စပြိုကျပျက်စီးနေတဲ့ ဒီမြို့ရဲ့ ဗလီအများစုမှာ ဝတ်ပြုဆုတောင်းမယ့် မွတ်ဆလင်တွေ တယောက်မှ မရှှိတော့ဘူး။ တက္ကသိုလ်ထဲမှာလည်း မွတ်ဆလင်ကျောင်းသား တယောက်မှ မရှိတော့ဘူး။
သူတို့တွေ ဈေးမှာလည်း မရှိကြတော့သလို ဆိပ်ကမ်းမှာလည်း သူတို့ကို မတွေ့ရတော့ဘူး။ မြို့ထဲက လမ်းပေါ် လမ်းလျှောက်ဖို့တောင် သူတို့တွေ ကြောက်ရွံ့ထိတ်လန့်နေကြပါပြီ။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာလို့ သိကြတဲ့ နိုင်ငံမဲ့ မွတ်ဆလင်တွေ အကြား သွေးသံရဲရဲ ပဋိပက္ခတွေဖြစ်ခဲ့တာ ၃ လခွဲ ရှိသွားပေမယ့် စစ်တွေမြို့ကြီးကတော့ အမုန်း မီးတောက်မီးလျှံတွေကြား ရှိနေဆဲပါ။ မွတ်ဆလင်တွေ သူတို့နေခဲ့ဖူးတဲ့ ဒီနေရာမှာ အရင်လို ပြန်နေခွင့် ဘယ်တော့ရမလဲ ဒါမှမဟုတ် ပြန်နေခွင့်တောင် ရပါ့မလားဆိုတာ ဘယ်သူမှ အသေအချာ မသိပါဘူး။
ဒီပဋိပက္ခဟာ စစ်တွေမြို့ရဲ့ လူဦးရေ အနေအထားကို အခြေခံအားဖြင့် ပြောင်းလဲစေခဲ့ပါတယ်။ မြန်မာအစိုးရက ကမ္ဘာ ကြီးကို ကတိပေးခဲ့တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အခုပဋိပက္ခက ဖီလာဆန့်ကျင်ပါပဲ။
စစ်တွေမြို့ထဲမှာ ရခိုင်တိုင်းရင်းသားတွေ လွတ်လွတ်လပ်လပ်နဲ့ သွားလာနိုင်တဲ့အချိန်မှာ ရိုဟင်ဂျာ ၇၅၀၀၀ ကတော့ စစ်တွေမြို့ အပြင်ဖက်က ယာယီဒုက္ခသည်စခန်းတွေထဲမှာနဲ့ မြို့ထဲမှာ ပိတ်မိနေကြပါတယ်။ ကိုယ်ထိလက်ရောက်ပြု ခံရမှာကို ကြောက်ရွံ့တာမို့ သူတို့တွေ အပြင်မထွက်ရဲကြပါဘူး။
မြို့ထဲမှာရှိတဲ့ မွတ်ဆလင်တွေဟာလည်း သီးခြားခွဲထုတ်ခံထားရတာမို့ မြို့ပြင်က မွတ်ဆလင်တွေနဲ့ ဘဝတူပါပဲ။
“ကျနော်တို့က ဒီမှာ အကျဉ်းသားတွေလို နေနေရတာပါ” လို့ ဦးသန့်ဇင်က ပြောပါတယ်။ သူက မီးရှို့မခံရဘဲ ကျန်ခဲ့တဲ့ စစ်တွေမြို့လယ်က ရပ်ကွက်ထဲမှာ ဇွန်လကတည်းက ပုန်းနေခဲ့သူပါ။
အသက် ၄၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးသန့်ဇင်ဟာ သူ့အိမ်ကနေထွက်ဖို့ အရမ်းကြောက်တာမို့ အလုပ်လည်း ဘယ်လိုမှ လုပ်လို့ မရပါဘူး။ ဈေးကြီးထဲက သူ့ရဲ့ အပြာရောင် သစ်သားတံခါးနဲ့ ဆေးဆိုင်လေးဟာလည်း လူသူကင်းမဲ့နေပါ တယ်။ အဲ့ဒီဈေးထဲကို လောလောဆယ် ရခိုင်တွေပဲ ဝင်ခွင့်ပြုတာကိုး။
ရခိုင်ပြည်နယ်က ပြဿနာဟာ ဆယ်စုနှစ်နဲ့ချီ ကြာနေပါပြီ။ ဒေသတွင်းနေထိုင်ကြတဲ့ မွတ်ဆလင်တွေ ဘယ်ကနေ လာကြသလဲဆိုတဲ့အပေါ် အငြင်းပွားရာကနေ ဒီပြဿနာ အမြစ်တွယ်လာခဲ့တာ ဖြစ်ပါတယ်။ မွတ်ဆလင် အများ အပြား မြန်မာပြည်မှာ မျိုးဆက် တဆက်ပြီးတဆက် နေလာခဲ့ကြပေမယ့် မြန်မာပြည်ထဲက မြေကို ခိုးယူဖို့ ကျူးကျော်ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေလိုမျိုး မထီမဲ့မြင် ပြုခံရတာပါ။
မြန်မာပြည်ထဲမှာ ရိုဟင်ဂျာဦးရေ ၈ သိန်းခန့်ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ ဒါပေမယ့် မြန်မာအစိုးရက သူတို့ကို နိုင်ငံသားဖြစ်ခွင့် မပေးပါဘူး။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ နိုင်ငံသားမပေးရတဲ့အကြောင်းရင်းထဲမှာ လူမျိုရေးကိစ္စလည်း ပါတယ် လို့ဆိုပါတယ်။ ဘင်္ဂ ါလီစကားပြောပြီး ဘင်္ဂလားဒေ့ရှ်မူဆလင်တွေနဲ့ဆင်တဲ့ ရိုဟင်ဂျာအတော်များများဟာ အသားပိုမဲ တဲ့အပြင် အကြီးအကျယ်ခွဲခြားဆက်ဆံခံရတယ်လို့ အဲ့ဒီအဖွဲ့တွေက ပြောပါတယ်။
ရခိုင်အမျိုးသမီးငယ်တဦးကို မေလနှောင်းပိုင်းမှာ မွတ်ဆလင် ၃ ယောက်က မုဒိန်းကျင့်ပြီး သတ်လိုက်တယ်ဆိုတဲ့ သတင်း ထွက်လာပြီးတဲ့နောက် ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေအကြား တင်းမာမှုတွေ ပွက်ပွက်ဆူခဲ့တာပါ။ ဇွန်လလယ်ပိုင်းမှာတော့ ဓားရှည်၊ လှံနဲ့ သံချောင်းတွေကိုင်ထားတဲ့ ၂ ဖက် အုပ်စုတွေအကြား တိုက်ခိုက်မှုတွေ ဒေသ တခုလုံး ပြန့်နှံ့သွားပါတော့တယ်။ ခန့်မှန်းခြေအရ ရခိုင်ပြည်နယ်တခုလုံးမှာ လူ ၁၀၀ ခန့် သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ ဗလီ တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ အိမ် ၅၀၀၀ ခန့် မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
အဲ့ဒီလို ဖျက်ဆီးခံရတဲ့ဒဏ်ကို အခြားနေရာအများစုထက် ပိုခံရတာကတော့ စစ်တွေမြို့ပါပဲ။ အခုဆိုရင် မီးလောင် ခံရတဲ့ အုတ်ကျိုးအုတ်ပဲ့တွေနဲ့ သစ်ငုတ်တိုတွေ နေရာအနှံ့ တွေ့နေရပါတယ်။ စစ်တွေမြို့ထဲက အကြီးဆုံးရပ်ကွက်ဖြစ် တဲ့ နာဇီရပ်ကွက်ဟာ မွတ်ဆလင် ၁၀၀၀၀ လောက်နေတဲ့ ရပ်ကွက်ဖြစ်ပါတယ်။
လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch – HRW) ကတော့ တိုက်ခိုက်မှုတွေ အပြင်းထန်ဆုံး ဖြစ်နေချိန် လုံခြုံရေးတပ်ဖွဲ့တွေ ရခိုင်တိုင်းရင်းသားလူစုတွေနဲ့ ပူးပေါင်း ကြံစည်ခဲ့တယ်၊ ရိုဟင်ဂျာ တွေ သူတို့ရဲ့မီးလောင်နေတဲ့အိမ်တွေကို ကြိုးစားပြီး မီးငြိမ်းနေတဲ့ အချိန်မှာတောင်မှပဲ သူတို့ကို သေနတ်နဲ့ ပစ်ခဲ့တယ် လို့ စွပ်စွဲပါတယ်။
မြန်မာနိုင်ငံကို အလည်အပတ်လာရောက်တဲ့ အမေရိကန် သံကိုယ်စားလှယ်အဖွဲ့နဲ့ စက်တင်ဘာလ အစောပိုင်းမှာ တွေ့ဆုံစကားပြောတဲ့အခါ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သိန်းဌေးက စစ်တွေမြို့ရဲ့ အနေအထားသစ်ကို အသေးစိတ် ရှင်းပြခဲ့ပါတယ်။ စစ်တွေမြို့ မြေပုံကို လက်နဲ့ ဖြတ်ဆွဲပြီး သူက အခုဆိုရင် ဟိုဖက်အုပ်စု ဒီဖက်အုပ်စု “မကျော်ရတဲ့ လိုင်းတွေရှိတယ်၊” အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင် “ရန်လိုတာတွေ၊ ဒေါသတကြီး ခိုက်ရန်ဖြစ်ပွားတာတွေ ရှိ လိမ့်မယ်” လို့ ဆိုပါတယ်။
“ကျနော်တို့ ဖြစ်ချင်တာ အဲ့ဒီလိုမျိုး မဟုတ်ပါဘူး၊ ဒါပေမယ့် ဒါက ကျနော်တို့ တကယ် ကြုံတွေ့နေရတာပါ” လို့လည်း ယဉ်ယဉ်ကျေးကျေး အပြုံးနဲ့ ဖြည့်ပြောပါသေးတယ်။
ရဲတွေနဲ့ စစ်သားတွေက ဗလီတွေကို အကာအကွယ်ပေးနေ၊ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာတွေကို စောင့် ရှောက်ပေးနေပေမယ့် သူတို့ထိန်းချုပ်လို့မရတာ အတော်များများ ရှိပါတယ်။ ဥပမာ – လူ ၃၀၀ လောက်ရှိတဲ့ ဒေသ တွင်း ဗုဒ္ဓဘာသာခေါင်းဆောင်တွေ အစုအဖွဲ့က ရခိုင်တွေ ရိုဟင်ဂျာတွေနဲ့ စီးပွားရေးမလုပ်ဖို့ ဒါမှမဟုတ်လည်း သူတို့ကို စကားတောင်မပြောဖို့ တိုက်တွန်းထားတဲ့ လက်ကမ်းစာစောင်ထုတ်တာမျိုးပါ။ အကြမ်းဖက်မှုကို ရှောင်နိုင်တာ ဒီတနည်းပဲရှိတယ်လို့ အဲ့ဒီအဖွဲ့က ဆိုပါတယ်။
စစ်တွေမြို့က အရင်အားလုံးရောပြီး တက်ရောက်ကုသနိုင်တဲ့ ဆေရုံးကြီးမှာ အခုဆိုရင် မွတ်ဆလင်လူနာတွေအတွက် သီးသန့် အဆောင်တခု ထားထားရပါတယ်။ တရက်မှာ ဆေးရုံကို မွတ်ဆလင်လူနာ ၄ ယောက် ရောက်လာခဲ့ပြီး သူတို့တွေ ရဲအစောင့်အရှောက်နဲ့ လာခဲ့ရတာလို့ မိသားစုဝင်တွေက ပြောပြပါတယ်။
မြို့ထဲက တက္ကသိုလ်မှာဆိုရင်လည်း အခုဆိုရင် ရခိုင်တိုင်းရင်းသားတွေပဲ ကျောင်းတက်နေကြပါတယ်။ ဈေးကြီးမှာဆို ရင်တော့ အထဲကိုဝင်ဖို့ ပလပ်စတစ်လုပ်ထားတဲ့ ကိုယ်ပိုင်ကဒ်ပြား ပါဖို့လိုပါတယ်။ ကဒ်တွေက ဈေးသယ်တွေအတွက် ပန်းရောင်နဲ့ ဈေးလာဝယ်သူတွေအတွက် အဝါရောင်ပါ။ ရိုဟင်ဂျာတွေအတွက်တော့ ဘာကဒ်မှမရှိတာမို့ ဈေးထဲဝင်လို့ မရပါဘူး။
ရခိုင်ပြည်နယ် ပြဿနာဟာ သမ္မတဦးသိန်းစိန်အစိုးရအတွက် အရေးကြီးဆုံး စိန်ခေါ်မှုတရပ် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လည်း အစိုးရက အရေးပေါ်အခြေအနေကြေငြာပြီး ဆူပူမှုတွေ ဆက်ပျံ့သွားမယ်ဆိုရင် တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ခြိမ်းခြောက်မှုရှိနိုင်တယ်လို့ သတိပေးခဲ့တာပေါ့။
အခုဆိုရင် တဖက်နဲ့တဖက် တိုက်ခိုက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့ပါပြီ၊ ပဋိပက္ခကို လေ့လာဖို့နဲ့ အဖြေရှာနိုင်တာတွေကို အစိုးရဆီ အကြံပြုဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကိုလည်း ခန့်အပ်ခဲ့ပြီးပါပြီ၊ ဒါပေမယ့် အစိုးရ အနေနဲ့ ဒီပဋိပက္ခအတွက် ဒီ့ထက်ပိုဆောင်ရွက်ဖို့ နိုင်ငံရေးဆန္ဒနည်းနည်းပဲရှိတာကို တွေ့ရပါတယ်။
ရိုဟင်ဂျာကိစ္စဟာ မြန်မာပြည်မှာ တကယ့်ကို ရေပန်းမစားတဲ့ အရေးကိစ္စတခု ဖြစ်ပါတယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကတောင် သူတို့ကိုယ်စား ပြောခဲ့ကြတာ မဟုတ်ပါဘူး။ သူတို့ကို လက်ခံတဲ့အခြားနိုင်ငံရှိရင် အဲ့ဒီနိုင်ငံတွေဆီ ပိုလိုက်သင့်တယ်လို့တောင် သမ္မတဦးသိန်းစိန်ကိုယ်တိုင်က ဇူလိုင်လမှာ ပြောခဲ့ပါသေးတယ်။
“ဒီလိုအခြေအနေအောက်မှာ ရိုဟင်ဂျာတွေကို ညစ်ညစ်ပတ်ပတ် စခန်းတွေထဲ ခွဲထည့်တာ၊ သူတို့တွေ နိုင်ငံကနေ ထွက်ပြေးတာနဲ့ တချို့ အခြေအနေတွေမှာ အဖမ်းခံရပြီး ထောင်ချခံရတာတွေ ကျနော်တို့ တွေ့နေရတာပေါ့” လို့ HRW ရဲ့ သုတေသီ မက်သယူး စမစ် (Matthew Smith) က ဆိုပါတယ်။ သူက ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီး မကြာ သေးခင်က ထုတ်ဝေခဲ့တဲ့ HRW အစီရင်ခံစာကို ရေးသားခဲ့သူပါ။
စစ်တွေလို နေရာမျိုးတွေမှာဆိုရင် “ရိုဟင်ဂျာတွေကို အမြဲတမ်း ခွဲထုတ်ပစ်မယ့် အန္တရာယ်ရှိနေတယ်၊ ဒါက ဘာသာစုံ လူမျိုးစုံရှိတဲ့ ဒီမိုကရေစီနိုင်ငံတခုအတွက် အလားအလာ မကောင်းဘူး” လို့လည်း သူက ပြောပါ သေးတယ်။
လောလောဆယ်မှာတော့ အစိုးရရဲ့ ကိုယ်ပိုင်စာရင်းဇယားတွေက အနိမ့်ဆုံး ရိုဟင်ဂျာတွေအတွက် ပြဿနာ ပိုဆိုး လာနေတာကို ညွှန်ပြနေပါတယ်။
အကြမ်းဖက်မှုတွေ စဖြစ်တုန်းက ရခိုင်ပြည်နယ်တခုလုံးမှာ အိုးပစ်အိမ်ပစ်ဖြစ်ကြရတဲ့ ရခိုင်တိုင်းရင်းသားဦးရေ ၂၄၀၀၀ လောက် ရှိခဲ့ရကနေ အခု ၅၆၀၀ လောက်ပဲ ရှိပါတော့တယ်။ ဒါပေမယ့် အဲ့ဒီလိုဖြစ်ရတဲ့ ရိုဟင်ဂျာဦးရေကတော့ ၅၂၀၀၀ ကနေ ၇၀၀၀၀ အထိ မြင့်တက်လာပါတယ်။ အများစုက စစ်တွေမြို့ပြင်က စခန်းတွေမှာပါ။
အစိုးရကတော့ ရိုဟင်ဂျာဦးရေတိုးလာတဲ့အပေါ် အပြစ်ဖို့ပါတယ်။ သူတို့တွေက အိမ်တွေ ပျက်စီးဆုံးရှုံးသွားတာမဟုတ် ဘူး၊ ဝေပေးတဲ့ အကူအညီတွေ လိုချင်လွန်းလို့ စခန်းတွေဆီ လာကြတာတဲ့။
မလုံခြုံမှုက အခုလို စခန်းတွေမှာ လူဦးရေတိုးလာရခြင်းရဲ့ အကြောင်းရင်းတရပ် ဖြစ်နိုင်ပါတယ်။ ပြဿနာဖြစ်ပြီး နောက်ပိုင်းကာလမှာ အာဏာပိုင်တွေက မွတ်ဆလင်တွေကို သီးသန့်ပစ်မှတ်ထားတဲ့ နှိမ်နင်းမှုတခုလုပ်ပြီး ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ထိန်းသိမ်းခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စွတ်စွဲပါတယ်။ သြဂုတ်လထဲမှာ ဆိုရင်လည်း ၂ ဖက် တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားပြီး ကျောက်တော်မှာရှိတဲ့ အိမ် ၆၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရတာမို့ လူ ၃၅၀၀ အိုးပစ်အိမ်ပစ်ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ အဆိုအရ သိရပါတယ်။
ဒါ့ပြင် ရခိုင်ပြည်နယ်ထဲက အခြားနေရာတွေမှာလည်း စစ်တပ်က မွတ်ဆလင်တွေကို အဓမ္မလုပ်အားပေးစေခိုင်းတာ၊ ရွာသားတွေကို တပ်စပါးခင်းတွေ စိုက်ခိုင်းတာ၊ ပေါ်တာအဖြစ်သုံးတာနဲ့ ပျက်စီးသွားတဲ့အိမ်တွေပြန်ဆောက်ခိုင်းတာ တွေ လုပ်နေတယ်လို့လည်း ရခိုင်စီမံကိန်းအဖွဲ (Arakan Project) ရဲ့ အစီရင်ခံစာထဲမှာ ရေးထားပါသေးတယ်။
စစ်တွေမှာဆိုရင်တော့ စိုးရိမ်ကြောင့်ကြမှုနဲ့ မယုံကြည်မှုတွေက သိပ်ကို မြင့်မားလွန်းတာမို့ ပျက်စီးယိုယွင်းနေတဲ့ အောင်မင်္ဂလာရပ်ကွက်ထဲမှာ ပြွတ်သိပ်နေကြတဲ့ ရိုဟင်ဂျာ ၇၀၀၀ ဟာ ဇွန်လကစလို့ အပြင်ဖက်ကို ခြေမချကြပါဘူး။ ဟိုဖက်ကနေ ဒီဖက်ကို လမ်းလျှောက်ရင် ၅ မိနစ်လောက်ပဲကြာတဲ့ ဒီရပ်ကွက်လေးဟာ စစ်တွေမြို့လယ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ မွတ်ဆလင်တွေ အမြဲတမ်းနေထိုင်ရာ ရပ်ကွက်လေးဖြစ်ပါတယ်။
အောင်မင်္ဂလာရပ်ကွက်ထဲမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေအတွက် အစိုးရက ဆန်ဝေပေးတယ်၊ ဒါပေမယ့် ဆန်အပြင် လိုအပ်တဲ့ တခြားအရာတွေအားလုံးနီးပါးအတွက် မတန်တဆ လာဘ်ထိုးဖို့လိုတယ်လို့ အဲ့ဒီရပ်ကွက်မှာနေတဲ့ ဦးသန့် စင်က ပြောပြပါတယ်။ ရပ်ကွက်ထဲမှာ ဗလီ တခုပဲရှိပြီး ဆေးခန်းလည်းမရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုလည်းမရှိ စာသင်ကျောင်းလည်း မရှိတာမို့ စုထားတဲ့ငွေလေးတွေ ရက်သတ္တပါတ် အနည်းငယ်အတွင်း ကုန်သွားမှာကို စိုးရိမ်မိ တယ်လို့လည်း သူက ဆိုပါတယ်။
လွန်ခဲ့တဲ့ ၃ လကတည်းက အာဏာပိုင်တွေ အတင်းပိတ်ခိုင်းခဲ့တာမို့ ကလေး ၅ ယောက်ရဲ့ဖခင် ဦးသန့်စင်ဟာ ဈေးထဲက သူ့ဆိုင်ခန်းလေးကို အခုထိ ပြန်မဖွင့်နိုင်သေးပါဘူး။ တယောက်ကဆို “ဒီဆိုင်ခန်းက အခုဆို ရခိုင်တွေ အတွက်ဖြစ်သွားပြီ” လို့ သူ့ကို ပြောတယ်တဲ့။
“ကျနော်တို့အားလုံး လုပ်ချင်တာကတော့ အလုပ်ရှိရာ ပြန်သွားချင်တာပါပဲ။ ဒါပေမယ့် ကျနော်တို့ဘဝတွေ ပြန်ရဖို့ အတွက် အစိုးရက ဘာမှ အကူအညီမပေးဘူး” လို့ ဦးသန့်စင်က ဆက်ပြောပါတယ်။
အောင်မင်္ဂလာရပ်ကွက်ထဲဝင်တဲ့ လမ်း ၄ လမ်းစလုံးကို ရဲတွေ စောင့်ကြပ်နေတာပါ။ သံဆူးကြိုးတွေ၊ သစ်သားတွေနဲ့ ပိတ်ဆုံ့ကာရံထားတဲ့ ရပ်ကွက်အပြင်ဖက်မှာတော့ ရခိုင်တိုင်းရင်းသားတွေ လွတ်လွတ်လပ်လပ်နဲ့ လမ်းလျှောက်နေ ကြပါတယ်။ တခါတရံမှာလည်း လူမျိုးရေးနဲ့ပတ်သက်ပြီး ရှုတ်ချပြောသွားတာမျိုး ဒါမှမဟုတ်လည်း ရပ်ကွက်ထဲကို ခဲနဲ့ ပစ် ထည့်သွားတာမျိုးတွေ လုပ်ကြပါတယ်။
လမ်းရဲ့ဟိုဖက်ခြမ်းမှာတော့ အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ဦးအေးမြင့်တယောက် သံချေးတက်နေတဲ့ သံကုလားထိုင်မှာ နောက်မှီထိုင်ရင်း အောင်မင်္ဂလာရပ်ကွက်ထဲက မုတ်ဆိတ်နဲ့ မွတ်ဆလင်အမျိုးသားတစုကို စိုက်ကြည့်နေပါတယ်။
“အခုဆိုရင် သူတို့အတွက် ကျနော် ဘာကိုမှ မခံစားရတော့ဘူး။ ဒီကိစ္စတွေ ဖြစ်ပြီးတဲ့နောက် သူတို့ကို ဆက်ယုံလို့ မရတော့ဘူး။ အမှန်အတိုင်းပြောရရင် သူတို့ကို ဒီနေရာက ထွက်သွားစေချင်တယ်” လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ်ရှေ့နေချုပ် ဦးလှသိန်းကလည်း အစိုးရမှာ ရိုဟင်ဂျာတွေကို အဓမ္မ ခွဲထုတ်ပစ်မယ့် မူဝါဒတစုံတရာ ရှိခဲ့တယ်လို့ ပြောတာတွေအပေါ် မဟုတ်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။ ဘက် ၂ ဘက်စလုံးကို ကာကွယ်ပေးဖို့ လုံခြုံရေး တပ်ဖွဲ့တွေကို နေရာချထားခဲ့တာဖြစ်တယ်၊ သူတို့ကို ခွဲပစ်ဖို့မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ရခိုင်တိုင်းရင်းသားတွေရော ရိုဟင်ဂျာတွေကိုရော လုံခြုံတယ်လို့ခံစားရအောင် လုပ်ပေးနိုင်ဖို့ ရဲ ဒါမဟုတ် စစ်သား လုံလုံလောက်လောက် မရှိခဲ့တဲ့အကြောင်း၊ ပြီးတော့ သူတို့တွေ ပြန်လည်သင့်မြတ်လာရေးမှာလည်း အလွန်ကြီးမားတဲ့ အခက်အခဲ အတား အဆီးတွေ ရှိနေသေးတဲ့အကြောင်း သူက ဝန်ခံခဲ့ပါတယ်။
“ကျနော်တို့ သူတို့ကို အတူ နေစေချင်တယ်၊ ဒါ ကျနော်တို့ရဲ့ ရည်မှန်းချက်ပါ၊ ဒါပေမယ့် လူတွေကို ပြောင်းဖို့ ကျနော် တို့ ဖိအားပေးလို့ မရဘူးလေ” လို့ ဦးလှသိန်းက ပြောပါတယ်။
“ဒေါသက အရှိန်မြင့်နေဆဲပဲ။ သူတို့ မိသားစုဝင်တွေ၊ အိမ်တွေ ဆုံးရှုံးသွားတာကို ဘယ်ဘက်ကမှ မေ့လို့မရဘူး ဖြစ်နေ တယ်” လို့လည်း သူက ပြောပါတယ်။
လောလောဆယ်မှာတော့ အစိုးရအနေနဲ့ သူတို့ရဲ့ဘဝတွေ “ပုံမှန်” ပြန်ဖြစ်လာဖို့ ဖြစ်နိုင်သမျှနည်းလမ်းတွေကို လေ့ လာမှုလုပ်နေတယ်၊ ဥပမာ – ရခိုင်ကျောင်းသားတွေက မနက်ပိုင်းမှာ တက္ကသိုလ်တက်ရင် ရိုဟင်ဂျာတွေက မွန်းလွဲပိုင်း မှာတက်တာမျိုးပေါ့ လို့လည်း သူက ဆိုပါသေးတယ်။
နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သိန်းဌေးရဲ့ အပြောကတော့ ပိုပြီး ဘွင်းဘွင်းရှင်းရှင်း ဖြစ်ပါတယ်။
သူက “ရိုဟင်ဂျာတွေအတွက် ဈေး နောက်တခု၊ ကုန်သွယ်ရေးစင်တာ နောက်တခု၊ ဆိပ်ကမ်း နောက်တခု ကျနော်တို့ ထပ်ဆောက်ရကောင်း ဆောက်ရလိမ့်မယ်။ အဲ့ဒီလိုမှမဟုတ်ရင် “သိပ်ခက်လိမ့်မယ်” တဲ့။
The Associated Press သတင်းဌာနက ရေးသားသော ဆောင်းပါး (After clashes, plight of segregated Muslims is a challenge to Myanmar democracy hopes) ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။