ဦးချစ်လှိုင်ဟာ လူငယ်ဘဝတုန်းက မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလမှာ တိုင်းပြည်ရဲ့ အထင်ရှားဆုံး ခေါင်းဆောင် တချို့နဲ့ အလုပ်အတူ တွဲလုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီခေါင်းဆောင် တွေထဲမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ အလံနီကွန်မြူနစ်ပါတီခေါင်းဆောင် သခင်စိုးတို့လည်း ပါဝင်ပါတယ်။
ကိုယ်တိုင်လည်း အလံနီတဦးဖြစ်ခဲ့ပြီး မာ့က်စ်ဝါဒဆိုင်ရာစာအုပ်တွေကို မြန်မာလို ဘာသာပြန်ခဲ့ဖူးတဲ့ ဦးချစ်လှိုင် ဟာ အခု အသက် ၈၀ ကျော်ကျော် ရှိနေချိန်မှာလည်း မြန်မာ့နိုင်ငံရေးနဲ့ မျက်ခြေမပြတ် ရှိနေဆဲဖြစ်ပါတယ်။ သူ့ စိတ်က ဘရိတ်ဓားလို ထက်နေဆဲဖြစ်ပြီး သူ့ရဲ့ အတိတ်မှတ်ဉာဏ်တွေကလည်း လန်းဆန်းနေဆဲပါ။
အညမညလို့ အလွယ်တကူအများသိကြတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) ရဲ့ နိုင်ငံရေးကျမ်းစာ “လူ နှင့် ပတ်ဝန်းကျင် တို့၏ အညမညသဘောတရား” ကို ရေးသားခဲ့သူ ဦးချစ်လှိုင်ဟာ ၁၉၆၀ ခုနှစ်တွေမှာ အာဏာ ရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း နဲ့ ယှဉ်တွဲအလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းစစ်အစိုးရခေါင်းဆောင် ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်း ၁၉၉၀ ခုနှစ်တွေအတွင်း မှာ အနီးကပ် ဆက်ရှိနေခဲ့ပါတယ်။
အညမညရေးသားဖို့ ဦးချစ်လှိုင်ကို ဗိုလ်ချုပ်ကြီးနေဝင်းက တိုက်ရိုက်တာဝန်ပေးခဲ့တာဖြစ်ပြီး သူတို့ ၂ ဦးဟာ အမြဲတမ်း ပုံမှန် အဆက်အသွယ်ရှိခဲ့ပါတယ်။ ဦးချစ်လှိုင်က ၁၉၅၀ နဲ့ ၁၉၆၀ ခုနှစ်တွေမှာ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ အနီး ကပ် တောက်လျှောက် အလုပ်လုပ်ခဲ့တဲ့အပြင် ဗိုလ်ချုပ်ကြီးနေဝင်းဟာ လက်တွေ့ကျတဲ့သူဖြစ်တယ်လို့ ခုခံကာ ကွယ်ဖို့ အမြဲတမ်း အဆင်သင့်ဖြစ်နေ ခဲ့သူပါ။
၁၉၆၂ ခုနှစ် တိုင်းပြည်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးအယူအဆတရပ်ကို သွတ်သွင်းဖို့ လိုလာတာမို့ “ရဲဘော်သုံးကျိပ်” ဝင် ဗိုလ်ချုပ်ကြီးနေဝင်းက မာ့က်စ်ဝါဒယုံကြည်သူ ဦးချစ်လှိုင်ကို အလုပ်ထဲခေါ်သွင်းခဲ့ပါတယ်။ ဦးချစ်လှိုင်လည်း ၁၉၅၅ မှာ ရှိခဲ့တဲ့ ဒုဗိုလ်မှူးကြီးရာထူးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး (Defense Directorate of Psychological Warfare) မှာ အရပ်ဘက် စက်ဘက်အရာရှိအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်တွေမှာမှာတော့ မဆလ အဖွဲ့ဝင်အဖြစ်ကနေ နုတ် ထွက်ခဲ့ပါတယ်၊ ဒါပေမယ့် ဗိုလ်ချုပ်ကြီးနေဝင်းက လှမ်းခေါ်တိုင်းမှာ မကြာခဏ သွားရောက်တွေ့ဆုံနေဆဲဖြစ်ပါ တယ်။
ဒီမိုကရေစီရေး တနိုင်ငံလုံးအုံကြွတောင်းဆိုကြတဲ့ ၁၉၈၈ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းတယောက် နိုင်ငံရေး ကနေ အနား ယူ သွားပါတော့တယ်။ အဲ့ဒီအချိန်ကစလို့ သူ့ရဲ့အချိန်တွေကို စာဖတ်တာ၊ ဗုဒ္ဓဘာသာလေ့လာတာနဲ့ တရားထိုင်တာတွေနဲ့ပဲ ကုန်ဆုံးစေခဲ့တယ်လို့ သိရပါတယ်။
ပြင်သစ်လိုပြောနိုင်ပြီး ပါရီမြို့ ဆိုဘွန်း (Sorbonne) တက္ကသိုလ်မှာ ဒဿနိကဗေဒ သင်ယူဖူးတဲ့ ဦးချစ်လှိုင်က သူနဲ့ ဗိုလ်ချုပ်ကြီး နေဝင်း နောက်ဆုံးတွေ့ခဲ့ကြတဲ့အကြောင်းကို ဧရာဝတီနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ အခုလို ပြောပြခဲ့ပါတယ်။
၁၉၉၅ ခုနှစ် ဇူလိုင်လမှာ သူရယ် တက်ကြွလှုပ်ရှားတဲ့ကျောင်းသားဘဝကနေ ထင်ရှားတဲ့ မဆလ အဖွဲ့ဝင်ဖြစ်လာသူ တရားသူကြီး ချုပ်ဟောင်း ဦးတင်အောင်ဟိန်းရယ် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့အိမ်ကို သွားလည်ခဲ့ကြပါတယ်တဲ့။
အိမ်ကိုရောက်သွားတဲ့အခါမှာ ဗိုလ်ချုပ်ကြီးနေဝင်းတယောက်တည်းပဲ ရှိနေတယ်။ သူ့ဇနီးသည် သမိုင်းပါမောက္ခ ဒေါ်နီနီမြင့်က သူတို့အားလုံးအတွက် စားစရာပြင်ဆင်ပြီး ချိန်းထားတာရှိလို့ အပြင်သွားတယ်။ ဒါပေမယ့် သူ့ကို ကြည့်ရတာ ကျန်းကျန်းမာမာ ရွှင် ရွှင် လန်းလန်းရှိနေပုံပေါ်တယ်လို့ ဦးချစ်လှိုင်က ပြောပါတယ်။
သူတို့ ၂ ယောက်က လက်ရှိ နိုင်ငံရေးအခြေအနေတွေကို တင်ပြချင်ပေမယ့် ဗိုလ်ချုပ်ကြီးက နိုင်ငံရေးနဲ့ပတ်သက် တာကို ဘာမှမဆွေးနွေးလိုတာမို့ မတင်ပြနိုင်ခဲ့ဘူးလို့ သူက ပြောပါတယ်။ အဲ့ဒါနဲ့ သူတို့ ၂ ယောက်လည်း ဗိုလ် ချုပ်ကြီးက ဘာသာရေးအကြောင်းနဲ့ ဗုဒ္ဓဘာသာအကြောင်း ပြောတာတွေကိုပဲ ယဉ်ယဉ်ကျေးကျေးနဲ့ နားထောင် ခဲ့ရတယ်လို့ ဆိုပါတယ်။
တကယ်လို့ သူသာ အရင်အချိန်က ဗုဒ္ဓဘာသာနဲ့ တရားထိုင်တဲ့အကြောင်း လေ့လာမိခဲ့မယ်ဆိုရင် ၁၉၆၂ မှာ အာဏာသိမ်းခဲ့မိမှာမဟုတ်ဘူးလို့ ဗိုလ်ချုပ်ကြီးကဖွင့်ဟဝန်ခံလိုက်တဲ့အခါမှာတော့ သူတို့ ၂ ယောက်စလုံး တအံ့တသြဖြစ်သွားကြတယ်လို့ ဦးချစ်လှိုင်က ပြောပါတယ်။ အဲ့ဒီအချိန်မှာသာ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားတွေကို သိခဲ့မယ်ဆိုရင် အာဏာသိမ်းမိမှာမဟုတ်ဘူးလို့ ဗိုလ်ချုပ် ကြီးက သူတို့ကို ဆက်ရှင်းပြပါသေးတယ်တဲ့။
ဗိုလ်ချုပ်ကြီးနေဝင်းဟာ အတွေးအခေါ်ပညာရှင်မဟုတ်သလို အမြဲတမ်းလည်း လူတွေကို သံသယရှိနေသူဖြစ် တယ်လို့ ဦးချစ်လှိုင်က ပြောပါတယ်။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲခေါင်းဆောင်တွေထဲမှာ သူအသိဆုံး ၃ ယောက် ရှိခဲ့တယ်၊ သူတို့ကတော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ သခင်စိုးတို့ဖြစ်တယ်၊ အဲ့ဒီ ၃ ယောက်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကို အလေးစားဆုံးလို့လည်း သူက ဆိုပါသေးတယ်။
“ဗိုလ်ချုပ်က ဗိုလ်ချုပ်ပဲ၊ ဘာနဲ့မှ ယှဉ်လို့မရဘူး”လို့ ဦးချစ်လှိုင်က ပြောပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်း နိုင်ငံရေးကအနားမယူခင် ၁၉၈၈ ခုနှစ်မှာကျင်းပတဲ့ မဆလ အရေးပေါ်ညီလာခံမှာ နောက်ဆုံး မိန့်ခွန်းပြောစဉ် တုန်းက တနိုင်ငံလုံး အလွန်အံ့အားသင့်ခဲ့ရပါတယ်။ သူက“စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး ခြောက် တာ မပါဘူး။ အဲ့ဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ် ဆိုရင်တော့ရင် တပ်ကိုသုံးလို့ရှိရင်တော့ အဲ့ဒါ ဆူတဲ့သူတွေမသက်သာ ဘူးသာ မှတ်ပေတော့”လို့ ဆိုခဲ့တာကိုး။
သူက အသားလွတ် ခြိမ်းခြောက်ခဲ့တာ မဟုတ်ပါဘူး။ အရေးအခင်း ကာလမှာ ရာနဲ့ချီတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်သား တွေက တကယ်ကိုပဲ ပစ်သတ်ခဲ့ကြတယ်လေ။
အဲဒီအခိုက်အတန့်ဟာ ဗိုလ်ချုပ်ကြီးနေဝင်းတယောက် တကယ့်နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ကိုယ့် ကိုယ်ကိုယ် ထိန်းချုပ် နိုင်စွမ်း မရှိတော့တဲ့ အခြေအနေမျိုးလို့ ဦးချစ်လှိုင်က ယူဆပါတယ်။
ဗိုလ်ချုပ်ကြီးနဲ့နီးစပ်သူ တချို့ကတော့ သူက ဖတ်ဖို့နဲ့ တရားဘာဝနာပွားဖို့ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ စာအုပ်တွေသိမ်းထား တယ်လို့ အသေအချာ ပြောကြပါတယ်။ သူတရားထိုင်တဲ့အခန်းမှာဆိုရင်လည်း ရွှေချထားတဲ့ ညောင် ရွက်ကြီးတချပ်ကို အခန်းနံရံ မှာကပ်ထားတယ်လို့ သူ့အိမ်ရောက်ဖူးသူတွေက ဆိုပါတယ်။ ရက်စက်တဲ့ အာဏာရှင်ကြီးတယောက် နိဗ္ဗာန် ရောက် သလား ဆိုတာကိုတော့ ဘယ်သူမှ သိမှာမဟုတ်ပါဘူး။
ဗိုလ်ချုပ်ကြီးနေဝင်းဟာ စစ်အစိုးရကို ဖြုတ်ချဖို့ လျှို့ဝှက်ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၀၂ ခုနှစ်မှာ နေအိမ် အကျယ်ချုပ် ချခံ ခဲ့ရပါတယ်။ သူ့ကို အဲ့ဒီလို ဖမ်းဆီးလိုက်တာဟာ စစ်အစိုးရအပေါ်မှာ သူသြဇာရှိနေတုန်းပဲလို့ ဆယ်စုနှစ်တခုလောက် သို့လော သို့လောဖြစ်နေတာတွေကို အဆုံးသတ်သွားစေခဲ့ပါတယ်။
စစ်အစိုးရက ဗိုလ်ချုပ်ကြီးနေဝင်းကို အင်းလျားကန်စောင်းက သူ့အိမ်ကြီးမှာပဲ အကျယ်ချုပ်ချခဲ့တာပါ။ အဖော်ဆိုလို့ သူ့ရဲ့အချစ် ဆုံး သမီး ဒေါ်စန္ဒာဝင်းတယောက်ပဲ ရှိပါတယ်။ ပြောရရင် သူအကျယ်ချုပ်ကျတဲ့နေရာနဲ့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျတဲ့ နေရာက တခေါ်လောက်ပဲ ဝေးတာပါ။
သူက အကျယ်ချုပ်ချခံရပေမယ့် သူ့မြေး ၃ ယောက်နဲ့ သားမက်တွေကတော့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အပြစ် ထင်ရှားတဲ့အတွက် သေဒဏ်ပေးခံခဲ့ရပါတယ်။
ဒေါ်စန္ဒာဝင်းဟာ မကြာသေးခင်ကပဲ ခင်ပွန်းဖြစ်သူ ဦးအေးဇော်ဝင်းနဲ့အတူ နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာခဲ့ပါတယ်။ အဲ့ဒီအချိန်ကစလို့ သူတို့ကို ရန်ကုန်မြို့ထဲမှာ တွေ့တွေ့နေရတာပါ။ သူက ရန်ကုန်မှာ နဝရတ် ဟိုတယ် ကို ပိုင်ခဲ့ဖူးသူဖြစ်ပြီး မကြာ ခင် ဒီဟိုတယ်ကို ပြန်ဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ ကြားရပါတယ်။ ပြန်လွတ် လာတဲ့အထဲမှာ သူတို့ သားတယောက်လည်း ပါပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းဟာ သူများနဲ့မရောဘဲ သီးသန့်နေသူဖြစ်ပြီး အယူသည်းသူ၊ နံပါတ်တွေရဲ့ အစွမ်းသတ္တိကို ယုံ ကြည်သူလို့ လူသိများပါတယ်။ တခါကဆိုရင် ၄၅ ကျပ်တန်နဲ့ ၉၀ တန် ငွေစက္ကူတွေ ထုတ်ခိုင်းခဲ့ဖူးပါတယ်၊ အဲ့ဒီ နံပါတ်တွေပေါင်းရင် သူ့ရဲ့ လပ်ကီးနံပါတ် ၉ ရတာကိုး။
တခါတုန်းကဆိုရင်လည်း လေယာဉ်ကို သူ့မွေးရပ်မြို့ကို ၉ ပတ် ပတ်မောင်းခိုင်းတယ်လို့ တချို့က ပြောပါတယ်။ အဲ့ဒီအချိန်မှာ သူက လေယာဉ်ပေါ်မှာ သစ်သားမြင်းရုပ်ကိုစီးနေတယ်တဲ့။ ဒါ့ပြင် တခါတုန်းကလည်း လူငယ်လို နုပျိုအောင်ဆိုပြီး လင်းပိုင်သွေးနဲ့ ရေချိုးတယ်လို့ ကောလာဟလ ထွက်ခဲ့ဖူးပါသေးတယ်။ သူ့ရဲ့ ဂဏန်းဗေဒင် အပေါ် သက်ဝင်ယုံကြည်မှုကတော့ ဒဏ္ဍာရီ ဆန် လှပါတယ်။
ဒါပေမယ့် ဦးချစ်လှိုင်အတွက်တော့ ဗိုလ်ချုပ်ကြီးနေဝင်းက သူလက်ပွန်းတတီးနေခဲ့တဲ့ တယောက်တည်းသော အာဏာရှင် မဟုတ်ပါဘူး။ ၁၉၅၀ ခုနှစ်တွေမှာတုန်းက နိုင်ငံရေးသိပ္ပံလာသင်ယူတဲ့ တပ်မှူးငယ်လေးတယောက်နဲ့ လည်း သူဆုံခဲ့ပါသေးတယ်။ အဲ့ဒီ ကျောင်းသားလေးဟာ တချိန်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်လာမယ့်သူပါ။
အဲ့ဒီအချိန်တုန်းက တပ်မှူးလေး သန်းရွှေဟာ တပ်မှူးထက်စာရင် နိုင်ငံရေးသမားနဲ့ ပိုတူတယ်လို့ ဦးချစ်လှိုင်က ကနဦး ယူဆခဲ့ပါတယ်။
သူအဲ့ဒီလိုယူဆခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတယောက် စိတ်ဓာတ်စစ်ဆင်ရေးနဲ့ပတ်သက်ပြီးလေ့လာဖို့ ၁၉၅၈ ခုနှစ်မှာ ရန်ကုန် ကို စေလွှတ်ခြင်းခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ မင်္ဂလာဒုံမှာရှိတဲ့ ဗဟိုနိုင်ငံရေးသိပ္ပံကျောင်း မှာ ဆရာဖြစ်လာခဲ့ပါတယ်။
ဦးချစ်လှိုင်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ကျောင်းမှာဖြစ်စေ စုဆုံပွဲတွေမှာဖြစ်စေ မကြာခဏ တွေ့လေ့ရှိပြီး ရန်ကုန် အပြင်ဘက် ကိုလည်း နှစ်ယောက်သား အပန်းဖြေခရီး ထွက်ခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။
စစ်ရေးထက်စာရင် နိုင်ငံရေးကို ပိုစိတ်ဝင်စားပြီး လက်တွေ့ကျတဲ့သူလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဦးချစ်လှိုင်က အကဲဖြတ်ခဲ့ ဖူးတယ်လို့လည်း ဆိုပါတယ်။
၁၉၅၇ ကနေ ၁၉၆၀ အထိ သူတို့ ၂ ယောက် မကြာခဏဆုံပြီး မြန်မာ့နိုင်ငံရေးအကြောင်း ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ အဲဒီအချိန် တုန်းက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တာဝန်ယူခဲ့ပြီး ၁၉၈၁ ကနေ ၁၉၈၈ အထိ နိုင်ငံတော် သမ္မတ အဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးစန်းယုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အစွမ်းအစကို သဘောကျပြီး မြောက်ပိုင်းတိုင်း စိတ်ဓာတ်စစ်ဆင်ရေးဌာနကို ဦးဆောင်ဖို့ တာဝန်ပေးခဲ့ပါတယ်။ အဲ့ဒီတာဝန်ယူစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဗိုလ်ကြီးဘဝပဲ ရှိပါသေးတယ်။
အခြားတပ်မှူးတွေလိုပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်း ကွန်မြူနစ်တွေကို အမြဲတမ်း အငြိုးတကြီးနဲ့ဆန့်ကျင်သူ ဖြစ်တယ်လို့ ဦးချစ် လှိုင်က ပြောပါတယ်။ ၁၉၉၀ မှာတကြိမ် ၁၉၉၂ မှာတကြိမ် သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သွားတွေ့ခဲ့တယ်လို့လည်း ဆိုပါတယ်။
၁၉၉၂ ခုနှစ် ဧပြီလမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဌ ဖြစ်လာခဲ့ပါတယ်။ အရင် ဥက္ကဌဟောင်း ဗိုလ်ချုပ်မှူးကြီးစောမောင် ကျန်းမာရေးကြောင့် တာဝန်ကနေ အနားယူသွားတာမို့ ဒီရာထူးကို မမျှော်လင့်ဘဲ ရ လိုက် တာပါ။
အဲ့ဒီအချိန်က ရာထူးအပြောင်းအလဲနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဘာမှ အများကြီး ထုတ်ဖော်ပြောဆို တာမျိုး မလုပ်ခဲ့ပါဘူး၊ လက်ရှိအခြေအနေက အနည်းငယ် ပရမ်းပတာဖြစ်နေတယ်ဆိုတာလောက်ပဲ ပြောခဲ့တာပါ။ ဦးချစ်လှိုင်ကိုလည်း စာအုပ်ထုတ်ဖို့ ငွေတချို့ ထုတ်ပေးခဲ့ပါသေးတယ်။
ကလောင်အမည် ကိုကိုမောင်ကြီးလို့လည်းသုံးတဲ့ ဦးချစ်လှိုင်ဟာ ၁၉၉၂ ကစလို့ စာအုပ်တချို့ ရေးသားထုတ်ဝေ ခဲ့ပြီးပါပြီ။ သူ့ရဲ့ စာအုပ်အသစ်တွေကို သူ့လုပ်ဖော်ကိုင်ဖက်တွေ၊ နိုင်ငံရေးသမားတွေ၊ စစ်အစိုးရထိပ်ပိုင်းခေါင်း ဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ိုဆီ ပုံမှန်ပို့လေ့ရှိပါတယ်။
သူနောက်ဆုံးရေးသားခဲ့တဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တခြား ထိပ်တန်းခေါင်း ဆောင်တွေဆီ မနှစ် တုန်းက ပေးပို့တဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို “နိုင်ငံတော်အကြီးအကဲ” အဖြစ် ခေါ်ဝေါ် ဖို့နဲ့ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး ကို “နိုင်ငံတော်ဒုတိယအကြီးအကဲ”အဖြစ် ခေါ်ဝေါ်ဖို့ ပြန်ကြားရေးဝန်ကြီးဌာန အရာရှိတွေက သူ့ကိုပြောတယ်လို့ ဦးချစ်လှိုင်က ပြော ပြပါတယ်။
“ဦးသိန်းစိန်ကိုရော” ဘယ်လိုခေါ်ရမလဲဆိုတော့ “သူက သမ္မတပေါ့” လို့ ပြန်ကြားရေးဝန်ကြီးဌာန အရာရှိက ပြန်ဖြေတယ်လို့ ဆိုပါတယ်။ အဲ့ဒါနဲ့သူက “သေချာတယ်နော်” လို့ ပြန်မေးလိုက်ပါသတဲ့။
မြန်မာပညာတတ် အတော်များများက ယူဆကြသလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နောက်ကနေ အာဏာကိုင်ထားဆဲဆိုတာနဲ့ပတ်သက်ပြီး ဘယ်လိုထင်ပါသလဲလို့ မေးကြည့်တော့ ဦးချစ်လှိုင်က သတိထားပြီး ပြုံးပါတယ်။ ပြီးတော့ ဖြည်းဖြည်းချင်းရယ်ပြီး “ရီမုတ်နဲ့ ဆက်ထိန်းနေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့”လို့ ပြောပါတယ်။ ။
Junta Insider Recalls Dancing with Devils ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။