ဗိုလ်ချုပ် ကျော်ဇော က တပ်မတော်မှာ အင်မတန် အစဉ်အလာကြီးမားတဲ့ ခေါင်းဆောင် တယောက်ပါ။
စတွေ့ဖူးတာက ၁၉၄၄ ခုနှစ် ဂျပန်ပေးတဲ့ လွတ်လပ်ရေး တနှစ်ပြည့် အခမ်းအနား ကန်တော်မင် ပန်းခြံမှာပါ၊ အဲဒီပွဲမှာ ကျနော်တို့ ဗိုလ်သင်တန်း တတိယပတ် ကျောင်းသားတွေ စစ်သေနာပတိနဲ့ စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့ အဓိပတိ ဒေါက်တာ ဘမော် ကို အလေးပြုရတယ်၊ အဲဒီမှာ ရဲဘော် သုံးကျိပ်ဝင် စစ်ခေါင်းဆောင်တွေလည်း လာတဲ့အတွက် အဲဒီတုန်းက ဗိုလ်မှူးလေး ကျော်ဇောကို တွေ့ဖူးတယ်၊ မြင်ဖူးရုံပါပဲ။
၁၉၄၅ မတ်လလယ် တော်လှန်ရေးမစခင်၊ ပဲခူးမှာတာဝန်ကျတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဗလ နေရာမှာ ဗိုလ်မှူးလေး ကျော်ဇော ပြောင်းပြီး တာဝန်ယူတယ်၊ အဲဒီမှာ ဗိုလ်ချုပ် အောင်ဆန်းက ထမင်းစားဖိတ်တော့ ကျနော်တို့လို တပ်မှူးငယ်လေးတွေကို ခေါင်းဆောင် ကြီး တွေနား ထိုင်ခိုင်းတော့ ဗိုလ်ချုပ် အောင်ဆန်းရော ဗိုလ်မှူးလေး ကျော်ဇောကို အဲဒီမှာစပြီး အနီးကပ်မြင်ဖူးတာပါ။
ဖက်ဆစ်တော်လှန်ရေးမှာ ကျနော်က ကျောင်းဆင်းခါစ ဗိုလ်လေးအဖြစ်နဲ့ ဗိုလ်မှူးလေး ကျော်ဇော ဦးဆောင်တဲ့ စစ်တိုင်းအမှတ် (၄)မှာ တာဝန်ကျပေမယ့် အရမ်းတော့ မရင်းနှီးလိုက်ဘူး။
လွတ်လပ်ရေးရပြီး နောက်ပိုင်း ကန္ဒီစာချုပ်အရ မြန်မာ့တပ်မတော်မှာ ဗမာ သေနတ်ကိုင် တပ်ရင်းတွေ ပြန်လည်ဖွဲ့စည်းတဲ့အခါ ဗိုလ်မှူး ကျော်ဇော က တပ်ရင်း (၃) ဒု တပ်ရင်းမှူး၊ ဗိုလ်မှူးနေဝင်းက တပ်ရင်း(၄) ဒု တပ်ရင်းမှူး၊ ဗိုလ်မှူး ဇေယျ(ဗကပ တောတွင်း ကျဆုံး) က တပ်ရင်း ၅ ဒု တပ်ရင်းမှူး အဖြစ် တာဝန်ယူကြရတယ်။
ကျနော်ကလည်း တပ်ရင်း(၃)မှာ ပြန်တမ်းဝင် အရာရှိပေါက်စအဖြစ် ရောက်လာတယ်၊ မေမြို့မှာ အရာရှိ မွမ်းမံသင်တန်း တက် ရ တော့ ကျနော်တို့ အဖွဲ့ခေါင်းဆောင်က ဗိုလ်မှူးကျော်ဇောပေါ့၊ တပ်စိတ် တစိတ်တည်း၊ တပ်စုတစုတည်း အတူတကွ လုပ်ကျကိုင် ကျ တော့ တော်တော်လေး ရင်းရင်းနှီးနှီး ဖြစ်သွားတယ်။
နောက် ပြည်တွင်းစစ်ကာလမှာ ကွဲသွားပြီး သူက ရန်ကုန် အင်းစိန်တိုက်ပွဲမှာ တောင်ပိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် ဗိုလ်မှူးကြီး ကျော်ဇော ကွပ်ကဲရသလို ကျနော်ကလည်း အထက်မြန်မာပြည် တာဝန်ကျတယ်။
အထက်မြန်မာပြည် မြို့သိမ်း ရွာသိမ်း တိုက်ပွဲတွေမှာ ကျနော် ဒဏ်ရာရတော့ ရန်ကုန်မှာဆင်းပြီး ဆေးကုရပေါ့၊ တလလောက် အကြာ ဒဏ်ရာ သက်သာတော့ အင်းစိန် စစ်မျက်နှာမှာ ပြန်ပြီး တာဝန်ထမ်းရတယ်၊ အဲဒီမှာ ဗိုလ်မှူးကြီး ကျော်ဇောနဲ့ ပြန်တွေ့ ကြ တယ်။
သူ့လုပ်ဆောင်ချက်တွေကတော့ အင်မတန်မှ ထက်ထက်မြက်မြက်နဲ့ ကြိုးကြိုးစားစားနဲ့ အောင်မြင်အောင်လုပ်တဲ့ တပ်မှူးကြီး ကောင်း တယောက်ပါ၊ အဲဒီတုန်းကတည်းက သူရဲ့ အစဉ်အလာကို ကျနော်တို့က အင်မတန်မှ ရိုသေတယ်၊ လေးစားတယ်၊ ကြည် ညို တယ်။ နောက်ပိုင်း တပ်မှူး ညီလာခံတွေမှာလည်း အမြဲတွေ့တာပေါ့။
ကျနော့်ကို တွေ့ရင် သူအမြဲပြောတဲ့ မှတ်ချက်စကားလေးကို သတိရမိတယ်၊ မေမြို့မှာ ဗိုလ်သင်တန်း တက်တော့ ကျနော်က အသက် ၁၉ နှစ်ပဲ ရှိသေးတယ်၊ အဲဒီတော့ ဗိုလ်ချုပ်က ခင်ဗျားကို ကြည့်ရတာ စစ်ဗိုလ်လေးနဲ့ မတူဘူး၊ ကျောင်းသားလေးနဲ့ တူတယ်တဲ့၊ နောက်ပိုင်း တွေ့တိုင်းလည်း အမြဲပြောတယ်။ အမှတ်ရစရာ စကားပေါ့။
နောက်ပိုင်း အတူတူတွဲပြီး အလုပ်လုပ်ရတာက တရုတ်ဖြူ စစ်ဆင်ရေးပါ၊ တရုတ်ဖြူ အန္တရာယ်ကို စစ်ဆင်ရေးလုပ်ပြီး မောင်းထုတ် ဖို့ ပထမ ဗိုလ်မှူးကြီးကျော်စိုး ကို နဂါးနိုင်စစ်ဆင်ရေးဆိုပြီး လုပ်ဖို့တိုက်ရိုက် တာဝန်ပေးတယ်၊ မအောင်မြင်ဘူး ဒါကြောင့် နောက် ပိုင်း ဗိုလ်မှူးချုပ် ကျော်ဇော ကို တာဝန်ပေးတာပါ။
အဲဒီတုန်းက မြန်မာပြည်မှာ တောင်းပိုင်းတိုင်းနဲ့ မြောက်ပိုင်းတိုင်းဆိုပြီး စစ်တိုင်းနှစ်တိုင်းပဲ ရှိတယ်လေ၊ ဗိုလ်မှူးချုပ် ကျော်ဇောက တောင်ပိုင်းတိုင်းတာဝန်၊ ဗိုလ်မှူးချုပ် ဘလိတ်က မြောက်ပိုင်းတိုင်း တာဝန်ယူပါတယ်။
ဒီတော့ မြောက်ပိုင်းတိုင်းမှာ ဖြစ်နေတဲ့ တရုတ်ဖြူစစ်ဆင်ရေးကို ဆင်နွှဲရအောင် ဗိုလ်မှူးချုပ် ဘလိတ်နဲ့ ဗိုလ်မှူးချုပ်ကျော်ဇောကို နေ ရာ ပြောင်းပြီး တရုတ်ဖြူစစ်ဆင်ရေးကို လုပ်ခိုင်းပါတယ်။
၁၉၅၄- ၁၉၅၅ ခုနှစ်က ဘုရင့်နောင် စစ်ဆင်ရေး၊ ၁၉၅၅-၅၆ ခုနှစ်မှာတော့ ရန်ကြီးအောင်စစ်ဆင်ရေး ဆိုပြီး ဗိုလ်မှူးချုပ် ကျော်ဇော က စစ်ဆင်ရေးမှူးကြီး တာဝန်ယူပြီးတိုက်တယ်။ အဲဒီစစ်ဆင်ရေးနှစ်ခုမှာ အင်မတန်ကိုပဲ ရွပ်ရွပ်ချွံချွံ မဟာဗျူဟာ၊ နည်းဗျူဟာ မြောက် စီမံခန့်ခွဲ နိုင်တဲ့ တပ်မှူးကြီးကောင်း တယောက်ပါ။
ဒါတင်မကသေးဘူး စစ်သည်တဦးချင်း တယောက်ချင်း အခြေအနကိုကြည့်ပြီး သူနဲ့လိုက်မယ့် စစ်သင်တန်းသဘောမျိုးကို လချီပြီး သင်တန်းပေးတယ်၊ ကျနော်ဆိုလည်း ရှေ့တန်းတပ်မှူးတယောက်အနေနဲ့ တိုက်နိုင်အောင် တရုတ်ဖြူကို မတိုက်ခင်မှာ လေ့ကျင့် ပညာ ပေးတယ်။
ဒု ဗိုလ်မှူးကြီး မြဝင်း ဆိုရင်လည်း ခရီးတိုချီတက်နည်း၊ တရုတ်ဖြူ ထောက်ပံ့ရေးလမ်းကြောင်း၊ စစ်ကူလမ်းကြောင်းတွေကို တိုက် ခိုက်တာတွေ သင်ပေးတယ်၊ ဒု ဗိုလ်မှူးကြီး မောင်လွင် ကိုလည်း တဘက်နဲ့တဘက် တိုက်တဲ့နေရာမှာ ယောင်ပြစစ်ဆင်ရေးတွေ သင်ပေးတယ်။
အဲဒီတုန်းက မြန်မာ၊ ထိုင်း၊ အမေရိကန်၊ တရုတ်ဖြူ လေးနိုင်ငံ စစ်ကော်မရှင် သဘောတူချက်အတိုင်း သံလွင်မြစ် ကို ကျော်ပြီး မတိုက်ဖို့ သဘော တူပေမယ့် ကျနော်တို့က ပြည်သူ့ဆန္ဒအတိုင်း တိုက်ရတာဆိုတော့ ဟန်ဆောင်ယောင်ပြလုပ်ရတယ်၊ လက်နက်ကြီး တွေမသယ်နိုင်တဲ့နေရာမှာလည်း ရှိတဲ့ လက်နက်နဲ့ ရန်သူကို တုန်လှုပ်အောင်တိုက်နိုင်တဲ့ စစ်ဆင်ရေးမှူးကြီးပါ။
နယ်ချဲ့တိုက်တာ၊ ဖက်ဆစ်ကို တော်လှန်တာ၊ ပြည်တွင်းစစ် အန္တရာယ်ကို ကာကွယ်တာ၊ တရုတ်ဖြူ ကျူးကျော်တာကို တိုက်တဲ့ အတွေ့အကြုံတွေကို အများကြီး ဖြတ်သန်းခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဆိုတော့ အင်မတန်မှ ရိုသေရတယ်၊ အတူလက်တွဲတိုက်ခဲ့တဲ့ စစ်ဆင် ရေး မှူးကြီးဖြစ်ပြီး ကျနော့်ကိုလည်း တပ်မှူးတယောက်အနေနဲ့ ယုံယုံကြည်ကြည် တာဝန်ပေးတယ်၊ ပြီးတော့ အောင်အောင်မြင်မြင် လုပ်ဆောင် နိုင်တာကို ဂုဏ်ယူပါတယ်။
နောက်တခုက တပ်မတော်ဟာ တိုင်းရင်းသားတွေရဲ့ ချစ်ကြည်လေးစားမှုကို ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ကိစ္စကြီးငယ်ဖြစ်ရင် တိုင်းရင်းသားတွေဘက်က အမြဲမှန်တယ်၊ မင်းတို့ စစ်ဒေသ ဘက်က အမြဲမှားတယ်လို့ ငါမှတ်ယူထားမယ်လို့ ဗိုလ်ချုပ်ကျော်ဇော က တပ်မှူးတွေကို အမြဲဆုံးမတာကြောင့်၊ တပ်မှူးကြီးငယ်တွေကလည်း ကိုယ့် လက်အောက်ငယ်သားတွေကို ဒီလိုအမြဲပြန်ဆုံးမနိုင် ခဲ့တယ်။
ဒီလို တရားမျှတမှုကို ပြည်သူလူထုအပိုင်းက ရအောင်လုပ်ကိုင်ပေးသွားတဲ့အတွက် အဲဒီတုန်းက တပ်တွေကလည်း တိုင်းရင်း သား နယ်မြေမှာ စစ်ဆင်ရေးလုပ်ငြားသော်လည်း အင်မတန်ကောင်းတဲ့ အစဉ်အလာကို ထိန်းခဲ့နိုင်တဲ့ ဗိုလ်ချုပ်ကျော်ဇောရဲ့ စွမ်းပကား လို့ ဆိုရမှာပါ။
အဲဒီတုန်းက တပ်မတော်သား အားလုံး ယုံကြည်တာက တပ်မတော်မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းပြီးရင် လုပ်လာ ခဲ့တဲ အစဉ်အလာကောင်းတွေအရ ဗိုလ်မှူးချုပ်ကျော်ဇောဟာ ဒု ကာကွယ်ရေးဦးစီးချုပ် ဖြစ်မယ်လို့ အားလုံးက အားထားနေကြရ တယ်။
ဒါပေမယ့် မထင်မှတ်ဘဲ စွပ်စွဲပြစ်တင်မှုတွေနဲ့ တပ်မတော်က ထွက်သွားရတဲ့ အခါကျတော့ ကျနော်တို့ အတူတကွလုပ်ကိုင်ခဲ့ ကြ တဲ့ သူတွေအားလုံးက ကြေကွဲဝမ်းနည်းကြရပါတယ်။
ကျနော်တို့တတွေက တပ်ထဲမှာ ဆက်တာဝန်ထမ်းနေပေမယ့် ဗိုလ်ချုပ်ကျော်ဇောက အပြင်မှာ သူတာဝန်ရှိတယ်လို့ ထင်တဲ့ ဗမာပြည် ငြိမ်းချမ်းရေး၊ ကမ္ဘာ့ ငြိမ်းချမ်းရေးကို သခင်ကိုယ်တော်မှိုင်းနဲ့ တွဲပြီး ခေါင်းဆောင်ပိုင်းက ပါခဲ့ပြန်ပါတယ်။
ဗိုလ်ချုပ်ကျော်ဇောကိုတော့ မြန်မာပြည်မှာရှိနေတဲ့ ပြည်သူပြည်သားအားလုံးက အစဉ်အလာကောင်း၊ နိုင်ငံသားကောင်း၊ နိုင်ငံ ခေါင်းဆောင်ကောင်း တယောက်အနေနဲ့ အသိအမှတ်ပြုတဲ့ သမိုင်း ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။
စိတ်မကောင်းတာက အသက်အရွယ်ရင့်ချိန်မှာ ကိုယ့်နေရင်းဒေသ မိခင်နိုင်ငံကို ပြန်လာချင်တဲ့ဆန္ဒဖြစ်တယ်၊ ကျန်းမာရေးကောင်း ရင် ပြန်လာဖို့ စီစဉ်နေကာမှ အခုလို ကွယ်လွန်သွားတော့ ပိုပြီး စိတ်ထိခိုက်ရပါတယ်။
ပြန်လာရင်လည်း ကျနော်တို့ကိုယ်တိုင် လေးလေးစားစားနဲ့ သွားပြီး ဂရဝါပြုမယ်လို့ မှန်းထားတာ၊ အခုလို နှစ်ပေါင်းများစွာ မမြင်မတွေ့ရ ဘဲ ကွယ်လွန်သွားတော့ အင်မတန်မှ စိတ်မကောင်းပါဘူး။
အခုလို မြန်မာနိုင်ငံကို ပြန်ဖို့ ကြံရွယ်နေရင်းနဲ့ လူကြီးများဖြစ်တတ်တဲ့ ရောဂါနဲ့ အေးအေးချမ်းချမ်း ကွယ်လွန်သွားပေမယ့် မိသားစုနဲ့ အတူ ထပ်တူ ဝမ်းနည်းပါတယ်။
စာရေးသူသည် လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)တွင် နာယက တာဝန်ယူနေပြီး မြန်မာ့ တပ်မတော်တွင်လည်း ကာကွယ်ရေး ဦးစီးချုပ် တာဝန် ထမ်းခဲ့ဖူးသူဖြစ်သည်။