကိုသာ အသုံးများလို့ ထားဝယ်သားမှန်း အချင်းချင်း သိပ်မသိကြပါ။

ကျနော် မှတ်မိသလောက်ဆိုရင် ရင်း ၁၀ တပ်ရင်းမှူး ဗိုလ်မှူး ကက်နက်၊ စစ်ကြောင်းမှူး ဗိုလ်မှူးဒါးကျော် (အခု တပ်မဟာ ၄ မှူး)၊ ဆေးတပ်ဆွယ်မှူး ဗိုလ်လက်ဝါးတို့ ၃ ဦးကလွဲရင် ကျန်တဲ့ ထားဝယ်-ကရင် တပ်မှူးတွေ၊ ပဒိုတွေ ထားဝယ်စကားပြောတာ သိပ်ကြားရ လေ့မရှိပါဘူး။

ထားဝယ်စကားနဲ့ အဲဒီလိုပြောလို့ အဆင်ပြေတဲ့အခါမှာတော့ စစ်ပွဲအခြေနေကို ပြင်ပမီဒီယာက သိခွင့်ရဖို့ အရေးကြီးတဲ့အကြောင်း၊ နိုင်ငံခြားသတင်းထောက်တွေ ဝင်ခွင့်ကို ထိုင်းနယ်စပ်ရှိ တပ်မ ၉ က ပိတ်ထားတဲ့အတွက် သူတို့ကိုယ်စား ကိုအောင်မျိုးမင်း ဝင်လာတာဖြစ်ကြောင်း၊ ဗီဒီယိုမှတ်တမ်း ရိုက်ချင်ကြောင်း အသေအချာ တင်ပြတော့ ဗိုလ်ကက်နက်က ကျနော်တို့အဆိုကို လက်ခံလိုက်ပါတယ်။

မီးစိမ်းပြတာနဲ့ ကိုအောင်မျိုးမင်းက ကင်မရာထုတ်ပြီး ဗိုလ်ကက်နက်ကို ချက်ချင်း ဗျူးတော့တာပါပဲ။ ကျနော်လည်း ဘေးကနေ ဝင်ထောက်ပေးပါတယ်။ အဲဒီလိုထောက်ပြီး မေးတဲ့မေးခွန်းတွေထဲ ဒီထိုးစစ်ဟာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ကန်ချနပူရီ-ထားဝယ် ကားလမ်း စီမံကိန်းတွေနဲ့ ဆက်စပ်နေသလားဆိုတဲ့ အချက်ပါဝင်တာကို ကျနော်အမှတ်ရနေပါတယ်။

ပြီးတော့ ရင်းအရာခံဗိုလ်နဲ့ နောက်တန်းရှိ ရဲဘော် ၁၀ ဦးကျော်ကို တပ်ရင်းဘောလုံးကွင်းအတွင်း သေနတ်ကိုင် လမ်းလျှောက်ခိုင်းပြီး ဆက်ရိုက်ပါတယ်။ ဒီလိုရိုက်လို့ကောင်းတုန်း ဒီတပ်ရင်းရုံးရဲ့ အရှေ့ဖက် ၃ ကီလိုမီတာခန့် အကွာလောက်က လက်နက်ကြီးအသံတွေ ကြားနေရပါတယ်။ သိပ်မကြာပါဘူး။ လူနာလှေတစီး ရင်း ၁၀ ဂိတ်ဆီ ဆိုက်လာပါတယ်။ ဒီလူနာကို ဗီဒီယို ရိုက်ဖို့ပြင်တော့ KNU ဘက်က သိပ်မကြိုက်။ အသေအချာ စဉ်းစားမယ် ဆိုရင်တော့ တိုက်ပွဲတခုမှာ ကိုယ့်ဘက်က ဒဏ်ရာရတဲ့ ရဲဘော်ပုံကို ဘယ်တပ်မှူးက မီဒီယာကို ပြချင်ပါ့မလဲ။

ဒါပေမယ့် နိုင်ငံခြားသတင်းထောက်တွေနဲ့ အလုပ်အတူတူလုပ်နေတဲ့ ကိုအောင်မျိုးမင်းကတော့ ဒီလိုအချိန်ကုန်ခံ စဉ်းစားနေပုံမရ။ သူ့အလုပ်သူလုပ်တဲ့သဘောနဲ့ ဒဏ်ရာရ စစ်သည်ပုံကို ရအောင်ရိုက်ယူသွားပါတယ်။

အဲဒီအချိန်မှာ ရှေ့က တိုက်ပွဲကလည်းပြင်းလာ၊ ဒဏ်ရာရသူကလည်း များလာတဲ့အပြင် ရင်း ၁၀ ဌာနချုပ်ကိုတောင် စွန့်ခွာရမယ့် အခြေနေမျိုးအထိ ဖြစ်လာနိုင်တဲ့အတွက် တပ်ရင်းမှူးနဲ့အဖွဲ့ အတော်အလုပ်ရှုပ်ကုန်ပြီး ကျနော်တို့တပ်စိပ်ကို ဘယ်သူကမှ ဂရုမစိုက်နိုင်တော့ပါဘူး။ ကျနော်တို့စီးလာတဲ့ လှေကိုလည်း လူနာအရေးပေါ်ပို့ဖို့ ဆွဲသွားတဲ့အတွက် ကျနော်တို့မှာ ပြန်စရာလှေမရှိတော့။ အချိန်ကလည်း ညနေ ၅ နာရီလောက်ရှိနေပြီ။ ကျနော်တို့ မူလလာစဉ်က စိတ်ကူးခဲ့တဲ့ ABSDF တပ်တွေရှိရာ ဆင်ဖြူတိုင်၊ လယ်အော်ဘက်အထိသွားပြီး သတင်းယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။

စစ်ပူချိန်မှာ ကတိတည်ဖို့မလွယ်ပါ

ဒီလိုနဲ့ ရင်း ၁၀ ဌာနချုပ်ကနေ အမိုရွာဆီ ကုန်းကြောင်းလျှောက်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကားလမ်းကြမ်းအတိုင်း ပြန်လာလို့ လမ်းမှားစရာ မရှိဘူးဆိုပေမယ့် အခြေနေက ပုံမှန်မဟုတ်။ ဆင်ဖြူတိုင်ဘက်က နဝတတပ်တွေ နယ်ကျွံပြီး ဒီကားလမ်းဝန်းကျင်ဆီ ရောက်လာနိုင်သလို KNU ဖက်က စစ်ကူလိုက်လာတဲ့တပ်တွေနဲ့ လမ်းမှာတိုးပြီး လူမှားပစ်ခံရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။

ကံကောင်းထောက်မစွာနဲ့ ဘာတပ်နဲ့မှ မတိုးဘဲ ည ၆ နာရီခွဲလောက် မှောင်စပြုချိန်မှာ အမိုရွာဆီ ကျနော်တို့ တပ်စိပ် ပြန်ရောက်လာပါတယ်။ အသွားတုန်းက စခန်းချခဲ့တဲ့ ရင်း ၁၀ တပ်ထောက် ဗိုလ်ကြီးအိမ်ဘေးက အိမ်သေးသေးတအိမ်မှာ စခန်းချပြီး တပ်ထောက်ဗိုလ်ကြီးအိမ်မှာပဲ ထမင်းတောင်းစားရပါတယ်။

နေ့ချင်းပြန်ဆိုပြီး ထွက်လာတဲ့အတွက် ကျနော်တို့မှာ ဆန်နဲ့ရိက္ခာတွေ ဘာမှ ပါမလာပါဘူး။ နောက်တနေ့ မိုးလင်းတော့ လှေကြုံတစီးကိုတားပြီး ကိုအောင်မျိုးမင်းနဲ့အတူ ကျနော်နဲ့ ရဲဘော် ၃ ဦး လိုက်လာခဲ့ပါတယ်။ တပ်စုမှူး ကိုရဲမင်းအောင်နဲ့ အဖွဲ့ကိုတော့ လှေမဆံ့တဲ့အတွက် အမိုမှာပဲ ခဏနေခဲ့ဖို့၊ ကျနော်တို့ စခန်းရောက်ပြီးမှ တပ်ရင်းလှေကို အကြိုလွှတ်လိုက်မယ်လို့ပြောပြီး ဆင်းလာခဲ့ပါတယ်။

ဒါပေမယ့် အမိုကနေ ၁၅ မိနစ်လောက် မောင်းပြီးတာနဲ့ ဝန်များလို့ လှေမနိုင်ဘူး။ ရဲဘော်တွေ ဆင်းပေးပါဆိုပြီး လှေသမားက ဖောက်ပါလေရော၊ လှေသမားကို ကြည့်ရတာ မျက်စိမျက်နှာ အတော်ပျက်နေပြီး နဝတ ထိုးစစ်ကို အလွန်ကြောက်နေပုံရပါတယ်။ သူဟာ ဆင်ဖြူတိုင်ဘက်ကနေ ပစ္စည်းတွေသယ်ပြီး ထီးထာဘက် ပြေးဆင်းလာစဉ် KNU က တားကာ ကျနော်တို့ကို ထည့်ပေးလိုက်တာ ဖြစ်ပုံရပါတယ်။ KNU ရှေ့မှာ ကျနော်တို့ကို လက်ခံလာပေမယ့် အခု KNU တပ်မရှိတဲ့ နေရာမှာတော့ ကျနော်တို့ “ကျိုးဖိုး တပ်” ကို ကြောက်ရွံ့ပုံမပြဘဲ လှေပေါ်က မောင်းချနေပါပြီ။

အားနာတတ်တဲ့ မောင်ကျိုးဖိုးတွေကလည်း နှစ်ခါမပြောရပါဘူး။ “အရေးပေါ် သတင်းပို့စရာရှိတဲ့သူကိုသာ ရအောင် သယ်သွားပေးပါ” လို့ ပြောပြီး ကျနော်နဲ့ ရဲဘော် ၃ ဦး လှေပေါ်ကဆင်း၊ မင်းသမီးစခန်းဆီ ကုန်ကြောင်းခရီးရှည် လျှောက်ဖို့ ပြင်လိုက်ပါတယ်။ အမိုနဲ့ မင်းသမီကြား လှေစီးပြီး၊ ကားစီးပြီး မကြာခဏ ကျနော်သွားဖူးပေမယ့် ကုန်းကြောင်းတခါမှ မလျှောက်ဖူးပါ။ သစ်မောင်ခိုကားလမ်းရဲ့ ဖုန်ထူထူကို နေပူပူအောက်မှာ လျှောက်ဖို့ အားတင်းလိုက်ပါတယ်။ ဖုန်ထူ နေပူတဲ့အပြင် စစ်ကလဲ ပူချိန်။ ကျနော်တို့အင်အားကလည်း ၄ ဦးတည်းဆိုတော့ စိတ်ထဲမှာ သိပ်ဂဏာမငြိမ်လှ။

သတိ ဝိရိယကြီးစွာနဲ့ တနာရီနီးပါး လျှောက်ပြီးချိန်မှာတော့ စစ်ကူလိုက်လာတဲ့ KNU စစ်ကြောင်းကြီးတခုနဲ့ လမ်းမပေါ်မှာ တည့်တည့်ကြီး သွားတိုးပါတယ်။ ကျနော်တို့မှာ ဘာဆက်သွယ်ရေးစက်မှ မပါတဲ့အတွက် ဒီလမ်းပေါ် သူတို့လာနေမှန်းလည်း ကြိုသိမထားပါဘူး။ ဒါပေမယ့် ကံကောင်းတာက စစ်ကြောင်းရှေ့မှာ ဆိုင်ကယ်တစီး ရှေ့ပြေးပါလာလို့ တော်ပါသေးတယ်။ “ကျိုးဖိုး၊ ကျိုးဖိုး” လို့ အော်ပြီးပြောတော့ ဆိုင်ကယ်စီး ကရင်ဗိုလ်က ကျနော့်ကို မှတ်မိသွားပါတယ်။

သူများတွေ ရှေ့တန်းကို စစ်ကူသွားဖို့ တက်လာချိန်မှာ ကျနော်တို့က အဲဒီရှေ့တန်းကနေ စစ်မတိုက်ဘဲ ပြန်လာသူတွေလို ဖြစ်နေတော့ စိတ်ထဲမှာ သိပ်မလုံလှ။ ဒါပေမယ့် ဒီစစ်ကြောင်းကို ဦးစီးလာတဲ့ ဗိုလ်ဒူးနာ (အခု ရင်း ၁၀ တပ်ရင်းမှူးလို့ ထင်ပါတယ်) ဟာ အရင် DAB စစ်ကြောင်းတုန်းက ကျနော်နဲ့ တွေ့ဖူးသူဖြစ်တဲ့အပြင် DVB သတင်းထောက်မှန်းလည်း ကျနော့်ကို သိနေသူဖြစ်ပါတယ်။

သူတို့တပ်ဖွဲ့နဲ့ ခဏ ရပ်စကားပြောပြီးတဲ့နောက် “လှေအဆင်မပြေလို့ ကျနော်တို့အဖွဲ့ ကုန်းကြောင်းလျှောက်နေရတဲ့ အကြောင်း၊ တပ်ရင်းလှေ ဒီနေ့ပို့နိုင်ဖို့ အချိန်မမီနိုင်တော့ကြောင်း” ပါဝင်တဲ့ စာတိုတစောင်ရေးပြီး အမိုမှာ ကျန်နေတဲ့ ကိုရဲမင်းအောင်တို့ တပ်စိပ်ဆီ ပို့ပေးဖို့ ဗိုလ်ဒူးနာနဲ့အတူ ကျနော်ရေးပေးလိုက်ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ စစ်ပူချိန်မှာ အရင်လို အေးအေးဆေးဆေး စာသွားပေးနေဖို့ ဘယ်အချိန်ရပါ့မလဲ။ အဲဒီစာကို သူလက်ခံရရှိခြင်း မရှိသလို ဗိုလ်ဒူးနာနဲ့လည်း သူမတွေ့လိုက်ရတဲ့အတွက် အဲဒီနေ့ ညနေအထိ သူတို့ လှေစောင့်နေခဲ့ကြကြောင်း။ အချိန်မီ လှေပေါ်မလာလို့ ကျနော်တို့အပေါ် ကတိမတည်သူတွေအဖြစ် သူမြင်ခဲ့ကြောင်း ကိုရဲမင်းအောင်က နောက်ပိုင်းမှာ ပြန်ပြောပြခဲ့ပါတယ်။

အစောဆုံးပြေးဖို့ တာဝန်ပေးအပ်ခြင်းခံရသူ

ကျနော်တို့ကတော့ ဒါတွေကိုမသိ၊ စာပေးခဲ့ပြီးတဲ့နောက် ဖုန်ထူထူ နေပူပူကို နောက်ထပ် တနာရီကျော် ထပ်လျှောက်ပြီးတဲ့ အခါမှာတော့ ထီးထာရွာစပ်နားဆီ ရောက်လာပါတယ်။ အရင်လို လုံခြုံရေးဂိတ်တွေ၊ ရွာသူရွာသားတွေ သွားလာနေတာ မတွေ့ရတော့ စိတ်ထဲ တမျိုးကြီးပါပဲ။ ထီးထားရွာထဲ ရောက်တဲ့အထိ ခြောက်ကပ်ကပ်။ ဒါဟာ မနေ့မနက်ပိုင်းက ကျနော်တို့အဖွဲ့ ထီးထားကိုဖြတ်ပြီး အမိုရွာဆီ တက်သွားစဉ်ကနဲ့ တခြားစီ။ မနေ့က စည်းကားနေတဲ့ရွာလယ်မှာ ဒီနေ့ လူသံတိတ်ဆိတ်လို့။ KNU ကားတစီးစ၊ နှစ်စီးစ ဖြတ်သွားတာ၊ အရပ်သားကားတစီးစ၊ နှစ်စီးစ ပစ္စည်းတွေသယ်ပြီး ထွက်သွားတာကိုသာ မြင်နေရပါတယ်။ အရင်က ကျနော်တို့ ကျောင်းသားတွေ ကော်ဖီအကြွေးသောက်နေကြ ထီးထာ အထက ကျောင်းရှေ့က နော်ဖောကေလာဆိုင်လည်း မရှိတော့ပါဘူး။

လူမရှိတဲ့ဆိုင်မှာ ခန နားနေစဉ် ဆိုင်ကယ်တစီးနဲ့ ရောက်လာတဲ့ ကရင်ထောက်လှမ်းရေးက တပ်ကြပ်တဦးကို တားပြီး သတင်းမေးကြည့်တော့ ထီးထာ ဟိုဖက်ကမ်း၊ အရင်က ကျနော်တို့စခန်းဟောင်း မောင်တော်ဖက်ဆီ ရန်သူစစ်ကြောင်းတခု လာနေပုံရတယ်လို့ ပြောသွားပါတယ်။ ဒါဆိုရင် နဝတစစ်ကြောင်းဟာ မေတ္တာ၊ ဆင်ဖြူတိုင်ဘက်က တကြောင်းတည်းမဟုတ်ဘဲ အရင်ကျနော်တို့ တောခိုရာလမ်းကြောင်း ဘန်းချောင်းဘက်ကနေ အမရာစခန်းဆီ နောက်ကျောဘက်ကပါ နောက်တကြောင်း ထပ်ထိုးလာတဲ့သဘောလို့ ယူဆရပါတယ်။

စခန်းဆီမြန်မြန်ရောက်အောင် ဆက်လျှောက်ပေမယ့် ကျနော်တို့ စခန်းရောက်တော့ ညနေ ၄ နာရီကျော်နေပါပြီ။ ကိုဌေးအောင်ကို ကျနော် မေးကြည့်တော့ အခြေအနေဟာ ထီးထာက တပ်ကြပ်ပြောတာနဲ့ မတိမ်းမယိမ်း၊ တနင်္သာရီမြစ် အနောက်ဘက်ကမ်းဆီ နဝတတပ်တွေ မကြာခင် ရောက်လာနိုင်ဖွယ်ရှိတယ်လို့ သူတို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။

“ကျန်တဲ့ကိစ္စတွေကို မင်းမေ့ထားလိုက်တော့။ ဟောဒီ အိမ်ထောင်သည်လိုင်းက လူတွေကို ဦးစီးပြီး ထီးခီဖက် အမြန်ဆုတ်ရေး ပြင်ဆင်ပါ” လို့ ကိုဌေးအောင်က ကျနော်ကို တာဝန်ပေးပါတယ်။ တကယ်က ဒီတာဝန်ဟာ ကိုမင်းအောင် (အခု အမေရိကန်) ကို ပေးထားတဲ့တာဝန်ပါ။ ဒါပေမယ့် ထိုင်းနိုင်ငံထဲရှိ NGO တွေ၊ အလှုရှင်တွေ၊ ဗဟိုဖက်က တာဝန်ရှိသူတွေနဲ့ သွားရောက်ဆွေးနွေးနေတဲ့ ကိုမင်းအောင်က စခန်းကို ပြန်မရောက်သေးပါ။

ဆိုလိုတာကတော့ နဝတ ထိုးစစ်ဟာ ကျနော်တို့မှန်းထားတာထက် ပိုစောပြီး မင်းသမီးဒေသအထိ ရောက်လာတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ နဝတ ထိုးစစ်ကို ရှေ့တန်းစခန်း အဆင့်ဆင့်ကနေခုခံတိုက်ခိုက်ကြတဲ့အတွက် နှစ်ရက်တာ လမ်းလျှောက်ခရီးဟာ လနဲ့ချီ ကြာနိုင်တဲ့သဘောရှိပါတယ်။

ဒါပေမယ့် မင်းသမီး ခုခံစစ်မှာ ဘာတွေပြင်ဆင်မှု အားနည်းခဲ့သလဲတော့ မသိပါ။ သတင်းတပတ်၊ ၁၀ ရက်လောက် အတွင်း နဝတစစ်ကြောင်း ရောက်လာဖွယ်ရှိနေတဲ့အတွက် ဒီလို အမြန်မဆုတ်လို့ မဖြစ်တော့။ ထီးထာမှာ တောင်ရွာသားတွေ မရှိတော့ဘူးဆိုတော့ ကျောင်းသားမိသားစုတွေချည်း ဆုတ်လမ်းပိတ်ပြီး ကျန်သွားနိုင်ပါတယ်။ ဒီအတွက် ကျနော် ပြန်မရောက်ခင်ကတည်းက အိမ်ထောင်သည် လိုင်းတခုလုံး အထုပ်အပိုးကိုယ်စီနဲ့ အဆင်သင့်ဖြစ်နေကြပါပြီ။ အဲဒီအချိန် အိမ်ထောင်သည်လိုင်းကို ဦးစီးရသူ သို့မဟုတ် ကျနော်တို့အခေါ်  ရွာသူကြီး နှစ်ဦးကတော့ ကိုလှရွေ (အခု ဒိန်းမတ်) နဲ့ ဦးစိုးဝင်း (အခုအမေရိကန်) တို့ ဖြစ်ပါတယ်။

နောက်တနေ့မနက် မိုးလင်းတာနဲ့ ခရီးထွက်နိုင်ဖို့ တညလုံး ပစ္စည်းတွေ သိမ်းရပါတယ်။ ကျနော် တာဝန်ယူ သယ်သွားရမယ့်အထဲမှာ ရုံးပစ္စည်းတွေဖြစ်တဲ့ အရေးကြီး စာရွက်စာတန်းနဲ့ ဓာတ်ပုံတွေထည့်ထားတဲ့ သွပ်ပြားသေတ္တာ တဒါဇင်ကျော်၊ လက်နှိပ်စက်တွေ၊ မီးစက်တွေ၊ ဗီဒီယိုစက်တွေ၊ ပြီးတော့ အိမ်ထောင်သည်လိုင်းရှိ အိမ်အမိုးတွေကနေ ခွာထားတဲ့ သွပ်ပြားချပ်ရေ ၅၀ ကျော်တောင် ပါသေးတယ်လို့ ထင်ပါတယ်။

ဒါ့အပြင် ကျနော်တို့ကျောင်းသားတွေရဲ့ ပညာရေးဘဏ်တိုက်လို့ ပြောနိုင်တဲ့ စာကြည့်တိုက်ထဲက စာအုပ်တွေ သယ်ယူသွားရေးကိုလည်း ပြင်ရပါတယ်။ သမိုင်းဆိုင်ရာ အရေးကြီးစာအုပ်တွေကိုပဲ သယ်မယ်လို့ဆုံးဖြတ်ပြီး ဒေါင်းအိုးဝေ၊ ခေတ်ပြိုင်အပါအဝင် လစဉ်ထုတ်စာစောင်တွေ၊ ဗဟိုကထုတ်တဲ့ ဒီမိုကရေစီအခြေခံ၊ လူ့အခွင့်ရေးအခြေခံ စသည်ဖြင့် လက်တဖဝါးစာရှိ ပညာပေးစာအုပ်ငယ်တွေကိုတော့ နဝတ စစ်သားတွေ ရောက်လာရင် ဖတ်နိုင်အောင်ဆိုပြီး တပ်ရင်းအလယ် ကုက္ကိူပင်ကြီးအောက် လမ်းတလျှောက်မှာ ဒီအတိုင်းဖြန့်ထားခဲ့ပါတယ်။

မိသားစုတွေအားလုံး အဆင်သင့်ဖြစ်ချိန်၊ ပစ္စည်းတွေအားလုံး အဆင့်သင့်ဖြစ်ချိန်မှာ အရေးပေါ် ကားလိုက်ရှာတော့ စစ်ပူတုန်း လက်ကျန်သစ်တွေ ခိုးသယ်ဖို့ရောက်လာတဲ့ ထိုင်းသစ်ကားတစီးနဲ့ တိုးပါတယ်။ ဒီတခါတော့ သေနတ်ထုတ်မပြလို့ မဖြစ်တော့။ အရေးပေါ်အခြေနေအရ ကျနော်တို့ကို ထီးခီးစခန်းဆီ လိုက်ပို့ပေးဖို့ သေနတ်ပြ မေတ္တာရပ်ခံတော့ ဘတ်ငွေ ၅၀၀ နဲ့ အပေးအယူ တည့်သွားပါတယ်။ အဲဒီကားပေါ် ပစ္စည်းတွေတင်၊ လမ်းမလျှောက်နိုင်တဲ့ အမျိုးသမီးတချို့နဲ့ ကလေးငယ်တချို့ကိုတင်ပြီး ထီးခီးစခန်းဆီ ကျနော်တို့ တက်လာတော့ လမ်းတလျှောက်မှာ ကရင်ရွာသူရွာသားတွေ အများကြီးလည်း ထီးခီးဆီ လမ်းလျှောက်သွားနေကြတာ တွေ့ရပါတယ်။

ဒါပေမဲ့ KNU ခရိုင်ရုံးကနေ ထီးထာကလူတွေကို ထီးခီးဆီ တရားဝင်လာခွင့် မပေးသေးတဲ့အတွက် အတော်များများဟာ လမ်းတလျှောက်မှာ တဲထိုးပြီး ယာယီစခန်းချ စောင့်ဆိုင်းနေကြပါတယ်။ ကျနော်တို့ကားကြီး ထီးခီးက ကျောင်းသားရုံးရှေ့ရောက်တော့ ပဒိုနီးနီ အပါအဝင် KNU အရာရှိတချို့ လာကြည့်ပြီး စစ်မရောက်ခင် ကြိုပြေးလာသူတွေအဖြစ် ကျနော့်ကို အပြစ်တင်တဲ့လေသံနဲ့ ပြောသွားပါတယ်။ ကျနော်လည်း အခြေနေကို ရှင်းမပြနိုင်တော့။ ကားပေါ်က ပစ္စည်းတွေကို အမြန်ချ။ ပါလာတဲ့ သွပ်ပြားတွေနဲ့ ကျောင်းသားရုံးဘေးမှာ ယာယီအမိုးလုပ်ပြီး အိမ်ထောင်သည်လိုင်းက အမျိုးသမီးနဲ့ ကလေးတွေအတွက် နေရာပြင်ပေးရပါတယ်။

ကျနော်တို့က ဒီလို ပြာယာခတ်ပြီး ပြင်နေပေမဲ့ ထီးခီးရှိ KNU တာဝန်ရှိသူတွေကို ကြည့်ရတာ အေးအေးဆေးဆေးပါပဲ။ နဝတစစ်ကြောင်း တော်ရုံနဲ့ ထီးခီးကို ရောက်လာမယ့်ပုံ မရှိသေးဘူးဆိုတဲ့ အထာမျိုးနဲ့ပါ။ တချို့ကောလာဟလ သတင်းတွေအရဆိုရင် အမိုအထိပဲ နဝတက ထိုးစစ်ဆင်ပြီး ထီးခီးဖက်ကို မထိုးဘဲ ချန်ထားမယ်လိုလို သတင်းတွေ ထွက်နေပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ လုပ်စရာရှိတာတွေကို အစီစဉ်အတိုင်း ဆက်လုပ်နေပြီး အရေးကြီးပစ္စည်းတွေကို ထိုင်းနယ်မြေထဲရှိ ဖုနန်းလွန်ရွာက ထိုင်းထောက်လှမ်းရေးအိမ်နဲ့ ဟွေးနန်းခေါင်ရွာရှိ ကျနော်တို့ ယာယီရုံးခန်းဖွင့်ထားတဲ့ အိမ်တွေဆီ အမြန်ပို့လိုက်ပါတယ်။

ညနေမိုးချုပ်ခါနီးမှာတော့ လမ်းလျှောက်တက်လာကြတဲ့ အိမ်ထောင်သည်လိုင်းက မိသားစုတွေအားလုံး ထီးခီရုံးဆီ ရောက်လာကြပါတယ်။ ပျိုးပန်းဝေကျောင်းက ကျောင်းသားလေးတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အသက်ကြီး ပုဂ္ဂိုလ်တွေပါ ပေါင်းလိုက်ရင် လူဦးရေ ၆၀ ကျော် ၇၀ လောက်အထိ ရှိမယ်လို့ ကျနော်ထင်ပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading