မြန်မာပြည်၏ နိုင်ငံရေးခရီးကား ကြမ်းတမ်းလှ၏။ လူအများ ကမ္ပည်းတပ်ကြသည်ကား မုန်တိုင်းထန်သော ခရီးကြမ်းတဲ့။ တခြားကြမ်းတမ်းသော လမ်းတွေမရှိ မဟုတ်၊ ရှိပင်ရှိငြားသော်လည်း ကိုယ်က မကျွမ်းဝင်။ ဒီတော့ ကိုယ်ကျွမ်းဝင်ရာကိုသာ ရွေးပြောရတော့မည်။
ကိုယ်ကျင်လည်ခဲ့ဖူးသည်က နံရံလေးဘက်ကြား။ ထိုဒေသမှာတော့ သော့အိမ်တွေ အလီအလီ အထပ်ထပ်နောက်က ငတ်ပြတ်မှု၊ ရောဂါမျိုးစုံ၏ စိမ်ခေါ်မှု၊ ထောင်တွင်း လိုတမျိုး မလိုတမျိုး အုပ်ချုပ်သူတို့ စိမ်ခေါ်မှုက အချိန်နှင့်အမျှ။ ဒီတော့ ကိုယ်လက်လှမ်းမီရာ ခရီးခဲ၏ အနိဋ္ဌာရုံ နေ့ရက်များထဲကသာ ဆွဲထုတ်ပြီး ခရောင်းလမ်းကို ပြောရပါတော့မည်။
ထိုခရီးခဲလမ်းထဲ တွေ့ခဲ့ရသူ အများစုက တိုက်ခိုက်မှုဒဏ် အပြင်းစားတို့နှင့်တွေ့တိုင်း မကြောက်တရားထက် ယုံကြည်ချက်ကို လောကဓံ ပြီးဆေးအဖြစ် ဝတ်ဆင်ထားကြသူတွေသာ။ ဓားပြီးဆေး၊ တုတ်ပြီးဆေးတို့က တကယ်ဓား၊ တုတ်တို့ကို ရင်ဆိုင်နိုင်စွမ်း ရှိ မရှိတော့ မသိရ။ လောကဓံပြီးဆေးကတော့ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာတို့တိုင် ရင်ဆိုင်ဝံ့သော စွမ်းအားကိုပြခဲ့ကြသည်။ နိုင်ငံရေး ယုံကြည်ချက်အပြင် အနုပညာ ယုံကြည်ချက်ပါ ပူးတွဲပြီး ခရီးခဲကို မညည်းပဲလျှောက်ပြသူ တယောက်ကို ကိုယ်တိုင် အနီးကပ် တွေ့ဖူးခဲ့သည်။
သူနှင့် ပြန်လည်ဆုံတွေ့တာကို သေချာတွေးတော့ ခေတ်သစ် ကမ္ဘာကြီး၏ နည်းပညာ ထွန်းကားနေမှုကို ကျေးဇူးစကား ဆိုရမည်။ Facebook ပေါ် သူ့နာမည်တွေ့တော့ “Hello my friend” လို့ မက်ဆေ့ချ်လေး ထားပြီး နှုတ်ဆက်လိုက်သည်။ ကာလရှည်ကြာစွာ အတူတူခရီးကြမ်း ဖြတ်ခဲ့သူ၏ အားရဝမ်းသာ တုန့်ပြန်မှုအပြီး အတိတ်ဆီသို့ ၂ ယောက်သားကို ပြန်လည် ခေါ်ဆောင် သွားခဲ့သည်။ အတူတူ နေခဲ့တုန်းက ရက်တွေလို စကားတွေ ဖောင်ဖွဲ့ကြတော့ အများဆုံး ပြောဖြစ်တာက ကဗျာအကြောင်း စာအကြောင်း၊ နောက် ပန်းချီကားတွေအကြောင်း။
“ကဗျာတွေကော ရေးဖြစ်လား”
သူနှင့် ကာလကြာမြင့်စွာ ခရီးတခုကို ဖြတ်ကျော်ခဲ့စဉ်က နှစ်ယောက်သား ဒဏ်ရာတွေကို ကဗျာနဲ့ ကုစားခဲ့ဖူးသည်။ အခုလည်း ခုံမင်စွာ ထွေးပွေ့ခဲ့ဖူးသော ကဗျာက ပြောစရာစကားတွေထဲ ထိပ်ဆုံးက နေရာယူလာသည်။ အနုပညာတခုကို ဝေငှတော့မည်ဆိုလျှင် အတည်ငြိမ်ဆုံးသော ဟန်က ဟိုးယခင်က အတိုင်း မပြောင်းမလဲ။သူ ကဗျာတပုဒ်ကို ရွတ်ဟန် ပြင်သည်။
“တစ္ဆေရထား”
ဒီမှာ
လရောင်နဲ့ အေးစက်လောင်ကျွမ်းလို့
ရေလို မျောပါနေတဲ့
ဒရွတ်ဆွဲနာရီလက်တံ
ပေါက်ထွက်နေတဲ့မျက်လုံး
ဒါမှမဟုတ်
ချဉ်ခြင်းပူးကပ်
တစ္ဆေရထားဟာ
ရွေ့ကနဲသွားနေတယ်။
တွဲ ၁၂ တွဲ တပ်ရင်း
ကြိုဆွဲချထားသူရဲ့လျှာလို
အဆုံးထိ ဆန့်ထုတ်လိုက်တဲ့ မွန်းကျပ်မှုနဲ့
သွေးစိမ်းယို အသားတစ်များ
လျက်လို့ ပွတ်သပ်သွားတော့
ကျုံ့ဝင်နေတဲ့ အံကြိတ်သံတွေက
အရှိန်ရလို့ ဆူဆူညံလာ
ခန အတွင်းမှာပဲ
ရထားရဲ့တိတ်ဆိတ်သံက
ဖုံးလွှမ်းသွားရင်းနဲ့။
ကင်းမြီးကောက်ရဲ့အမြီး
အဆိပ်ရည်ပြည့်လို့
မျှော်လင့်ခြင်းများ ထိုးစိုက်လာ
ယောင်ရမ်းလို့အော်ဟစ်
နာကျင်လူးလွန့်နေနေ
ဟောဒီ အရိပ်လိုတိတ်ဆိတ်တဲ့
တစ္ဆေရထားဟာ
ညပေါင်းများစွာကြာခဲ့ပြီ။ ။
ကဗျာရွတ်အပြီး အနားကိုရောက်လာသူ တဦးကို သူ မိတ်ဆက်ပေးသည်။
“ဦးပဇ္ဈင်း ဒါ တပည့်တော် ညီမပေါ့ လူကိုမြင်ရလား”
မြန်မာပြည်၏ အင်တာနက်နှုန်းကို နားလည်သဘောပေါက်စွာ ပုံရိပ်ပေါ်တလှည့်၊ မပေါ်တလှည့် ရုပ်သွင်ကို လှမ်းမြင်ရသည်။ အစ်ကိုရဲ့ခရီးကြမ်းကို နီးနီးဝေးဝေး မညည်းမညူ လိုက်ပါခဲ့သော ညီမက နရသိန်ပြန်တို့၏ စကားဝိုင်းကို အကျွမ်းတဝင် ရှိပြီးသား။ နားလည်သဘောပေါက်သည့် ပတ်ဝန်ကျင်ထဲ ပြန်လည် ဝင်ရောက်ရသူအတွက် ပတ်ဝန်းကျင်နှင့် အလွယ်တကူ အံဝင်ခွင်ကျ ဖြစ်ရသော်လည်း နားလည်မှု မရှိသော ပတ်ဝန်းကျင်ထဲ ဘဝကို ပြန်တည်ဆောက် ရသူတို့၏ အခက်အခဲကိုလည်း ကြားသိနေရသည်။ ယခု ဦးပဇ္ဈင်းတို့ရဲ့ ရဲဘော်ကြီးက ကံကောင်းသည်။ သူ့ကို သူ့မိသားစုက အထူး နားလည်သည်။ ၂၀၀၇ တုန်းက ထောင်ထဲကို ခိုးသွင်းထားတဲ့ ရေဒီယိုလေးကနေ သူတို့သားအမိ၏ အသံကို ကြားခဲ့ရဖူးသည်။
သား၏ အလုပ်အပေါ် မိခင်၏ နားလည်မှု အပြည့်အဝအား ကြားရတော့ သားရော အမေကိုပါ အားလုံးက ကြည်ညိုခဲ့ရသည်။ အခုသူက နံရံလေးဘက်ကြားက ဖန်တီးခဲ့သော လက်ရာများကို ပြသသည်။ ဒီတခေါက် သူရလိုက်သည့် အမြတ်က ကြီးမားလှသည်။
“ဦးပဇ္ဈင်းဒါက အမေ၊ ဒါကအဖေ ”
နံရံတွင်ချိတ်ဆွဲထားသော ပုံ နှစ်ပုံဘက်ကို ကွန်ပျူတာကင်မရာ လှည့်ပြီးပြရင်း လောကကြီးထဲ မရှိတော့ပြီဖြစ်သော မိခင်နှင့် ဖခင်ကို မိတ်ဆက်ပေးသည်။
“ဦးကြွယ်၊ ဒေါ်မိမိလေး”
ကာလအရှည်ကြီးတခု အတွင်း အတူနေခဲ့ရသူမို့ တမိသားစုလုံး၏ နာမည်က တရင်းတနှီး။ ၁၉၉၄ ခု ဇွန်လ ၁၁ ရက်နေ့ မနက်က ကားတစီးတည်း အတူတူစီးရင်း နှစ်ရှည် နေထိုင်ရမည့် ဆရာစံ နယ်မြေသို့ ဆိုက်ရောက်ခဲ့ကြသည်။ အတူတူ နေကြတော့ တူရာစု ပြောဆိုကြရင်း နှစ်သက်ရာ တူညီမှုမှာ စုရပ်တခုအဖြစ် နားခိုကြသည်။ သူက စကားပြေလည်း အရေး ကောင်းသည်။ သူ့ စာစီစာကုံးကို ဟိုယခင် သူ့မှန်း မသိခင်ကတည်းက ဖတ်ဖူးထားသည်။ ဝါကျ တည်ဆောက်ပုံကို ပြောပြခဲ့ချက်က ကိုယ်တိုင် စာတကြောင်းရေးတိုင်း သူ့ကို အမှတ်ရစရာ ဖြစ်လာသည်။ ထောင်တွင်း ခိုးဝှက် ထုတ်ဝေခဲ့သော စာစောင်ထဲ သူရေးသော စကားပြေကို အားကျခဲ့ရဖူးသည်။ သူ၏ စာစီစာကုံး တခုကို ဦးပဇ္ဈင်း Facebook ရဲ့ Wall ပေါ် တင်ထားတော့ အသိတယောက်က လှမ်းမေးသည်။
“ဦးပဇ္ဈင်း အဲဒီ မောင်ဌေးကြွယ်က အခု ၈၈ က ကိုဌေးကြွယ်လား”
ဟုတ်မှန်ကြောင်း ပြန်ဖြေလိုက်တော့ နဂိုကတည်းက တလေးတစားရှိနေသူက ကိုဌေးကြွယ်လက်ရာကို ပိုလေးနက်စွာ ဖတ်နေမှာ သေချာသည်။
“’ဒါ တပည့်တော်ဆွဲထားတဲ့ ပန်ချီကားတွေ ”
တခုပြီးတခု ထောင်ပြသည်။ ပထမဆုံး တွေ့လိုက်ရသည့်ကားက ရင်ထဲအထိ ရိုက်ခတ်သွားသည်။ စာအုပ်တွေ တထပ်ကြီးမှာ ပန်းတွေက အလှဆင်စရာအဖြစ် ပါဝင်နေသည်။ သူရွေးထားသည့် ပန်းကိုကြည့်လိုက်ပါဦး၊ ကိုက်လံပန်းရယ်၊ ချဉ်ပေါင်ဖူးရယ်။ သာမန် လူတယောက်ကတော့ ဒီပန်းနှစ်မျိုးက ထူးခြားမှုရှိမည် မဟုတ်သော်လည်း နိုင်ငံရေးသမားတို့ လျှောက်လှမ်းခဲ့သော ကန္တာရလမ်းထဲက ပေါများလှစွာသော ပန်းနှစ်မျိုးကို ချက်ခြင်း ပြေးမြင်မိစေသည်။ စာအုပ်ဆိုတာက လွတ်လပ်သော ခရီးပန်းတိုင်သို့ လမ်းညွှန်ချက်တို့ ပြည့်နှက်သော ဘဏ္ဍာတိုက် မဟုတ်လား။ လွတ်လပ်မှု ခရီး သွားရာမှာလည်း ပန်းတွေ ရှိနေတာကို ကဗျာရေးတဲ့ ပန်းချီဆရာက ယှဉ်တွဲ မြင်လိုက်ပုံရသည်။ လွတ်လပ်သော ဘဝခရီးသို့ ပန်းတွေဖြင့် အလှဆင်သော လမ်းကို ကိုဌေးကြွယ် ထောင်ထဲရှိစဉ် ကတည်းက စတွေးထားပြီးပါလား။
နောက်တကားက တောင်တွေလိုလို ရေလှိုင်းတွေလိုလိုမို့ “ကိုဌေးကြွယ် ဘာတွေလဲ” လို့ လှမ်းမေးလိုက်တော့
“တိမ်တွေလေ၊ တောင်တွေလို ဆွဲထားတာ”
အနိမ့်အမြင့် အဆင်းအတက်က မြေပြင်မှသာ ရှိတာမဟုတ်။ ကောင်ကင်မှာလည်း ရှိနေပါလား။ ကောင်းကင်က မုန်တိုင်း အနိမ့် အမြင့်ကို သံဝေဂနဲ့ပဲ ကြည့်ရမလား၊ နိယာမ တရားရှုထောင့်ကပဲ ကြည့်ရမလားတော့ မသိ။ နောက်တကားကို ဆက်ပြပြန်သည်။
အရုဏ်မှာ ကုလားထိုင်လေးတလုံး၊ ရိုးတံကျဲကျဲ သစ်ပင်၊ မြက်ခင်းစိမ်းစိမ်း၊ ထိုင်သူမဲ့ကုလားထိုင်။ ဘာကြောင့် ကိုဌေးကြွယ် အရုဏ်ကို ရွေးချယ်လိုက်ရတာလဲ၊ ဒီအရုဏ်ဦးမှာ အရိုးချည်းကျန်တော့တဲ့ သစ်ပင်က ဘာအဓိပ္ပာယ်လဲ။ ပိုပြီး စိတ်ထဲထိထိရှရှ ဖြစ်ရတာက ထိုင်သူမဲ့ ကုလားထိုင်။
အနုပညာ ထုတ်ကုန် ထုတ်လုပ်သူဆိုတာ စိတ်ထဲထိထိခိုက်ခိုက် ခံစားမိတာမှန်သမျှဟာ သူရဲ့ကုန်ကြမ်းတွေ။ အာရုံထဲတင်မက မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရတာတွေကို သူ့ရဲ့ နှလုံးသား မှတ်တမ်းထဲ မပျောက်မပျက် သိုမှီးမြဲ။ ဒီတော့ သူကိုယ်တိုင် ရင်ဆိုင်တွေ့ကြုံလိုက်ရသော နာဂစ်သည်လည်း သူရဲ့ စုတ်ချက်တို့ တို့ထိရာ ဖြစ်ခဲ့ရသည်။ ကန်သင်းရိုးတခု၊ လယ်ကွက်ထဲက ရေများ၊ မှောင်မဲနေတဲ့ ကောင်းကင်။ လူသူကင်းမဲ့နေတဲ့ ဟောဒီ လယ်ကွင်းကြီးကို မဲမှောင်မှောင် ကောင်းကင်ကြီးက အုပ်မိုးထားသည်။
နောက် ကောသွားတဲ့ ချောင်းကလေးကား တခု။ နောက်တကားက သစ်ရွက်ကြွေတွေ မြေပြင်မှာ၊ လေထဲမှာ၊ နေရောင်တွေ အင်ပရက်ရှင်နစ် ကားတွေ။
အခုနောက်ဆုံး ကြည့်မိတဲ့ကားကတော့ နိုင်ငံရေးသမား တယောက်ရဲ့ အနုပညာနဲ့ တွဲဖက်ပြီး ခရီးကြမ်းထဲ ဖြတ်သန်းမှုကို ထင်ဟပ်သော အပေါ်လွင်ဆုံး ပန်းချီကားချပ်ဖြစ်မည်။ ၂၀၁၀ ရွေးကောက်ပွဲရက်က သူထောင်ထဲမှာ။ ထိုအချိန်က ရင်ထဲပေါ်လာသော ခံစားချက်က အနုပညာ အမြင်သာမက နိုင်ငံရေးအမြင်ကိုပါ တွေ့ရမည်။ အားလုံးလိုလိုက တခုတည်းကိုသာ ဦးတည်လျှောက်နေ ကြသည်။ ထွက်လမ်းက ဒီတလမ်းထဲ ရှိတော့တာလား။ လူတွေက တရွေ့ရွေ့ သွားနေကြသည်။ သိူ့သော် ခံစားမှုမဲ့၊ အသက်မပါ။ အစိမ်းရောင်ညိုညိုတွေက အပေါ်က အိကျနေသည်။ လူတိုင်းက လွှတ်တော်၊ လွှွတ်တော် ဒီတခုတည်းကိုသာ ရွေးနေကြချိန်။ စစ်သားတမတ် ပါလီမန်။ ခံစားမှုမဲ့သည့် လူများ။ အဖြေက ဒီတခုတည်းလား။
သူ၏ ပန်ချီကားတွေက အနုပညာ လက်ရာဖြစ်သလို အသံတိတ် ဆောင်းပါးတွေလည်း ဖြစ်သည်။ အရုပ်ကဗျာဟု ပြောလို့ရသလို အရောင်နဲ့ပြသော သံစဉ်များလည်း ဖြစ်သည်။ ကန္တာရထဲ စိုက်ပျိုးခဲ့သော ပန်းပွင့်များဟု ကင်ပွန်းတပ်ကလည်း မမှား။ ဒီဆောင်းပါးကို ကိုဌေးကြွယ်၏ ထောင်တွင်းဖြစ်ကဗျာ တပုဒ်နှင့် အဆုံးသတ်ချင်ပါသည်။
လွင်ပြင်ရိုင်းတဲ့
အဲဒီမှာ
လတစင်းပဲ့ကြွေ ကျနေတယ်
အသိုက်အမြုံမဲ့
သံစဉ်တချို့က
မူးယီမျောလွင့်
တေးသွားနင့်နင့်ကို ညည်းလိုက်တော့
အတူတမ်းတ နေပါပြီ
စေးထန်းလာတဲ့လေထဲ
နှုတ်ခမ်းစုံကို သိမ်းသပ်
ရေလိုငတ်လို့ မောဟိုက်ရင်း … ။