အမေရိကန် သံအမတ် ခရစ်စတီဗန်စ်နဲ့ သံအဖွဲ့ဝင် ၃ ဦးတို့ ကျဆုံးသွားရတဲ့ လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု အပါအဝင် အာရပ်မွတ်စလင် ကမ္ဘာရဲ့ ဒေါသူပုန်ထကြွတာတွေ ပြီးနောက်မှာ သမ္မတ အိုဘားမားအစိုးရက အထောက်အပံ့တွေပေးနေတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေအပေါ်ထားတဲ့ မူဝါဒကို အလျင်အမြန် ပြန်လည်သုံးသပ်မှု လုပ်နေရပါတယ်။
အမေရိကန်ဆန့်ကျင်ရေး တိုက်ခိုက်အုံကြွမှုကို သက်ဆိုင်ရာနိုင်ငံ အစိုးရတွေက ကိုင်တွယ်နှိမ်နင်းဖို့ ဖိအားပေးနေစဉ် တပြိုင်နက် သံအဖွဲ့တွေ ပြန်ရုပ်သိမ်းရေးနဲ့ အထောက်အပံ့တွေ ရပ်ဆိုင်းရေးကိုလည်း အမေရိကန်အစိုးရ အရာရှိတွေ စဉ်းစားနေရပြီး လိုအပ်ရင် လုပ်ဖို့ လိုမယ်ဆိုတဲ့ အဆင့်ရောက်နေပါပြီ။ ဆူဒန်နဲ့ တူနီးရှားက သံတချို့ လုံခြုံရေးအရ ပြန်ဆုတ်ခွာခိုင်းပါပြီ။
အမေရိကန် လကျာ်ယိမ်း ခရစ်ယာန်တွေ လက်ချက်လို့ ယူဆနိုင်တဲ့ အစ္စလာမ် ဆန့်ကျင်ရေး ဗီဒီယိုကနေ အကြောင်းပြ စတင်ခဲ့တဲ့ ဒီအရေးအခင်းဟာ နိုဝင်ဘာ အမေရိကန် သမ္မတရွေးကောက်ပွဲ အကြို ပြောဆိုဆွေးနွေးစရာဖြစ်လာပြီး အိုဘားမားရဲ့ အရှေ့အလယ်ပိုင်း မူဝါဒအပေါ် မေးခွန်းတွေ ထုတ်လာကြပါတယ်။ အာဏာရှင်စနစ်က ဒီမိုကရေစီစနစ်ကို ကူးပြောင်းမယ့် အာရပ်နွေဦးကို အကူအညီ လုံလောက်အောင် မပေးခဲ့ဘူးလား၊ အစ္စလမ်မစ် စစ်သွေးကြွတွေကို စည်းမခြားခဲ့ဘူးလား၊ လုံခြုံရေးအရ စိုးရိမ်စရာရှိတာတွေကို အိုဘားမား ဖုံးဖိထားခဲ့သလား စတာတွေက မေးစရာတွေ ဖြစ်လာခဲ့ပါတယ်။
အိုဘားမားအစိုးရရဲ့ သံတမန်ရေးအရ ဖိအားပေးမှုကို တုန့်ပြန်တဲ့ အနေနဲ့ အီဂျစ်အစိုးရက ကိုင်ရိုက ဆန္ဒပြသူတွေကို တားဆီးနှိမ်နင်းသလို လစ်ဗျားအစိုးရကလည်း ဘန်ဂါဇီတိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ သင်္ကာမကင်းသူတွေကို ပိုက်စိပ်တိုက် ရှာဖွေတာတွေတွေ လုပ်နေပါပြီ။ ဆော်ဒီအာရေဗျနဲ့ တူနီးရှားကလည်း အေးဆေးငြိမ်သက်ဖို့ တိုက်တွန်းကြပါတယ်။ အဆိုးဆုံးကို ကျော်ဖြတ်လာခဲ့ပြီလို့ ထင်ရပေမယ့် မွတ်စလင်တွေ အမေရိကန်အလံကို မီးရှို့ ဆန္ဒပြကြတာတွေ ဆက်ဖြစ်နေတော့ လစ်ဗျားတိုက်ခိုက်ခံရမှု အပါအဝင် အမေရိကန်ဆန့်ကျင်ရေး သူပုန်ထမှုဟာ အမေရိကန် မဲဆန္ဒရှင်တွေကို စိတ်ခြောက်ခြားနေစေပြီး အိုဘားမားအတွက်လည်း စိတ်မချမ်းမြေ့ဖွယ် ဖြစ်စေပါတယ်။
တကယ်တော့ ၂၀၀၈ အိုဘားမား သမ္မတ အလုပ်စားပွဲ စထိုင်တဲ့အချိန်မှာ အီရတ်စစ်ပွဲကို အဆုံးသတ်ပြီး အာရပ်ကမ္ဘာနဲ့ အမေရိကန် ဆက်ဆံရေး တခေတ်ဆန်းဖို့ ရည်စူးထားခဲ့ပါတယ်။ ကိုင်ရို ရောက်လာပြီး ပြောကြားခဲ့တဲ့ အိုဘားမားရဲ့ မိန့်ခွန်းကလည်း အာရပ်ကမ္ဘာ ခေတ်သစ် ရောက်ပြီလို့တောင် အခါပေးခဲ့ပြီး အရှေ့အလယ်ပိုင်း တော်လှန်ရေး တောင်ပြိုတဲ့အထဲ ပိတ်မိနေတဲ့ အမေရိကန် သမ္မတဟာ အီဂျစ် အာဏာရှင် မူဘာရက် ဆန့်ကျင်တဲ့ ပုန်ကန်သူတွေကို ထောက်ခံခဲ့၊ လစ်ဗျားအာဏာရှင် ကဒါဖီကို ဗုံးကြဲဖို့အထိ အမိန့်ပေးခဲ့ပါတယ်။
သမ္မတ အိုဘားမားဟာ ဝါရှင်တန်နဲ့ အဆက်အဆံ မရှိခဲ့ဖူးတဲ့ အစ္စလမ်မစ် အဖွဲ့တွေက အာဏာရှင်အုပ်ချုပ်ရေးနဲ့ အစားထိုးလာနေတဲ့ ဒေသတွင်းမှာ အမေရိကန်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေး နဲ့ ဒီမိုကရေစီရေး ထောက်ပံ့ဖို့ကြား ချိန်ခွင်ရှာညီဖို့ အတော်ကြိုးစားရပါတယ်။ အမေရိကန်တွေအနေနဲ့ အရှေ့အလယ်ပိုင်းမှာ ဒီမိုကရေစီရေးကို အတိုင်းအတာ တစုံတရာ ထောက်ပံ့ကူညီနိုင်ခဲ့ပေမဲ့ အရိုးစွဲနေခဲ့တဲ့ အမေရိကန် မုန်းတီးရေးကို မလျှော့ချနိုင်ခဲ့သလို ဒေသတွင်း စီးပွားရေး အကြပ်အတည်းတွေကိုလည်း မဖြေရှင်းနိုင်ပါဘူး။ အိုဘားမားရဲ့ လစ်ဗျားဟာ အကူးအပြောင်းရဲ့ စံပြပုံစံလို့ ဆိုတာ အခု သံသယ ရှိလာသလို ဆီးရီးယားမှာ သွေးချောင်းစီးတာကိုလည်း ဘာမှာ မလုပ်နိုင်ဖြစ်နေပါတယ်။
စနေနေ့ အပတ်စဉ် ပြောနေကျ မိန့်ခွန်းထဲမှာ သမ္မတ အိုဘားမားက မွတ်စလင်ကမ္ဘာရဲ့ မငြိမ်သက်မှုတွေအပေါ် အမေရိကန်တွေ သောကရောက်နေတာ နားလည်ကြောင်း ပြောပါတယ်။
“ရုပ်သံပေါ်က ရုပ်ပုံတွေဟာ စိတ်အနှောက်အယှက် ပေးတယ်ဆိုတာ ကျနော်သိပါတယ်” လို့ အိုဘားမားက ဆိုတယ်။ “ဒါပေမယ့် ဒေါသထွက်နေတဲ့ လူအုပ်တွေနောက်မှာ လွတ်လပ်ခြင်း၊ ဂုဏ်သိက္ခာနဲ့ မျှော်လင့်ချက်ဆိုတဲ့ ကျနော်တို့ အလံရဲ့ ကိုယ်စားပြုချက်တွေကို လိုလား မျှော်လင့်နေသူတွေ သန်းချီရှိသေးတယ် ဆိုတာ ကျနော်တို့ မမေ့ဖို့ လိုတယ်” လို့လည်း ပြောပါတယ်။
ဘန်ဂါဇီ တိုက်ခိုက်ခံရချိန်ကတည်းက ထိုင်နေရတဲ့ အိမ်ဖြူတော်က မာရသွန် အစည်းအဝေးပွဲတွေမှာ အမေရိကန်အရာရှိတွေဟာ နောက်အဆင့်တွေကို ဆွေးနွေးကြ၊ တုန့်ပြန်မှုတွေအပေါ် သုံးသပ်စိစစ်ကြပါတယ်။ အောင်မြင်တဲ့ နိုင်ငံရေး အကူးအပြောင်းလို့ ကောက်ယူထားတဲ့ တူနီးရှားနိုင်ငံက အမေရိကန် ထောက်ပံ့ခံ ကျောင်းတကျောင်း အဖျက်ခံရတာကိုတော့ သူတို့ အံ့အားသင့်ကြတယ်။
လတ်တလောမှာတော့ အိုဘားမားဟာ သံတမန်တွေကို အကာအကွယ်ပေးဖို့ မရိန်းစစ်သားတွေ ပိုချ၊ ဖျက်သင်္ဘော ၂ စင်း ဒေသတွင်းမှာ ကင်းလှည့်ခိုင်းထားသလို တူရကီဝန်ကြီးချုပ်လို ဒေသတွင်း မဟာမိတ် မွတ်စလင်ခေါင်းဆောင်တွေနဲ့ အဆက်အသွယ် မပြတ် ဆွေးနွေးတိုင်ပင်နေရပါတယ်။ ယူကျုကိုလည်း ဗီဒီယိုဖိုင် တင်ထားနဲ့ပတ်သက်ပြီး ပြန်သုံးသပ်ဖို့နဲ့ ဗီဒီယို ရိုက်ကူးထုတ်လုပ်ရေးမှာ ပါဝင်တယ်လို့ မသင်္ကာသူတွေကို ခေါ်ယူမေးမြန်းမှုတွေ လုပ်ဆောင်ရပါတယ်။
လုံခြုံရေးအရ ပြန်သုံးသပ်မှုတွေလည်း လုပ်ရပါတယ်။ ၂၀၀၁ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုနောက်ပိုင်း လုံခြုံရေးအစီအမံ တိုးမြှင့်ပြီးဖြစ်တဲ့ သံရုံးတွေကို ထပ်မံ တိုးမြှင့်ဖို့လို မလို၊ ဒေသခံတွေကို ပေးနေတဲ့ အထောက်အပံ့တွေ ရပ်ဖို့ လို မလို အမေရိကန်အရာရှိတွေ အမြဲ မေးမြန်းဆွေးနွေး သုံးသပ်နေရပါတယ်။ တူနီးရှားနဲ့ ဆူဒန်က သံတမာန်ရေးရာမှာ အရေးမကြီးသူတွေကို လုံခြုံရေးအရ ပြန်ဆုတ်ခိုင်းခဲ့ရပေမယ့် အခြား အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ အမေရိကန် အထောက်အပံ့တွေ ဖြတ်ဖို့ အစီအစဉ် မရှိသေးပါဘူး။
ဒီလို ပြန်ဆုတ်ရတာ သိပ်ကောင်းတဲ့ ရွေးချယ်မှု မဟုတ်ပါ။ ဒီနိုင်ငံတွေက အမေရိကန်တွေ ပြန်ရုတ်သိမ်းရခြင်းဟာ သီအိုရီအရ အကဲဆတ် သည်းမခံနိုင်မှု၊ တင်းမာမှုတွေကို လျှော့ချပေးနိုင်တဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်ပေါင်းကူးရေး အစွမ်းအစတွေကို ပျောက်ပျက်စေနိုင်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရပ်ခြား အထောက်အပံ့ဟာ လတ်တလော ကြုံနေရတဲ့ ငွေကြေးအကြပ်အတည်း ကာလထဲမှာ ရောင်းမကောင်းဖြစ်နေရုံမက ကွန်ဂရက်ကလည်း ဖိအားတွေ ပိုပေးလာဖွယ်ရှိတယ်လို့ အမေရိကန် အစိုးရအရာရှိတွေက ပြောကြပါတယ်။
ဘန်ဂါဇီ တိုက်ခိုက်မှုနဲ့ အုံကြွမှုတွေကြောင့် ပြည်တွင်းနိုင်ငံရေးမှာလည်း ရီပတ်ဘလီကန်တွေဘက်က အိုဘားမားရဲ့ နိုင်ငံခြားရေး မူဝါဒအပေါ် ပြစ်တင် ဝေဖန်သံတွေ ဆူညံနေခဲ့ပါပြီ။ နိုဝင်ဘာ ရွေးကောက်ပွဲမှာ စိန်ခေါ်သူ ရီပတ်ဘလီကန် သမ္မတလောင်း မစ်ရွမ်နေက အိုဘားမားဟာ အာရပ်နွေဦးကို သဘောမပေါက်၊ နုံအ ကျိုးနွံလွန်းပြီး အစ္စရေးကို လုံလောက်အောင် မထောက်ကူဘူးလို့ သရုပ်ဖော်ပါတယ်။ အိုဘားမားဟာ ထောက်လှမ်းရေးအစီရင်ခံတာကို အာရုံ သိပ်မစိုက်ဘူးလို့ ဒု သမ္မတဟောင်း ဒစ်ချင်နီလို ဝေဖန်ရေးသမားတွေကလည်း ဝေဖန်သံတွေ ရှိနေပါတယ်။
ရွှေဘကို ကြိုက်တဲ့ ဗမာတွေလို ကောင်းဘွိုင်မင်းသား သမ္မတ ရေဂင်ကို အမေရိကန်တွေ ကြိုက်ကြပါတယ်။ ဒါပေမဲ့ ၉/ ၁၁ ဖြစ်ရပ်အပြီး စစ်တွေတိုက်လို့ကြာလာတဲ့အခါ ရီပတ်ဘလီကန်တွေအစား လစ်ဘရယ်တန်ဖိုးတွေကို စမတ်ကျကျ အပြောကောင်းသူ ဒီမိုကရက် သမ္မတ အိုဘားမားကို ၂၀၀၈ ရွေးကောက်ပွဲကတဆင့် အမေရိကန်မဲဆန္ဒရှင် အများစုက သမ္မတ တာဝန်ပေးခဲ့တယ်။ အခု လေးနှစ်ပြည့်အပြီး နောက်လေးနှစ် သက်တမ်းအတွက် မဲဆွယ်ပွဲတွေ လုပ်နေရပါပြီ။
ပြီးခဲ့တဲ့ သက်တမ်းကို ပြန်ကြည့်ရင် ပြည်တွင်း နိုင်ငံရေးထက် နိုင်ငံခြား ဆက်ဆံရေးမှာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုပါ ရတဲ့အထိ မျက်နှာကောင်း ရခဲ့တဲ့ ဒီမိုကရက် သမ္မတ အတွက် နောက်ဆုံးဖိအားက သူနဲ့ သိပ်အစေး မကပ်တဲ့ အစ္စရေးဝန်ကြီးချုပ်ဆီကပါ။ အစ္စရေးဝန်ကြီးချုပ် နေတာညာဟုက အီရန်ဟာ ညူကလီးယားဗုံးထုတ်ဖို့ ၆ လ ၇ လပဲ လိုတော့တယ်လို့ ပြောဆိုမှုက နဂိုကမှ ရှုပ်ထွေးပြီး တင်းမာမှုတွေ မြင့်လာနေတဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံရေးကိုသာမက အမေရိကန် သမ္မတ အိုဘားမားကိုပါ ဖိအားတွေ တိုးလာစေမှာ အမှန်ဖြစ်ပါတယ်။
ကိုးကား။ ။ The New York Times