ကိုယ့်အားနည်းချက်ကို ဘယ်တော့မှ လူမြင်အောင်မပြဖို့ လေ့ကျင့်ထားသူဖြစ်ပေမယ့် ဘယ်စစ်သားကမှ ဒီကံကြမ္မာကို တင်းမခံနိုင်ဘူးဆိုတာ ကိုသိန်းအောင် နားလည်ပါတယ်။ မျက်တောင်မခပ်စတမ်း တနေ ရာကိုသာ စူးစိုက်ကြည့်လို့ အံကိုတင်းတင်းကြိတ်ထားပြီး တဆတ်ဆတ်တုန်နေတဲ့ သူ့မေးစေ့ကို ငြိမ်အောင် ထိန်းနေပါတယ်။ သူ့အနေအထားက ပြိုကျနေတဲ့ ကုန်းဂမူလိုပါပဲ။ သူ့ပခုံးတွေက ငြိမ်သက်ခြင်းမရှိ ယိမ်းယိုင် နေပြီး ရှေ့ကို ထိုးစိုက်ကျနေတာပါ။ အရိုးပေါ်အရေတင်နေတဲ့ သူ့ခန္ဓွာကိုယ်ကလည်း လျော့ရဲရဲ ဂျင်းအင်္ကျ ီ ထဲမှာ သိပ်ကို ကျုံလှီလွန်းလှပါတယ်။ နီစွန်းနေတဲ့ သူ့မျက်ဝန်းတွေကနေလည်း မျက်ရည်ပေါက်ကြီးတွေ တလှိမ့်လှိမ့် ကျလို့ ရှက်စိတ်နဲ့ အဝေးကိုသာ ကြည့်နေပါတော့တယ်။
လူလာများတဲ့ ရန်ကုန်မြို့ ဆင်ခြေဖုန်းအရပ်က ဆေးခန်းတခုရဲ့ အပြင်မှာ သူထိုင်နေတာပါ။ သူ့ခန္ဓွာကိုယ် ဟာ HIV၊ တီဘီနဲ့ ဆီးချိုရောဂါတွေကို ကြိုးစားပြီး အံတုနေရမှန်း သူသိပါတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာ ဆုတောင်းနေတာကတော့ တဖြည်းဖြည်းနဲ့ သူ့ ကျန်းမာရေးအခြေအနေ ပိုဆိုးလာစေဖို့ပါပဲ။
ဆင်းရဲနိမ့်ကျတဲ့ တခြားတိုင်းပြည်တပြည်မှာ ရှိနေရင်တောင်မှပဲ ကိုသိန်းအောင်တယောက် HIV အတွက် ကုသမှု ခံယူနိုင်ပါလိမ့်ဦးမယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ကုသဖို့ ဆေးအလုံအလောက် မရှိပါဘူး။ ဒီ ဆေးခန်းကို လာပြကြတဲ့ လူနာတွေထဲမှာ အခြေအနေ အဆိုးဆုံးတွေပဲ အသက်ကယ်ဆေးပိုက်လို့ အိမ်ပြန် နိုင်ကြတာပါ။ ကျန်တဲ့ လူနာတွေအဖို့တော့ သူတို့ကံကြမ္မာဟာ သူတို့ရဲ့ ခန္ဓွာကိုယ်ထဲက ရောဂါခုခံနိုင်တဲ့ ဆဲလ် အရေအတွက် ဘယ်လောက်ကျန်သလဲအပါ် မူတည်ပါလားလို့ သိသွားကြတာပေါ့။ အဲ့ဒီ ဆဲလ် အရေ အတွက်ကို တိုင်းထွာဖို့အတွက်လည်း ၃ လ တစ်ကြိမ် သူတို့ သွေးလာစစ်ကြရတာပါ။
CD4 ဆဲလ် အရေအတွက် ၃၅၀ အောက် ရောက်သွားရင် HIV ဆေးကုသမှု စလုပ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး (WHO) က အကြံပြုထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ၁၅၀ အောက်ရှိမှ ကုလို့ရမယ်တဲ့။
HIV ဝေဒနာရှင်တွေအတွက် Anti-retroviral ကုထုံးဆိုသည်မှာ အရင်က အနောက်နိုင်ငံတွေမှာပဲ ရနိုင်တဲ့ အံ့မခန်းဖွယ်ဆေးစွမ်းတစ်လက်ပါ၊ ဒါပေမယ့် အခုအခါမှာတော့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေမှာပါ ရနိုင်တာမို့ ရှားပါးပစ္စည်း မဟုတ်တော့ပါဘူး။ ဆေးပြားတွေက အရင်ကထက် ပိုပြီး ဈေးချိုလာတဲ့အပြင် အလွယ်တကူ လက်လှမ်းမီနိုင်တာမို့ တချိန်က ဆာဟာရ အာဖရိကဒေသထဲမှာ ထောင်နဲ့ချီတဲ့ ကလေးတွေကို မိဘမဲ့ ဖြစ် စေခဲ့တဲ့ HIV ရောဂါပိုးဟာ အခုအခါမှာ လူသတ်ပိုး မဟုတ်တော့ပါဘူး။
ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ HIV က ရေးကြီးခွင်ကျယ် ကိစ္စတစ်ခုအဖြစ် ဆက်ရှိနေပါသေးတယ်။ ပြင်ပနဲ့ အဆက်သွယ်ဖြတ်လို့ တကိုယ်တည်း ထင်တိုင်းကြဲခဲ့တဲ့ အရင်စစ်အစိုးရလက်ထက်မှာ ဆယ်စုနှစ်နဲ့ချီပြီး အမှောင်ချခံခဲ့ရတဲ့ မြန်မာနိုင်ငံသား သန်း ၆၀ ဟာ အကူအညီလိုအပ်တဲ့ အခြားနိုင်ငံတွေက ပြည်သူတွေ လိုမျိုး နိုင်ငံတကာအကူအညီတွေ တန်းတူခံစားခွင့် မရခဲ့ကြပါဘူး။
အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံတွေက စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားတဲ့အထဲ အစိုးရရဲ့ ကျန်းမာရေး ဘက်ဂျက်ကလည်း မဖြစ်စလောက်ဆိုတော့ ဆေးဝါးနဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ဗလာနတ္တိ ဖြစ်ခဲ့ရတော့တာပေါ့။
အခုဆိုရင် မြန်မာနိုင်ငံဟာ HIV ကုသမှုရဖို့ အခက်ခဲဆုံး နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်နေတဲ့အပြင် ဆယ်စုနှစ်နဲ့ချီပြီး လျစ်လျူရှုခံခဲ့ရတာမို့ ပျက်စီးနေတဲ့ ကျန်းမာရေးစနစ်ကို ဦးမော့လာစေဖို့အတွက် နှစ်အပိုင်း
အခြားနဲ့ အချိန်ယူလုပ်ဆောင်ရလိမ့်မယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးကြပါတယ်။
“မြန်မာပြည်က ဘာနဲ့တူသလဲဆိုတော့ ၁၉၉၀ ကျော်ကာလက အာဖရိကမှာ ကျနော်လုပ်ခဲ့တာတွေနဲ့ တူတယ်။ ၁၅ နှစ် အနှစ် ၂၀ရှိလောက် နောက်ကျနေပြီ” လို့ မြန်မာနိုင်ငံထဲမှာ နှစ်ပေါင်းများစွာ အလုပ်လုပ် ကိုင်တဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်က HIV အရေးကျွမ်းကျင်သူ ဒေါက်တာ ခရစ်ဘေယာ Chris Beyrer က ပြောပါတယ်။
“AIDS ရောဂါကို ကုသဖို့ တကယ် ကြိုးစားတယ်ဆိုရင်တောင်မှပဲ လိုအပ်တဲ့ အရင်းအမြစ်တွေမရှိတာမို့ လူတိုင်းက တခြား အခြေအနေကြောင့်လည်း သေနိုင်တာပဲလေလို့ ပြောရမလိုဖြစ်နေတယ်” လို့လည်း သူက ဆိုပါတယ်။
HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ ပူးတွဲအစီအစဉ် (Joint United Nations Programme on HIV/AIDS – UNAIDS) ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ HIV ပိုးရှိသူ ခန့်မှန်းခြေ ၂၄၀၀၀၀ ဦးရှိပြီး တဝက်လောက်က ဆေးကုသမှုမရရှိတဲ့အပြင် AIDS ရောဂါကြောင့် နှစ်စဉ် လူ ၁၈၀၀၀ လောက် သေဆုံးနေရတယ်လို့ သိရ ပါတယ်။
၂၀၁၁ ခုနှစ်မှာ ဂလိုဘယ်ဖန်း (Global Fund) က မြန်မာနိုင်ငံကို ငွေကြေးထောက်ပံ့မှု ရပ်လိုက်တဲ့ အခါ အဲ့ဒီပြဿနာက ပိုဆိုးသွားပါတယ် (ထောက်ပံ့မှုရပ်လိုက်ရတာဟာ နိုင်ငံတကာအလှူငွေတွေ အလုံ အလောက် မရတဲ့အတွက်လို့ ဂလိုဘယ်ဖန်း က ဆိုပါတယ်)။ ဂလိုဘယ်ဖန်းက ရမယ့် အကူအညီကို ဝေဒနာရှင် ၄၆၅၀၀ ဦးအတွက် HIV ဆေးဝါးတွေထောက်ပံ့ပေးဖို့ ရည်စူးထားခဲ့တာကိုး။
ဒါပေမယ့် နိုင်ငံထဲမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာမို့ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ချပေးခဲ့ပါတယ်။ ဂလိုဘယ်ဖန်းကလည်း ဆေးဝါးအကူအညီတွေ ပိုပြီးလျှောက်ထားဖို့ မကြာသေးခင်က မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါသေးတယ်။ ဆေးဝါးလိုအပ်ချက်တွေ ပြည့်မှီဖို့နဲ့ ၂၀၁၅ အကုန်မှာ HIV ဆေးဝါးလိုအပ်နေတဲ့ ဝေဒနာရှင် ၇၅ ရာခိုင်နှုန်း ကျော်ကို အကူအညီတွေ ရောက်နိုင်ဖို့အတွက် အဲ့ဒီလို တိုက်တွန်းခဲ့တာပါ။
ဂလိုဘယ်ဖန်းအနေနဲ့လည်း HIV ဝေဒနာရှင်တွေအတွက် အဓိက အသက်အန္တရာယ်ဖြစ်စေတဲ့ တီဘီရောဂါ တိုက်ဖျက်ရေးကို ဆောင်ရွက်သွားပါလိမ့်မယ်။ ဆေးဝါးတွေကို ခုခံနိုင်တဲ့ တီဘီရောဂါပုံစံမျိုးစုံ နိုင်ငံထဲမှာ ရုတ်ခြည်း ပေါ်ပေါက်လာတာမို့ မြန်မာနိုင်ငံမှာ တီဘီရောဂါဖြစ်နှုန်းဟာ ကမ္ဘာတဝှမ်းဖြစ်နှုန်းရဲ့ ၃ ဆနီးပါး ရှိပါတယ်။
ဂလိုဘယ်ဖန်းက မြန်မာနိုင်ငံကို ငွေကြေးထောက်ပံ့မှု ရပ်လိုက်တဲ့အချိန်ကစလို့ နယ်စည်းမခြားဆရာဝန်များ (Doctors Without Borders) အဖွဲ့က လိုအပ်တဲ့ HIV ဆေးဝါးရဲ့ ထက်ဝက်ကျော်ကို ဖြန့်ဝေပေးပြီး ဝေဒနာ ရှင် တွေအတွက် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ဆေးဝါးမလုံလောက်တာမို့ နယ်စည်းမခြားဆရာဝန်များ ဆေးခန်း ၂၃ ခုမှာရှိတဲ့ တာဝန်ကျ ဆရာဝန်တွေဟာ အသည်းအသန် နာမကျန်းဖြစ်နေပေမယ့် CD4 အရေအတွက် မြင့်နေသေးတဲ့ ကိုသိန်းအောင်လိုမျိုး လူနာတွေကို ဆေးမပေးဘဲ ငြင်းထုတ်နေကြရပါတယ်။ အဲ့ဒီလို နာကျင်ဖွယ် ဆုံးဖြတ်ချက်တွေကို သူတို့ နေ့စဉ် ချနေကြရပါတယ်။
“ဒီလို အခြေအနေမျိုးတွေကို တွေ့ရတာ သိပ်ခံရခက်တယ်ဗျာ” လို့ ကိုရီးယား လူငယ်ဆံပင်ပုံစံနဲ့ အသက် ငယ်ငယ် ဆရာဝန် ကိုကျော်နိုင်ထွန်းက ပြောပါတယ်။ သူဟာ အင်းစိန်မြို့နယ်က လူနာ အဝင်အထွက်များ တဲ့ နယ်စည်းမခြားဆရာဝန်များ ဆေးပေးခန်းကို မနားမနေ စီမံခန့်ခွဲနေတဲ့ ဆရာဝန်ပါ။ ရန်ကုန်တမြို့ထဲမှာတောင် လစဉ် ဆေးပေးသင့်တဲ့ လူနာ ၁၀၀ လောက်ကို ဆေးမပေးနိုင်လို့ ငြင်းထုတ်နေရတယ်လို့လည်း သူက ဆိုပါတယ်။ သူက ဆက်ပြီး “သူတို့တွေ ရောဂါပိုဆိုးတဲ့အချိန်မှ ပြန်ရောက်လာရင်တော့ ဆေးဝါးတွေ ဒီ့ထက် ပိုသုံးရမှာပေါ့။ အခြေအနေက သူရှုံးကိုယ်ရှုံးပါဗျာ” တဲ့။
ကိုသိန်းအောင်တယောက် သူ့မှာ HIV ပိုးစွဲကပ်နေမှန်း ဧပြီလကမှ စသိခဲ့တာပါ။ အဲ့ဒီမတိုင်ခင်တုန်းက ကိုယ်အလေးချိန်ကျသွားပြီး ကောင်းကောင်း အိပ်မပျော်ပေမယ့် တီဘီနဲ့ ဆီးချိုကြောင့်ဖြစ်တာလို့ပဲ ထင်နေခဲ့တာပါ။
ဒါပေမယ့် ဆေးစစ်ချက်ထွက်လာတဲ့အခါမှာတော့ တုန်လှုပ်ခြောက်ခြားသွားပါတော့တယ်။ ဘယ်လို ဖြစ်ရတာလဲ၊ ဘာ့ကြောင့်ဖြစ်ရတာလဲ ခေါင်းထဲမှာ မေးခွန်းတွေ အစီအရီနဲ့ပေါ့။
“ဆေးစစ်ချက်ထွက်လာတော့ ကျနော် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်ခဲ့မိတယ်ဗျာ” လို့ သူက အဝေး ကိုငေးကြည့်ရင်း ခပ်တိုးတိုးပြောပါတယ်။ “ကျနော့်အတွက် ဝမ်းနည်းဆုံးအရာက ကျနော့်အမျိုးသမီး ပြောတာပါပဲ။ သူက ကျမတို့မှာ ကလေးတွေ ရှိသေးတယ်၊ ရှင်သေလို့ မဖြစ်သေးဘူးတဲ့။”
တစိမ့်စိမ့် ခံစားရစေခဲ့မေးခွန်းတွေအပြင် ဇနီးသည်ကိုပါ ရောဂါကူးစက်စေခဲ့ပြီးလားဆိုတဲ့ စိုးရိမ်မှုနဲ့ ယူကြုံးမရ နောင်တတွေက သူ့ကို ဖိစီးစေခဲ့ပါတယ်။ အဲ့ဒီအရာတွေထက် ပိုသောကရောက်စရာကတော့ ရှေ့ဘာ ဆက်လုပ်မလဲဆိုတာပါပဲ။
နောက်ဆုံးမှာတော့ HIV အကြောင်း တစုံတရာသိ၊ ဒီရောဂါကြောင့် စစ်သားတယောက် မရှုမလှ သေဆုံးခဲ့ရ တာကိုလည်း မျက်မြင်ကိုယ်တွေ့ကြုံဖူး၊ ပြီးတော့ တပ်က အထုတ်ခံရပေမယ့် ဆေးကုသခွင့်ရပြီး သာမန် လူတယောက်လိုပဲ အသက်ရှင်နေထိုင်သွားသူကို တွေ့ဖူးတာမို့ တပ်ကြပ်ကြီး ကိုသိန်းအောင်တယောက် သူနဲ့ သူ့မိသားစုကို ကယ်တင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။
ဒါနဲ့ သူလည်း ဒီကိစ္စကို သူ့ဇနီးသည်ကလွဲလို့ ဘယ်သူ့ကိုမှ အသိမပေးဘဲ လျှို့ဝှက်ထားလိုက်ပါတယ်။ စစ်တပ်အသိုင်းအဝန်းမှာ AIDS ရောဂါနဲ့ပတ်သက်ပြီး အကြောက်လွန်တာနဲ့ ရောဂါရှိသူတွေကို ခွဲခြား ဆက်ဆံတာတွေ ရှိတာမို့ ကျန်တဲ့လူတွေသိသွားရင် အလုပ်ပြုတ်နိုင်တဲ့အပြင် တပ်ဝန်းထဲက နေစေရာအိမ်လည်း ဆုံးသွားနိုင်တာကိုး။
တဖက်မှာလည်း HIV ဆေးသောက်တာ တခုထဲကပဲ သူ့ရဲ့လျှို့ဝှက်ချက်ကို ထိန်းထားနိုင်တဲ့ အခွင့်အရေးဖြစ် မှန်း သူနားလည်ပါတယ်။
“ဆေးရရင်တော့ ကျနော် သက်ဆိုးရှည်ရှည် နေနိုင်မှာပေါ့။ တိုင်းပြည်အတွက်လည်း တာဝန်ပို ထမ်းဆောင်နိုင်မယ်၊ မိသားစုဘဝလည်း မပျက်စီးဘူးပေါ့ဗျာ” လို့ ကိုသိန်းအောင်က ဆိုပါတယ်။ သူက “ကျနော့်မိသားစုက တန်ဖိုးဖြတ်လို့ မရပါဘူး” တဲ့။
ဒီလိုနဲ့ အင်းစိန်မြို့နယ်ထဲက ဆေးခန်းမှာ သူရဲ့ ပထမဆုံး သွေးစစ်ချက်ကို ရင်တမမနဲ့ စောင့်နေခဲ့ပါတယ်။
ရလာဒ်က CD4 အရေအတွက် ၄၆၀ ပါ။ အမေရိကန် ပြည်ထောင်စုမှာ ဆိုရင်တော့ ဒီအရေအတွက်နဲ့ ဆေး လက်ခံရနိုင်ပါတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ …။
ဆေးခန်းက သူ့ကို တီဘီဆေး ပေးလိုက်ပြီး နောက် ၃ လာကြာတဲ့အခါ သွေးလာစစ်ဖို့ပဲ ပြောလိုက်ပါတယ်။
နောက်တနေရာ ရန်ကုန်မြို့ပြင် HIV ကယ်ဆယ်ရေး ဂေဟာတခုရဲ့ အဆောက်အအုံလေး ၂ လုံးထဲမှာလည်း ဝေဒနာရှင် ၂၀၀ လောက် ပြွတ်သိပ်နေကြပါတယ်။ အဲ့ဒီထဲက အတော်များများဟာ သူတို့ သေမယ့်အချိန်ကို စောင့်နေကြတာ ပါ။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ နိုဝင်ဘာ နေအိမ်အကျယ်ချုပ်က လွတ်ပြီး ရက်ပိုင်းအတွင်းမှာ ဒီဂေဟာလေးက ဝေဒနာရှင်တွေဆီ သွားရောက်လည်ပတ်ခဲ့ပြီး သူတို့အတွက် ဆေးဝါး တွေ ပိုပေးကြဖို့ နိုင်ငံတကာကို တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ဝါရှင်တန်မှာ ကျင်းပတဲ့ နိုင်ငံတကာ AIDS ညီလာခံမှာလည်း HIV ကြောင့် အရှက်တကွဲအကျိုးနည်း ဖြစ်ရတာတွေကို သူက ဗီဒီယိုလင့်ခ်ကနေ တဆင့် မေတ္တာတရားအပြည့်နဲ့ ပြောကြားခဲ့ပါသေးတယ်။ “HIV ဘာလဲဆိုတာကို ကျမတို့ ပြည်သူတွေ နားလည်ဖို့ လိုပါတယ်။ ဒါဟာ ကျမတို့ ကြောက်ရမယ့်အရာ မဟုတ်ဘူးဆိုတာကိုလည်း နားလည်ဖို့ လိုပါ တယ်” လို့ သူက ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထောက်အပံ့နဲ့ ဖွင့်ထားတဲ့ ဒီဂေဟာမှာ ဆရာဝန်လည်းမရှိသလို သူနာပြု လည်းမရှိတာမို့ လူနာတွေက တဦးနဲ့တဦး အပြန်အလှန် စောင့်ရှောက်နေကြရတာပါ။
မိဘတွေသေဆုံးသွားကြပြီး ရောဂါနဲ့ ကျန်ခဲ့တဲ့ ကလေးတွေလည်း လေဝင်လေထွက်မရှိတဲ့ အခန်းတွေထဲမှာ ဖိနပ်မပါပဲ ပြေးလွှားဆော့ကစားနေတာကို တွေ့ရပါတယ်။ အသက်ရှုနေပေမယ့် အလောင်းတွေလိုဖြစ်နေတဲ့ လူနာတွေကိုတော့ နံရံဘေး တဘက်တချက်က ဝါးခင်းပေါ်မှာ နေရာချထားပေးပါတယ်။
နောက်အခန်းတခုမှာတော့ သစ်သားကြမ်းပြင်ပေါ်ခင်းထားတဲ့ ကောက်ရိုးဖျာပေါ်မှာ အမျိုးသမီး အယောက် ၂၀ စုပြုံပြီး နေနေကြပါတယ်။ မွေးခင်းစ ၇ ရက်အရွယ် သမီးငယ်ကို နို့တိုက်ရင်း အသက်ငယ်ငယ် ကလေး အမေတစ်ဦး အခန့်ထောင့်မှာ ရှိုက်ငိုနေတာကိုလည်း တွေ့ရပါတယ်။ သူကိုယ်ဝန်ဆောင်ပြီး ကလေးမွေးခါနီး အချိန်အထိ HIV ဆေးမရခဲ့တာမို့ သူ့သမီးငယ်ရောဂါပိုး ရှိမရှိသိရအောင် နောက်ထပ် ၁၈ လောက် ကြာတဲ့ အထိ စောင့်ရအုံးမှာပါ။
“ဒီလောက် လူနာတွေအများကြီးကို စောင့်ရှောက်ဖို့ ငွေကြေး အကန့်အသတ်ရှိပါတယ်” လို့ ၂၀၀၂ မှာ ဒီဂေဟာကို တည်ထောင်ခဲ့ပြီး အခု လွှတ်တော်အမတ်ဖြစ်နေတဲ့ မဖြူဖြူသင်းက ဆိုပါတယ်။ “အခုလို အကန့်အသတ်အောက်မှာ ဆေးရဖို့ စောင့်နေကြတဲ့လူနာတွေအတွက် အရမ်းအန္တရာယ်များလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးဆိုးလာတဲ့အချိန်ကြမှပဲ သူတို့ ဆေးရတာကြောင့်မို့ပါ။”
ကတုံးဆံပင်နဲ့ ခန္ဓာကိုယ်ပါးပါးလျားလျား ကိုသိန်းအောင်ဟာ သူ့ရဲ့ စစ်သားဘဝကို ပြန်မြင်ကြည့်မိပါတယ်။ သူက အခု ၂၇ နှစ်ရှိပါပြီ။ အဲ့ဒီမတိုင်ခင် ဆယ်စုနှစ်တခုလုံး သားပစ်မယားပစ်နဲ့ တိုင်းရင်းသားဒေသတွေ က တိုက်ပွဲတွေထဲမှာ အချိန်ကုန်ခဲ့တာပါ။
အတိတ်တစ္ဆေက ညအိပ်တိုင်း သူ့ကို အမြဲခြောက်လှန့်တာမို့ အိပ်ပျက်ညတွေ များလှပါပြီ။ ရှေ့တန်းမှာ ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရတာမို့ ဒဏ်ရာရ စစ်သားတွေရဲ့ သွေးနဲ့ သူ ပုံမှန်ထိတွေ့ခဲ့ရပါတယ်။ တခြား အမျိုးသမီးတွေနဲ့လည်း သူ လိင်ဆက်ဆံခဲ့ဖူးပါတယ်။ ဒါပေမယ့် အခြောက်လှန့်ဆုံး မေးခွန်းကတော့ အခုလိုဖြစ်တဲ့အပေါ် သူဘယ်သူ့ကို အပြစ်တင်ရမလဲ ဆိုတာပါပဲ။ ဒီအဖြေကို သူလည်း ဘယ်တော့မှ သိမှာ မဟုတ်ပါဘူး။
အဲ့ဒီအတွေးတွေဖျောက်နိုင်ဖို့ သူ ညတိုင်း အိပ်ဆေးသောက်ပေမယ့် မပျောက်ပါဘူး။ ဇောချွေးတွေသာ တကိုယ်လုံး ရွှဲရွှဲစိုပြီး ဆီး ခဏခဏသွားရတာပဲ အဖတ်တင်ပါတယ်။
ပြီးခဲ့လမှာ ၁၀ ပေါင်ကျသွားတာမို့ အခုဆို ကိုသိန်းအောင်ရဲ့ ကိုယ်အလေးချိန်က ပေါင် ၁၂၀ ပဲ ရှိပါတော့ တယ်။ ပါးစောင်တွေ ချိုင့်လာပြီး မျက်စိလည်း ဟောင်းလောင်းဖြစ်လာပါပြီ။ ခွန်အားတွေ တစစ လျော့လာ တာမို့ တခြားသင်တန်းသားတွေနဲ့အတူ နေ့စဉ်လေ့ကျင့်ခန်းလည်း မလုပ်နိုင်တော့ပါဘူး။ တီဘီရောဂါကို အကြောင်းပြထားပေမယ့် အထက်အရာရှိတွေကို အကြာကြီး လိမ်ထားလို့မရမှန်း သူသိပါတယ်။
“ရနိုင်သမျှတော့ ကျနော်ဖုန်းဖိထားပါတယ်၊ ဒါပေမယ့် တချို့လည်း ကျနော့်အကြောင်း စပြောနေကြပြီဆိုတော့ သူတို့နဲ့ တိုက်ရိုက်မတွေ့အောင် ကျနော် ရှောင်ပါတယ်” လို့ ကိုသိန်းအောင်က ပြောပါတယ်။ “တခြားသူတွေလိုပဲ ကျနော်လည်း အားကောင်းမောင်းသန် ဖြစ်ချင်တာပေါ့။ ကျနော် ကြိုး စားတယ်ဗျာ၊ ဒါပေမယ့် စိတ်ပဲရှိပြီး ကိုယ်က မလိုက်နိုင်တော့ဘူး” လို့လည်း သူက ဆိုပါတယ်။
သူ့အမျိုးသမီးကတော့ သူ့အတွက် ဆေးမရမခြင်း ဆေးစစ်မခံဘူးလို့ သိရပါတယ်။ ဆေးစစ်ကြည့်လို့ ရောဂါ ပိုးရှိမှန်းသိသွားရင် အဲ့ဒီနောင်တနဲ့ သူ ကိုယ်ကိုယ့်ကိုယ် သတ်သေမှာကို စိုးရိမ်ပြီး မစစ်ဘဲ နေတာလို့ သိရပါတယ်။
“သူက ကျနော့်ကို စိတ်ဓာတ် မကျစေချင်ဘူးလေ။ ကျနော့်အမျိုးသမီးမှာသာ ဒီရောဂါရှိရင် ကျနော် အရမ်းကို စိတ်ဓာတ်ကျမိမှာပဲ” လို့ ကိုသိန်းအောင်က ပြောပါတယ်။ “”
ရောဂါဖိစီးတာကြောင့် သူဘယ်သူလဲဆိုတာကိုတောင် တခါတလေ ပြန်စဉ်းစားမိတယ်လို့လည်း သူက ပြောပါသေးတယ်။
စစ်ပွဲမှာလည်း သူတပါးကို သတ်ခဲ့၊ သူ့ အမျိုးသမီးကိုလည်း လိမ်လည်လှည့်စားခဲ့၊ ပြီးတော့ ဘဝတစ်ခုလုံး မှာလည်း ထိတ်လန့်စရာတွေ မျက်မြင်ကြုံတွေ့ခဲ့ရတာမို့ ကိုသိန်းအောင်ဟာ သူ့ အမှားတွေအတွက် ပြင်ဆင် ပေးဆပ်ခွင့် ရချင်နေသူပါ။
ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တာမို့ အတိတ်ဘဝက မကောင်းတာလုပ်ခဲ့မိတဲ့အတွက် ဒီဘဝမှာ ပြစ်ဒဏ်အဖြစ်နဲ့ ဒီရောဂါခံစားနေရတာလို့ သူယူဆပါတယ်။ ဒါကြောင့်လည်း တဖက်သားကိုကူညီရင်း သူလုပ်နိုင်သမျှ ဒါန ကုသိုလ် နဲ့ လူကောင်းတစ်ယောက်ဖြစ်အောင် သူ့ကိုယ်သူထူထောင်မယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
ဝေဒနာသည်တွေထဲမှာ သူ့ထက်ပိုဆိုးတဲ့ ဝေဒနာသည်တွေ အရင်ဆေးကုသခွင့်ရသင့်တယ်လို့ ကိုသိန်း အောင်က ပြောပါတယ်။ ဒါပေမယ့် (ဒုတိယအကြိမ် သွေးစစ်ချက်ကို စောင့်နေရင်း) စိတ်ထဲမှာတော့ သူ့ရဲ့ ကိုယ်ခံအားက သတ်မှတ်ချက်နဲ့ကိုက်အောင် အားနည်းနေပါစေလို့လည်း တတွတ်တွတ်ဆုတောင်း နေမိ ပါတယ်။
သူ့ဆုတောင်း မပြည့်ရှာပါဘူး။ သွေးစစ်ချက်ရလာဒ်ကို ဆရာဝန်က ဖတ်ပြတဲ့အခါ ဒီတခါလည်း လက်ချည်း ဗလာနဲ့ ပြန်ရအုံးမည်ဆိုတာ သူသိလိုက်ပါတယ်။
CD4 အရေအတွက် ၂၈၉ တဲ့။ များလွန်းနေသေးတာကိုး။
သူ့မှာ ရွေးချယ်စရာလမ်း တစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ သူ့ရောဂါအခြေအနေ ဒီထက်ပိုဆိုးပါစေလို့ ဆုတောင်းပြီး နောက် ၃ လမှာ သွေးထပ်စစ်ဖို့သာ ဖြစ်ပါတော့တယ်။
(The Associated Press မှ ဆေးဘက်ဆိုင်ရာ သတင်းထောက် Margie Mason ၏ In Myanmar, only sickest HIV patients get drugs ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)