မြန်မာပြည်အကြောင်း သတင်း ရေးခဲ့တဲ့ ၄ နှစ်ကျော်ကာလမှာ ရန်ကုန်က အဆောက်အဦတခုနဲ့ပတ်သက်ပြီး ကျနော် အမြဲ တမ်း သိချင်နေခဲ့ပါတယ်။ အဲ့ဒါကတော့ မြန်မာဂျာနစ်လစ်တွေ အတွက် စိုးရိမ်ထိတ်လန့်စရာ ပဟေဠိဆန်လှတဲ့ ဆင်ဆာရုံးပါပဲ။
အဲ့ဒီရုံးခန်းထဲ ရောက်သွားတဲ့ စာမူတွေထဲက ဘယ်စာမူတွေကို လက်ခံလိမ့်မယ်၊ ဘယ်စာမူတွေကတော့ မင်နီတားပြီး အဖျက်ခံရလိမ့်မယ်ဆိုတာကို ဘယ်သူကမှ အသေအချာ မသိခဲ့ကြတာကိုး။
အခုတော့ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ အင်တိုက်အားတိုက် အကောင်အထည်ဖော်နေတဲ့အပြင် ပုဂ္ဂလိက မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင် စတာတွေကိုလည်း ဆင်ဆာလုပ်တာတွေ ဖျက်သိမ်းလိုက်ပြီမို့ ကျနော် စပ်စုချင်တဲ့နေရာကို သွားနိုင်ဖို့ လမ်းစတော့ ပွင့်ပြီလို့ ယူဆမိခဲ့ပါတယ်။
ဒီလိုနဲ့ မကြာသေးခင်တရက်က မွန်းလွဲပိုင်းမှာ ကျနော် အဲ့ဒီရုံးခန်းကို ရောက်သွားခဲ့ပါတယ်။ အရင်တုန်းက စိစစ်ရေးမှူး တာဝန်ယူခဲ့တဲ့ ဦးတင့်ဆွေနဲ့ တွေ့ဖို့ပါ။
ရုံးဝန်ထမ်းတွေကြည့်ရတာ ကျနော့်ကို တွေ့တဲ့အချိန်မှာ အံ့အားသင့်သွားပုံ ပါပဲ။ သူတို့စိတ်ထင် ကျနော်က လမ်းမှားပြီးရောက်လာတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်လားပေါ့။
၁၉၈၀ ခုနှစ်တွေကစပြီး ဒီရုံးမှာ အလုပ်နေတဲ့ အရာရှိတယောက်ကဆိုရင် ရုံးကိုလာတဲ့ နိုင်ငံခြားသားတယောက်မှ သူ မမြင်ဖူးဘူးလို့ ပြောပါတယ်။ အခြားလူတွေကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ တယောက်စ ၂ ယောက်စ တွေ့ ဖူးတယ်တဲ့။
ကျနော်လည်း ဦးတင့်ဆွေနဲ့တွေ့၊ ပြီးတော့ သူနဲ့ အင်တာဗျူးကို ရုံးမှာပဲ ထိုင်ရေးလိုက်ပါတယ်။
ဆင်ဆာရုံးကို မသွားခင်ကတည်းက ကျနော့်မှာ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်တခု ရှိခဲ့တယ်။ အဲ့ဒါကတော့ ရုံးက ပြန်မထွက်ခင် ကျနော့်ကို ဆင်ဆာလုပ်တဲ့သူနဲ့ တွေ့ချင်တာပါ။
ကျနော်ရေးနေတဲ့ အင်တာနေရှင်နယ် ဟာရယ် ထရီဗျူး (International Herald Tribune – IHT) သတင်းစာကို မြန်မာပြည်က ဟိုတယ်တွေ၊ သံရုံးတွေနဲ့ အခြားမှာသူတွေဆီ ဖြန့်နေတာလေ။ အဲဒီတော့ ကျနော့်လည်း ဆင်ဆာထိခဲ့တာပေါ့။
နိုင်ငံခြားသတင်းစာတွေကို “သေချာ စေ့စပ်စွာ စစ်ဆေးတဲ့” အခန်းထဲ ကျနော်ရောက်သွားတယ်ဆိုရင်ပဲ မခိုင်သဇင် ထွေးက ကျနော့်ကို အပြုံးနဲ့ ဖော်ဖော်ရွေရွေ နှုတ်ဆက်ပါတယ်။ ဆံပင်ရှည်ကို ညီညီတိထားတဲ့ မခိုင်သဇင်ထွေးဟာ အသက်ငယ်ပြီး လှပတဲ့ အဖြူရောင် ပန်းထိုးရှပ်အင်္ကျ ီကို ဝတ်ဆင်ထားပါတယ်။
သူကတော့ IHT သတင်းစာကို နေ့တိုင်းဖတ်ဖို့ တာဝန်ယူရယူ၊ အဲ့ဒီသတင်းစာထဲမှာပါတဲ့ မြန်မာပြည်အကြောင်း ရေးထားတာတွေကို အထူးအလေးပေးရသူ ဒါမှမဟုတ် ကျနော့်ဆောင်းပါးတွေကို သေသေချာချာ ဖတ်ရသူပါပဲ။
အရင်က ထင်ထားတာ အခန်းအဝင် လိုက်ကာနောက်မှာ မျက်မှန်ထူထူထပ်ထားတဲ့ သုန်သုန်မှုန်မှုန် အသက်ကြီးကြီး အမျိုးသားတယောက်ကို တွေ့ရလိမ့်မယ်လို့ ကျနော် မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် မခိုင်သဇင်ထွေးနဲ့ တွေ့ရတဲ့အခိုက်အတန့်က သရုပ်မှန်လွန်ဝတ္တုတပုဒ်လို ကျနော် ခံစားခဲ့ရပါတယ်။
သူက သိပ်ကို ဖော်ရွေပြီး စိတ်အားထက်သန်ပါတယ်။ အသဲနှလုံးပုံနဲ့ တန်ဆာဆင်ထားတဲ့ သူရဲ့ ခရမ်းရောင်နဲ့ စိမ်းပြာရောင်စပ် လိပ်စာကဒ်ကိုလည်း ကျနော့်ကို ပေးပါသေးတယ်။ မိတ်ဟောင်း ဆွေဟောင်းတွေ ပြန်တွေ့ကြတဲ့ အတိုင်း ကျနော်တို့တွေ စကားလက်ဆုံကြလိုက်ကြတာ နောက်ဆုံး တယောက်နဲ့တယောက် ဖေ့စ်ဘွတ်အချက်အ လက်တွေ အပြန်အလှန်ပေးကြတဲ့အထိပါပဲ။
ဖေ့စ်ဘွတ်မှာ “သူငယ်ချင်း” အဖြစ် “အဒ်”လိုက်မယ်လို့ ကျနော် သူ့ကို ပြောခဲ့ပါတယ်။
အာဏာရှင်နိုင်ငံတခုဖြစ်တဲ့ ဗီယက်နမ်နိုင်ငံမှာဆိုရင် IHT မှာပါတဲ့ ကျနော့် ဆောင်းပါးတချို့ကို မင်မည်းနဲ့တားပြီး အပုဒ်လိုက် ဖြုတ်ပစ်တာခံရဖူးပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်လက်ထက်မှာတောင် ဆင်ဆာ မထိတဲ့ IHT သတင်းစာတွေ တွေ့ရတာမို့ ကျနော့်အတွက် အံ့အားသင့်စရာ ဖြစ်ရပြန်ရော။
ဒီအကြောင်းနဲ့ပတ်သက်ပြီး မခိုင်သဇင်ထွေးကို ကျနော် မေးကြည့်မိပါတယ်။ သူပြောပြာတာကတော့ သူ့တာဝန်က IHT မှာပါတဲ့ မြန်မာပြည် သတင်းတွေကို ဂရုတစိုက် အသေးစိတ ်ကြည့်ရှုစစ်ဆေး၊ ပြီးတော့ အဲ့ဒီအကြောင်းတွေကို မြန်မာလို လက်ရေးနဲ့ အကျဉ်းချုပ်ရေး၊ ပြီးရင် သူ့အထက်အရာရှိတွေကို တင်ပြတာပဲတဲ့။ ဘယ်ဟာကိုတော့ ဆင်ဆာ လုပ်လိုက်ပါဆိုတာမျိုး တခါမှ အပြောမခံရဘူးတဲ့။
ဒါနဲ့ IHT ကို ဘယ်လိုသဘောရလဲ၊ ကြိုက်လားလို့ ဆက်မေးမိပါတယ်။
သူက အားရပါးရပြုံးပြီး “သိပ်ကောင်းတာပဲ” လို့ ဖြေပါတယ်။
ကျနော်လည်း သူဘာများ ဆက်ပြောအုံးမလဲလို့ စောင့်နေမိတယ်။ ခဏကြာတော့ သူက “သတင်းဆောင်းပါးတွေက နည်းနည်းတော့ နားလည်ရခက်တယ်” တဲ့။
နယူးယောက်တိုင်းမ်၏ ဘလော့ဂ် IHT Rendezvous ပါ A Reporter Meets His Censor ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။