Culture

‘စုံ’ နှစ်မို့ ‘စည်’ ဦးမတဲ့ ... အိုတောင်ပြုံး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြောက်ဘက် မတ္တရာမြို့နယ်ထဲမှာ ရှိတဲ့ တောင်ပြုံးကျေးရွာက ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားပွဲတော်နဲ့ တောင်ပြုံးမင်းနှစ်ပါး ပွဲတော်ကို ဝါခေါင်လဆန်း ၁ ရက် (၂၀၁၂ ခုနှစ် သြဂုတ်လ ၁၈ ရက်) နေ့က စပြီး ကျင်းပနေပါပြီ။

ဒီနှစ် မိုးဦးကတည်းက ခေါင်ခဲ့တဲ့မိုးဟာ မန္တလေးမှာ တောင်ပြုံးပွဲတော် မစမီတရက် ကတည်းက ဖွဲဖွဲ ဖွဲဖွဲ၊ သည်းသည်း သည်းသည်းနဲ့ စွေနေပါပြီ။ အရင်က တောင်ပြုံးပွဲ သွားကြတဲ့ နတ်ကတော်၊ နတ်နန်းတွေဟာ ပေါင်းမိုးနဲ့ လှည်းတွေပေါ် နတ်ရုပ်တွေတင်ပြီးမှ သုံးလေးရက်ကြိုပြီး ကျုံးနံဘေး ထနောင်းပင်၊ မန်ကျည်းပင်တွေအောက် လှည်းလမ်းကတဆင့် မန္တလေးတောင်ကိုပတ်ပြီး ရွှေတချောင်းမြောင်းအတိုင်း တောင်ပြုံးကို တအိအိသွားကြတာ၊ အခုတော့ ပစ်ကပ်တို့၊ လိုက်ထရပ်တို့ပေါ် တောင်းတွေပလုံးတွေတင်ပြီး တောင်ပြုံးကို တရက်လောက်ပဲ ကြိုသွားနေကြပါပြီ။

ဒီနှစ်က ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်ဆိုတော့ ‘စုံနှစ်’ ဖြစ်သတဲ့၊ ‘စုံနှစ်’ ဆိုရင်း ‘မင်းလေး’ နှစ်ပဲ။ ‘မင်းလေး’ နှစ်ဆိုရင် အရင်နှစ်ထက် ပိုစည်မယ်လို့ အယူအဆ ရှိကြပါတယ်။ ဒါကတော့ မိရိုးဖလာ အယူအဆပါပဲ။ တချို့ကတော့ တောင်ပြုံး ပွဲတော်ဟာ မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့ အနီးမှာ ကျင်းပတာ ဆိုပေမယ့် အောက်မြန်မာပြည် တဝှမ်းလုံးက အများဆုံး လာကြတာမို့ အဲဒီဒေသရဲ့ စီးပွားရေး အခြေအနေနဲ့ ဆက်စပ်ပြီးမှ ပွဲတော်စည်ခြင်း၊ မစည်ခြင်းက အဓိက ကျပါတယ်လို့ ဆိုကြပါတယ်။ ဒီနှစ်လို မြန်မာပြည် အောက်ပိုင်းတဝှမ်းလုံး မကြုံဘူးအောင် မိုးကြီးရေလျှံ၊ ဒုက္ခရောက် နေကြရင် ပွဲတော်ကိုလာကြဖို့ အခက်အခဲ ရှိနိုင်ကြတဲ့ သဘောပါ။

ဝါရင့်နန်းထိန်းကြီး တဦးကတော့ “အောင်မလေး …၊ မင်းကြီး၊ မင်းလေးဆီ နှစ်တိုင်း လာနေကျတွေက ဘယ့်နှယ် ပျက်ကွက်ရဲမှာလဲ။ ဘယ်လို ဒုက္ခမျိုး ရောက်နေနေ မဖြစ်မနေလာကြတာပါပဲ။ ဒုက္ခရောက်ကြလေ ပိုပြီး မဖြစ်မနေ လာကြတာပဲ မဟုတ်လား။ ၁၉၈၈ ခုနှစ် ကာလ မျိုးမှာတောင် ကြိတ်ကြိတ်တိုး စည်ကားခဲ့သေးတာပဲ” လို့ ပြောပြတယ်။

အဆင်မပြေတော့လည်း အဆင်မပြေလို့ ပြေလည်လို ပြေလည်ငြား နားပူနားဆာလုပ်ဖို့လာကြ၊ ပြေလည်တော့လည်း ပြေလည်လို့ တက်ပွဲပေးကြ ဆက်သကြတာပါပဲ။ နိုင်ငံရေးအကျပ်အတည်း၊ နိုင်ငံရေး အလှည့်အပြောင်း ဖြစ်လိုဖြစ်ငြား အချိန်ဆိုရင် အပေါ်က လက်ကိုင်ရှိပြီးသားသူတွေ သည်းသည်းလှုပ်လာကြတာပါပဲလို့ ဆိုတဲ့ သုံးသပ်မှုကိုလည်း ပွဲတော်နဲ့ နီးစပ်တဲ့ အသိုင်းအဝန်းထဲက တယောက်က ဆိုပါတယ်။

နှစ်ပေါင်းရာချီကျင်းပခဲ့တဲ့ တောင်ပြုံးပွဲတော်ဟာ ခေတ်တွေဘယ်လိုပြောင်းပြောင်း၊ စံနစ်တွေဘယ်လိုပြောင်းပြောင်း အပေါ်ယံ အမြင်အရပဲ ပြောင်းလဲချင်ပြောင်းလဲမယ်၊ အတွင်းအနှစ်သာရ၊ ယုံကြည်မှု၊ အားကိုးအားထားပြုမှုနဲ့ ဆက်စပ်တဲ့ ပွဲတော်အခင်းအကျင်း ဓလေ့စရိုက်ကိုတော့ မတိမ်းမစောင်းရအောင် လိုက်နာကျင်းပကြဆဲပါ။

ပွဲတော်ကျင်းပတာဟာ ဝါခေါင်လဆန်း ၁ ရက်မှာ စတင်တယ်ဆိုပေမယ့် ဝါခေါင်လဆန်း ၅ ရက်နေ့ကစပြီး စည်တာပါ။ အဲဒီနေ့မှာ “စံနန်းတော် မင်္ဂလာရေစင်ဆေး” အခမ်းအနား ကျင်းပခြင်းနဲ့ ပွဲတော်ရဲ့အစဉ်အလာ အခမ်းအနားတွေ စတင် သက်ဝင်ခဲ့ပါတယ်။ နောက် ဝါခေါင်လဆန်း ၁၀ ရက်နေ့ ရောက်တော့ နန်းကြီးပေါ်မှာ “ညီလာခံ” ကျင်းပပါတယ်။ ရှေးအစဉ်အလာအတိုင်း ခမ်းခမ်းနားနား အဆောင်အယောင်တွေ၊ အသုံးအနှုန်းအမူအရာတွေ၊ ရိုးရာနတ်သီချင်း၊ နတ်ဆိုင်းသံတွေနဲ့ နတ်ဝိညာဉ်တွေဟာ ပွဲတော်လာ ပရိသတ်တွေဆီ လွှမ်းမိုး သက်ဝင်သွားစေတဲ့ အခမ်းအနားပါပဲ။

ညီလာခံဟာ ဝါခေါင်လဆန်း ၁၀ ရက်နေ့ ညနေ ၃ နာရီလောက်က စပြီး ကျင်းပတယ်။ တောင်ပြုံး နန်းထိန်းကြီး၊ နတ်အုပ်မင်း အမတ်ချုပ်ကြီး၊ သိုးဆောင်း၊ မိဖုရား၊ ဗောင်းဆောင်း အမတ်ကြီးတွေက အစဉ်အလာ အဆောင် အယောင်တွေ ဝတ်ပြီး နောက်က ရွှေတိုက်စာရင်းဝင် နတ်ကတော်တွေ၊ ပွဲတော်လာ ပရိသတ်တွေနဲ့ ညီလာခံကို တခမ်းတနား ကျင်းပပါတယ်။

ညီလာခံကျင်းပပုံ မြင်ကွင်းဟာ ပွဲတော်လာ နိုင်ငံခြားသားတွေကို မှတ်တမ်းတင်ဖို့ အဆွဲဆောင်နိုင်ဆုံး ဖြစ်သလို မိရိုးဖလာ ယုံကြည်သူတွေအတွက်လည်း ကြက်သီးမွေးညင်းထမျှ အယုံသွင်လိုက်တဲ့ အခင်းအကျင်းတွေပါပဲ။ ညီလာခံ သဘင် ပြီးတဲ့နောက် တောင်ပြုံးပွဲတော်ရဲ့ အစည်ကားဆုံးနဲ့ ပရိသတ်အများဆုံး လာရောက်ကြတဲ့ အခမ်းအနားကတော့ ဝါခေါင်လဆန်း ၁၁ ရက်နေ့မှာ ကျင်းပတဲ့ ချိုးရေတော်သုံး အခမ်းအနားဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ ယုံကြည်မှုအရ ဘိုးစဉ်ဘောင်ဆက် အမွေဆက်ခံသူတွေ ကလည်း မဖြစ်မနေ လာရောက်ကြတယ်။ ဥပမာ – ဝေါထမ်း အမှုထမ်းဆိုရင် လက်ရှိ မြေးမြစ် တီကျွတ် တွေကအစ မင်းကြီးမင်းလေးတို့ရဲ့ ချိုးရေတော်သုံး ကြွရောက်တဲ့ ဝေါတော်ကို လက်ကလေးနဲ့ ထိနိုင်မှ တာဝန်ကျေတယ်။ သောင်းချီရှိတဲ့ လူအုပ်ကြား ဝေါတော်ကို လက်ကလေးနဲ့ ထိနိုင်ဖို့ မဖြစ်မနေ တိုးဝှေ့ ဆောင်ရွက် ကြရတာပေါ့။ အဲဒီလို အမှုထမ်း အဆက်အနွှယ် တွေကလည်း အများအပြားရှိတာပါ။

ဟို ရှေးရှေးကတော့ ချိုးရေတော်သုံး အခမ်းအနားဟာ နန်းကြီးမှာရှိတဲ့ မင်းကြီးမင်းလေးက ရွှေဝေါတော်နဲ့ ဧရာဝတီ မြစ်ကမ်းအထိ ကြွချီရတယ်။

မြစ်ကမ်းမှာ အသင့်စောင့်နေတဲ့ ရွှေလောင်းတော်နဲ့ မြစ်လယ်အထိ စီစဉ်သတ်မှတ်ထားတဲ့ ရေနန်းတော်အရောက် ရေခင်းတော် အခမ်းအနားနဲ့ သွားရောက်ပြီး ချိုးရေတော်သုံးကြသတဲ့။ အခုတော့ ပရိသတ်ကိုမနိုင်တော့လို့ တဲ့၊ နန်းကြီးနဲ့ မလှမ်းမကမ်းမှာပဲ ဝေါတော်နဲ့ ကြွချီပြီး ချိုးရေတော် သုံးကြပါတော့သတဲ့။

ဂလိုဘယ်လိုက်ဇေးရှင်းတွေ၊ အိုင်တီတွေ မိုးပျံနေတဲ့ ခေတ်ကြီးမှာ အစွဲအလမ်း ကြီးလွန်းလှတဲ့ “ရှေးရိုး” ပွဲတော်ကြီး တပွဲနဲ့ ပတ်သက်ပြီး မန္တလေး အနောက်ပြင်က ပညာတတ် ကန္နားစီးတဦးကတော့ “ဒီပွဲတော်ကြီးက ပုဂံခေတ်ကတည်းက ကျင်းပခဲ့တာပါ။ အနော်ရထာမင်းစော တည်ခဲ့တဲ့ ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားပွဲက အဓိကပါပဲ။ ဒါပေမယ့် ဘယ်လိုပဲ ထေရဝါဒ ထွန်းကားခဲ့တယ် ဆိုစေဦး နတ်ကိုးကွယ်မှုအပေါ် ယုံကြည်စွဲလန်းမှုနဲ့ အပြိုင် ရိုးရာယဉ်ကျေးမှု ဆိုတာက ကျွဲကူးရေပါဖြစ်နေတော့ ရိုးရာယဉ်ကျေးမှုကို ပစ်ပယ်လို့ မရတဲ့အပြင် ထိန်းသိမ်းရမှာ မဟုတ်လား။ ဒါကြောင့်လည်း အခုလိုပွဲတော်ကြီးတွေ ဆက်လက်တည်ရှိနေတာပါ” လို့ ဆိုတယ်။

ဆက်လက်ပြီးတော့ သူက ထေရဝါဒနဲ့လည်းကိုက်ညီအောင်၊ ဒီလိုပွဲတော်ကြီးတွေကို ယုံကြည်စွဲလန်းမှုဘက်က အင်အားနည်းသွားစေပြီး ရိုးရာယဉ်ကျေးမှု အနေနဲ့ပဲ ခိုင်မာစေရင် ပိုကောင်းတယ်၊ တောင်ပြုံးပွဲနဲ့ ပတ်သက်ပြီး ကိုလိုနီခေတ် အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကာလမှာရော၊ လွတ်လပ်ပြီးနောက် တပါတီ ခေတ်မှာရော အပြင်းအထန် ဆန့်ကျင်မှုမျိုးတွေ ကြုံတွေ့ခဲ့ရဖူးတယ်။ ရိုးရာယဉ်ကျေးမှု အစဉ်အလာအနေနဲ့ လက်ခံခဲ့ကြလို့ အရှိန်မပျက်ခဲ့ဘူးလို့ ဆက်ပြောပါတယ်။

“ဒါပေမယ့် နောက်ပိုင်းမှာ ထေရဝါဒနဲ့ ဆန့်ကျင်ပြီး ကိုးကွယ်ယုံကြည်မှု လွန်ကဲတာ၊ အပျော်အပါးဘက် အားသာရုံမက လိင်ကိစ္စပိုင်း အထိ လွတ်လပ်မှု အခွင့်အရေးယူလာတာ၊ စီးပွားရေးသဘော နိုင်ထက်စီးနင်း သက်ရောက် လာတာ တွေဟာ ပွဲတော်ရဲ့ ရိုးရာအစဉ်အလာကို ခုတုံးလုပ် အသုံးချလာတာတွေပါ။ ဒါတွေကိုတော့ ပွဲတော်နဲ့ ပတ်သက်သူတိုင်းက ဆင်ခြင်ကြရုံမက၊ ဒီလိုတဘက်စောင်းနင်း မဖြစ်အောင် စောင့်ထိန်းကြဖို့လည်း တာဝန်ရှိတာပေါ့” လို့ သူက သုံးသပ် ပြပါတယ်။

စဉ်းစားစရာ အချက်တွေ ပါပဲ။

တောင်ပြုံးပွဲဟာ ဘုရားပွဲတော်လည်း ဖြစ်တယ်၊ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ နတ်ပွဲလည်းဖြစ်တယ်၊ ရိုးရာ ယဉ်ကျေးမှု ပွဲတော်လည်း ဖြစ်တယ် ဆိုတဲ့ အချက်အလက် တွေသာမက၊ အကြေ အညာ ကုန်စည်ဖလှယ်ရာ ဈေးပွဲတော်ကြီးလည်း ဖြစ်ပါတယ်။ ပွဲတော်မှာ ငပိ၊ ငါးခြောက်၊ ပုစွန်ခြောက်၊ လူသုံးကုန်ပစ္စည်း များကအစ အညာထွက် အစားအသောက်၊ မီးဖိုချောင်သုံး ပစ္စည်း၊ စဉ့်အိုး စဉ့်ထည်အပါအဝင် လူသုံးကုန်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားကြတယ်။

ဒါ့အပြင် ကရေကရာ၊ အနုဆုပ်၊ မုန်ကျွဲသည်း၊ မုန့်ခေါင်းအုံး စတဲ့ အညာအစားအသောက် တွေလည်း အစဉ်အလာမပျက် ရောင်းချကြတယ်။ ပျော်ပွဲရွှင်ပွဲတွေ အနေနဲ့ နန်းကြီးမှာ ချိုးရေတော်သုံးတဲ့နေ့၊ ဆိုင်းသံ ဗုံသံကြားရမှ ပွဲခင်းထဲမှာရှိတဲ့ တခြား နန်းတွေအပါအဝင် ဇာတ်ပွဲ၊ အငြိမ့်ပွဲတွေက စတင်တီးမှုတ် ကပြကြရတဲ့ အစဉ်အလာကိုလည်း အခုထိ လိုက်နာကြတယ်။ မြန်မာ ဇာတ်ပွဲကြီးတွေ ထွန်းကားစည်ပင်ခဲ့တဲ့ ကာလကတည်းက ပွဲဦးအနေနဲ့ တောင်ပြုံးပွဲမှာ ကပြပြီးလို့ အောင်မြင်ရင် တနှစ်ပတ်လုံး ပွဲချီတွေ အများအပြားရပြီး အဆင်ပြေတယ်လို့ ယူဆကြတော့ တောင်ပြုံးမှာ ကပြနိုင်ဖို့ လုံးပမ်းကြတဲ့အပြင် အောင်မြင်အောင်လည်း ကြိုးစားကြတယ်။

အခုတော့ မြန်မာဇာတ်ပွဲကြီးတွေလည်း တောင်ပြုံးက မကယ်နိုင်တော့ပါဘူး။

ကိုင်း … ဘာပဲပြောပြော တောင်ပြုံးပွဲတော်ကြီးက စတင်ကျင်းပနေပါပြီ။ မြစ်ဝကျွန်းပေါ် အရပ်က နှစ်စဉ်မပျက် လာနေကျ ရွှေတိုက်စာရင်းဝင် နတ်ကတော် တဦးကတော့ “သီးနှံကောင်းတော့လည်း လာကြ၊ သီးနှံမကောင်းတော့လည်း လာကြ၊ ဒီနှစ်ရာသီဥတု ဖောက်ပြန်လို့ ရေတွေမကြုံစဖူး ကြီးလို့ အောက်ပြည်အောက်ရပ်က အလာနည်းမယ်လို့ မအောင့်မေ့နဲ့။ နာဂစ်မုန်တိုင်းကြီး တိုက်တဲ့နှစ်ကတောင် ပိုပြီးလာကြတာပဲ။ အဆင်မပြေလေ နတ်ကို ပိုတိုင်တည်ကြလေ၊ နားပူနားဆာ လုပ်ကြလေပါပဲ။ ကျုပ်လည်း အရင်နှစ်လိုပဲ မင်းနှစ်ပါးကို အားကိုးဖို့၊ တိုင်တည်ဖို့၊ ဆုတောင်းပသဖို့ ရှိတာလေး ပေါင်နှံပြီး ရောက်လာရပါပြီတော်” တဲ့။

တောင်ပြုံးပွဲတော် အစီအစဉ်များ

– ၁၃၇၄ ဝါခေါင်လဆန်း ၁၊ ၂၊ ၃၊ ၄ ရက် (၂၀၁၂ သြဂုတ် ၁၈၊ ၁၉၊ ၂၀၊ ၂၁ ရက်) မင်းနှစ်ပါး ကန်တော့ခံ
– ၁၃၇၄ ဝါခေါင်လဆန်း ၅ ရက် ( သြဂုတ် ၂၂ ရက် ) စံနန်းတော်မင်္ဂလာရေစင်ဆေး အခမ်းအနား
– ၁၃၇၄ ဝါခေါင်လဆန်း ၆၊ ၇၊ ၈၊ ၉ ရက် ( သြဂုတ် ၂၃၊ ၂၄၊ ၂၅၊ ၂၆ ရက် ) မင်းနှစ်ပါးကန်တော့ခံ
– ၁၃၇၄ ဝါခေါင်လဆန်း ၁၀ ရက် ( သြဂုတ် ၂၇ ရက်) ညီလာခံသဘင်
– ၁၃၇၄ ဝါခေါင်လဆန်း ၁၁ ရက် ( သြဂုတ် ၂၈ ရက်) ချိုးရေတော်သုံး အခမ်းအနား
– ၁၃၇၄ ဝါခေါင်လဆန်း ၁၂ ရက် ( သြဂုတ် ၂၉ ရက်) တောင်ပြုံးနယ်သားများနှင့် ဆွေစဉ်မျိုးတော်များပြပွဲနှင့် တဝက်ပွဲ
– ၁၃၇၄ ဝါခေါင်လဆန်း ၁၃ ရက် ( သြဂုတ် ၃၀ ရက် ) ထပ်ပွဲ
– ၁၃၇၄ ဝါခေါင်လဆန်း ၁၄ ရက် ( သြဂုတ် ၃၁ ရက် ) ယုန်ကြိုပွဲနှင့် ထိန်ခုတ်ပွဲ
– ၁၃၇၄ ဝါခေါင်လပြည့်နေ့ (စက်တင်ဘာ ၁ ရက်) ဘုရားဆွမ်းကြီးလောင်းလှူပွဲ၊ သံဃာတော်များ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ
– ၁၃၇၄ ဝါခေါင်လပြည့်ကျော် ၁ ရက် (စက်တင်ဘာ ၂ ရက်) နံနက် ၃ နာရီတွင် ရွှေတိုက်စာရင်းဝင် နတ်ကတော်များ၏ ၆ ရက် တိုက်တက်ပွဲပေး အစီအစဉ်များ ပြီးဆုံးခြင်းနှင့် မင်းနှစ်ပါး ရွှေဘုံဆင်း အခမ်းအနား။

Did you find apk for android? You can find new Free Android Games and apps.
Loading