ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ ပြည်ထောင်စု အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့အကြား ငြိမ်း ချမ်းရေးဆွေးနွေးပွဲ တရပ်ကို အောက်တိုဘာလ ၃၀ ရက်နေ့မှာ ရွှေလီမြို့၌ တွေ့ဆုံကြမယ်လို့ သိရပေမယ့် ဒီဆွေးနွေးပွဲက ဘယ်လိုရလဒ်တွေပေါ်လာမလဲဆိုတာတော့ စိတ်လှုပ်ရှားစရာ သိပ်မကောင်းပါ။
ဘာကြောင့်လည်း ဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေနဲ့အစိုးရတို့အကြား ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ် ငန်းစဉ်တွေ နှေးကွေး နေတာ ဟာ အစိုးရအဖွဲ့နှင့်စစ်တပ်တို့ အကြား သဘောထားကွဲလွဲနေတာ၊ စစ်တပ်အနေနဲ့ သတ် မှတ် ထားတဲ့ စည်းကမ်းချက် တွေ ကို မလိုက်နာတဲ့ အတွက် ဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ က ဆိုပါ တယ်။
ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့တွေမှာ စစ်တပ်ဘက်မှ ဒု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦး ဆောင်ပါဝင်ပြီး၊ အရပ်ဘက်မှာတော့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်နဲ့ အစိုး ရ အဖွဲ့ဝန်ကြီးတွေ ပါဝင်တယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ တဦး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ ဦးအောင်မင်းတို့ အကြားမှာ သဘောထားကွဲလွဲမှု တချို့ရှိနေတာကြောင့် ငြိမ်းချမ်းရေး ကိစ္စ ထင်သလောက် ခရီးမပေါက်ဘူးလို့ တချို့က ဆိုတယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်ကာလမှာ တိုက်ခိုက်မှုတွေ မလုပ်ဖို့ သမ္မတ အပါအဝင် ဦးအောင်မင်းတို့ အဖွဲ့က စစ်တပ်ကို တိုက်တွန်းနေပေမယ့် စစ်တပ် က လိုက်နာမှုမရှိသေးပါဘူး။
ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲထားပေမယ့် အစိုးရစစ်တပ်က အမိန့်မနာခံတာရယ်၊ နယ်မြေကျူးကျော်မှုတွေ လုပ်ဆောင် တာကြောင့် ရှမ်းပြည်နယ်ထဲမှာ တိုက်ပွဲငယ်တွေ မကြာခဏ ဖြစ်နေသလို နောက်ထပ်လည်းပဲ ဖြစ်လာနိုင်သေးတဲ့ အကြောင်း ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N ) တာဝန်ရှိသူ တဦးက ပြောတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၁ ဖွဲ့မှာ ကချင်မှ အပ ကျန်တဲ့ ၁၀ ဖွဲ့နဲ့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးထား ပြီးပါပြီ။
ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တာဝန်ရှိသူတို့ လားရှိုးမြို့မှာ ယခုလ ၁၀၊ ၁၁ ရက်က ပြည်ထောင်စုအဆင့် တွေ့ဆုံခဲ့ကြသေးတယ်။ အစိုးရဘက်က နယ်မြေ ဖွံ့ဖြိုးရေး ကိုပဲ ဇောင်းပေးဆွေးနွေးပြီး စစ်ရေး တင်းမာမှု ကိစ္စ၊ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကိစ္စတွေကို ပြောဆိုမှု မရှိဘူးလို့ လည်း SSA တာဝန်ရှိသူက ဆက်ပြောတယ်။
တပ်မတော်က တော့ တပ်မတော်အနေနဲ့ အစိုးရ ဖော်ဆောင်နေ တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အပြည့်အ၀ ပါဝင်နေကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး လုပ်ငန်းစဉ်များ ကို အစိုးရ ချမှတ်ထားတဲ့ လမ်းစဉ်တွေ အတိုင်း တပ်မတော်က လိုက်ပါဆောင်ရွက်နေတယ်လို့ စစ်တပ်ထုတ် မြဝတီစာစောင် ကတဆင့် ယနေ့ ပြောဆို ရေးသားခဲ့ပါတယ်။
ငြိမ်းချမ်းရေး ကိစ္စမှာ တပ်မတော်က ပါဝင်မှု မရှိဆိုတဲ့ ကာတွန်းပုံ တခုကို မြန်မာတိုင်း(မ်) ဂျာနယ် ရဲ့ အောက်တိုဘာလ ၈ ရက်နေ့က ဖော်ပြခဲ့ခြင်း အပေါ် တုံပြန်တဲ့ အနေနဲ့ ရေးသားခဲ့တာပါ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ကို တပ်မတော် က ဆန့်ကျင်ဘက် အသွင်ဆောင်နေတဲ့ အကြောင်း ကာတွန်းပုံက အသားပေးရေးဆွဲထားအတွက် စစ်တပ်အပေါ် ပြည်သူ တွေ က အထင်လွဲမှား နိုင်တဲ့အတွက် နောင်ဆိုရင် သတိထားဖော်ပြပေးဖို့ ရေးသားထားပါတယ်။
ရှမ်းဒေသမှာ တိုက်ပွဲတွေ ဖြစ်နေတာတွေ၊ ငြိမ်းချမ်းရေး ကိစ္စတွေ အောင်မြင်မှုရဖို့ ကိစ္စ၊ ဖက်ဒရယ် စနစ်အကောင် အထည် ဖော်ဆောင်နိုင်ဖို့ ကိစ္စ စတဲ့အကြောင်း ကို အဓိက ဆွေးနွေးမည့် ရှမ်းတိုင်းရင်းသား ညီလာခံ တခုကိုလည်း မကြာခင် ကျင်းပ သွားမယ်လို့ ရှမ်းဒီမိုကရေစီအဖွဲ့ချုပ် SNLD က ကြေညာထားပါတယ်။
အဲဒီညီလာခံဟာ သမ္မတ ဦးသိန်းစိန် အစိုးရ ရဲ့ တိုက်တွန်းမှုကြောင့် လုပ်တာဖြစ်တယ်လို့ SNLD က ပြောဆိုထားပြီး ရှမ်းနိုင် ငံရေး ပါတီတွေ၊ ရှမ်း လက်နက်ကိုင် တပ်ဖွဲ့တွေ၊ ရှမ်းမျိုးနွယ်စုတွေ အစုံတက်ရောက် ကြမှာဖြစ်ပါတယ်။
အလားတူ ကချင်ဒေသတွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာလည်း အစိုးရ စစ်တပ် က တပ်နေရာတွေ တိုးချနေပြီး ထိုးစစ် တွေ ဆင်နေတဲ့အတွက်လို့ ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် KIA ဘက် ကမကြာခဏ ပြောဆိုနေပါတယ်။
ကချင်ပြည်နယ်အတွင်း၌ ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တပ်များပြောင်းရွှေ့ခြင်း၊ KIA တပ်စခန်းများအား ချီ တက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မပြုလုပ်ရန် တပ်မတော်အား နိုင်ငံတော် သမ္မတရုံးမှ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် ညွန်ကြားထားခြင်း အပေါ် တိကျစွာ လိုက်နာနေကြောင်းလည်း တပ်ဘက်က ဆိုတယ်။
ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး အဖွဲ့နဲ့ KIA တို့အကြား မကြခင်ရက်ပိုင်းမှာ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပြီး စစ်တပ်ရဲ့ ထိပ်တန်းအဆင့် တွေ ပါဝင်ဆွေးနွေးနိုင်ဖွယ် ရှိတယ်လို့ သိရပေမယ့် ကာချုပ်၊ ဒု ကာချုပ်တွေ ပါမပါတော့ မသိ ရသေးပါဘူး။
အပစ်အခတ်ရပ်စဲရေးနှင့်နှစ်ဘက်စစ်တပ်တွေ ကို နေရာပြောင်းရွှေ့မယ့်ကိစ္စ မကြာခင် ပြုလုပ်နိုင်မည်ဖြစ်ပြီး နိုင်ငံရေးအရ ဆွေးနွေးပွဲတွေလည်း ဖြစ်ပေါ်လာနိုင်တော့မယ်လို့ ကချင်ခေါင်းဆောင် တဦး ဖြစ်တဲ့ ဒေါက်တာမနမ်တူးဂျာ က ပြောပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေဟာ အစိုးရနဲ့စစ်တပ်ကြောင့် နှေးကွေးနေတာလို့ တိုင်းရင်းသားအဖွဲ့တွေက ပြောသလိုပဲ အစိုးရ ဘက်လည်း လက်နက်ကိုင်အဖွဲ့တွေက ပါဝင်ပူးပေါင်းမှု အားနည်းတဲ့အတွက်လို့ ဆိုပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ဆွေးနွေးပွဲ စကားဝိုင်းပေါ်သို့ များများလာရောက်ပါက ပိုမြန် ဆန်နိုင် မည်ဖြစ် ကြောင်း၊ ဆွေးနွေး ပွဲများများ ဖြစ်လေ နိုင်ငံရေး အရ ဆွေးနွေးမှုတွေ ပိုမြန်လေ၊ စကားဝိုင်းထဲ ပါမလာဘဲ အပြင်ကပဲ ပြောနေမယ်ဆိုရင်တော့ အောင်မြင်ဖို့ ကြံ့ကြာနိုင်တယ် လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ဝင် ဦးလှမောင်ရွှေ က ဆိုပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အစိုးရအဖွဲ့က သွားနေကြောင်း၊ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေကလည်း အစိုးရနဲ့အ တူလိုက်ပါဖို့ လိုကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် နှစ်ပေါင်း ၆၀ ကျော်ရှိပြီ ဖြစ်သည့်အတွက် အချိန်တိုအတွင်း မရနိုင် ဘူးလို့ လည်း ဦးလှမောင်ရွှေ က ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ အစိုးရဟာ နိုင်ငံရေးထက် စီးပွားရေး ကိစ္စတွေကိုပဲ ဦးစားပေးဆွေနွေး ပြီး အချိန်တွေ ဆွဲနေတယ်လို့ ဆိုကြပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာ တိကျတဲ့ မူဝါဒ လမ်းစဉ်မရှိဘူး၊ တဖွဲ့က ဆွေးနွေးလိုက်၊ တဖွဲ့က နောက်ဆုတ်လိုက် ဖြစ်နေခြင်း အပေါ်မှာ လည်းဝေဖန်မှုတွေ ရှိနေပါတယ်။
တိုင်းရင်းသား အဖွဲ့တွေကတော့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် လမ်းပြမြေပုံတခု ရေးဆွဲပြီး ဖြစ်လို့ အဲဒီအတိုင်း သွားဖို့ အားလုံးရဲ့ သဘော တူညီမှု ရရှိပြီး ဖြစ်တယ်လို့ ဆိုကြပါတယ်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး တိုင်းရင်းသား ပေါင်းစုံပါဝင်တဲ့ ညီလာခံ တခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ စက်တင် ဘာလမှာ ကျင်းပခဲ့ကာ အဲဒီညီလာခံက လမ်းပြမြေပုံ တခုကို ရေးဆွဲပြီး အစိုးရဆီ ကို ပေးထားပေမယ့် အကြောင်းပြန်ကြား တာ မရှိသေးဘူးလို့ မွန်ပြည်သစ် ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ က ဆိုပါတယ်။
ညီလာခံ လမ်းပြမြေပုံမှာ နိုင်ငံရေးအရ ဆွေးနွေးပွဲများ ဆက်လက် ဖြစ်ပေါ်လာရေး၊ ပင်လုံကဲ့သို့ ညီလာခံတခု ပေါ်ပေါက်ရေး၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးကို အစိုးရက တရားဝင်ကြေညာပေးရေး စတဲ့ အချက်တွေပါဝင်တယ်။
အပစ်အခတ် ရပ်စဲရေး ကိစ္စတွေကို တဖွဲ့ချင်းစီလုပ်ဆောင်နေကြပေမယ့် နိုင်ငံရေးအရ ဆွေးနွေးတဲ့အခါမှာတော့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ( UNFC) အနေနဲ့ပဲ သွားမယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ဆိုပါတယ်။
ကရင်အမျိုးသား အစည်းအရုံး (KNU )အဖွဲ့ရဲ့ ဗဟိုအဖွဲ့ဝင်တွေ အကြားသဘောထားကွဲလွဲမှုတွေ ပြီးခဲ့တဲ့ရက်ပိုင်း ဖြစ်ပေါ် ခဲ့တဲ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပိုမိုနှောင့်နှေး ကြန့်ကြာမှုတွေ ဖြစ်ပေါ်စေတယ်လို့ နိုင်ငံရေး အကဲခတ်တချို့က သုံးသပ်နေပါတယ်။ KNU ကတော့ အားလုံးအဆင်ပြေသွားပြီ ဖြစ်လို့ ငြိမ်းချမ်းရေး ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
KNU ဗဟိုအဖွဲ့ အနေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗဟို တရားရေးဌာနက ပဒိုဒေးဗစ်ထောနဲ့ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်တို့ဟာ ဗဟိုရဲ့ သဘော တူညီချက် မပါဘဲ ဖားအံမှာ ဆက်ဆံရေး ရုံးသွားဖွင့်တဲ့အတွက် တာဝန်မှ ရပ်စဲကြောင်း ကြေညာတဲ့ ဖြစ်ရပ်ရှိခဲ့အတွက် ငြိမ်းချမ်းရေး ကိစ္စတွေ အပေါ်ရိုက်ခတ်မှု ရှိနိုင်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့သေးတယ်။
ကချင်အဖွဲ့တွေ အကြားမှာလည်းပဲ အကွဲအပြဲတွေ ရှိနေတယ်လို့ သတင်းတွေထွက်နေပေမယ့် ကြီးမားတဲ့ သဘောထား ကွဲလွဲမှု မရှိကြောင်း၊ အမြင်မတူတဲ့ ကိစ္စဟာ နေရာတိုင်းမှာရှိကြောင်း၊ သို့သော် တိုင်းရင်းသား အားလုံးရဲ့တခုတည်းသော ပန်းတိုင်ဟာ ကိုယ်ပိုင်ပြဌာခွင့်နဲ့တန်းတူရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တို့ ဖြစ်တယ်လို့ ဒေါက်တာတူးဂျာ က ပြောတယ်။
ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ဆိုရင် အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တို့အကြား ချမှတ်ထားတဲ့ လမ်းပြမြေပုံတွေမှာ သဘောတူတဲ့ အချက်တွေ ရှိသလို သဘောမ တူနိုင်တဲ့ အချက်တွေလည်း ရှိနေတာကြောင့် ဒီအချက်တွေကို နှစ် ဘက်စလုံးက ဆွေးနွေး ညှိနှှိုင်းနိုင်မှသာ ပြည်တွင်း ငြိမ်း ချမ်းရေး အောင်မြင်မယ်လို့ နှစ်ဘက်စလုံး က ဆိုထားပါတယ်။