ဒုက္ခသည်စခန်းကနေ အနောက်ဘက်တောင်တန်းတွေကို လှမ်းမျှော်ကြည့်လိုက်ရင် မိုးရွာပြီးကာစ တော တောင်တွေဟာ အစိမ်းရောင်ကို လွှမ်းခြုံထားတယ်။ တောင်တန်းစိမ်းစိမ်းတွေ ကြားကနေ ရေစီးကြောင်းဖြူဖြူကိုလည်း မြင်ရတယ်။ တိမ်ခိုးတွေက တောင်တန်းတွေကို ဖုံးကွယ်လိုက် ဖယ်ရှားလိုက်နဲ့ ဆေးခြယ်နေပါတယ်။ တိမ်ခိုးတွေကြားမှာ ငှက်ကလေးတွေလေဟုန်စီးနေတယ်။
ညနေဆည်းဆာမှာ အိပ်တန်းပြန်ကြတဲ့ ငှက်ကလေးတွေနဲ့အတူ ကျမရဲ့အိမ်လွမ်းစိတ်တွေလည်း အမြဲပါသွားတာပေါ့။ ရေကြည်ရာ မြက်နုရာ အစာရှာကြတဲ့ ငှက်ကလေးတွေရဲ့ အိပ်တန်းက မြန်မာပြည်နဲ့ ထိုင်းနယ်စပ်နားဆီမှာ ရှိတာလား၊ ဒါမှမဟုတ် မြန်မာပြည်ထဲမှာရှိတာလား ကျမသိချင်လိုက်တာ။
အိမ်နီးချင်းနယ်စပ် ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းဒုက္ခသည်ပေါင်း တသိန်းကျော်ရှိတယ်လို့ သတင်းဌာနကနေ မကြာခဏ ထုတ်ပြန်ကြတယ်။ စစ်ရေး နိုင်ငံရေးကြောင့် ဘဝလုံခြုံရာဆီ ပြောင်းရွှေ့လာခဲ့ကြတာပါ။ မိခင်နိုင်ငံကို စစ်မြေပြင်အဖြစ်သာ ကြားခဲ့ကြုံခဲ့ရတဲ့ ကရင့်စစ်ပြေး ကလေးငယ်တချို့ကို ဇာတိဘယ်ကလဲ မေးရင် တချို့ကလေးငယ်တွေ ဖြေတာကို နားထောင်ပြီး ကျမရင်ထဲ ထိထိခိုက်ခိုက် ဖြစ်ရပါတယ်။
“သမီးကို အမိုးမွေးနေတုန်း စစ်ပွဲဖြစ်တယ်။ မွေးပြီးပြီးချင်း နောက်တနေရာပြောင်းရတော့ သမီးဇာတိကို ဘယ်လိုဖြေရမှန်းမသိဘူး” တဲ့။
နိုင်ငံမဲ့နေတဲ့ ဒုက္ခသည်ကလေးငယ်တွေရဲ့ အနာဂတ်ကို ကျမ မတွေးရဲပါဘူး။ ဒုက္ခသည် ကလေးငယ်တွေရဲ့ မိဘတွေထဲမှာ ကျောင်းသားတပ်မတော် ABSDF ရဲဘော်တွေရှိတယ်။
၈၈ အရေးတော်ပုံအပြီး မြန်မာပြည် ဒီမိုကရေစီအရေးအတွက် လက်နက်ကိုင် တော်လှန်ရေးကို လုပ်မှဖြစ်မယ်လို့ယုံကြည်ပြီး တောခိုခဲ့ကြတဲ့သူတွေ၊ ကျောင်းစာသင်ခန်းကို ကျောခိုင်းပြီး ကျောင်းသားက သူပုန်ဖြစ်ခဲ့ရတာ။ တောထဲတောင်ထဲမှာ ငှက်ဖျားရောဂါနဲ့ အသက်ဆုံးပါးသွားသူတွေ သရက်ကင်း ရိုက်ချလိုက်သလို တဖြုတ်ဖြုတ်ပဲလို့ စိတ်ထိခိုက်စွာ ပြောတာ ကြားဖူးတယ်။
“၈၈ တောခိုကျောင်းသားတွေ စစ်သင်တန်း တက်ကြတာ၊ မိန်းကလေးတွေလည်း ပါတယ်။ ဘက်တံဆိပ်က ခွပ်ဒေါင်းတံဆိပ်။ မောလို့ နားကြရင် သစ်မြစ်သစ်ဆုံပေါ်ပဲ နားကြတာကို မြင်ယောင်နေသေးတယ်။ သူတို့ကိုမြင်ရတာ သိပ်တက်ကြွတာပဲ” လို့ အသိတယောက်က ပြောပါတယ်။
“မခံချင်စိတ်နဲ့သာ လုပ်ကြရတာ။ မြို့ပေါ်ကလူက တောဒဏ်မခံနိုင်ဘူး။ ဖျားနာရင် ဆေးဝါးမရှိဘူး။ သရက်ကင်း ရိုက်ချလိုက်သလို တဖြုတ်ဖြုတ်ပဲ ငှက်ဖျားနဲ့ သေကြတာ လက်ကုန်ပဲ။ ရှေ့တန်းထွက်ရရင်လည်း ပြန်ပါမလာတာ များတယ်။ တိုက်ပွဲမရှိရင် ကျိုက်ဒုံ၊ အဇင်းရွာကလူတွေ အိမ်မှာနေကြတယ်။ KNU အထောက်အပံ့နဲ့ AB ရဲဘော် တွေနေကြတာ” လို့ ကျိုက်ဒုံက ထွက်ပြေးခဲ့ရတဲ့ ကျမ မိတ်ဆွေက ပြန်ပြောပြတယ်။ အဇင်း၊ ကျိုက်ဒုံဆိုတာ ဘုရားသုံးဆူ နယ်ခြားဒေသ တဝိုက်နဲ့ နီးတာပေါ့။
“၁၉၉၇မှာ စစ်တပ် တပ်မ ၂၂ က ကျိုက်ဒုံကို သိမ်းတယ်။ တပ်မ ၄၄ က အဇင်းကို ပတ်သိမ်းတယ်။ ၈၈ အရေးအခင်းမှာ ကျောင်းသားတွေကို ပစ်သတ်တာ တပ်မ ၂၂ လေ။ ကျိုက်ဒုံမှာ ကျောင်းသားနဲ့ တပ်မ ၂၂ တိုက်ပွဲ ဖြစ်တာ ရေစက်ပဲ။ ကျိုက်ဒုံက KNU နယ်မြေ။ အနှစ်၄၀ KNU က အုပ်ချုပ်လာတာ။ ၁၉၉၇ မှာ စစ်တပ်အောက် ရောက်သွားတာ။”
“တတိယနိုင်ငံရောက်သွားတဲ့ AB ရဲဘော်တွေက သူတို့ တည်းခိုနေထိုင်ခဲ့တဲ့ ကျိုက်ဒုံ၊ အဇင်းက အိမ်ရှင်တွေကို တတ်နိုင်သလောက် ပြန်ထောက်ကြတယ်။ ဒုက္ခသည်စခန်းထဲက AB ရဲဘော်တွေကတော့ တောတိုးပြီး ဟင်းစားရှာကြရတယ်။ အိမ်မိုးတာ၊ တဲအိမ်ဆောက်တတ်တာ တောထဲက တတ်လာတာ။ သေနတ်ကိုင်ခဲ့ တဲ့လက်တွေ အခု ဓားမကိုင်ပြီး ထင်းခုတ်နေရတယ်။ တောထဲက အင်ဖက်ကောက်ပြီး အိမ်မိုးလို့ရအောင် ဖက်ပစ်တတ်တယ်။ မိဘတွေမြင်ရင် ရင်ကျိုးမှာ လက်ကုန်ပဲ” တဲ့။
ဒုက္ခသည်ဘဝနဲ့ အိမ်ထောင်ကျတဲ့ AB ရဲဘော်တချို့ရဲ့ အိမ်ထောင်ရေးဟာ ကြေကွဲစရာ ကောင်းလှပါတယ်။ အလုပ်လက်မဲ့ အိမ်ထောင်ဦးစီးကို မှီခိုနေရတဲ့ အိမ်ရှင်မတွေ သတ္တိကောင်းပြီး ကိုယ့်ဘဝကိုကိုယ် သေသေ ချာချာ သဘောပေါက်နားလည်နိုင်မှ အိမ်ထောင်တခုကို ထိန်းသိမ်းနိုင်မှာပါ။
ဒုက္ခသည်စခန်းဆိုတာ အပြင်ထွက်ပြီ်း အလုပ်လုပ်လို့ရတဲ့ နေရာမဟုတ်ပါဘူး။ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို ရိက္ခာထာက်နေတဲ့ TTBC ကပေးတဲ့ ရိက္ခာကိုအမှီ ပြုပြီး ဘဝရပ်တည်နေရတာပါ။ ဒီတော့ မပြည့်စုံမှု၊ မလုံလောက်မှုနဲ့ အမြဲဆူပူနေတဲ့ တဲအိမ်လေးထဲမှာ အကြမ်းဖက်မှုဆိုတာ အမြဲရှိနေတယ်။
နိုင်ငံမဲ့ အနာဂတ်မဲ့ ဖြစ်သွားတဲ့အချိန်မှာ AB ရဲဘော်တချို့ကို သူတို့ဇနီးမယားတွေက သားသမီးတွေပါထားပြီး စွန့်သွားခဲ့ကြတယ်။ ကလေးသုံးယောက်နဲ့ ကိုချစ်ကို ဆိုတဲ့ AB ရဲဘော်ဟာ လူမမယ်သားသမီးတွေကို ပြုစု ပျိုးထောင်ပြီး တဖက်က နှစ်စဉ် တဲအိမ်ပြုပြင်တဲ့ လက်သမားအလုပ်နဲ့ ဒုက္ခသည်ဘဝကို ကျားကန်နေရတယ်။ ဒီနှစ်မှာ ကျမတို့ စခန်းထဲ မိုးများတော့ သစ်ပင်တွေ ပြိုလဲကုန်ကြတယ်။ ဘယ်အိမ်ထိသွားလဲလို့ နားစွင့်နေတုန်းမှာပဲ ကိုချစ်ကိုအိမ် သစ်ပင်ပိသွားတယ်။ သူရှိနေတုန်းမို့ ကလေးတွေကို ဆွဲထုတ်ပြီး လွတ်ရာကို ပြေးနိုင်ခဲ့တယ်။
ဒုက္ခသည်စခန်းထဲမှာ ဘဝပေါင်းစုံရှိတယ်။ အဖြစ်အပျက်ပေါင်းစုံရှိပါတယ်။ ဒုက္ခသည်တွေဟာ ကိုယ့်ဘဝကို ကိုယ်မပိုင်ပါဘူး။ အိမ်ရှင်ထိုင်းနိုင်ငံနဲ့ UNက ဒုက္ခသည်ရဲ့ အနာဂတ်ကို ပိုင်သလို ဒုက္ခသည်ဟာ မှီခိုသူအဖြစ်နဲ့ TTBC ရိက္ခာပေါ်မှီပြီး အသက်ရှင် ရပ်တည်နေရပါတယ်။ ဒီဒုက္ခသည်တွေထဲမှာ ကိုယ့်ကြမ္မာကိုတင် မဟုတ်ဘဲ တိုင်းပြည်ကြမ္မာကိုပါ ဖန်တီးချင်သူတွေ ပါရှိပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာ ငြိမ်းချမ်းရေးေ ဆွးနွေးပွဲတွေ လုပ်နေချိန်မှာပဲ ပြည်တွင်းစစ်မီးရဲ့ အကျိုးဆက်ကြောင့် ဒုက္ခသည်စခန်းတွေ မြန်မာပြည်တွင်းထဲမှာ ပါရှိနေပါတယ်။ သဘာဝ ဘေးဒဏ် ခံစားရသူ ဒုက္ခသည်တွေအတွက် ဒီမိုကရေစီအင်အားစုတွေ ရန်ပုံငွေရှာပြီး ကူညီပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေကြတဲ့ သတင်းမြင်ကွင်းက ဒုက္ခသည် ကျမအတွက် စိတ်ထိခိုက်စရာ မြင်ကွင်းပါ။
ကျမတို့ကိုယ်တိုင် အလှူရှင်တွေပေးကြတဲ့ ပစ္စည်းကိုယူရတိုင်း ခံစားရတဲ့ ခံစားမှုမျိုး ပြည်တွင်းက ဒုက္ခသည်တွေ ခံစားနေရလိမ့်မယ်လို့ ကိုယ်ချင်းစာမိတယ်။ သိမ်ငယ်စိတ်က ကျမတို့ကို အမြဲ ငြင်းဆန်နေတယ်။ ဒါပေမယ့် အသက်ရှင်ရပ်တည်ဖို့ လက်ကမ်းနေရတယ်။
၁၉၉၈-၉၉မှာ ရွှေဂုံတိုင် NLD အဖွဲ့ချုပ်ရုံးရှေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆန်လှူတော့ အဖွဲ့ဝင် လူငယ်အနေနဲ့ ရုံးရှေ့မှာ ဆန်လာယူသူတွေကို ဆန်ဝေပေးတုန်းမှာ ပြောတဲ့မိန့်ခွန်းကို ကျမ ပြန်အမှတ်ရနေမိတယ်။
“ဒီနေရာမှာ တားဆီးပိတ်ပင်ခံနေရတဲ့ကြားက ဆန်လာယူသူတွေကို ကျမပြောချင်ပါတယ်။ ဆန်ယူဖို့ တန်းစီနေရမယ့်အစား ပြည်သူလူထု ကိုယ့်ဆန်အိုးထဲကဆန်ကို ကိုယ့်ဘာသာ ရဲရဲတင်းတင်း နှိုက်ချက်စားနိုင်တဲ့ ဘဝရောက်အောင် လုပ်ပေးနိုင်မှ ကျမတို့ တာဝန်ကျေမှာပါ” တဲ့။
ဒီစကားရဲ့ အနက်အဓိပ္ပါယ် ဘယ်လောက် ကျယ်ဝန်း နက်ရှိုင်းတယ်ဆိုတာ ဒုက္ခနဲ့ သောင်တင်နေတဲ့ ကျမ ဘဝနဲ့ရင်းသိရှိ ခံစားနေရပါတယ်။ ကျမကို တန်ခိုးရှင် တယောက်က ဆုတခုတောင်း၊ ဒီဆုက ပြည့်မယ်ဆိုရင် “ကျမတို့ မြန်မာပြည် ပြည်သူလူထု ပြည့်စုံတည်ငြိမ်တဲ့ ဘဝကိုရရှိရပါလို၏” ဆိုတဲ့ ဆုကို တောင်းမိမှာပဲ ဖြစ်ပါတယ်။
ဒုက္ခသည်ဆိုတာ လွမ်းလောက်တဲ့ အတင်အသတွေနဲ့ ဆုပဲ တောင်းပိုင်ခွင့်ရှိလို့ပါ။ ။