[irrawaddy_gallery]
ညစ်ထွေးဟောင်းနွမ်းနေတဲ့ ရန်ကုန်လမ်းမတခုရဲ့ နံရံပေါ်မှာ အတောင်ပေါက်နေတဲ့ တီဗီတလုံး ပျံသန်းနေလေရဲ့။
“ဒါက ကျနော့်ပထမဆုံးလက်ရာလေ” လို့ ဂုဏ်ယူစွာနဲ့ အဲ့ဒီပုံကိုထောက်ပြပြီး အသက် ၃၃ နှစ်အရွယ် နံရံရေးပန်းချီ ဆရာ ကိုအောင်က ပြောပြပါတယ်။ မီဒီယာဆင်ဆာကို ဆန့်ကျင်တဲ့အနေနဲ့ ဒီပုံကို မနှစ်က သူဆွဲခဲ့တာလို့ ဆိုပါ တယ်။ အခုဆိုရင် ကိုအောင့်ပုံတွေကို ရန်ကုန်မြို့အနှံ့ တွေ့နေရပါပြီ။ “မီဒီယာလွတ်လပ်ခွင့်က ကျနော့်အတွက်တော့ တကယ့်ကိစ္စကြီးပဲ” တဲ့။
သူ့ရဲ့နာမည်အပြည့်အစုံကို မဖော်ပြပါနဲ့လို့ဆိုတဲ့ ကိုအောင်ဟာ ရန်ကုန်မြို့မှာရှိတဲ့ လမ်းဘေးအနုပညာရှင် မျိုးဆက် သစ်တွေထဲက တယောက်ပါ။ သူတို့တွေရဲ့ နိုင်ငံရေးအဓိပ္ပါယ်ပါလေ့ရှိတဲ့ နံရံဆေးမှုတ်အနုပညာ (Graffiti) ဆိုတာ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ခင်တုန်းက စဉ်းစားလို့တောင် ရတာမဟုတ်ပါဘူး။
စစ်အာဏာရှင်က ဆယ်စုနစ်ချီအုပ်စိုးခဲ့ပြီး စစ်ထောက်လှမ်းရေးက နေရာတကာ မျက်စေ့ဒေါက်ထောက်ကြည့်နေတဲ့ မြန်မာပြည်မှာ “အညွှန်း (Tagging)” လို ကမ္ဘာအနှံ့တွေ့ရတဲ့ နံရံဆေးမှုတ်သူရဲ့ ပုဂ္ဂိုလ်ရေးအမှတ်အသားလေး ဆွဲဖို့ တောင် သိပ်အန္တရာယ်ကြီးလှတာပါ။ ဒါပေမယ့် ၂၀၁၁ ခုနှစ် မတ်လ အစိုးရသစ်တက်လာချိန်မှာတော့ ဒီအခြေအနေ တွေက စတင် ပြောင်းလဲလာခဲ့ပါတယ်။
အဲ့ဒီ အစိုးရသစ်က နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်၊ အလုပ်သမားသမဂ္ဂတွေကို တရားဝင်ဖြစ်စေခဲ့ တဲ့အပြင် အနောက်နိုင်ငံတွေနဲ့လည်း ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ပါတယ်၊ ပြီးတော့ တချိန် က နေရာအနှံ့မှာရှိခဲ့တဲ့ အစိုးရ ထောက်လှမ်းရေးတွေဆိုတာလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီလို အားတက်စရာ အနေအထားတွေရှိတာမို့ အခုဆိုရင် လမ်းဘေးအနုပညာရှင်တွေဟာ လျှပ်စစ်မလုံလောက်တာကအစ ငွေမဲခဝါ ချတာအထိ ကိစ္စရပ်တိုင်းကို ရန်ကုန်မြို့ရဲ့ လမ်းဘေးနံရံတွေပေါ်မှာ သူတို့အမြင်တွေ ရေးဆွဲနေကြပါပြီ။
ပြီးခဲ့တဲ့နှစ်တွေမှာ Graffiti ဆွဲသူအရေအတွက် ၂ ဆ ပိုများလာပြီး အခုဆိုရင် လူ ၅၀ လောက်ရှိသွားပြီလို့ ပန်းချီ ဆရာလည်းဖြစ် ဂရပ်ဖစ်ဒီဇိုင်းတွေလည်း ဆွဲနေတဲ့ ကိုအောင်က ပြောပါတယ်။
ဆန္ဒထုတ်ဖော်မှုတွေအပါအဝင် ရန်ကုန်မြို့ကြီးရဲ့ ပြောင်းလဲလာတဲ့အခင်းအကျင်း ဒါမှမဟုတ်လည်း ဘန့်ခ်စီ (Banksy) လိုမျိုး ဗြိတိသျှ အနုပညာရှင်တွေရဲ့ လှုံ့ဆော်မှုကြောင့် ဖေ့ဘွတ်ပေါ်ကတဆင့် ဒါမှမဟုတ် လည်း ဆေးဗူးတွေ လက်မှာကိုင်ပြီး လမ်းတွေပေါ် ဟိုနေရာဆေးမှုတ် ဒီနေရာဆေးမှုတ် လုပ်ပြီးတဲ့နောက် သူတို့တွေ အချင်းချင်းတွေ့သွားကြတာပါ။
“လူငယ်အများစုက Tagging တွေပဲ ဆွဲကြတယ်။ ကျနော်ကတော့ Tagging မှာ အတွေးအခေါ် (Ideology) မပါလို့ သိပ်မကြိုက်ဘူး” လို့ ကိုအောင်က ဆိုပါတယ်။
သူ့ရဲ့ သူရဲကောင်းကတော့ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ ဗြိတိသျှလူမျိုး ဘန့်ခ်စီပါပဲ။ ဘန့်ခ်စီ ဆွဲတဲ့ပုံတွေဟာ စစ်ပွဲ၊ ဆင်းရဲမွဲတေမှုနဲ့ ဇီဇာကြောင်တဲ့ အနုပညာလောကကို ပစ်မှတ်ထားပြီး သရော်လေ့ရှိပါတယ်။ အကယ်ဒမီ ဆုအတွက် အမည်တင်သွင်းခံရတဲ့ သူ့ရဲ့ မှတ်တမ်းရုပ်ရှင် “လက်ဆောင်ဆိုင်ကို ဖြတ်ထွက်ခြင်း (Exit Through the Gift Shop)” ကို ကြည့်ပြီးတဲ့နောက်မှာ ကိုအောင်တယောက် Graffiti ကို ငြိသွားပါတော့တယ်။
“ကျနော် သူ့ရဲ့ နိုင်ငံရေးအယူအဆတွေကို နှစ်သက်ခဲ့တယ်” လို့ ကိုအောင်က ပြောပါတယ်။ သူက ဆက်ပြီး “အနုပညာကနေ ကျနော်ပြောချင်တာတွေကို အားလုံးမပြောနိုင်ဘူးလို့ ကျနော် သဘောပေါက်မိတယ်၊ ဒါပေမယ့် ကျနော်ပြောချင်တာအားလုံးကို Graffiti ကနေတဆင့် ပြောနိုင်တယ်” တဲ့။
“မြို့ကို မီးသွယ်ကြစို့ (Plug the City)”
လျှပ်စစ်မီးပုံမှန်ရရှိဖို့ နိုင်ငံတဝှမ်း ဆန္ဒပြကြတဲ့ မေလမှာတော့ “မြို့ကို မီးသွယ်ကြစို့” စာသားပါ ဝါယာကြိုးတန်းလန်းနဲ့ မီးပလပ်ပေါက် Graffiti ပုံဟာ ရန်ကုန်မြို့မှာ ပျံ့နှံ့သွားခဲ့ပါတယ်။
ကင်းဘတ်စ် အကြီးကြီးပေါ်မှာဆွဲထားတဲ့ အဲ့ဒီပုံကို လမ်းဘေးအနုပညာရှင်တွေက ရန်ကုန်မြို့ရဲ့ နံရံတွေပေါ်မှာနဲ့ ဈေးဆိုင်မျက်နှာစာတွေမှာ ချိတ်ဆွဲခဲ့ကြပါတယ်။ ကမ္ဘာအေးဘုရားလမ်းပေါ်က ပုံတွေကတော့ ထင်ထင်ရှားရှားမြင်နိုင် ပြီး လူကြိုက်များကြတာပေါ့။
“လူထုကိုယ်စား ကျနော်တို့ ဆွဲခဲ့တာမဟုတ်ပါဘူး။ လျှပ်စစ်မီးမရှိရင် ကျနော်တို့ကိုယ်တိုင်လည်း ထိခိုက်တာမို့ အခုလို ဆွဲခဲ့တာ” လို့ အသက် ၂၇ နှစ်အရွယ် တူးတွမ်တိက ပြောပါတယ်။ တူးတွမ်တိဆိုတာက သူ့ရဲ့ ကလောင်အမည်ပါ။ သူဟာ ရန်ကုန်လမ်းဘေးအနုပညာအဖွဲ့ (Yangon Street Art) ရဲ့ အဖွဲ့ဝင်တယောက်ဖြစ်ပြီး သူ့ကို “YSA” လို့ လူသိများပါတယ်။
ရန်ကုန်မှာရှိတဲ့ Graffiti ပုံအများအပြားမှာ အင်္ဂလိပ်လို ရေးထားကြပါတယ်။ သုံးတဲ့ အသုံးအနှုန်းတွေကလည်း “သူခိုးတွေ -ီးပဲ (Fuck snitches!)” ဆိုတဲ့ ရိုင်းရိုင်းစိုင်းစိုင်း အသုံးအနှုန်းတွေကနေ “သမ္မတကြီးခင်ဗျာ (Dear Mr President)” ဆိုပြီး လျှပ်စစ်မီးပိုပေးဖို့ ယဉ်ယဉ်ကျေးကျေး အနားခံတာတွေအထိ ပါပါတယ်။ “ကျနော်တို့ လျှပ်စစ်မီး လုံလုံလောက်လောက်ရှိဖို့ လိုပါတယ် … လေးလေးစားစားတင်ပြရမယ်ဆိုရင် ကျနော်တို့မှာ လျှပ်စစ်မီး လုံလုံ လောက် လောက်မရှိပါဘူး” စသဖြင့်ပါ။
ရန်ကုန်မြို့ပေါ်မှာ တခြား Graffiti ပုံတွေလည်း အများအပြား ရှိပါသေးတယ်။
မြန်မာပြည်က နာမည်ကြီးဘဏ်တချို့ရဲ့ အမည်အတိုကောက်စာလုံးတွေဘေးမှာ အဝတ်လျှော်စက်ပုံကို ပုံကြမ်းဆွဲ ထားတဲ့ Graffiti ပုံဆိုရင် ငွေမဲခဝါချတဲ့ကိစ္စတွေမှာ အဲ့ဒီဘဏ်တွေ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတာကို ရည် ညွှန်းတာ ဖြစ်ပါတယ်။
ရန်ကုန်သတ္တဗေဒဥယျဉ်နံရံပေါ်က “တိရစ ္ဆာန်ရုံလား တိရစ ္ဆာန်ထောင်လား (Zoo, or animal prison?)” လို့ ရေးထား တဲ့ Graffiti ပုံကတော့ လန်ဒန်တိရစ ္ဆာန်ရုံထဲက ပင်ဂွင်းငှက်တွေထားတဲ့နေရာမှာ ဘန့်ခ်စီဆွဲခဲ့တယ်လို့ ယူဆရတဲ့ ပုံကို ရေးရေးလေးပြန်ယူထားတာပါ။ သူ့ပုံမှာ ဘန့်ခ်စီက “ငါးတွေစားရတာ ပျင်းလာပြီ (We’re bored of fish)” လို့ ရေးခဲ့ပါတယ်။
ကိုအောင်ရဲ့ တောင်ပံတပ်တီဗီကလည်း “ခင်ဗျားတို့ အခွင့်အရေးအတွက် (FOR UR RIGHT)” ဆိုတဲ့ စာသားနဲ့အတူ တွေ့တွေ့နေရပါတယ်။
မြန်မာအစိုးက မီဒီယာဆင်ဆာနဲ့ပတ်သက်တာတွေ အများစုကို သြဂုတ်လ ၂၀ ရက်နေ့က ဖျက်သိမ်းခဲ့ပါတယ်၊ ဒါပေမယ့် ဖိနှိပ်တဲ့ဥပဒေတွေကတော့ ဆက်ရှိနေဆဲပါ။ အဲ့ဒီဥပဒေတွေထဲမှာ ရွှေဝါရောင်တော်လှန်ရေးအပြီး ထင်ရှားတဲ့ သူတွေကို ထောင်ချရာမှာ အသုံးပြုခဲ့တဲ့ ဥပဒေတွေလည်း ပါဝင်ပါတယ်။
Graffiti ကို ဝေဖန်အပြစ်ရှာသူတွေ နေရာတိုင်းမှာ ရှိကြသလို ရန်ကုန်မြို့ပေါ်က သာမန်ပြည်သူတွေအတွက်လည်း လမ်းဘေးအနုပညာနဲ့ အလှအပဖျက်ဆီးမှုကို ခွဲခြားဖို့ခက်လှပါတယ်။ “ဒီအနုပညာနဲ့ပတ်သက်ပြီး လူအများစုက သိပ် မသိကြပါဘူး၊ ကျနော်တို့ Graffiti ပုံဆွဲတဲ့ နေရာပိုင်ရှင်တွေကလည်း သိပ်အထအန ကောက်နေတုန်းပဲ” လို့ ကိုအောင်က ပြောပါတယ်။
လောလောဆယ်အထိတော့ လမ်းဘေးအနုပညာရှင်တယောက်မှ ထောင်ချမခံရသေးဘူးလည်း သူကဆိုပါတယ်။ တချို့လည်း ခဏတဖြုတ် အထိန်းသိမ်းခံရတယ်၊ ဒါပေမယ့် သတိပေးပြီးတော့ ပြန်လွှတ်ပေးလိုက်တာမျိုး ရှိတယ်တဲ့။
ရန်ကုန်က နံရံဆေးမှုတ်အနုပညာရှင်တွေဟာ မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းကိုလည်း ဆေးမှုတ်စစ်ပွဲ ဆင်နွှဲ ခဲ့ပါသေးတယ်။ သူ့ကို ဆန္ဒပြတဲ့အနေနဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ မြို့တော်ဝန်အိမ်ဝင်းနံရံတွေပေါ်မှာ Tagging တွေ ဆေးခြယ်ခဲ့ကြတာပါ။
“ကျနော်တို့အားလုံး သူ့အိမ်ဝင်းနံရံမှာ ပုံဆွဲဖို့ ကြိုးစားကြတယ်၊ နောက်နေ့လည်းကျရော နံရံဝင်းတခုလုံး ဆေးခြယ်ပြီး သွားပြီ” လို့ ကိုအောင်က ပြန်ပြောပြပါတယ်။
ဦးအောင်သိန်းလင်းရဲ့ မြို့တော်ဝန်ရာထူးကို အငြိမ်းစား ဗိုလ်မှူးချုပ်တယောက်နဲ့ မနှစ်က အစားထိုးခဲ့ပေမယ့် မြို့တော် ဝန်အိမ်ဝင်း နံရံပေါ်က Graffiti စစ်ပွဲကတော့ ဆက်ရှိနေအုံးမှာလို့ သူက ဆိုပါတယ်။
နံရံဆေးမှုတ်အနုပညာရှင်တွေ ဆန္ဒပြင်းပြနေတဲ့ နောက်ပစ်မှတ်ကတော့ သန်းကြွယ်သူဌေးကြီး ဦးတေဇရဲ့ ရန်ကုန် စံအိမ်လို့ သိရပါတယ်။ တန်ဖိုးကြီးလှတဲ့ ဇိမ်ခံကားတွေ ထားထားရာ အဲ့ဒီအိမ်ဝင်းနံရံတွေက ဘာအစွန်း အထင်းမှ မရှိသေးဘူးလို့လည်း သိရပါတယ်။
ဒါပေမယ့် ဦးတေဇအိမ်ဝင်းကို ဆေးမှုတ်ဖို့ ခက်နေသေးတဲ့အကြောင်း “ခြံစောင့်က အမြဲတမ်းစောင့်ကြည့်နေတာဗျ” လို့ ကိုအောင်က အခြေအနေကို ရှင်းပြပါတယ်။
အခုဆိုရင် ရန်ကုန်က တချို့ နံရံဆေးမှုတ်အနုပညာရှင်တွေဟာ ဖယောင်းစက္ကူနဲ့ Graffiti ဆွဲနေကြပါတယ်။ ဒီပုံစံကို ဘန့်ခ်စီက အသုံးပြုခဲ့ပြီး အများနှစ်ခြိုက်ခဲ့ကြတာပါ။ ကိုအောင်လည်း မကြာသေးခင်က ဖယောင်းစက္ကူသုံးပြီး အာဏာ ရ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး) ပါတီရဲ့ ဆိုင်းဘုတ်ပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံကို မှုတ်ဆေးနဲ့ ဆွဲခဲ့ပါ သေးတယ်၊ ဒါပေမယ့် ဆွဲပြီး သိပ်မကြာခင်မှာပဲ အဖျက်ခံလိုက်ရပါတယ်။
ပြန့်ပြူးတဲ့ မျက်နှာပြင်တိုင်းကတော့ နံရံဆေးမှုတ်ပန်းချီဆွဲရာ နေရာတွေ မဟုတ်ကြပါဘူး။ စာနဲ့ရေးသားထားတာ မဟုတ်ပေမယ့်လည်း ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေးဆိုင်ရာအဆောင်အအုံတွေမှာ Graffiti မဆွဲသင့်ဘူးဆို တဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ ရွှေတိဂုံဘုရားပတ်လည်က ဘုန်းကြီးကျောင်းတွေ ပြည့်နှက်နေတဲ့ လမ်းတွေမှာဆို ရင် Graffiti ပုံတွေ လုံးဝမရှိတာ အထင်အရှားပါ။
Andrew R. C. Marshall ၏ Graffiti Artists Thrive in Reform-era Myanmar ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။