ဆောင်းပါး

ရေလယ်ကျောင်းက ခေါင်းလောင်းသံ

This article has been converted from Zawgyi One to Unicode


မြန်မာနိုင်ငံ တဝန်း အနယ်နယ် အရပ်ရပ်မှာရှိတဲ့ စာသင်ကျောင်း အများစုမှာ ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းသွားတက်တဲ့ အခါ ခြေကျင်၊ စက်ဘီး၊ ဆိုင်ကယ်၊ ကား တို့နဲ့ သွားလာကြတာ များပါတယ်။ ဒါပေမယ့် ပဲခူးတိုင်း ကဝမြို့နယ်ထဲက ကျေးရွာတချို့မှာတော့ ဆန့်ကျင်ဘက်ပါ…။

“ဒေါင် … ဒေါင် … ဒေါင် … ဒေါင် … ဒေါင် … ဒေါင် … ဒေါင် … ဒေါင်”

မနက် ၉ နာရီ ကျောင်းတက်ခေါင်းလောင်း မြည်သံ ကြားတယ်ဆိုရင်ပဲ ကျောင်း ဝရံတာမှာ ရပ်ပြီး ကစားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေ အားလုံးက တပြိုင်တည်း “ဟေး”ခနဲ ဆိုပြီး ထမင်းချိုင့် လေးတွေ၊ စားစရာ မုန့်လေးတွေ၊ လွယ်အိပ်လေးတွေကို ဆွဲပြီး ကိုယ့်အတန်း ကျောင်းခန်းတွေဆီ ပြေးဝင်ကုန်ကြတယ်။

ဒီအချိန်မှာပဲ ကျောင်းချိန်အမီ လာနေတဲ့ ကျောင်းသူ၊ ကျောင်းသား လေးတွေဟာ စက်လှေကလေးတွေ၊ ကိုယ်ပိုင်လှေ ကလေး တွေ နဲ့ ကျောင်းဝန်းထဲကို ဝင်ရောက် လာနေပါတယ်။

ကျောင်းသူ၊ ကျောင်းသား တချို့ဟာ အစုလိုက်၊ အစုလိုက် စက်လှေတွေနဲ့ ကျောင်းဝန်းထဲ ဝင်လာကြ၊ တချို့ ကိုယ်ပိုင်လှေလေး တွေနဲ့ ဝါးလုံးနဲ့ထိုးပြီး လှော်ခတ်လာကြ နဲ့ ဘောလုံးကွင်း ၂ ကွင်းစာလောက် ရှိတဲ့ စာသင်ကျောင်းဝန်းကြီးထဲမှာ စက်လှေသံတွေ ဆူညံ နေပါတော့တယ်။

အဲဒီ မမောက် ရွာသစ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှာ စာသင်ကျောင်း အဆောက်အအုံကလွဲလို့ ကျန်တဲ့ ကျောင်းဝန်း တခုလုံးက ရေပတ်လည် ဝိုင်းလို့ နေပါတယ်။ ကျောင်းရှေ့က ဘောလုံး ကွင်းကြီးကလည်း ကြာကန်ကြီး ဖြစ်နေပြီး ကြာဖြူ၊ ကြာနီ တွေ ပွင့်လို့ပါ။

မမောက် ရွာသစ် ဟာ ကဝမြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၉၆ ရွာထဲက ရွာလေး တရွာပါ။ အင်းလေးကန်လို အမြဲတမ်း ရေပြည့်နေ တဲ့ အတွက် ကျောင်းသားတွေဟာ ကျောင်းကို စက်တပ်လှေ၊ လက်ထိုးလှေတွေနဲ့ လာတက် နေကြရတာပဲ ဖြစ်ပါတယ်။

ဘောလုံးကွင်းကြီး ရှိနေပေမယ့် ကန်ဖို့ မြေမရှိ၊ ထုပ်စည်းတိုး၊ ဖန်ခုံ၊ ဒိုးပစ် ကစားကြဖို့လည်း မြေမရှိတော့၊ ဒီကျောင်းလေးမှာ တက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက်ကတော့ မုန့်စား ကျောင်းဆင်းချိန်နဲ့ ကစားချိန်တွေဟာ အသက်မဲ့လို့ နေပါတယ်။

“သားတို့က ဘောလုံးကန်ချင်တာပေါ့၊ ဘောလုံးကွင်းက အမြဲတမ်းရေတွေပြည့်နေတာလေ၊ ရေလွတ်တဲ့နေရာမှမရှိတာ၊ တခြား ရွာတွေမှာတော့ သွားကန်လို့ရတယ်၊ ဝေးတယ်လေ၊ အဲဒီက ကွင်းတွေကလည်း ဗွက်တွေချည်းပါပဲ၊ သူတို့က တခြားရွာသားဆို ပေး မကန်ချင်ဘူးလေ၊ ဘောလုံးပွဲတော့ ဈေးဆိုင်မှာ သွားကြည့်တယ်၊ သားက မန်ယူပရိသတ်လေ”လို့ ဆိုပြီး အသက် ၈ နှစ် အရွယ် ကျောင်းသားလေး မောင်စိုးသူငြိမ်း က ပြောပါတယ်။

သူကဘောလုံးကို အရမ်းဝါသနာပါတဲ့ အကြောင်း၊ ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝိန်းရှုနီကို သူကြိုက် တဲ့ အကြောင်း၊ ဝိန်းရှုနီလိုပဲ ဘောလုံးကို လိမ်ခေါက် ကစားချင်ကြောင်းလည်း အားပါးတရ ပြောပါတယ်။ ဒါပေမယ့် သူနဲ့ သူ့သူငယ်ချင်း တွေ ဘောလုံး ကစားဖို့ သူတို့ရွာမှာ မြေမရှိပါဘူး။

ဒါပေမယ့် ဝိန်းရှုနီလို လိမ်ခေါက်ပြေးလွှား ကစားဖို့အတွက် သူ တက္ကသိုလ် တက်တဲ့ အခါကြရင်တော့ ခြောက်သွေ့တဲ့ မြို့ပေါ်က ကျောင်းကြီး တွေရဲ့ ဘောလုံးကွင်းကြီးတွေမှာ အမြဲတမ်း ကန်ခွင့်ရလိမ့်မယ်လို့ မောင်စိုးသူငြိမ်း တယောက် မျှော်လင့်ပြီး စိတ်ကူး တွေ ကြိတ် ယဉ် နေပါတယ်။

စိုးသူငြိမ်းနဲ့ ရွယ်တူဖြစ်တဲ့ တရွာတည်းသား အောင်ကျော်ဦး ကတော့ ရေအနက် ၄ ပေလောက်ရှိတဲ့ ရွာလယ်လမ်းမကြီးမှာ ၈ ပေ လောက်ရှိတဲ့ လှေတစီးကို ရေအောက်ကြမ်းပြင်ထိ ထိုးချလိုက်၊ ရေပေါ်ကို ဖော်လိုက်နဲ့ သူလှေကြီးကို ကျွမ်းကျွမ်းကျင်ကျင် ကစားပြီး ဆေးနေပုံကတော့ ပြိုင်ပွဲတခုအတွက် လေ့ကျင့်နေသလား ထင်ရလောက်တယ်၊ ဒါဟာ သူ့အတွက်တော့ ပုံမှန် အနေအထား ပါပဲ။

“ကျောင်းတက်ချင်တာပေါ့၊ အဖေတို့အမေတို့က ပိုက်ဆံမရှိဘူး၊ မင်းကို ကျောင်းမထားနိုင်ဘူးတဲ့၊ အလုပ်ဝိုင်းကူမယ့်လူ မရှိဘူးတဲ့၊ မင်းညီမကိုတော့ ကျောင်းထားပေးမယ်တဲ့၊ အခုတော့ အဖေနဲ့ ငါးလိုက်ထောင် (ငါးဖမ်း) တယ်”လို့ သူ့လှေကို ရေ ဆေးနေရင်း က နေ ပြောပါတယ်။

သူ့ရဲ့ အနာဂတ် ရည်ရွယ်ချက်ကတော့ သူအသက်ကြီးလာရင် သူ့အဖေ၊ အမေနဲ့ ညီမလေးကို ငါးဖမ်းရင်းနဲ့ ပိုက်ဆံရှာကျွေး မယ် လို့ ဆိုပါတယ်။ ကျောင်းတက်၊ ကျောင်းဆင်း ခေါင်းလောင်းသံတွေကတော့ သူ့အတွက် ထမင်းစားချိန် အလုပ်သွား၊ အလုပ်ပြန်ချိန် လို့ပဲ မှတ်ယူထားတယ်လို့ ဆိုပါတယ်။

အောင်ကျော်ဦးလိုပဲ ရွာသူရွာသား အများစုက ကျောင်းတက်၊ ကျောင်းဆင်းခေါင်းလောင်းသံကို တောထဲသွားချိန်၊ ထမင်းစားချိန်၊ အလုပ်ပြန်ချိန်အဖြစ် ချိန်ဆလုပ်ကိုင်ကြတယ်လို့ မမောက် ရွာခံ တချို့က ပြောပါတယ်။

ဒီရွာလေးမှာ နှစ်စဉ် နယုန်လ က စပြီး ၇-၈ လ လောက်အထိ ရေမကျပါဘူး။ ဒါကြောင့် ဈေးဝယ်သွား၊ တောထဲမြက်ရိပ်၊ ကောက် စိုက်၊ တံငါလုပ်၊ ဟိုနားဒီနား အိမ်လည် သွားတာကအစ လှေတွေကိုပဲ အသုံးပြုပြီး သွားလာကြရတာပါ။

ခြံဝန်းတွေက ဆက်နေတာကြောင့် ကျန်းမာရေးအတွက် ရေလုံအိမ်သာတွေကို အသုံးပြုဖို့ ကျေးရွာတာဝန်ရှိသူတွေက ညွှန်ကြား ထားပေမယ့်လည်း အိမ်တိုင်း မလုပ်နိုင်ကြပါဘူး။

ကဝမြို့နယ်ထဲမှာ ဒီလိုမျိုးရှိတာ မမောက် ရွာတစ်ရွာ တည်းတော့ မဟုတ်ပါဘူး။ ရွာချင်းကပ်လျက်ရှိတဲ့ အောင်ကောင်းညွှန့် ရွာ အပါအဝင် ကန်ညီနောင်၊ အောင်မင်္ဂလာ၊ အောင်သစ္စာ၊ သုံးခွ၊ ဘိုတဲ၊ နှမ်းတောင်း၊ မီးလောက် စတဲ့ ရွာတွေကလည်း ရေထဲက ရွာ တွေပဲ ဖြစ်ပါတယ်။

ဒီရွာလေးတွေဟာ မြေနိမ့်ပိုင်းထဲမှာ ရှိနေတဲ့အတွက် နှစ်တနှစ်ရဲ့ သုံးပုံ နှစ်ပုံလောက် ရေထဲမှာပဲ နေကြရတာပါ၊ စပါးစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး တံငါ အလုပ်ကိုလည်း လုပ်ကိုင်ကြပါတယ်။

ငါး၊ ဖားတွေ ပေါများတဲ့ ဒေသဖြစ်တဲ့ အတွက် ပုစွန်ထုပ်၊ ငါးမျိုးစုံနဲ့ ဖားဈေးတွေဟာ မြို့ပေါ်ဈေးတွေမှာ ထက် ထက်ဝက်မက ဈေးချိုလှပါတယ်။ အဲဒီ ပုစွန်၊ ဖား၊ ငါးသည်၊ ဘိန်းမုန့်သည်၊ ကောင်းညှင်းပေါင်းသည်၊ ပဲပြုတ်သည်တွေဟာလည်း ရွာထဲလမ်း တွေ မှာ လှေတွေနဲ့ လှည့်လည် ရောင်းချရပါတယ်။

ငွေကြေးပြေလည်သူ တချို့အိမ်တွေကတော့ စက်တပ်လှေအပါအဝင် တအိမ်ကို လှေ ၃-၄ စီးရှိကြပေမယ့် ငွေကြေးချို့တဲ့သူ များကတော့ ရိုးရိုး လှေငယ် ၁ စီး ၂ စီးနဲ့သာ လှည့်လည်သုံးစွဲကြပါတယ်။

ငွေကြေးပြေလည်သူ တချို့ဟာ သူတို့အိမ်ထဲမှာ ဆိုင်ကယ်တို့ စက်ဘီးတို့လည်း ဝယ်ထားတာ တွေ့ရပါတယ်။ ခြောက်သွေ့ ကာလ ၄-၅ လလောက်မှာ စီးလို့ရတယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်၊ စက်ဘီးတွေ ရှိတဲ့လူတချို့ကတော့ ကြားကာလမှာ သံချေး မကိုက် အောင် ရေနံချေးနဲ့ အမဲဆီတွေ သုပ်လိမ်းကြတာကို မြင်ရပါတယ်။

ဒီရွာတွေဟာ နှစ်ပေါင်းများစွာ ဒီလိုပဲနေလာခဲ့ကြပေမယ့် ရွာထဲကလူကြီးတချို့က သူတို့ရေထဲမှာ လပေါင်းများစွာ နေထိုင် ရတဲ့ အရေးကို အဆုံးသတ် ဖြေရှင်းဖို့ တွေးတောလာကြပြီး အစိုးရ တာဝန်ရှိသူတွေကိုလည်း တိုက်တွန်းဖို့ ပြင်ဆင်နေကြပါတယ်။

“အခုဟာက စက်မှုခေတ်ရောက်ပြီ၊ မြောင်းတွေတူးနေတဲ့ စက်ကရိန်းကြီးတွေနဲ့ ဒီရွာဘေးတွေကနေပြီး ရေနုတ်မြောင်းကြီးတွေ ဖောက်ပြီး ပဲခူးမြစ်ထဲကိုစီးတဲ့ တူးမြောင်းချောင်းတွေထဲကို ဖောက်ချလိုက်မယ်ဆိုရင် ကျနော်တို့က ရေထဲမှာ ဒီလောက်နေစရာ မလို တော့ဘူးလေ၊ အခုဟာက ရေထွက်ပေါက် ကောင်းကောင်းမရှိတာ”လို့ အသက် ၆၈ နှစ်အရွယ် မမောက် ရွာခံ လူကြီး တဦးက သူ့စိတ်ကူး ကို ထုတ်ပြောလာပါတယ်။

တူးမြောင်းကြီးတွေ ဖောက်လိုက်ရင် ရွာထဲနဲ့ ရွာအနီးတဝိုက်မှာ လပေါင်းများစွာဝပ်နေတဲ့ ရေတွေဟာ ထွက်သွားမှာဖြစ်တဲ့ အတွက် နှစ်တိုင်း မိုးရာသီတခုတည်းသာ ရေထဲမှာနေရပြီး ကျန်တဲ့ နှစ်ရာသီမှာ မြေလမ်းတွေကို အသုံးပြုခွင့်ရလိမ့်မယ်လို့ ရပ်ရွာ လူကြီး တွေက ပြောဆိုကြပါတယ်။

ရေစီးဆင်းမှု အားနည်းတဲ့အတွက်ကြောင့်လည်း မိုးကြီးလာတဲ့အခါ စပါးပင်တွေရေနစ်ပြီး ဧက ရာပေါင်းများစွာ ဆုံးရှုံးခဲ့ရတာ က လည်း တနှစ် တကြိမ်လောက် ရှိပါတယ်။

ဒီအဖြစ်တွေကနေ လွတ်မြောက်အောင် တူးမြောင်းကြီးတွေတူးဖို့ကလည်း ကုန်ကျငွေများပြားမှာဖြစ်တဲ့အတွက် မမောက် ရွာခံတွေအနေနဲ့ အင်အား မရှိကြပါဘူး။ အစိုးရက အကုန်ကျခံပြီး တူးပေးလိုက်ရင် နှစ်စဉ် ရေထဲမှာနေရတဲ့ အချိန်တွေ တိုတောင်းသွားပြီး လမ်းပန်း ဆက်သွယ်ရေးတွေလည်း ပွင့်လန်းသွားဖို့ ရှိပါတယ်။

ရေလယ်ကျောင်းက ခေါင်းလောင်းသံဟာလည်း အသက်ဝင်လာပြီး ကျောင်းသူ၊ ကျောင်းသားလေးတွေ ကစားဖို့အတွက် ကျောင်း ဝန်းထဲက မြေပြင်ကြီးကလည်း အသက်ဝင်လာမှာ ဖြစ်ပါတယ်။     ။

Loading