ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းခရိုင်၊ ကောက်စ်ဘဇားမြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၂၀ လောက်မှာရှိတဲ့ ရာမူး (ခေါ်) ပန်းဝါမြို့လေးဟာ မြန်မာစစ်သူကြီး မဟာ ဗန္ဓုလ စစ်ချီရင်း စစ်စခန်းချတဲ့ နေရာလေး တခုအဖြစ် မြန်မာသမိုင်းထဲမှာလည်း ထင်းရှားခဲ့ပါတယ်။ ပန်းဝါကနေ ရာမူးအဖြစ် ဘင်္ဂလားဒေ့ရှ်အစိုးရ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။
ဟိုးအရင်က ရခိုင်တွေ တော်တော်များများ အခြေစိုက်ခဲ့ကြပြီး နောက်ပိုင်းမှာ ဘူဒဝါ (ခေါ်) မရမာကြီးလူမျိုးတွေ ပိုမိုများပြားလာပါတယ်။ ယခင်က ရခိုင်လူမျိုးတွေရဲ့ ကျောင်းကန် ဘုရားတွေကို ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ မရမာကြီးတွေက ဆက်လက် ဆက်ဆံ အသုံးပြု ကိုးကွယ်ခဲ့ကြပါတယ်။ မရမာကြီးတွေဟာ မြန်မာပြည်ဘက်က ရောက်လာတယ်လို့ ဆိုကြပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံတွေမှာ ဖြန့်ကျက် နေထိုင်ကြပါတယ်။
ဘိုးစဉ်ဘောင်ဆက်က တည်ရှိနေတဲ့ ပန်းဝါမြို့က ဗုဒ္ဓသာသနိက အဆောက်အအုံတွေဟာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်မှာတော့ မွတ်စလင် အစွန်းရောက်တွေရဲ့ မီရှို့ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။
စစ်တကောင်းခရိုင်ထဲမှာ ရှိတဲ့ တောင်ရွှေ၊ ဦကီယာ၊ မော်ရီကြာ၊ ပိုတီယာ၊ ဝိုက်ကျောင်းစတဲ့ မြို့ရွာတွေမှာရှိတဲ့ မရမာကြီးတွေ ကိုးကွယ်သော ဘုန်းကြီးကျောင်းတွေကိုလည်း မွတ်စလင် အစွန်းရောက်တွေက ၃၀ ရက်နေ့ တနေ့တည်ူမှာပဲ ဆက်တိုက် မီးရှို့ ဖျက်ဆီးလိုက်ကြပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ၁ နာရီလောက်နေ ညနေ ၆ နာရီအထိ ဆက်တိုက် မီးရှို့မှုတွေကြောင့် ပန်းဝါမြို့ပေါ်မှာ ဘုန်းကြီးကျောင်း ၅ ကျောင်း၊ သိမ် ၂ ကျောင်း၊ တောင်ရွှေရွာမှာ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ သိမ် ၁ ကျောင်း၊ ဦကီယာမြို့မှာ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ မော်ရီကြာရွာမှာ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ပိုတီယာမြို့မှာ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ ဝိုက်ကျောင်းရွာမှာ ဘုန်းကြီးကျောင်း ၁ ကျောင်း ပြာကျခဲ့ရပြီး ဘုရားဆင်တုတော်များစွာ ပျက်ဆီး ပျောက်ဆုံးသွားပါတယ်။
ဒီ့အပြင် လူနေအိမ်တွေလည်း မီးရှို့ခံကြရပြီး စုစုပေါင်း အိမ်အလုံး ၂၀ နီးပါး ပြာပုံဖြစ်သွားပါတယ်။ ပန်းဝါမြို့ထဲက ရခိုင်နဲ့ မရာမာကြီးအိမ်တွေရဲ့ ခြံစည်းရိုးတွေကတော့ သွပ်အကာများ ပျက်ဆီးခဲ့ပေမယ့် သတင်းထောက်တွေ ရောက်လာခါနီးမှာ စစ်တပ်က အသစ်ပြန်ကာပေးထားပါတယ်။
ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ ဘုန်းကြီးကျောင်းတွေထဲမှာ ၁၈၈၅ ခုနှစ်က တည်ဆောက်ခဲ့ပြီး ရခိုင်တွေ ကိုးကွယ်လျှက်ရှိတဲ့ ရှေးဟောင်း“ရွာကြီးကျောင်း” တကျောင်းလည်း ပါဝင်ပြီး ပျက်ဆီးသွားတဲ့ အဆောက်အဦးတွေကို ဘင်္ဂလာဒေ့ရှ် အစိုးရက ပြန်လည် တည်ဆောက်ပေးမယ်လို့ ပြောပါတယ်။
ရွာကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးပညာဒီပဟာ ရခိုင်ပြည်နယ်မှ ကြွရောက် သီတင်းသုံးတဲ့ ဆရာတော် တပါးဖြစ်ပါတယ်။ ဆရာတော် ဦးပညာဒီပက “ဆုံးရှုံးသွားတဲ့ ပစ္စည်းတန်းဖိုးကိုပြောရမယ် ဆိုရင်တော့ ဦးဇင်းလည်း မပြောတတ်ဘူး။ ရှေ့ဟောင်း သုတေသန ပညာရှင်တွေမှ သိမှာ။ ဘာဖြစ်လို့လည်းဆိုတော့ ရှေးနှစ်ပေါင်း ၅၀၀ လောက်က ရွှေဘုရားတဆူ ပျောက်ဆုံးသွားတာဟာ ဘယ်အစိုးရကမှ ပြန်ပြီး လျှော်နိုင်မှာ မဟုတ်ပါဘူး” လို့ မိန့်ပါတယ်။
ပန်းဝါမြို့ရဲ့ အနောက်တောင်ဘက် ၅ ကီလိုမီတာလောက်မှာရှိတဲ့ ပေတရာ လျှောင်းတော်မူဘုရားကြီးဟာ အကြီးဆုံး လျှောင်းတော်မူ ဘုရားဖြစ်ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲမှာ ၂၀၁၁ ခုနှစ်က တည်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီဘုရားကြီးကို ဆောက်လုပ် ထိန်းသိမ်းခဲ့တဲ့ ဘူဒဝါ ဆရာတော် သီရိမောက္ခရူမာဆရမ် ဘိက္ခု (Srimotkarumasram Bhikhu) ဟာ သွပ်မိုး၊ ထရံကာ ကျောင်းလေးတကျောင်းမှာ တပါးတည်း သီတင်းသုံးပါတယ်။
“အချိန်က ၂ နာရီခွဲလောက်မှာ ထောင်ကျော်တဲ့ လူအုပ်ကြောင့် သူတို့တွေ ဟစ်အော်ပြီး ဘုရားရှိရှာ တောင်ပေါ်ကို တက်လာကြတာကို ဦးဇင်းကြား နေရတယ်။ ဒါနဲ့ ဦးဇင်းလည်း ကျောင်းကနေ ထွက်ပြေးခဲ့ရတယ်။ ခပ်လှမ်းလှမ်းက ကြားနေရတာကတော့ ထုသံ၊ ဖျက်သံတွေကို ကြားနေရတယ်။ တနာရီလောက်အကြာမှာ သူတို့လည်း ပြန်သွားကြလို့ ကျောင်းကို ပြန်လာတော့ ပြာပုံပဲ မြင်ရတော့တယ် တကာကြီး” လို့ ဆရာတော် သီရိမောက္ခရူမာဆရမ် ဘိက္ခုက မိန်းပါတယ်။
မီးရှို့ဖျက်ဆီးနေချိန်မှာ သက်ဆိုင်ရာ ရဲစခန်းကို ဖုန်းဆက်ပေမယ့် တာဝန်ရှိသူတွေ ဘယ်သူမှ ရောက်မလာဘဲ အကြမ်းဖက်သမားတွေက ကြီစိုးနေခဲ့ကြလို့ ပန်းဝါမြို့က ဗုဒ္ဓဘာသာဝင်တွေ အသက်တောင် ဝအောင် မရှုရဲ ဖြစ်ခဲ့ပြီး သူတို့ရဲ့ အနာဂတ် လမ်းပျောက်ပြီလို့ ခံစားရကြောင်း မရမာကြီးတဦးက ပြောပါတယ်။
အခင်ဖြစ်ပွားအပြီး တပတ်အကြာမှာ ရောက်လာတဲ့ ဘင်္ဂလာဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခါဆီနာဟာ ပန်းဝါမြို့ ရွာကြီးကျောင်းအရောက်မှာ ဝမ်းနည်းကြေကွဲနေတဲ့ မျက်နှာမျိုးကို မြင်ရပြီး ပန်းဝါမြို့ လူထုရှေ့မှာ ပြောကြားခဲ့ မိန့်ခွန်းမှာတော့ “တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတွေ နောက်နောင် မဖြစ်ဖို့ အစိုးရနဲ့ ပြည်သူတွေ ပူးပေါင်းကာကွယ်ကြရမယ်။ ဒီအကြမ်းဖက်မှုတွေကို ကျူးလွန်သူတွေကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး” ပြောခဲ့တယ်လို့ ဝန်ကြီးချုပ်နဲ့ အတူပါသွားတဲ့ Rakhaing Deploment Foundation (RDF) ရဲ့ ဥက္ကဋ္ဌ ဦးချစ်မောင်က ပြောပါတယ်။
ပန်းဝါကို ရောက်ရှိလာတဲ့ ဝန်ကြီးချုပ်ဟာ ဗုဒ္ဓဘာသာ ရဟန်းတွေ ပြည်သူတွေနဲ့ တွေ့ဆုံပြီး အကူညီငွေတွေပေး၊ အားပေးစကားတွေ ပြောခဲ့ပါတယ်။
မရမာကြီး အမျိုးသမီးတယောက်က ယုံကြည်မှု ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ “ကျမတို့ကို ဒီက မွတ်စလင်တွေက မနေနဲ့၊ သွားတော့ပြောနေကြတယ်။ ဝန်ကြီးချုပ် ဘာတွေပြောပြော ကျမတို့ကတော့ မယုံတော့ဘူး။ ကျမတို့ ခံစားနေရတာ လက်တွေ့ပါတယ်။ လက်တွေ့ဖြစ်နေတုန်းက ဘယ်အာဏာပိုင်မှ မရောက်ဘဲနဲ့ အခုမှ လာပြောတာတော့ ဘယ်လိုမှ မယုံနိုင်ပါဘူး” လို့ ဆိုပါတယ်။
ဒီပြဿနာအားလုံးဟာ ဖေ့စ်ဘုတ် လူမှုကွန်ရက်က စတာပါ။ မွတ်စလင် ဘာသာဝင်တွေကို စော်ကားထားတဲ့ အင်တာနက်ပေါ်က ဓာတ်ပုံတပုံကို မရမာကြီး လူငယ်တယောက်က ဖေ့စ်ဘုတ်မှာ တင်ထားတာကို မြင်သွားတဲ့ မွတ်စလင် လူငယ် ၂၀ လောက်က စက်တင်ဘာ ၂၉ ရက်နေ့ ည ၁၀ နာရီောလက်မှာ စတင် အော်ဟစ် ဆန္ဒပြတာကနေ ချက်ချင်းဆိုသလို ထောင်နဲ့ချီတဲ့ လူတွေ အစုအဝေး ဖြစ်သွားခဲ့ပါတယ်။
ဂေါဇော်နီယာ၊ နတ်ကျောက်စရီ၊ ဦကီယာ၊ ရှပ်ကာနီယာ စတဲ့ ဒေသက မွတ်စလင်တွေ စုဝေးရောက်ရှိလာတာဖြစ်ပါတယ်။ ဂေါဇော်နီယာဒေသဟာ မွတ်စလင် အစွန်းရောက် အဖွဲ့အစည်း အမျိုးမျိုး ခိုအောင်းတဲ့ဒေသတခု ဖြစ်ပါတယ်။ ဦကီယာမြို့မှာတော့ မြန်မာနိုင်ငံဘက်က ဝင်လာတဲ့ ဘင်္ဂါလီတွေရှိပြီး ဒုက္ခသည် တသိန်းခွဲလောက် ရှိတဲ့ ဒုက္ခသည် စခန်း ၂ ခု တည်ရှိပါတယ်။ ရှပ်ကာနီယာ ကလည်း ဘာသာရေးအစွန်းရောက်များ မှီခိုကျက်စားရာ ဒေသဖြစ်ပါတယ်။
မွတ်စလင်တွေ တမုဟုတ်ချင်း စုရုံးရောက်ရှိလာတာ၊ ဒေသခံ အာဏာပိုင်တွေက အကာအကွယ်ပေးဖို့ လက်နှေးတာတွေရဲ့ နောက်ကွယ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးကစားကွက်တွေ ရှိနေတယ်လို့လည်း သုံးသပ်ကြပါတယ်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ လက်ရှိ အစိုးရ အာဏာရ အဝါမလိဂ်ပါတီကတော့ အခုလုပ်ရပ်ဟာ BNP ခေါ် ဘင်္ဂလာဒေ့ရှ်နိုင်ငံ အမျိုးသားပါတီနဲ့ Jamat Islimmate ပါတီတို့ ပူးပေါင်း လုပ်ဆောင်တဲ့ လက်ချက်ပါတယ်လို့ စွပ်စွဲထားပါတယ်။ ဒါပေမယ့် BNP ကလည်း ရွေးကောက်ပွဲ နီးလာလို့ အာဏာလက်မလွှတ်ချင်တာကြောင်း အခု လုပ်ရပ်ကို အဝါမလိဂ်ပါတီက လုပ်တာလို့ ပြန်လည်စွပ်စွဲပါတယ်။
အကြမ်းဖက် ဖျက်ဆီးမယ့်သူတွေကို ပန်းဝါမြို့ထဲ လိုက်ပို့ပေးတဲ့ ထရပ်ကားကို စစ်တကောင်းမှာ ဖမ်းမိလို့ စစ်ဆေးတော့ ၁၉၇၈ ခုနှစ်လောက်က ရခိုင်ပြည်နယ် မောင်တောကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာပြီး အခြေချတဲ့ ဘင်္ဂါလီတဦးပိုင် ထရပ်ကား ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ၂၄ နာရီသတင်းဝက်ဘ်ဆိုဒ်က ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Mohiuddin Khan Alamgir က ပန်းဝါ အကြမ်းဖက်မှုတွေမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေ ပါဝင်ပတ်သက်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပန်းဝါ အကြမ်းဖက်မှုနဲ့ ဆက်နွယ်နေတဲ့ BNP နဲ့ Jamat Islimmate ပါတီက ပါတီဝင် ၂၀၀ ကျော်ကိုလည်း ဖမ်းဆီးထားတယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။
ရခိုင်ပြည်နယ်ကလာတဲ့ ဘင်္ဂါလီတွေဟာ ဦးဆောင်သူ လှုပ်ရှားသူတွေအနေနဲ့ မဟုတ်ဘဲ BNP နဲ့ Jamat Islimmate ပါတီ ခေါင်းဆောင်တွေရဲ့ ကြိုးကိုင်မှုအောက်မှာ အားဖြည့်သူတွေ အနေနဲ့ လှုပ်ရှားခဲ့တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။
အဝါမလိဂ် ပါတီနဲ့ BNP ပါတီဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ အင်အားအကောင်းဆုံး ပါတီကြီး ၂ ခုဖြစ်ပြီး BNP နဲ့ Jamat Islimmate တို့ဟာ မဟာမိတ်ပါတီတွေ ဖြစ်ကြပါတယ်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံ အထွေထွေ ရွေးကောက်ပွဲကြီးဟာလည်း ၁ နှစ်လောက်သာ လိုတော့တဲ့အချိန်မှာ ပါတီကြီး ၂ ခုဟာ အကြီးအကျယ် အားပြိုင်မှုတွေ ရှိနေပါတယ်။
ပန်းဝါ အကြမ်းဖက်မှုမှာ အဝါမလိဂ်ပါတီကို ဗုဒ္ဓဘာသာဝင်တွေ မထောက်ခံတော့အောင် BNP က လုပ်တာ၊ Jamat Islimmate ပါတီကတော့ ရခိုင်ပဋိပက္ခကို လက်စားချေတာလို့ ပြောဆိုနေကြပါတယ်။
အဝါမလိဂ် ပါတီနဲ့ BNP ပါတီကြီး ကျွဲနှစ်ကောင် ခတ်တဲ့ကြားမှာ ပန်းဝါမြို့က ဗုဒ္ဓဘာသာဝင် လူနည်းစုဟာ မြေဇာပင် ဖြစ်ကြရတယ်လို့လည်း လေ့လာသူတွေက သုံးသပ်နေကြပါတယ်။