ဆောင်းပါး

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၈)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သံရုံးသိမ်း သေနတ်သမားနှင့် အင်တာဗျုးခြင်း

အဲဒီလို ဘာ ID မှ မရှိတာကိုက ကံကောင်းသွားတယ် ပြောရမလားပါပဲ။ တခြားသတင်းထောက်တွေ သံရုံးရှေ့ပြေးနေချိန်မှာ သူတို့လို မပြေးနိုင်တဲ့ကျနော်က ရုံးခန်းကျဉ်းကျဉ်းထဲမှာ ဖုန်းတဂွမ်ဂွမ် ဆက်ရင်းနဲ့ NGO သတင်းရပ်ကွက်ဆီကနေ သံရုံးဖုန်းနံပတ်တခု ရလိုက်ပါတယ်။ ရမ်းသမ်းပြီးနှိပ်ထည့်လိုက်တော့ “ဆဝါဒီခပ်” ဆိုပြီး ဖုန်းကိုင်တဲ့လူက ထိုင်းလိုပြောပါတယ်။ ဒါပေမဲ့ ဒီလူ့အသံ ထိုင်းအသံ မဟုတ်ဘူးဆိုတာကို ရိပ်မိတာနဲ့ ထိုင်းလိုပြန်မပြောတော့ဘဲ “ကျနော် DVB ကပါ။ အဲ …” ဆိုပြီး စကားဆက်ဖို့ အရှိန်ယူနေတုန်း။ “DVB နော်ဝေလား။ ဘယ်သူလဲမသိဘူး” ဆိုပြီး ဖုန်းကိုင်တဲ့ပုဂ္ဂိုလ်က ပြန်မေးပါတယ်။ တကယ်က ကျနော့်သတင်းထောက်အမည် ”ထက်အောင်ကျော်” ဆိုတာကို ပြောရမယ့်အစား မေ့ပြီးတော့ အမည်ရင်းဖြစ်တဲ့ “ဝင်းထိန်ပါ … ကျနော်။ ခင်ဗျားတို့ အဲဒီ … ဟိုကိစ္စ ဘာပြောလို့ရမလဲ၊ နောက်ဆုံးအခြေနေ” ဆိုပြီး အစီစဉ်တကျမဟုတ်တဲ့ မေးခွန်းတွေ ထွက်သွားပါတယ်။

”သြော် … နော်ဝေးအသံကိုလား။ ဟုတ်ကဲ့ ကျနော်တို့သိမ်းထားတယ်။ သံရုံးကို စီးထားလိုက်ပြီ” ဆိုပြီး အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။ တကယ်က အဲဒီအချိန်မှာ အသေချာ မေးခွန်းဆက်မေးရမယ့်အစား အတွေ့အကြုံမရှိသေးတဲ့ သတင်းထောက်ပီပီ “ဒီနံပါတ်က သံရုံးနံပါတ်ဟုတ်ပါတယ်နော်” ဆိုပြီး သွားမေး မိပါတယ်။ တော်သေးတယ်။ ဟိုဖက်ကပုဂ္ဂိုလ်က စိတ်ဆိုးပြီး ဖုန်းချမသွားလို့။ ပြီးတော့ ကျနော်စမေးတဲ့ မေးခွန်းကကြည့်ပါဦး၊ “ခင်ဗျားတို့ ဘာပြောချင်လဲ။ ပြောချင်တာတွေအကုန်လုံး ပြောထားခဲ့ဗျာ” တဲ့။

“ကျနော်ဘာမှ မပြောနိုင်သေးဘူး။ စတိတ်မန့်ထဲမှာ ပါသလောက်ပဲ ပြောနိုင်ဦးမယ်။ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ ကျနော်တို့ တောင်းထားပါတယ်။ ခင်ဗျား စတိတ်မန့် ရပြီးပြီမို့လား” လို့ ပြန်မေးပါတယ်။ မရသေးရင် Fax နံပါတ်ပေး၊ သူပို့ပေးမယ်လို့ ဆိုပါတယ်။ ကျနော်တို့ရုံးက ပုန်းလျှိုးကွယ်လျှိုး ဖွင့်ထားရတာဆိုတော့ ပြဿနာဖြစ်နေတဲ့အရပ်ဆီ Fax နံပါတ်ပေးလို့ ဘယ်ဖြစ်မလဲ။ ဒါနဲ့ အသံနဲ့ လိုချင်လို့ပါ။ ဘာညာ ညှိရတာ တမိနစ်လောက်ကြာသွားပါတယ်။ ပြီးတော့မှ ကျနော်မေးမယ်၊ ခင်ဗျားဖြေဗျာ ဆိုပြီးပြောတော့ “အိုကေ” လို့ သူကဆိုပါတယ်။

ခင်ဗျားတို့က ဘယ်အဖွဲ့ကလဲ။ ဘာကြောင့် အခုလိုဝင်စီးတာလဲ ဆိုပြီး စမေးဖြစ်ပါတယ်။ “ကျနော်တို့က ဘယ်အဖွဲ့အစည်းရဲ့ လက်အောက်ခံမှမဟုတ်ဘူး။ Vigorous Burmese Students Warrior စွမ်းအားမြင့် ကျောင်းသားစစ်သည်တော်များအဖွဲ့။ ဘယ်အဖွဲ့နဲ့မှ မဆိုင်ဘူး။ အခုမှ အသစ်ဖွဲ့တဲ့အဖွဲ့” ဆိုပြီး အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။ ပြီးတော့ ဘာကြောင့် ဝင်သိမ်းလဲဆိုတော့ ဒီကောင်တွေက ပြည်သူက ရွေးချယ်ခန့်အပ်ထားတဲ့ လူတွေမဟုတ်ဘူး။ သူ့ဟာသူ သေနတ်နဲ့ အာဏာသိမ်းပြီး လျှောက်လုပ်နေတာ။ ကျနော်တို့က တော်လှန်ရေးသမားတွေပဲ။ ပြည်သူဘက်က လူတွေပဲ။ ဒါကြောင့် ဝင်သိမ်းတာလို့ အဲဒီ ပုဂ္ဂိုလ်က ပြောပါတယ်။

ဒီကိစ္စကိုခင်ဗျားတို့ ဘယ်လိုဖြေရှင်းမှာလဲ။ ထိုင်းအာဏာပိုင်တွေနဲ့ ညှိမှာလားဆိုပြီး ဆက်မေးတော့ “မိထားတဲ့ ဓားစားခံတွေကိုဖမ်းပြီး တော်လှန်ရေးနယ်မြေကို ပြန်ဆုတ်မယ်။ ထိုင်းနဲ့ ညှိမယ်။ ထိုင်းကို စော်ကားတာ မဟုတ်ဘူး။ မြန်မာသံရုံးဟာ မြန်မာပိုင်နက်ထဲမှာပဲ ရှိတယ်။ ကျနော်တို့ လက်နက်ချဖို့ မရှိဘူး။ ကျနော်တို့နဲ့အတူ မဟာမိတ် God Army လည်း ပါတယ်။ ခင်ဗျားတို့အနေနဲ့ Mediator လိုင်းကနေ ဝင်ပေးနိုင်ရင်ကောင်းမယ်။ မဟုတ်ရင် အားလုံးသေကုန်မယ်။ လက်နက်ချဖို့မရှိဘူး” ဆိုပြီး အဲဒီ ပုဂ္ဂိုလ်က ဆက်ပြောပါတယ်။

တကယ်က အဲဒီလို အရှိန်ကောင်းနေတုန်း မေးခွန်းတွေ ဆက်တိုက်မေးသင့်တယ် ထင်ပါတယ်။ ဒါပေမယ့် ကျနော်စိတ်ထဲ ဒီလူ တကယ်ပြောနေတာရော ဟုတ်ရဲ့လား။ သံရုံးနံပါတ်ရော ဟုတ်ရဲ့လားဆိုပြီး သံသယ ထပ်ဝင်လာပြန်ပါတယ်။ “ခင်ဗျား သံရုံးထဲကပြောနေတာ ဟုတ်ပါတယ်နော်။ ခင်ဗျားနာမည်နဲ့ တာဝန်ကို ပြောနိုင်မလားဗျ။ ကျနော် အတည်ပြုချက် ယူချင်လို့ပါ” ဆိုပြီး သွားမေးမိပြန်ပါတယ်။

”နာမည်။ နာမည်က အကုန်လုံးသိနေပြီဗျ။ By Name နဲ့တောင် Fax တွေဝင်လာနေပြီ။ ကျနော့်နာမည် ဂျော်နီပဲ” ဆိုပြီး အဲဒီပုဂ္ဂိုလ်က ဖြေပါတယ်။ ပြီးတော့ သေနတ်သံတွေ၊ မှန်ပြူတင်းကွဲသံတွေ ကြားလိုက်ရပါတယ်။ ”ဒါပဲနော်။ ကျနော် ထိုင်းအာဏာပိုင်တွေနဲ့ စကားပြောရဦးမယ်” လို့ပြောပြီး ဖုန်းချသွားပါတယ်။ အဲဒါဟာ အတွေ့အကြုံ နုသေးတဲ့ သူပုန်လူထွက်ခါနီး သတင်းထောက်ပေါက်စနဲ့ ဘန်ကောက်မြို့လယ်ခေါင်က မြန်မာသံရုံးကို စီးထားသူ သေနတ်သမားတို့ရဲ့ ပထမဆုံး အင်တာဗျူးပါပဲ။

တကယ်ကတော့ နိုင်ငံတကာ သတင်းဌာနတွေမှာဆိုရင် ဒီလို အကြမ်းဖက်စီးနင်းမှုတွေ၊ ဓားစာခံကိစ္စတွေအတွက် အထူး သတင်းထောက်တွေ ရှိတယ်လို့ဆိုပါတယ်။ ဒီ ဘာသာရပ်အတွက် အထူးလေ့ကျင့်ထားတဲ့ သတင်းသမားတွေပေါ့။ ဒါပေမယ့် ကျနော်တို့ မြန်မာသတင်းလောကမှာတော့ အခုချိန်အထိ ဒါမျိုးလေ့ကျင့်ထားတာ၊ ဒီဘာသာရပ်ကို သင်ကြားတယ်ဆိုတာမျိုး မကြားမိသေးပါဘူး။ နောက်တခါ ဒီလိုဖြစ်ရပ်ဟာ ဆယ်နှစ်လောက်ကြာမှ တခါလောက် ပေါ်တဲ့ကိစ္စမျိုးဆိုတော့ ခန့်မှန်းဖို့ သိပ်မလွယ်။ နီးတဲ့လူ၊ ဖုန်းရတဲ့လူကပဲ မေးလိုက်တာ သဘာဝကျတယ်လို့ ထင်ပါတယ်။

ဒါက အခုမှ စဉ်းစားမိတဲ့ အချက်တွေပါ။ အဲဒီအချိန်ကတော့ ရင်တုန်ပန်းတုန်ဖြစ်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပါ။ ဒီအင်တာဗျူး ပြီးသွားတဲ့အထိ ကျနော့်စိတ်ထဲ ယုံတဝက်၊ မယုံတဝက်ဖြစ်နေဆဲ။ ကျနော်ဘေးမှာနားထောင်နေကြတဲ့ ကိုတင့်ဇော်နဲ့ ကိုမင်းဇော်ရွှေတို့ကတော့ လက်မ ထောင်ပြနေကြပါတယ်။ ဒါပေမယ့် သူတို့က အစအဆုံး ကြားရတာမဟုတ်။ ကျနော်မေးနေတဲ့ အသံပဲကြားရပြီး ဟိုဘက်ကဖြေသံကို မကြားနိုင်။ အဲဒီကာလ DVB ဟာ ဆင်းရဲနေဆဲ ဖြစ်တဲ့အတွက် တယ်လီဖုန်းနဲ့ အသံဖမ်းစက်ကြား ချိတ်ပေးတဲ့ ဒေါ်လာ ၃၀ တန် ကြားခံကိရိယာကိုတောင် မဝယ်နိုင်သေး။ ဘန်ကောက်ဗျူရိုတာဝန်ခံ ကိုခင်မောင်ဝင်း ဆင်ပေးထားတဲ့ ကိုယ်ဘာသာ ဘေးမှာ အပေါက်ဖောက်ထားတဲ့ တယ်လီဖုန်းကို ဝိုင်ယာကြိုးအသွယ်သွယ်နဲ့ဆက်ပြီး အသံဖမ်းနေရတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။

ဒီလိုနဲ့ အော်စလိုရုံးက ဖုန်းခေါ်လာချိန်ကိုတောင် မစောင့်နိုင်တော့ပါဘူး။ ကိုယ်ကပဲ အရင် ခေါ်ပြီး သံရုံးကို စီးထားတဲ့ အဖွဲ့ခေါင်းဆောင်နဲ့ အင်တာဗျုးရထားတဲ့အကြောင်း၊ အမြန်ပို့ချင်ကြောင်း ပြောလိုက်ပါတယ်။ အဲဒီအချိန် အော်စလိုရုံး တာဝန်ကျ သတင်းအယ်ဒီတာက ကိုဝင်းနိုင်ဦး (နောက်ပိုင်း RFA ကို ပြောင်းသွားသူ) ဖြစ်ပါတယ်။ သူလည်း ကျနော်အင်တာဗျုးရတာကို အတော်အံ့သြနေပုံရပါတယ်။ ကျနော် ကိုယ်တိုင်လည်း အံ့သြနေတုန်း။

အဲဒီကာလတွေဟာ အခုခေတ်လို အွန်လိုင်းဆက်သွယ်ရေး သိပ်မကောင်းသေးတဲ့အတွက် တနေရာနဲ့တနေရာ ဆက်သွယ် အကြံဉာဏ်တောင်းဖို့ သိပ်မလွယ်သေးပါ။ ဆိုလိုတာကတော့ အခုခေတ်မှာ ဆိုရင် ဆက်သွယ်ရေး လွယ်ကူတဲ့အပြင် ရုံးခန်းတွေလည်း စနစ်တကျရှိတဲ့နေတဲ့အတွက် အရေးကြီး အင်တာဗျုးတခုခု မလုပ်ခင်မှာ ဘယ်လိုမေးခွန်းတွေ မေးသင့်တယ်ဆိုတာကို အယ်ဒီတာတွေ။ တာဝန်ရှိ သူတွေနဲ့ တိုင်ပင်အကြံဉာဏ်တောင်းဖို့ လွယ်ပါတယ်။ အဲဒီကာလကတော့ မြေအောက်တပိုင်းသတင်း ဌာနလိုဖြစ်နေတဲ့အခါကျတော့ ကျနော်ဘေးမှာ မေးမြန်းတိုင်ပင်ဖို့ ဘယ်အယ်ဒီတာမှမရှိ။ နော်ဝေးကလူတွေကလည်း အိပ်ရာက မထသေးဆိုတော့ ဘယ်လိုမှ ကြိုတင်ပြင်ဆင်ဖို့ အချိန်မရလိုက်ပါ။ နောက်တခါ ကျနော် ကိုယ်တိုင်လည်း ဖုန်းရဖို့ပဲ နင်းကန်လျှောက်ခေါ်နေပြီး (ဖုန်းရမယ်လို့ သိပ်ထင်မထားပေမယ့်) တကယ်လို့ ဖုန်းရရင် ဘာတွေမေးမယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားဖို့ အားနည်းခဲ့တယ်လို့ ထင်ပါတယ်။

ဒီလိုနဲ့ ည ၇ နာရီ ၄၅ မိနစ်မှာလွှင့်တဲ့ အဲဒီ အင်တာဗျုးကို နားထောင်ပြီးတဲ့နောက် ကျနော် အိမ်ပြန်လာပါတယ်။ သိပ်မကြာပါဘူး။ ကျနော့်ဆီ ဝင်လာတဲ့ဖုန်းတွေက မနည်းလှ။ အဲဒီထဲမှာ အခု ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံဆီ သွားရောက်လေ့လာနေကြတဲ့ ABSDF ဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ဒေါက်တာ နိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့က ထိပ်ဆုံးပါပဲ။ ပြီးတော့ တခြားသတင်းဌာနက လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေ။ သူတို့ အဓိကမေးတာက ဘယ်နံပါတ်နဲ့ရလဲ။ အဲဒီနံပါတ် ပေးနိုင်မလားပေါ့။ တကယ့် ကျဉ်းထဲကျပ်ထဲပါပဲ။

အဲဒီအချိန်မှာ ကျနော်က ABSDF အရန် ဗဟိုကော်မီဝင် ဖြစ်နေတုန်း။ ကိုနိုင်အောင်က ဥက္ကဋ္ဌ၊ ကိုမိုးသီးဇွန်က ဒု ဥက္ကဋ္ဌ ဆိုတော့ သူတို့တောင်းတာကို ကျနော်မပေးလို့ ဘယ်သင့်တော်ပါ့မလဲ။ တဖက်ကလည်း ကိုယ့်သတင်းရင်းမြစ်ကို မပေးချင်ပြန်ဘူး။ အဲဒါနဲ့ ကျနော် တကယ်ခေါ်လို့ရတဲ့နံပါတ်နဲ့ ခေါ်လို့မရတဲ့ နံပါတ် နှစ်မျိုးကိုတွဲပြီး “အဲဒီနံပါတ် နှစ်ခုစလုံးကိုသာ ခေါ်ကြည့်ပါ။ တလုံးမဟုတ် တလုံးရနိုင်ပါတယ်” လို့ ပြောပြီးပေးလိုက်ပါတယ်။

တခြားသတင်းဌာနတွေက လုပ်ဖေါ် ကိုင်ဖက်တွေကိုလည်း ဒီလိုပဲ ပေးလိုက်ပါတယ်။ ဒါပေမဲ့ ကံကောင်းတာလား။ ကံဆိုးတာလား မပြောတတ်။ ကျနော်ကလွဲပြီး ဘယ်သူမှ ကိုဂျော်နီနဲ့ အင်တာဗျုး မရလိုက်ပါဘူး။ ကံဆိုးတယ် ဆိုတာကတော့ ဘယ်သူမှမရဘဲ ကျနော်တဦးတည်းသာ အင်တာဗျုးရတဲ့အတွက် ကျနော်နဲ့ ကိုဂျော်နီတို့ နဂိုကတည်းက အဆက်သွယ် ရှိထားလားဆိုပြီး သံသယ ဝင်ကြတဲ့အမှုပါ။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေ့ည ၁ နာရီခွဲလောက်မှာ ကိုဂျော်နီနဲ့ကျနော် ဖုန်းတခါ ထပ်ရလိုက်ပါသေးတယ်။ မနက်ဖြန် သေနိုင်တယ်လို့ ထင်ထားတဲ့ ကိုဂျော်နီဟာ သူ့ရင်ထဲရှိတဲ့ စကားတွေအားလုံးကို အဲဒီညက ပြောသွားခဲ့ပါတယ်။

“ကိုယ့်ကိုယ်ကို သေလူအဖြစ် သဘောထားပြီး ဒီကိစ္စကို ဆောင်ရွက်တာပါ။ ကျနောလည်း AB ရဲဘော်ဟောင်းပါပဲ။ ကျနော်တို့ ရှေ့တန်းမှာတိုက်နေတာ နှစ်တွေကြာခဲ့ပေမယ့် ဘာမှ မထူးလာဘူးဗျာ၊ ပွန်း (စစ်တုရင် ကစားပွဲမှ စစ်သည်ရုပ်) တွေနဲ့ တိုက်နေလို့ ဘာမှမထူးဘူး၊ Key တွေ၊ ထိပ်မှာထိုင်ပီး အမိန့်ပေးနေသူတွေကို ရှင်းပစ်နိုင်မှ မြန်မာနိုင်ငံအခြေနေက ပြောင်းမှာဗျ” ဆိုတဲ့ စကား အပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေအပေါ် သူ့အမြင်၊ တော်လှန်ရေးသမားတွေဟာ စစ်မတိုက်ဘဲ ဆယ်မီနာတွေ၊ အစည်းဝေးတွေပဲ လုပ်နေကြပြီး အချိန်ဖြုန်း၊ ငွေဖြုန်း လုပ်နေကြတယ်ဆိုပြီး ကိုဂျော်နီပြောသွားတာကို ကျနော်မှတ်မိနေပါတယ်။

AK 47 တဖက်၊ ခွပ်ဒေါင်းအလံ တဖက်နဲ့ ကမ္ဘာကျော်သွားသူများ

ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ကိုဂျော်နီဟာ သေကံမရောက် အသေက်မပျောက်ဆိုသလို အဲဒီနေ့နံနက် အောက်တိုဘာ ၂ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းမှုတွေ အားလုံးအဆင်ပြေသွားပါတယ်။ ထိုင်း ဒု နိုင်ငံရေးဝန်ကြီးကိုယ်တိုင် ဓားစာခံတွေနဲ့ အစားထိုး လဲလှယ်ကာ သူတို့နဲ့အတူ တောထဲအထိ လိုက်သွားမယ်လို့ သဘောတူညီချက် ရလိုက်ပါတယ်။

“ဒီလူတွေက အသက်နဲ့ရင်းပြီးလုပ် နေချိန်မှာ ငါက ရဲအဖမ်းခံရမှာစိုးလို့ သံရုံးရှေ့ မသွားရဲဘူးဆိုတာ မဟုတ်သေးပါဘူး” ဆိုပြီး ကိုယ်ဖာသာ ရဲဆေးတင်ပြီး အဲဒီနေ့က သံရုံးရှေ့ကို အရဲစွန့်ရောက်နေတဲ့ ကျနော်လည်း သတင်းယူရတာ ဖတ်ဖတ်မောပါပဲ။ သံရုံးထဲ ရဟတ်ယာဉ်ဆင်းမရလို့ အလံတိုင်ကြီးကို ခုတ်လှဲလိုက်တာ၊ ဆေးရုံဖက်အသွားမှာ ကားဘီး နွံနစ်လို့ မိုးပေါ်သေနတ်ထောင်ဖောက်တာ၊ နောက်ဆုံး လုံမဏီပန်းခြံဘေးက ရဲသင်တန်းကျောင်းရောက်မှ အားလုံးအဆင်ပြေပြီး ဓားစာခံတွေကို လွှတ်ပေး၊ ခွပ်ဒေါင်းအလံတဖက်၊ AK သေနတ် တဖက်ကိုင်ပြီး လက်ဝှေ့ယမ်းပြ၊ နိုင်ငံခြားရေး ဒု ဝန်ကြီးနဲ့အတူ ရဟတ်ယာဉ်ပေါ်တက်သွားတဲ့ မြင်ကွင်းဟာ တကယ် စိတ်လှုပ်ရှားစရာပါပဲ။

အဲဒီဖြစ်စဉ်တခုလုံးကို Live ပုံစံနဲ့ အသံဖမ်းစက်ထဲ ပြောထည့်ထားပြီး လိုသလောက် တည်းဖြတ်ပို့လိုက်တဲ့ ကျနော်ရဲ့သတင်းဟာ အဲဒီညက အတော်လူသိများသွားခဲ့တယ်လို့ ဆိုပါတယ်။ အသံလှိုင်း မကြည်တဲ့ DVB ကို လူတွေခဲရာခဲဆစ် နားထောင်မှု တိုးလာစေတယ်လို့လည်း သိရပါတယ်။ အဲဒီ သတင်းဟာ ကျနော့် သတင်းထောက်ဘဝမှာ ပထမဆုံးပို့ဖူးတဲ့ Live သတင်း ဖြစ်ပါတယ်။

ရဟတ်ယာဉ် တက်သွားပြီး နာရီဝက်လောက်အကြာမှာ ပြည်ထဲရေးဝန်ကြီးက သံရုံးဘေးရှိ အဆောက်အဦမှာ သတင်းစာရှင်းပွဲ လုပ်ပါတယ်။ အဲဒီရှင်းပွဲအတွက် သတင်းထောက်တွေ စုနေတဲ့အထဲ မနေ့ညက ကျနော်နဲ့ ချင်းမိုင်မှာတွေ့မယ်လို့ ချိန်းထားတဲ့ ကိုအောင်ဇော်ကိုလည်း တွေ့ရပါတယ်။ သူက အဲဒီ အချိန်မှာ ဧရာဝတီအပြင် RFA အတွက် သတင်းပို့နေသူပါ။ နိုင်ငံခြားသတင်းထောက်တွေအကြား အမျိုးမျိုး ထင်မြင်ချက်ပေးနေပြီး ရဟတ်ယာဉ်ဟာ မဲဆောက်ဘက်က KNU ဥက္ကဋ္ဌရှိတဲ့ နယ်စပ်ဆီသွားတာ ဖြစ်မယ်လို့ ပြောနေကြပါတယ်။

“ဘယ်ဟုတ်မလဲ၊ မဲဆောက်က အဝေးကြီး။ သူတို့က God Army စခန်းရှိတဲ့ ရတ်ချပူရီက ကမာပုလောစခန်းဆီ သွွားတာပါ” ဆိုပြီး ကျနော် ဝင်ပြောမိပါတယ်။ “မင်းက ဘယ်လိုသိတာလဲ” ဆိုပြီး ကင်မရာတွေက ကျနော့်ဖက် လှည့်လာပါတယ်။ သတင်းထောက်ကနေ သတင်းဖန်တီးသူ ဖြစ်သွားမှာစိုးတာနဲ့ ဟိုလိုလို ဒီလိုလိုပြောပြီး လျှောချလိုက်ရတာကို ကျနော် အမှတ်ရနေပါတယ်။

ရတ်ချပူရီ ဆေးရုံကို ဝင်စီးပြန်ပြီ

ကမ္ဘာကျော်သွားတဲ့ သံရုံးစီးနင်းမှုဖြစ်ပြီး သိပ်မကြာပါဘူး။ ၂၀၀၀ ခုနှစ် ဇန်နဝါရီလထဲမှာ စွမ်းအားမြင့် စစ်သည်တော်များ အဖွဲ့နဲ့ God Army စခန်းရှိရာ ကမာပုလောဒေသဆီ နဝတတပ်တွေက အကြီးအကျယ် ထိုးစစ်ဆင်ပါတော့တယ်။ ကျနော်တို့တပ်တွေ ခံခဲ့ရတဲ့ ထိုးစစ်ထက် အဆမတန်များတဲ့ တပ်အင်အားနဲ့ ထိုးတာဖြစ်ပြီး လက်နက်ကြီး အလွန်အကျွံ သုံးခဲ့ကြောင်း၊ ပြီးတော့ သူတို့ဟာ ကျနော်တို့ တပ်တွေလို ဆုတ်လမ်းမထားဘဲ ကမာပုလောစခန်းမှာ ခံစစ်သေသဘောနဲ့ နေရာယူထားတဲ့အတွက် အတော်အထိနာခဲ့တယ်လို့ နောက်ပိုင်းမှာ ပြန်သိခဲ့ရပါတယ်။

ဒဏ်ရာရ လူနာက များပြား၊ ဆေးဝါးက မလုံလောက်၊ ကျွမ်းကျင်ဆေးမှူးကလည်း မရှိတာနဲ့ နောက်ဆုံးကြံရာမရဖြစ်ပြီး ထိုင်းနိုင်ငံထဲ ဆရာဝန်ရှာဖို့ ထွက်လာရာကနေ ရတ်ချပူရီဆေးရုံဆီ ရောက်လာတာဖြစ်တယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီအချိန်ကတော့ ဒါတွေကို မသိပါဘူး။ “နန်စူစန်ဖမားတွေက ရတ်ချပူရီဆေးရုံကို ဝင်စီးထားပြန်ပြီ” ဆိုပြီး ထိုင်း TV မှာ သတင်းစကြားလိုက်တာပါ။ ဒီသတင်းကြားတော့ ရတ်ချပူရီကိုသွားဖို့ ကျနော်ကြိုးစားပါတယ်။ ဒါပေမယ့် အခြေမနေက အရင်လို မဟုတ်တော့။ သံရုံးစီးနင်းမှု သတင်းအပို့ကောင်းလို့၊ ဂျော်နီနဲ့ အင်တားဗျုးအရကောင်းလို့ စတဲ့အချက်တွေအပေါ် မူတည်ပြီး ထိုင်းထောက်လှမ်းရေးတွေက ကျနော်တို့ကို သိပ်မယုံတော့ပါ။ ကီလို ၈ ဖက်မှာ ဖွင့်ထားတဲ့ DVB ရုံးကို ပိတ်ပြီး ရုံးဝန်ထမ်းတွေအားလုံး မြေအောက်လျှိုးပြီး ကိုယ်လျှို့ဝှက်ခန်းတွေကနေ သတင်းပို့နေရတဲ့ အခြေအနေမျိုးပါ။

လျှို့ဝှက်တယ်ဆိုပေမယ့်လည်း နေတဲ့နေရာပဲ လျှို့ဝှက်ပြီး သတင်းယူရတဲ့ နေရာတွေကတော့ အစိုးရဝန်ကြီးဌာနတွေ၊ ဆယ်မီနာခန်းမတွေဆိုတော့ သိပ်မထူးပါဘူး။ မှတ်မှတ်ရရ အဲဒီသတင်းမကြားခင် တရက်ကတောင် ဘန်ကောက် ဟိုတယ်တခုမှာ ကျင်းပတဲ့ အာဆီယံ ခရီးသွားတိုးမြင့်ရေးဆွေးနွေးပွဲမှာ နဝတရဲ့ ခရီးသွားဝန်ကြီးနဲ့တောင် ကျနော် အင်တာဗျူး လိုက်ပါသေးတယ်။

ဒီလိုနဲ့ ရတ်ချပူရီသွားနိုင်ဖို့ ID ခိုင်တဲ့ အဖော်လိုက်ရှာရင်း မနေ့က သတင်းစာရှင်းပွဲမှာ အတူတူတက်ခဲ့သူ (အဲဒီအချိန်က RFA မှာ ယာယီ တာဝန်ထမ်းနေသူ) ဒေါ်တင်ထားဆွေနဲ့ အဆက်သွယ် ရလိုက်ပါတယ်။ RFA ဗီယက်နမ်ဌာနက သတင်းထောက်တဦး၊ ထိုင်းကားဆရာ၊ ဒေါ်တင်ထားဆွေနဲ့ ကျနော်တို့ ၄ ဦး ရတ်ချပူရီကို ရောက်တော့ နေ့လည် တနာရီလောက် ရှိနေပါပြီ။ ဆေးရုံးဝင်း ဝင်ပေါက်အားလုံးကို ပိတ်ထားပြီး အားကစားကွင်း ရှိတဲ့ဖက်မှာ သတင်းထောက် အများကြီးကို တွေ့ရပါတယ်။ ကျနော်လည်း ဘန်ကောက်သံရုံး စီးနင်းစဉ်ကလိုမျိုး အင်တာဗျုးများ ရမလားဆိုပြီး လက်ကိုင်ဖုန်းတလုံးနဲ့ ဟိုဆက် ဒီဆက် လိုက်မေးခဲ့ပေမယ့် ဘာအင်တာဗျုးမှ မရလိုက်ပါဘူး။

ညနေ ၇ နာရီ ၄၅ မိနစ် DVB ပထမအကြိမ် အသံလွှင့်ချိန်အတွက် သတင်းပို့တဲ့အထိ အခြေအနေက ဘာမှ သိပ်မထူးခြား။ ဒါပေမယ့် ညနက်လာတာနဲ့အမျှ ထိုင်းအာဏာပိုင်တွေဘက်က လှုပ်ရှားမှုဟာ စေ့စပ်ဆွေးနွေးရေးထက် ဖမ်းဆီးဖြိုခွဲရေးဘက် နည်းနည်းယိမ်းလာသလားလို့ သံသယဝင်စရာ ဖြစ်လာစေခဲ့ပါတယ်။ နောက်တခါ ကျနော်ဘေးမှာရှိနေတဲ့ ထိုင်းသတင်းထောက်တွေ အပါအဝင် ကျနော်စကားပြောခွင့်ရခဲ့တဲ့ ထိုင်းပြည်သူတွေရဲ့ အမြင်ဟာ ဘန်ကောက်သံရုံး စီးနင်းစဉ်ကနဲ့ မတူတော့ပါ။ ဘန်ကောက်သံရုံး စီးနင်းမှုဟာ မြန်မာအချင်းချင်း ပြဿနာလို့ သူတို့က မြင်ကြပြီး ကိုဂျော်နီတို့ အဖွဲ့ရဲ့လုပ်ရပ်ကို “ဒီး ဒီး” လို့ လက်မ ထောင်ပြခဲ့သူတွေပါ။ တချိန်တည်းမှာပဲ ကျနော်တို့လို ကျောင်းသားတပိုင်း သတင်းထောက်တွေကိုလည်း သူတို့က လေးစားနေတာပါ။

ဒါပေမယ့် အခု ရတ်ချပူရီ ဆေးရုံကိစ္စမှာတော့ သူတို့အမြင်က အဲဒီလိုမဟုတ်တော့။ ထိုင်းလူမျိုးတွေကို ဒုက္ခပေးတဲ့ ကျောင်းသားတွေအဖြစ် မြင်လာနေပါတယ်။ ဖြေရှင်းသူတွေကလည်း သံရုံးတုန်းကလို နိုင်ငံရေးပြဿနာကို ကိုင်တွယ်တယ် ဆိုတာထက် အမျိုးသားလုံခြုံရေး ပြဿနာအဖြစ် ရှုမြင်ပုံရပြီး ကိုင်တွယ်ပုံပြောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ ထိုင်းသတင်းထောက်တွေ ကြားမှာလည်း ဒီလိုပါပဲ။ ဆေးရုံထဲ TV ရိုက်ခွင့်ရတဲ့ ထိုင်းချယ်နယ်က Footage တွေကို အမျိုးသားလုံခြုံရေးအတွက်ဆိုပြီး လုံခြုံရေး တပ်ဖွဲ့က အရင်စစ်ဆေးပြီး၊ ဆေးရုံဝင်းထဲက သေနတ်သမားတွေနဲ့ ဓားစာခံ အခြေအနေတွေကို အသေးစိတ်လေ့လာပြီးမှ မီဒီယာမှာပြဖို့ ပေးလိုက်တာကို မြင်လိုက်ရပါတယ်။ ဆင်ဆာမရှိဘူးဆိုတဲ့ ထိုင်းနိုင်ငံမှာ ဒီဖြစ်စဉ်ကို မြင်လိုက်ရတော့ ကျနော့်စိတ်ထဲ တမျိုးပါပဲ။

ဒီလိုနဲ့ ည ၁၁ နာရီလောက်မှာ ဆေးရုံဝင်းတံခါးရှေ့က သတင်းထောက်တွေကို နောက်နည်းနည်း ဆုတ်ပေးဖို့ပြောပြီး သံဆူးကြိုးတွေနဲ့ ကာလိုက်ပါတယ်။ တခါ ည ၁ နာရီလောက်မှာ နောက်ထပ်တခါ ထပ်ဆုတ်ခိုင်းပြီး သံဆူးကြိုးဝိုင်းကို တဖြည်းဖြည်းနဲ့ ချဲ့လာပါတယ်။ ဆိုလိုတာကတော့ ကင်မရာနဲ့ ဆေးရုံဝင်း တဖြည်းဖြည်းဝေးသွားအောင် ဖန်တီးပြီး ဝင်ရှင်းဖို့ပြင်နေတဲ့ အနေအထားမျိုးပါ။

သူတို့ ကျဆုံးသွားလေပြီ

ထင်ထားတဲ့အတိုင်းပါပဲ။ မနက် ၅ နာရီလောက်မှာ “ဝုန်း” ဆိုတဲ့ ပေါက်ကွဲသံကြီးကြားရပြီး အိပ်ငိုက်နေတဲ့ ကျနော် လန့်သွားပါတယ်။ အသံဖမ်းစက်ကို Pause လုပ်ထားပေမယ့် အဲဒီအသံကိုဖမ်းဖို့ အချိန်မမီလိုက်ပါဘူး။ ပြီးတော့ လက်နက်ငယ်သံတွေ အဆက်မပြတ်ကြားရပြီး ကောင်းကင်ပေါ်မှာလည်း ရဟတ်ယဉ်အသံတွေ ဆူလို့။ ကျနော်လည်း တခြားသတင်းထောက်တွေလို လှဲအိပ်ပြီးနေရာယူ၊ အသံဖမ်းစက်ကို အပေါ်ထောင်၊ မျက်စိက ဆေးရုံဘက် ချောင်းကြည့်ပေါ့။ အဲဒီလို နေရာယူနေစဉ် ရဟတ်ယာဉ်ပေါ်က မီးဆလိုက်က ကျနော်ခေါင်းပေါ် တည့်တည့်ထိုးနေသလားလို့ ထင်ရအောင်ကို လင်းထိန်လွန်းလှပါတယ်။

ထွက်ပြေးသွားတဲ့ သေနတ်သမားတဦးကို ရဟတ်ယာဉ်က လိုက်ရှာနေတယ်ဆိုပြီး သတင်းထောက်တွေအကြား ပြောသံကြားတော့ ပိုလန့်သွားပါတယ်။ ပြီးတော့ Live လွှင့်နေတဲ့ TV တွေအားလုံးကို လုံခြုံရေးအဖွဲ့က တားဆီးပြီး လုံခြုံရေးအဖွဲ့ လှုပ်ရှားနေတဲ့ ပုံကိုရိုက်နေတဲ့ ထိုင်းကင်မရာသမား ၂ ဦးကိုလည်း အဲဒီတပ်ဖွဲ့က တားဆီး၊ ဟိန်းဟောက်၊ သေနတ်ပြ ခြိမ်းခြောက်နေတာကို ကျနော်တွေ့လိုက်ရပါတယ်။ ထိုင်းသတင်းထောက်တွေတောင် ဒီလို အဟောက်ခံနေရရင် ငါ့လို ဘာ ID မှမရှိတဲ့ မြန်မာဆိုရင်တော့ သေနတ်သမားနဲ့ ကြံရပါလားဆိုပြီး နှိပ်ထည့်လိုက်ရင် ဒုက္ခဆိုပြီး ကြောက်စိတ်ကဝင်၊ တဖက်ကလည်း အသံတွေကို ရအောင်ဖမ်း၊ မြင်ကွင်းတွေကို မှတ်မိအောင်ကြည့်နဲ့ အတော်စိတ်ပင်ပန်းခဲ့ရပါတယ်။

အံ့သြဖို့ ကောင်းတာကတော့ ဒေါ်တင်ထားဆွေပါပဲ။ သူပုန်လူထွက်ခါစ ကျနော်က အဲဒီလို ကြောက်ဖို့ စိတ်ကူးနေစဉ်မှာ သူက ဘာမှမကြောက်ဘဲ မုန်ဘိုင်းတယ်လီဖုန်းနဲ့ FRA မနက်ပိုင်း အစီစဉ်အတွက် Live သတင်း ပို့နေပါတယ်။ DVB ကတော့ အဲဒီအချိန် အော်စလိုကလူတွေ အိပ်ကောင်းတုန်း။ မနက်ပိုင်း အစီစဉ်လည်း မရှိသေးတဲ့အတွက် အသံတွေ ဖမ်းထားရုံကလွဲပြီး ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ တနာရီလောက် ရှုပ်ယှက်ခပ်ပြီးနောက်မှာတော့ အားလုံး အိုကေသွားပြီ၊ ဓားစာခံတွေကို ကယ်တင်လိုက်နိုင်ပြီလို့ လုံခြုံရေးအဖွဲ့က ပြောပါတယ်။

ဒါပေမယ့် သေနတ်သမားတွေကို ဘယ်လို အရေးယူသလဲဆိုတာကိုတော့ အတိအကျ ပြောမသွား ပါ။ သေနတ်နဲ့ခုခံလို့ ပစ်သတ်လိုက်ရသလိုလို၊ လွတ်သွားတဲ့တဦးကို လိုက်ဖမ်းနေဆဲဖြစ်သလိုလိုနဲ့ သိပ်မရှင်းလှ။ ဆေးရုံဝင်းထဲကိုလည်း သတင်းထောက်တွေကို ဝင်ကြည့်ခွင့် မပေးသေးပါ။ ဒါပေမယ့် အခြေနေအရပ်ရပ်ဟာ အားလုံးပြီးဆုံးသွားပြီလို့ ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဒီလိုနဲ့ တညလုံး အိပ်ရေးပျက်ထားတဲ့ ကျနော်တို့အဖွဲ့ဟာလည်း ဆေးရုံးဝင်းထဲ ဝင်ကြည့်ခွင့်ရမယ့် နေ့လည်ပိုင်းအထိ မစောင့်တော့ဘဲ ဘန်ကောက်ကို ပြန်တက်လာခဲ့ပါတယ်။ ညနေပိုင်း သတင်းမပို့ခင်လေးမှာ ဝင်လာတဲ့သတင်းတွေအရ VBSW နဲ့ God Army က ရဲဘော် ၁၀ ဦးစလုံးကို လုံခြုံရေးအဖွဲ့က အသေပစ်သတ်လိုက်ပြီး အဖြူရောင်ပိတ်စတွေနဲ့ စည်းထားတဲ့ အလောင်း ၁၀ လောင်းကို ပြသထားတာ TV မှာ တွေ့လိုက်ရပါတယ်။

နောက်ပိုင်းသိရတဲ့ အချက်တွေအရ သံရုံးစီးနင်းမှုကို ဦးဆောင်ခဲ့တဲ့ ကိုဂျော်နီဟာ ကမာပုလော တိုက်ပွဲအတွင်း ဒဏ်ရာအနည်းငယ် ရထားတဲ့အတွက် ဒီဆေးရုံစီးနင်းမှုမှာ မပါဘူးလို့ သိရပါတယ်။ VBSW အဖွဲ့မှ ကိုဗေဒါက ဦးဆောင်ပြီး God Army တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ God Army ဌာနချုပ်ဖြစ်တဲ့ ကမာပုလောစခန်းဟာ နဝတရဲ့ ထိုးစစ်တင်မကဘဲ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဖိအားပေးမှုကိုပါ ခံရပြီး တလလောက်အကြာမှာ ကမာပုလောစခန်း ကျသွားပါတယ်။

နောက်ထပ် ၈ လ ဝန်းကျင်လောက် ကြာတဲ့အခါမှာတော့ God Army တပ်မှူး ၂ ဦးဖြစ်တဲ့ ဂျော်နီနဲ့ လူသာထူး အပါအဝင် တပ်ဖွဲ့ဝင် တဒါဇင်ခန့် ထိုင်းစစ်တပ်ဆီမှာ လက်နက်ချတယ်ဆိုပြီး သတင်းဝင်လာပါတယ်။ ၂၀၀၁ ခုနှစ် ဇန်နဝါရီလအတွင်း ဆုန်ဖွန်း (Suan Phung) မြို့က နယ်ခြားစောင့်တပ်ရင်း စခန်းထဲမှာ ကျင်းပခဲ့တဲ့ အဲဒီသတင်းစာရှင်းပွဲကျမှ နာမည်ကြီးလှတဲ့ God Army တပ်မှူး ၂ ဦးကို ကျနော်ကိုယ်တိုင် မြင်ခွင့်ရခဲ့ပါတယ်။

သံရုံးကို ဝင်စီးတဲ့ VBSW အဖွဲ့မှ ကိုဂျော်နီကိုတော့ ကျနော် မြင်ဖူးခွင့် မရလိုက်ပါဘူး။ သူဟာ ကမာပုလောစခန်း ကျပြီးနောက် ထိုင်းအာဏာပိုင်တွေရဲ့ ဖိအားပေးမှု များလွန်းတဲ့အတွက် KNU တပ်မဟာ ၄ ဒေသကနေ တပ်မဟာ ၆ နဲ့ မဲဆောက် ဒေသဘက်ရှိ တပ်ပေါင်းစု ဗဟိုဘက်ကို သွားနိုင်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုသွားနိုင်ဖို့ KNU ဗဟိုက ကိုယ်စားလှယ်တဦးနဲ့ NLD-LA ဗဟိုက ကိုယ်စားလှယ်တဦးတို့ ဟွေးနန်းခေါင်ရွာကနေ တပ်မဟာ ၄ ထိန်းချုပ်နယ်ထဲဝင်ပြီး ကိုဂျော်နီနဲ့ ဆွေးနွေးခဲ့ကြောင်း၊ ဘယ်နေ့လာခေါ်မယ်လို့ ပြောခဲ့ကြောင်း၊ အဲဒီလို လာခေါ်မယ့်ရက် မတိုင်မီ ၂၀၀၀ ပြည့်နှစ် ဇူလိုင်လအတွင်းမှာ ကိုဂျော်နီ ထူးဆန်းစွာ ပျောက်ဆုံးသွားတယ်လို့ နယ်စပ်သတင်းရပ်ကွက်တွေက ပြောပါတယ်။ သူ ပျောက်သွားတဲ့အချိန်က လုံးဝသတင်းမရဘဲ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလကျမှ ဒီသတင်းကို VBSW အဖွဲ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ကိုဂျော်နီအကြောင်း သတင်းမကြားရတော့တာ ဒီနေ့အထိပါပဲ။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading