မြန်မာနိုင်ငံ ဒေသအသီးသီးက အဓမ္မသိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး လယ်သမားတွေ နည်းလမ်း အစုံ အသုံးပြုပြီး ဆန္ဒပြတောင်းဆိုနေကြတဲ့ အတောအတွင်း မကြာသေးခင်ကတင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်သိန်းလင်း က လယ်သမား အရေးအဆို တခု လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
ဦးအောင်သိန်းလင်း ရဲ့အဆိုကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ်တွေက ကန့်ကွက်ပေမဲ့ မဲ ခွဲဆုံးဖြတ်ရာ ထောက်ခံသူများတဲ့အတွက် ဆက်လက် ဆွေးနွေးဖို့ အနိုင်ရသွားပါတယ်။ ကန့်ကွက် ဆန္ဒပြမှု၊ တရားစွဲဆိုမှု တွေဆက်တိုက် ဖြစ်ပွားနေချိန်မှာပဲ ကြံ့ခိုင်ရေး ကိုယ်စားလှယ် ဦးတင်ထွဋ် က လည်းပဲ လယ်သိမ်းခံထားရတဲ့ လယ်သမားများ နစ်နာမှု မရှိရ အောင်ဆောင်ရွက် ပေးဖို့ ကိစ္စ နဲ့ပတ်သက်တဲ့ အဆိုတခု ကို လွှတ်တော်မှာ မကြာသေးခင် က တင်သွင်းခဲ့ပါသေးတယ်။
အစိုးရ ပါတီကဖြစ်ပြီး လူပြောခံရပေမဲ့ လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကတော့ ဦးအောင်သိန်း လင်းရဲ့ အဆိုကို အပြည့်အ၀ ထောက်ခံတယ်လို့ဆိုပါတယ်။
“လယ်လုပ်သူ လယ်သမားများကိုသာ ဦးပိုင်အမည်ပေါက် သတ်မှတ်၍ လုပ်ပိုင်ခွင့် ချထားပေးသင့်ကြောင်း” ဆိုတာက ပထမ ဆုံးပိုင်ရှင်ကို အပိုင်ပေးရမယ် ဆိုတဲ့ သဘောပါ၊ ဒီတော့ လယ်သမားတွေ ဘက်က ပြောတဲ့အတွက် ထောက်ခံတယ်”လို့ ဆိုပါတယ်။
ဦးအောင်သိန်းလင်း တင်တဲ့ စားကျက်မြေ ကိစ္စဟာလည်းပဲ တနိုင်ငံလုံးမှာ ဧက ပေါင်းများစွာ ရှိတယ်၊ သူ့အဆို ဟာ မူလ လယ်ပိုင်ရှင် လယ်သမားတွေ အတွက် အမည်ပေါက် လုပ်ပေးဖို့ တင်ပြတာဖြစ်လို့ ထောက်ခံသင့်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တချို့ကလည်း ဆိုပါတယ်။
လယ်သမားတွေ မနစ်နာရအောင် လုပ်ဆောင်ပေးဖို့ လွှတ်တော်က ပြောနေ၊ ဆိုနေပေမယ့် လက်တွေ့မှာတော့ လယ်သမားအရေး ဆန္ဒပြတာတွေ၊ ဦးဆောင်သူတွေကို ရှာဖွေ ဖမ်းဆီးတာတွေ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ စစ်ကိုင်းတိုင်း ဆားလင်းကြီး ဒေသ လယ်သမား အရေး ကူညီ ပေးနေတဲ့ ကိုဝေဋု ကို အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။ မင်္ဂလာဒုံမြို့နယ် အတွင်းက လယ်သမား ၈၀ ကျော်ရဲ့ လယ်ဧက ၈၅၀ ကျော်ကို ဦးခင်ရွှေ က သိမ်းယူထားတဲ့အတွက် လယ် မားတွေနဲ့ ဇေကမ္ဘာကုမ္ပဏီ တို့အကြား တရားစွဲဆိုမှု ဖြစ်နေဆဲပါ။ အဲဒီကိစ္စ ကူညီဆောင်ရွက်ပေးတဲ့ ဦးနေမျိုးဝေ ဟာလည်းပဲ ဦးခင်ရွှေ ရဲ့တရားစွဲဆိုမှု နဲ့ ရင်ဆိုင်နေရပါတယ်။
လတ်တလော လူပြောများနေတဲ့ ဆန္ဒပြပွဲက မုံရွာ ကြေးနီစီမံကိန်းပါ။ ဒီ စီမံကိန်းက အရင်က ကနေဒါနိုင်ငံအခြေစိုက် အိုင်ဗင်ဟိုကုမ္ပဏီရဲ့ ရင်းနှီး မြုပ်နှံမှုနဲ့ စခဲ့ပေမဲ့ နောက်ပိုင်း ဟောင်ကောင်အခြေစိုက် တရုတ်ကုမ္ပဏီ တခု ဖြစ်သည့် မြန်မာဝမ်ပေါင် ကုမ္ပဏီကို မြန်မာစီးပွားရေးဦးပိုင်လီမိတက်က အကျိုးတူ စီးပွားဖက် ပြန်လုပ်ပြီး လုပ်ငန်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ကုမ္ပဏီအကူးအပြောင်းမှာ ခြစားမှုရှိတယ်လို့ စာရင်းစစ်ချုပ်က ပြည်သူ့လွှတ်တော် ဥက္ကဌဆီ အစီရင်ခံခဲ့တဲ့စာ ပေါက်ကြားခဲ့ဖူးပါတယ်။
အခု ဒီ စီမံကိန်းကြောင့် အနီးအနားရှိ ဝက်မှေး၊ ဆည်တဲ၊ ဇီးတော၊ ကန်တော အပါအဝင် ရွာပေါင်း ၂၆ ရွေ့ပြောင်းခဲ့ရပြီး၊ စိုက်ပျိုးဧက ၇၈၀၀ ကျော်သိမ်းဆည်းခြင်းခံရတာမို့ လယ်သမားတွေ ဆန္ဒပြလာခဲ့ကြတာပါ။ ပုဒ်မ ၁၄၄ ကိုပါ ထုတ်ပြန်ထိ အခြေအနေ တင်းမာခဲ့ပါတယ်။ လယ်သမားတွေကလည်း လယ်မြေတွေ မရမချင်း တိုက်ပွဲဝင် သွားဖို့ ဆုံးဖြတ်ထားပြီလို့ ဆိုတယ်။
ဆန္ဒပြမှု၊ အငြင်းပွားမှု ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ လွှတ်တော် အသီးသီးမှာ စုံစမ်း စစ်ဆေးရေး ကော်မတီ၊ ကော်မရှင်တွေ ဖွဲ့စည်းထားပြီ ဖြစ်လို့ မကြာခင်ရက် ပိုင်းတွေမှာ ကွင်းဆင်း စစ်ဆေးကြမယ်လို့ လွှတော်ကိုယ်စားလှယ်တွေက ပြောပါ တယ်။
စုံစမ်းရေး အဖွဲ့တွေမှာ လယ်သိမ်း အငြင်းပွားမှုနဲ့ ရင်ဆိုင်နေရတဲ့ ယုဇန ဦးဌေးမြင့်၊ ဇေကမ္ဘာ ဦးခင်ရွှေ တို့လို ပုဂ္ဂိုလ်တွေ ပါပေ မယ့် သူတို့မျက်နှာထောက်ထားမှာ မဟုတ် ဥပဒေ အရသာ ဆောင်ရွက်သွားမှာပါ လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။
“ပြည်နယ်၊ တိုင်းအသီးသီးကို သွားစစ်ကြတော့မှာပါ၊ အသိမ်းခံရသူရော သိမ်းသူကိုပါ နှစ်ဘက်စလုံးကို စစ်ဆေးမယ်၊ စစ်ဆေး တွေ့ရှိမှု ရလာဒ်ကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြရပါမယ်၊ အဲဒီစစ်ဆေးသုံးသပ်ချက် ကိုပဲ လွှတ်တော်က အတည်ပြုပေး မယ်”လို့ လည်း ပြောပါတယ်။
လယ်ယာမြေ အဓမ္မသိမ်းယူထားသူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူတာ ကနေ့အထိ တယောက်မှ မရှိသေး ဘူး လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းရေး ဆွဲရေး ကော်မ တီ ဝင် ဦးဘရှိန်ကလည်း ပြောပါတယ်။ ဦးဘရှိန် ဟာ ရခိုင်ပြည်နယ် လယ်မြေသိမ်းမှု ကိစ္စတွေ အတွက်ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် လည်းဖြစ်ပါတယ်။
မင်းပြားမြို့နယ်၊ သက်ပုန်းကျေးရွာက တောင်သူ ဦးသာထွန်းစိန်ပါ ၈ ဦး လုပ်ကိုင်စား သောက်နေတဲ့ လယ်မြေဧက ၇၄ ဧက ခန့်ကို သီးစားပြန်လည် လုပ်ပိုင်ခွင့်ရရှိရေး အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်စောဖြူက ပြီးခဲ့ရက်ပိုင်း အတွင်းလွှတ်တော်၌ မေးမြန်းရာ “ထိုမြေသည် စားကျက်မြေသာဖြစ်၍ ဥပဒေအရ ခွင့်ပြုမှသာ လုပ်ကိုင်ခွင့်ရမည်”လို့ ပြည်ထဲ ရေး ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဖြေဆိုခဲ့ပါတယ်။
ဒါပေမယ့် စားကျက်မြေ ဥပဒေ ဆိုတာ ဘယ်လိုမျိုးကို ခေါ်ဆိုတယ် ဆိုတာကိုတော့ ပြည်ထဲရေး ဒု ဝန်ကြီးက ရှင်းလင်းဖြေဆို သွားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် က လယ်သမား ၁၀ ကျော်ဟာလည်းပဲ သိမ်းဆည်းခံထားရတဲ့ မိမိတို့လယ်မြေတွေကို ထွန် ယက် လုပ်ကိုင်မှုတွေ ကြောင့် ဥပဒေ ပုဒ်မ ၃၉၅ အရ ဓားပြမှုနဲ့ တရားစွဲခံထားရတာကြောင့် ဖမ်းဆီးခံမှာ ကြောက်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေဆဲ လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဟာ ဓားပြမှု မမြောက်ဘူးလို့ ရှေ့နေတဦး ဖြစ်သူ ဦးဘရှိန် က ပြောပါတယ်။ “ဥပဒေကို ပြည်သူတွေရဲ့ လိုအပ်ချက် မှာ အသုံးမပြုဘဲ လူတစုအတွက် လက်နက်သဖွယ် အသုံးပြုနေတာ တချို့တွေ့နေရ တယ်၊ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ပြီပြင်ဖို့ အားလုံးက ပါဝင်ပူးပေါင်းဖို့ လိုအပ်တယ်”လို့ လည်း ဆိုပါတယ်။
ကချင်ပြည်နယ်၊ ဟူးကောင်း ချိုင့်ဝှမ်းဒေသမှာလည်းပဲ မြေဧက ၂ သိန်းကျော်ကို ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့် ပိုင် ယုဇန ကုမ္ပဏီ က သိမ်းယူထားတဲ့ ကိစ္စဟာ အငြင်းပွားမှု ပြဿနာ နဲ့ ရင်ဆိုင်နေရပါတယ်။
ဧက ၂ သိန်းကျော် အနက် လယ်သမား ၈၀ ကျော်က သူတို့လယ်မြေတွေ ပြန်လည်ရ လိုမှုနဲ့ တရားစွဲဆိုတော့ မူလနေရာ မ ဟုတ်သည့်တိုင် လုပ်ကိုင်စားသောက်နိုင်တဲ့ နေရာမှာ အမည်ပေါက်ပေးဖို့ ဦးဌေးမြင့် က သဘောတူခဲ့တယ်လို့ အမှုလိုက်ပါ ကူညီသူတ ချို့က ဆိုပါတယ်။
လယ်မြေ အများစုဟာ ဘူဒိုဇာတွေနဲ့ ထိုးချေလိုက်လို့ ပျက်စီးသွားတဲ့အတွက် တန်ဖိုးအတိုင်း လျှော်ကြေးပေးမယ်လို့ ဦးဌေးမြင့် က ပြောဆို ထားတယ်လို့ လယ်သမားအရေး ဆောင်ရွက်သူ ဒေါ်ဘောက်ဂျာ က ပြောပါတယ်။ ပေးဖို့ ပြောထားတဲ့ ကိစ္စ တွေကို တလအတွင်း ပေးဖို့ ယုဇနကုမ္ပဏီ ကိုတောင်း ဆို ထားတယ်လို့လည်း ဆိုပါတယ်။
လယ်ဧက ၂ သိန်းကျော်ထဲက အနည်းကိုသာ လျော်ကြေးပေးတာ၊ အစားထိုးပေးတာ လုပ်ပေးဖို့အတွက် ယုဇန ကုမ္ပဏီက သဘောတူညီမှု ပေးထားတယ် လို့သိရပါတယ်။ ကချင်ဒေသ လယ်သမားအရေး ဆောင်ရွက်ပေးသူ ဒေါ်ဘောက်ဂျာဟာလည်းပဲ အာဏာပိုင်တွေ ရဲ့ ခြိမ်းခြောက်မှု ကို မကြာခဏ ခံနေရသူပါ။
၁၉၈၈ နောက်ပိုင်း နိုင်ငံတာဝန်ယူခဲ့တဲ့ နဝတ၊ နအဖ စစ်အစိုးရ လက်ထက်ကနေ ဒီနေ့အထိ အဓမ္မ သိမ်းယူထားရတဲ့ မြေဧက တွေဟာ စားကျက်မြေ အပါအဝင် စုစုပေါင်း ဧက ၁၅ သန်း ဝန်းကျင်ရှိ တယ်လို့ လည်း လယ်သမား အရေးကူညီဆောင် ရွက်ပေးနေတဲ့ ရှေ့နေ ကိုဖိုးဖြူ က ဆိုပါတယ်။
“၁၅ သန်းဆိုတာ လယ်သမား အရေးဆောင်ရွက်သူတွေ၊ ဌာနဆိုင်ရာ တွေ၊ ကုမ္ပဏီတွေ ရဲ့ စာရင်း ဇယားတွေ ဆီက ရတဲ့ အထောက် အထား စာရင်းတွေ အရပြောတာပါ” လို့ ကိုဖိုးဖြူ ကဆိုပါတယ်။ လက်ရှိ ရေးဆွဲထုတ်ပြန်ထားတဲ့ နည်းဥပဒေ တချို့ ဟာလည်းပဲ လယ် သမားတွေ အတွက် အထောက်အကူ မဖြစ်ဘူးလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ တည်ဆောက်နေတဲ့ ဂက်စ်ပိုက်လိုင်း စီမံကိန်း တလျှောက်က လယ်မြေတွေ စားကျက်မြေ တွေဟာ ဆိုရင်လည်းပဲ ရခိုင်စစ် တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဗိုလ်ချုပ်တွေ၊ စစ်တပ်အကြီးအကဲ တွေဟာ ဒေသ ဆိုင် ရာ မြေစာရင်းဌာနနဲ့ ပေါင်းပြီး သူတို့မိသားစု ဆွေမျိုးတွေ အမည်ပေါက်တွေ လုပ်ခဲ့ပြီး ပြန်ရောင်းစားနေတယ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။။
ကျောက်ဖြူမြို့အနီး ဂုံးချိန်ရွာက သမဝါယမ မြေကွက်ကို အစိုးရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရခိုင်ပြည်နယ် တာဝန်ခံ ဦးမောင်ဦး မိန်းမ ဒေါ်ညွန့်ညွန့်ဦး အမည်တပ်ပြီး ပိုက်လိုင်း စီမံကိန်း လုပ်နေတဲ့ ကုမ္ပဏီကို ရောင်းစားခဲ့လို့ ရွာသားတွေရဲ့ တရားစွဲဆိုမှု နဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။
အဲဒီလို တရား ဥပဒေကြောင်းအရ အငြင်းပွား မှု ဖြစ်ပွားခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဦး ကို ရခိုင်ပြည်နယ် ရဲ့ မြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ ခေါင်းဆောင် အဖြစ်က ပယ်ဖျက် ခံခဲ့ရပါတယ်။ ဦးမောင်ဦးနေရာမှာ စစ်တပ်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝေလင်း ကိုအစားထိုး ခန့်အပ်ခဲ့တယ်လို့ သိ ရတယ်။
လွှတ်တော်က ရေးဆွဲထားတဲ့ လယ်ယာမြေ နည်းဥပဒေ တချို့မှာ ပုဂ္ဂလိက လယ်ယာမြေသိမ်းပိုင်ခွင့် မရှိစေရတဲ့ အကြောင်း ပါတယ်လို့ ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒါပေမယ့် နိုင်ငံတော် စီမံကိန်း လိုမျိုး ဆိုရင် သိမ်းယူနိုင်တဲ့ အ ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က လွှတ်တော်အစည်းအဝေးမှာ တရားဝင် ပြောဆိုပြီး ဥပဒေလည်း ရှိတယ်လို့ ဆိုပါတယ်။
“နိုင်ငံတော် စီမံကိန်းအရ သိမ်းယူပိုင်ခွင့် ရှိပေမယ့် လယ်သမားတွေရဲ့ သဘောတူညီမှု ရယူပြီး နစ်နာမှု မရှိရအောင် ဆောင် ရွက်ပေးရမှာ လို့ ဥပဒေမှာပါ ပါတယ်” လို့ ဦးဖုန်းမြင့်အောင် က ထောက်ပြပါတယ်။
လယ်သမားတွေဘဝက ဟိုးကိုလိုနီခေတ်က အခု ကြံ့ခိုင်ရေးပါတီခေတ်ထိ အုပ်ချုပ်သူနဲ့ ဥပဒေတွေသာ အမျိုးမျိုး ပြောင်းတယ် နင်းပြားဘဝ ဒုံရင်းက ဒုံရင်း ဘာမှ မပြောင်းလဲသေးကြောင်းပါ။ ။