ဆောင်းပါး

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၉)

This article has been converted from Zawgyi One to Unicode


ရှေ့နေကောင်းမှုကြောင့် ထောင်နှစ်ခါ ကျရသူများ

ကမာပုလောစခန်းကနေ ထွက်လာတဲ့ ကိုဌေးအောင်နဲ့ ကျနော်ဟာ ဘန်းပုန်မှာ တညအိပ်ပြီးတဲ့နောက် ဘန်ကောက်ရုံးကို ရောက်လာပါတယ်။ နောက်တနေ့မှာတော့ ကိုအိုက်စံနဲ့အတူ ရတ်ချပူရီကို ပြန်ဆင်းပြီး အချုပ်ခန်းထဲက ရဲဘော်တွေကို ထောင်ဝင်စာသွားတွေ့၊ အားပေး စကားပြောကြပါတယ်။ ပြီးတော့ ကိုဌေးအောင်က ဟွာဟင်ဒေသရှိ စခန်းသစ်ဘက် ခရီးထွက်သွားပါတယ်။ ကျနော်က ရတ်ချပူရီနဲ့ ကန်ချနပူရီဘက်မှာ လုံးချာလည်နေပြီး ရဲဘော်တွေကို ထောင်ဝင်စာတွေ့လိုက်၊ ထောက်လှမ်းရေးတွေနဲ့ ဟိုနားဒီနားသွားလိုက်၊ ဒီဗီဘီ အတွက် သတင်းအတိုအစတွေ ပို့လိုက်နဲ့ အလုပ်ရှုပ်နေပါတယ်။ ကျနော်တို့ ရဲဘော်တွေ ရတ်ချပူရီအချုပ်ထဲမှာ တလနီးပါး ကြာပြီးတဲ့အခါမှာတော့ ထိုင်းနယ်မြေထဲ တရားမဝင်ခိုးဝင်မှုနဲ့ ထောင်ဒဏ် ၃ လစီကျပြီး ရတ်ချပူရီ အချုပ်ကနေ ကန်ချနပူရီထောင်ဆီ လွှဲလိုက်ပါတယ်။

ထောင်ဒဏ် ၃ လပြည့်လို့ နယ်စပ်ကိုသွန်မယ့်နေ့ မတိုင်ခင်လေးမှာ အရင် ကန်ချနပူရီက ထောက်လှမ်းရေး ၂ ဦးကို ခေါ်ပြီး သူတို့ ၂၃ ဦးကို ကျနော် သွားထုတ်ပါတယ်။ ပြီးတော့ ထောက်လှမ်းရေးရဲ့ လမ်းပြမှုနဲ့ ကန်ချနပူရီမြို့ပြင် ကွေးမြစ်တဖက်ကမ်းက မြန်မာဘုန်းကြီးကျောင်း တခုဆီ ကျနော်တို့ ရောက်လာပါတယ်။ ကျောင်းအမည်နဲ့ ဘုန်းကြီး ဘွဲ့အမည်တွေကို မမှတ်မိတော့ပေမယ့် ဒီကျောင်းဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေတုန်းက ဂျပန်ပြန် ရဲဘော်သုံးကျိပ် တပ်ဖွဲ့ဝင်တွေ ဦးစီးတဲ့ BIA စစ်ကြောင်းတခု ဘန်ကောက်-ကန်ချနပူရီ-အများသွားတောင်ကြား-ဆင်ဖြူတိုင်ကနေ ထားဝယ်ဘက် မဝင်ခင် စခန်းချခဲ့တဲ့နေရာ ဖြစ်တယ်လို့ ကျောင်းထိုင်ဆရာတော်က မိန့်တာကို အမှတ်ရနေပါတယ်။

ကျောင်းထိုင်ဆရာတော်ရော၊ ဒကာတွေပါ ထိုင်း-ထားဝယ်တွေ ဖြစ်နေတဲ့အတွက် ကျနော် အတော် အံ့သြခဲ့ရပါတယ်။ မင်းသမီးစခန်းမှာ နေစဉ်တုန်းက ကန်ချနပူရီကို သွားလိုက်-လာလိုက် ၁၀ နှစ်လောက် ဖြတ်သွားနေပေမယ့် သမိုင်းဝင် ထားဝယ်ဘုန်းကြီးကျောင်း ဒီနေရာမှာရှိမှန်း ကျနော်လုံး၀ မသိခဲ့ပါ။ ရဲဘော် ၂၃ ဦးထဲမှာ အများစုက ထားဝယ်သားတွေ။ ဒါမှမဟုတ် ထားဝယ်စကားကို နားလည်သူတွေဖြစ်တဲ့အတွက် ဒီကျောင်းမှာ ကျနော်တို့ တည်းခိုနေထိုင်ရေး အားလုံး အိုကေပါပဲ။ အဲဒီမှာ ဆွေးနွေးပွဲလုပ်ပြီး ရဲဘော်တွေရဲ့ ဆန္ဒကိုမေးမြန်း၊ သူတို့ သွားချင်တဲ့နေရာဆီ ဆက်ပို့ဖို့ စီစဉ်ရပါတယ်။

ကိုသောင်းထွန်း၊ ကိုရဲမင်းအောင်နဲ့ ရဲဘော် ၃ ဦးလောက်က ဘန်ကောက်ကိုတက်ပြီး ဟွာဟင်က စခန်းသစ်ဖက် ဆက်သွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် အများစုကတော့ တပ်ရင်း ၁ မိသားစုတွေနဲ့ ရဲဘော်တွေရှိရာ ထန်းဟင် ဒုက္ခသည်စခန်းထဲ ဝင်မယ်လို့ ဆန္ဒပေးကြပါတယ်။ ဒီလိုနဲ့ ဘန်ကောက်တက်မယ့်လူတွေက ကျနော်နဲ့အတူ ဘတ်စ်ကားစီးပြီးပြန်။ ကျန်ရဲဘော်တွေကိုတော့ ဘုန်းကြီးကျောင်းမှာ ဆက်တည်း။ ၂ ရက်လောက်ကြာရင် ထောက်လှမ်းရေးက တာဝန်ယူပြီး ထန်းဟင်စခန်း အဝင်ဝရှိ တဂိုလမ်းရွာက ကိုကရင် (အရင် မောထာရွာမှာတုန်းက ကျောင်းသားတွေနဲ့ ရင်းနှီးသူ) အိမ်ဆီ ပို့ပေးမယ်လို့ သဘောတူ ခဲ့ပါတယ်။

၅ ရက်လောက် ကြာပြီးတဲ့နောက် ထောက်လှမ်းရေးတွေနဲ့ အချိတ်အဆက်လုပ်ပြီး ကိုကရင် အိမ်က ရဲဘော်တွေကို ထန်းဟင်စခန်းထဲပို့နိုင်ဖို့ တဂိုလမ်းရွာဆီ ကျနော်ရောက်လာခဲ့ပါတယ်။ ဘန်းပုန်ကနေ ဆိုင်ကယ်ငှားလာတာဆိုတော့ သတ်မှတ်ချိန်ထက်စောပြီး မနက် ၉ နာရီလောက်ကတည်းက ကျနော်ရောက်သွားတာပါ။ ဒါပေမယ့် ၁၀ နာရီလောက် အထိ ထောက်လှမ်းရေးတွေက ရောက်မလာသေးပါဘူး။ ရဲဘော်တွေကလည်း စခန်းထဲဝင်ချင်လွန်းလို့၊ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ချင်းလွန်းလို့ တရွရွဖြစ်နေကြပါပြီ။

“ခင်ဗျားကလည်းဗျာ၊ ဒီရွာနဲ့ ထန်းဟင်စခန်းကြား ဘာမှပြဿနာ မရှိဘူး။ ကျနော် ပိုင်ပါတယ်။ နေ့စဉ် ဒီလိုပဲ ကျနော်လူတွေပို့နေတာပဲ” လို့ အိမ်ရှင်လည်းဖြစ်၊ ကားဆရာလည်းဖြစ်တဲ့ ကိုကရင်က ပြောပါတယ်။ ကျနော်လဲ ထောက်လှမ်းရေးတွေ မလာတော့ဘူးထင်ပြီး “ဒါဆိုလဲ ခင်ဗျားတာဝန်ယူရင် ပြီးတာပဲလေ” လို့ ပြောကာ ရဲဘော်တွေကို သူရဲ့ ဖိုးဝီးကားပေါ် တင်ပေးလိုက်ပါတယ်။ ပြီးတော့ တာဝန်တခု ပြီးသွားတဲ့သဘောနဲ့ အေးအေးလူလူ ဘန်းပုန်ရွာဆီ ကျနော်ပြန်လာပါတယ်။ အဲဒီတော့မှ ကိုရွှေထောက်လှမ်းရေး ၂ ဦးရဲ့ ကားနဲ့ လမ်းမှာတိုးပါတယ်။ ”ငါတို့ကို မစောင့်ဘဲ ဘာလို့ မင်း အဲဒီလိုလုပ်တာလဲ” ဆိုပြီး သူတို့က ကျနော်ကို ဆူပါတော့တယ်။ ကျနော်လည်း ဘာမှ မဖြစ်လောက်ဘူးထင်ပြီး သူတို့ကားနဲ့အတူ အေးအေးဆေးဆေးပဲ ဘန်းပုံကိုပြန်၊ အဲဒီကနေ ဘတ်စကားနဲ့ ဘန်ကောက်ကို ပြန်တက်လာပါတယ်။

ဒါပေမယ့် ည ၁၀ နာရီလောက်မှာ သတင်းဆိုးက ဝင်လာပါလေရော။ “မင်း ငါတို့ကို မစောင့်ဘဲ သောက်ရမ်း လုပ်လိုက်လို့ သူတို့အားလုံး အော်စော်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီ။ အခု မင်းလူတွေ ရတ်ချပူရီအချုပ်ထဲ ပြန်ရောက်နေပြီ” ဆိုပြီး ထောက်လှမ်းရေးက ကျနော့်ဆီ ဖုန်းဆက်လာပါတယ်။ ဒီ သတင်းကိုကြားတော့ ကိုယ့်နားကိုယ်တောင် မယုံပါဘူး။ အခုပဲ အဲဒီထောင်ကနေ လွတ်လာလို့ ဒုက္ခသည်စခန်းဆီ ပြန်ဝင်တဲ့လူတွေကို ဒုက္ခသည်စခန်းစောင့် အောစော် (ထိုင်း ပြည်သူ့စစ်) က ဘာလို့ ပြန်ဖမ်းတာလဲ။ စခန်းထဲမှာလဲ ကိုမင်းအောင်တို့၊ ဆရာအောင်မြင့်တို့ အပါအဝင် ကျောင်းသားတွေ ရာနဲ့ချီရှိနေလျက်နဲ့၊ ကရင်ဒုက္ခသည်တွေလည်း ထောင်နဲ့ချီရှိနေလျက်နဲ့၊ ကျနော်ဘယ်လိုမှ စဉ်းစားလို့မရ။

နောက်ပိုင်းမှာ ပြန်သိရတာက စစ်ဘောင်းဘီဝတ်၊ စစ်ကျောပိုးအိပ်ပါတဲ့ လူငယ် ၂၀ နီးပါး တင်လာတဲ့ ဖိုးဝီးကားကို သံသယရှိတဲ့အတွက် ထန်းဟင်စခန်းစောင့် အောစော်တွေက ရှာဖွေရေးလုပ်တယ်လို့ ဆိုပါတယ်။ ကျနော်ကို တာဝန်ခံသွားတဲ့ ကိုကရင်ပဲ ကောင်းကောင်း ရှင်းမပြတတ်တာလား။ ဘာတွေ လွဲသွားသလဲ မသိပါ။ သူတို့ အဖမ်းခံလိုက်ရတဲ့ကိစ္စကို ထန်းဟင်စခန်းထဲမှာရှိနေတဲ့ ကိုမင်းအောင်တို့၊ ဆရာအောင်မြင့်တို့တောင် မသိလိုက်ဘူးလို့ ဆိုပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ တနာရီလောက် ထပ်စောင့်လိုက်ရင် အားလုံး အိုကေမယ့်ကိစ္စကို ဆန္ဒစောပြီး လုပ်လိုက်တဲ့ ကျနော်ရဲ့ ဆုံးဖြတ်ချက်တခုကြောင့် ရဲဘော် ၂၀ နီးပါး နောက်ထပ် ထောင် ၃ လ ထပ်ကျခံလိုက်ရပါတယ်။ နောင်တဆိုတာ နောင်မှရတယ်ဆိုတဲ့အတိုင်း ကျနော်ဘာမှ မတတ်နိုင်တော့။ ရတ်ချပူရီအချုပ်ကို ပြန်သွား။ ရဲဘော်တွေကို ထောင်ဝင်စာသွားတွေ့၊ သူတို့ကို တောင်းပန်ရုံကလွဲပြီး ကျနော်ဘာများ တတ်နိုင်ဦးမှာလဲ။ ရဲဘော်တွေကတော့ ကျနော့်အမှား မဟုတ်ဘဲ သူတို့ဖက်က သွားချင်လွန်းတဲ့အမှားဆိုပြီး ကျနော် စိတ်သာအောင် ပြောဖော်ရပါတယ်။ ဒါပေမယ့် ဘာမှမပြစ်မရှိဘဲ ထောင်ထဲမှာ နောပ်ထပ် ၃ လထပ်နေရမယ့် သူတို့ဘဝကို ကျနော် ယူကြုံးမရ ဖြစ်နေမိပါတယ်။ တကယ်တန်း ထောင်ထဲဝင်နေသင့်သူဟာ သူတို့မဟုတ်ဘဲ ကျနော်သာဖြစ်တယ်လို့ ကိုယ်ဘာသာ စီရင်ချက်ချနေမိပါတယ်။

ထောင်ဝင်စာတွေ့တာ၊ ထောင်က လွတ်ချိန်မှာ နယ်စပ်ကိုမပို့အောင် ပိုက်ဆံဆံပေးပြီး ရွေးရတာ၊ ထောက်လှမ်းရေး ငှားတာ၊ ဒီလူတွေသယ်တဲ့ အလုပ်တွေဟာ ငွေကုန်ကြေးကျ အတော်များတဲ့ကိစ္စပါ။ ပထမ တကြိမ်တုန်းက ရှိစုမဲ့စု အကုန်ခံထားတဲ့ တောင်ပိုင်းကော်မတီဟာ ဒီတကြိမ်မှာတော့ ပိုက်ဆံလည်း မလုံလောက်။ နောက်တခါ ထန်းဟန်ဒုက္ခသည် စခန်းအခြေနေကလည်း မဲဆောက်ဘက်က စခန်းတွေလို လွတ်လပ်မှု မရှိတဲ့အတွက် ဒုက္ခသည် စခန်းကနေ နယ်စပ်ပြန်ဝင်ပြီး တောထဲမှာထပ်မံအခြေစိုက် လှုပ်ရှားဖို့ဆိုတာ သိပ်မလွယ်တဲ့ သဘောမျိုး ဖြစ်လာနေပါတယ်။

ဒီလိုနဲ့ ဒီရဲဘော်တွေ ဒုတိယအကြိမ် ပြန်လွတ်ချိန်မှာ ထန်းဟင်စခန်းဆီ ပြန်မပို့တော့ဘဲ စန်ခရပူရီနယ်စပ် ကလော့ကာနီ ဒုက္ခသည်စခန်းဘက်မှာ အသွန်ခံလိုက်မယ်။ အဲဒီမှာရှိတဲ့ အရင် ၁၀၁ တပ်ရင်းက လူဟောင်းတွေနဲ့ ပေါင်းပြီး တပ်ရင်း ၁ စခန်းခွဲအဖြစ် မွန်နယ်မြေမှာ လှုပ်ရှားမယ်လို့ ကျနော်တို့ စိတ်ကူး လိုက်ပါတယ်။ အဲဒီစိတ်ကူးကို အကောင်ထည်ဖော်တဲ့အနေနဲ့ ဒီရဲဘော် ၂၀ စလုံး ကလော့ကာနီဘက် ရောက်သွားပါတယ်။ သူတို့ထဲက တချို့က အခုချိန်အထိ စန်ခရပူရီမှာ ရရာအလုပ် လုပ်သူလုပ်၊ ကလော့ကာနီနဲ့ ဘန်းတုန်ယန်း ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်အဖြစ် လျှောက်သူလျှောက်ဖြစ်နေပါ တယ်။ အများစုကတော့ အင်အား ၅၀ ဝန်းကျင်ရှိ တပ်ရင်း ၁ မှာ တပ်ဖွဲ့ဝင်အဖြစ် ဆက်လက် တာဝန်ထမ်းနေပြီး တပ်ရင်းမှူးအသစ် ကိုသိန်းလွင်နဲ့အတူ မွန်နယ်မြေ၊ ကရင်နယ်မြေတွေမှာ လှုပ်ရှားနေဆဲ ဖြစ်တာကို ပြီးခဲ့တဲ့နှစ် ထိုင်းခရီးစဉ်အတွင်း ကျနော်တွေ့ခဲ့ရပါတယ်။

ဒုက္ခသည်လျှောက်တာ အပြစ်လား

ကလော့ကာနီ၊ ထန်းဟင် ဒုက္ခသည်စခန်းတွေကနေ ဟွာဟင်ဒေသရှိ စခန်းသစ် သူပုန်စခန်း အခြေနေဘက် လှည့်ရမယ်ဆိုရင် မင်းသမီးစခန်းကျပြီးနောက် ခွာစစ်ဆင်လာတဲ့ စစ်ကြောင်း ၄ ခုထဲက တပ်ရင်းမှူး ချစ်ကိုကို ဦးဆောင်တဲ့အဖွဲ့နဲ့ ထောက်လှမ်းရေးမှူး ကိုဇော်သန်း ဦးဆောင်တဲ့အဖွဲ့တွေ ပင်လယ်ပြင်ထဲမှာ နဝတတပ်ရဲ့ ချေမှုန်းခြင်းကို ခံလိုက်ရပါတယ်။ ဗလဖအဖွဲ့ဝင် ကိုသောင်းထွန်းဦး ဆောင်တဲ့အဖွဲ့က ထိုင်းနယ်ခြားစောင့်တပ်ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ထောင်နှစ်ကြိမ်ကျပြီးတဲ့နောက် ရဲဘော် ၂၀ ခန့် ကလော့ကာနီဘက် ရောက်သွားပါတယ်။ တပ်ရေး ဗိုလ်ကြီး ကိုဝင်းအောင် ဦးဆောင်တဲ့ စစ်ကြောင်းတခုပဲ မင်းသမီးကနေ စခန်းသစ်အထိ ရောက်သွားပါတယ်။ တနင်္သာရီမြစ်ဝရှိ သဂျက်၊ ကော့မပြင်းဘက်မှာ တိုက်ပွဲ ၃ ကြိမ်လောက် ဖြစ်ခဲ့ပေမယ့် ကိုယ့်ဖက်က အကျဆုံးမရှိဘဲ စခန်းသစ်အထိ ချောချောမောမော ရောက်သွားတယ်လို့ ကိုဝင်းအောင်က ပြောပါတယ်။

မဟာမိတ်တွေဖြစ်တဲ့ KNU နဲ့ မြိတ်-ထားဝယ် တပ်ဦးက တပ်ဖွဲ့တွေ အားလုံးလည်း စခန်းသစ်ဖက်မှာ စုရုံးရောက်ရှိနေကြတယ်လို့ ဆိုပါတယ်။ နောက်တခါ တပ်ရင်း ၇ မှူး ကိုဆလိုင်းယောအောင်တို့ တပ်တွေလည်း ရောက်နေပြီး စခန်းသစ်ရှေ့ရေးကိစ္စ ကိုဌေးအောင်တို့နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာ ကျနော်ဟာ ဘန်းကပိ The Mall ကုန်တိုက်အနီးရှိ ဗဟိုထောက်ပံ့ရေးရုံးမှာ တည်းခိုနေပြီး ABSDF အလုပ်ထက် DVB အလုပ်တွေကို ဦးစားပေးလုပ်နေတဲ့အချိန် ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ထန်းဟင်ဒုက္ခသည် စခန်းတွင်းရှိ ရဲဘော်တွေ၊ မိသားစုတွေက မဲဆောက်ဘက်က စခန်းတွေမှာ လုပ်နေကြသလိုမျိုး ဒုက္ခသည်စခန်းကနေ နယ်စပ်ကိုဖြတ်၊ မြန်မာနယ်ထဲပြန်ဝင်ပြီး စစ်ပြန်တိုက်ဖို့အရေး သိပ်မလွယ်တော့ဘူးလို့ တင်ပြလာပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ အခြေနေအရပ်ရပ်ကြောင့် နယ်စပ်ပြန်ဝင်ပြီး တော်လှန်ရေး ဆက်လုပ်ဖို့ အခြေနေ မကောင်းမတော့ဘူးလို့ ယူဆတဲ့အတွက် ဘန်ကောက်တက်၊ ဒုက္ခသည်လျှောက်ပြီး တတိယ နိုင်ငံထွက်ရေးဘက် ဦးတည်လာတယ်ဆိုပါတော့။

ဒီလိုနဲ့ အဲဒီရဲဘော်တွေကို ဘန်ကောက်မြို့ဆီ ချောမောစွာခေါ်ယူရေးနဲ့ ပတ်သက်ပြီး ထန်းဟင်-တဂိုလမ်း-ဘန်းပုန်-ရတ်ချပူရီ-ဘန်ကောက် ခရီးစဉ် ရေးဆွဲရေးတာဝန်ဟာ နယ်မြေကြွမ်းသူလို့ ထန်းပင်တက် လက်မှတ်ရထားတဲ့ ကျနော်အပေါ် ကျလာပြန်ပါတယ်။ ဒါကြောင့် ဘန်ကောက်ကနေ နယ်စပ်ကို ပြန်ဆင်းပြီး တဂိုလမ်းက ထိုင်း-ကရင် ရွာသားတွေကို စည်းရုံး၊ သူတို့အိမ်တွေမှာ ကျနော်တို့မိသားစုတွေကို စခန်းထောက်အဖြစ် တည်းခိုခွင့်ပေးအောင် ကြိုးစားရပါတယ်။ ပြီးတော့မှ အုပ်စုတခုကို ၄ ဦးစီလောက်ခွဲပြီး ထန်းဟင်စခန်းထဲကနေ ညနေပိုင်းတွေမှာ ခိုးထွက်၊ တဂိုလမ်းရွာမှာ တညအိပ်၊ မနက် စောစောဘတ်စကားနဲ့ တဂိုလန်း-ဘန်းပုံ-ရတ်ချပူရီ-ဘန်ကောက်ကို အဆင့်ဆင့် သယ်ယူရပါတယ်။

ကံကောင်းထောက်မစွာနဲ့ လူဦးရေ ၅၀ ကျော်လောက်ဟာ တဦးမှ အဖမ်းအဖမ်းမခံရဘဲ တလကျော် ကာလအတွင်း ဘန်ကောက်ကို ရောက်လာကြပါတယ်။ ကျနော်တို့ရဲ့ စည်းရုံးရေးစွမ်းအား ဘယ်လောက်အထိ ကောင်းသလဲဆိုရင် ကျနော်တို့ မိသားစုတွေကို ညအိပ်လက်ခံခဲ့တဲ့ တဂိုလမ်းရွာက ကရင်မိသားစုတခုလုံး သူတို့အိမ်ကို စွန့်ပြီး ကျောင်းသားတွေနဲ့ အတူ ဘန်ကောက်တက် ဒုက္ခသည်လျှောက်လိုက်တာ အားလုံးအောင်ပြီး တတိယနိုင်ငံတခုဆီ ရောက်သွားခဲ့ပါတယ်။ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေနဲ့ ဝေးနေတဲ့ သာမန်ပြည်သူအများစုအဖို့ ဒုက္ခသည်ဆိုတာ အမည်အားဖြင့် သိပ်မမိုက်ဘူးလို့ ထင်နိုင်ပေမယ့် ဒုက္ခသည်ဖြစ်ခွင့်ရဖို့ဆိုတာ သိပ်မလွယ်လှ။ သတ်မှတ် အရည်အချင်းနဲ့ပြည့်မှ ရနိုင်တာမို့ လနဲ့ချီပြီး၊ တချို့ဆို နှစ်နဲ့ချီပြီး အတော်ကြိုးစားရပါတယ်။ အပြောမတတ်လို့၊  အချက်လက် မခိုင်လုံလို့၊ အခုချိန်အထိ ဒုက္ခသည် ဖြစ်ခွင့်မရဘဲ ဘန်ကောက်၊ မဲဆောက်နဲ့ နယ်စပ်မှာ ကျန်နေသူတချို့ကို ကျနော်တွေ့နေရဆဲ ဖြစ်ပါတယ်။

အဲဒီကာလက နိုင်ငံရေးဒုက္ခသည် ဖြစ်ချင်တဲ့ ABSDF တပ်ဖွဲ့ဝင်ဟောင်းတွေဟာ ABSDF တပ်ဖွဲ့ဝင် ဖြစ်ခဲ့ဖူးတဲ့အကြောင်း တပ်က နှုတ်ထွက်စာ၊ ပြီးတော့ သက်သေခံ တောထဲက ဓာတ်ပုံ တပုံစ နှစ်ပုံစ။ နောက်တခါ ဘာကြောင့် ဒုက္ခသည်လျှောက်ရတယ်ဆိုတဲ့အကြောင်း ပြချက်စာနဲ့ မြန်မာနိုင်ငံကို ပြန်ရင် အဖမ်းခံရနိုင်တဲ့ အကြောင်း၊ နိုင်ငံရေးဖြတ်သန်းမှု ကိုယ်ရေးအကျဉ်းတွေကို တင်ပြရပါတယ်။ အဲဒီ စာတွေမရင်ခင် ဘန်ကောက်ကို ရောက်ကတည်းက ရုံးလေးလို့ခေါ်ကြတဲ့ စူထိစန်ဖက်က UNHCR ရုံးခွဲ မှာ ဒုက္ခသည်လျှောက်ဖို့ စာရင်းအရင် ပေးထားရပါတယ်။ အဲဒီရုံးကနေ ရုံးချိန်းရက်ရတဲ့အခါမှာတော့ ထိုင်းအစိုးရအိမ်တော်နဲ့ သိပ်မဝေးတဲ့အရပ်ရှိ UNHCR ရုံးကြီးဆီသွားပြီး လူတွေ့မေးမြန်းမှုကို ခံယူရ ပါတယ်။ အဲဒီအချိန်မှာ ခုနက အောက်ပါ အရည်ချင်းနဲ့ ကိုက်ညီကြောင်းပြတဲ့ စာရွက်စာတန်းအားလုံး ယူသွားဖို့လိုပြီး သူတို့မေးတာတွေကိုလည်း ကောင်းကောင်းမွန်မွန် ဖြေတတ်ဖို့လိုပါတယ်။

ကျနော်နဲ့ စကားပြောဖူးတဲ့ ရဲဘော်ဟောင်းတွေထဲမှာ ဆယ်နှစ်ဆယ်မိုး တာဝန်ထမ်းခဲ့ဖူးတဲ့ ABSDF တပ်ဖွဲ့ဝင် ကိုယ်ပိုင်နံပါတ်ကို မေ့နေသူတချို့ တွေ့ရပေမဲ့ NI လို့ခေါ်တဲ့ ဒုက္ခသည်အောင်လက်မှတ် နံပါတ်ကိုတော့ လူအားလုံးနီးပါး အလွတ်ရနေတာကို ထူးထူးခြားခြားတွေ့ရပါတယ်။ အဲဒါအောင်ပြီး သွားရင်တော့ တလအတွက် ထောက်ပံ့ငွေ ဘတ် ၂၅၀၀ စီရပြီး UNHCR လက်မှတ်နဲ့ ဈေးပေါတဲ့ အိမ်ခန်းတွေကို စုပေါင်းငှားရမ်း နေထိုင်ကြပါတယ်။ အများစုဟာ အသွားအလာ လွယ်ကူတဲ့ ရုံးလေးဝန်းကျင်၊ နောက် ဈေးပေါတဲ့ ဘန်းကပိ၊ ရမ်ဂဟမ်ဝန်းကျင်၊ ကျောက်ဖရာမြစ်ဝက ကျုးကျော်ရပ်ကွက်လို နေရာမျိုးတွေမှာ နေကြတာကို တွေ့ခဲ့ရပါတယ်။ အဲဒီလို နှစ်နဲ့ချီ၊ တချို့ဆို ဆယ်စုနှစ်နဲ့ ချီနေပြီးမှ ရတ်ချပူရီရှိ မနီလွိုင် ကျောင်းသားဒုက္ခသည် စခန်းဆီ ဝင်ခွင့်ရပြီး သက်ဆိုင်ရာ တတိယ နိုင်ငံတခုခုရဲ့ သံရုံး အင်တာဗျုးကိုစောင့်၊ အဲဒီအင်တာဗျုး အောင်ပြီးမှ တတိယနိုင်ငံဆီ ထွက်ခွင့်ရတာပါ။ ဒါဟာ ၁၉၉၇-၉၈ ဝန်းကျင်က အခြေနေကိုပြောတာပါ။ အဲဒီအချိန်အထိ မနီလွိုင်စခန်းက နိုင်ငံရေး ဒုက္ခသည်လောက်ကိုပဲ တတိယနိုင်ငံတွေက ခေါ်ယူပြီး နယ်စပ်ဒုက္ခသည် စခန်းတွေက စစ်ပြေးဒုက္ခသည်တွေကို ခေါ်ယူခြင်း မရှိသေးပါ။

အခုချိန်မှာ ABSDF တပ်ဖွဲ့ဝင်အများစု တတိယနိုင်ငံတွေဆီ ရောက်နေကြပြီဖြစ်လို့ ဒီကိစ္စဟာ အထူးအဆန်း မဟုတ်တော့သလို ဖြစ်နေပေမယ့်လည်း အဲဒီကာလကတော့ ဒုက္ခသည်လျှောက်တာဟာ တကယ့်စွန့်စားမှုကြီးတခုပါ။ ABSDF ဗဟိုမှာ အဲဒီအချိန်အထိ ဒုက္ခသည်ဆိုင်ရာ မူဝါဒ မရှိသေးပါ။ ဒုက္ခသည် လျှောက်သူတွေကို သူရဲဘောကြောင်သူလိုလို၊ ထွက်ပြေးရေးဝါဒီလိုလို၊ အချောင်သမားလိုလို၊ တကိုယ်တော် ထွက်ပေါက်ရှာသူလိုလို စသဖြင့် အမြင်တွေ စောင်းနေဆဲဖြစ်ပါတယ်။ အဲဒီလို တိကျတဲ့ မူဝါဒမရှိသေးတဲ့အချိန်မှာ ကျနော်တို့ တပ်ရင်း ၁ တာဝန်ရှိသူတွေက ဒုက္ခသည်စခန်းထဲက ရဲဘော်မိသားစုတွေကို တောထဲပြန်ပို့ပြီး စစ်တိုက်ခိုင်းရမယ့်အစား ဘန်ကောက်ကိုခေါ်ပြီး ဒုက္ခသည်လျှောက်ပေးတဲ့ ကိစ္စဟာ ABSDF တည်ဆဲမူဝါဒကို ချိုးဖောက်ရာကျတယ်ဆိုတဲ့ စွပ်စွဲချက်က ကျနော်တို့ခေါင်းပေါ် ကျလာပါလေရော။

ဒီအတွက် အဓိက စစ်ဆေးခံရသူ ၂ ဦးကတော့ တပ်ထွက်ရဲဘော်တွေကို နှုတ်ထွက်စာရေးပေးဖို့ တာဝန်ယူရတဲ့ တောင်ပိုင်းဒေသတာဝန်ခံ ကိုမင်းအောင်နဲ့ တပ်ရင်း ၁ ဒုရင်းမှူး ဆရာအောင်မြင့်တို့ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ကျနော်နဲ့အတူ ဘန်းကပိရုံးမှာ တည်းခိုနေသူတွေဖြစ်ပြီး တောထဲကထွက်လာတဲ့ ဒါဇင်နဲ့ချီရှိတဲ့ ရဲဘော်တွေလည်း တခြားဘယ်နေရာကို သွားရမှန်း မသိခင်မှာ ဒီရုံးမှာပဲ သောင်တင်နေကြပါတယ်။ အဲဒီကာလ ကျနော်တို့ရုံး အခြေအနေကို ပြောရမယ်ဆိုရင် တိုက်ပွဲမှာ ဒဏ်ရာရလို့ မသန်စွမ်းဖြစ်သွားတဲ့ ကိုရန်ကျော်အောင်နဲ့ ကိုတင်စိုးတို့က အမြဲတမ်း နေထိုင်ခွင့်ရထားသူတွေဖြစ်ပြီး ကျန်တဲ့ ပုဂ္ဂိုလ်တွေကတော့ နယ်စပ်ကနေ ဘန်ကောက်ရောက်စဉ် ခဏတည်းခိုသူတွေ ဖြစ်ပါတယ်။

ခဏတည်းတယ် ဆိုပေမယ့် တပတ်ဆယ်ရက်မက ကြာတတ်တာကြောင့် ၁၀ ပေ၊ ၁၅ ပေ ပတ်လည်လောက်သာ ကျယ်တဲ့ ရုံးခန်းဟာလည်း ရတ်ချပူရီက အချုပ်ခန်းနီးနီး လူတွေများပြီး ပူအိုက် နံစော် ယာစင်းဆေးလိပ်နံ့ညှော် ဖြစ်လာပါတယ်။ လူများလွန်း၊ စကားများလွန်းတဲ့အတွက် ဒီအသံတွေကို ဘေးအိမ်တွေက မကြားအောင် (အသံဆူလို့ ဘေးအိမ်ကတိုင်ရင် ရဲ ဝင်ဖမ်းမှာစိုးလို့) ဆိုပြီး တံခါးတွေကို အသေပိတ်ထားတော့ အခြေအနေက ပိုဆိုးစေပါတယ်။ အဲကွန်းကလည်း မရှိ၊ ပန်ကာလည်း လက်ပန်းကျဆိုသလို လူ ၁၀ ယောက် ပန်ကာ တလုံးနှုန်းတောင် ဆင်ပေးမထားနိုင်ပါဘူး။ တခါ ရုံးအတွင်း လူအဝင်အထွက် များလွန်းတဲ့အတွက် ဘေးပတ်လည် ထိုင်းအိမ်တွေက ကျနော်တို့ကို လူပွဲစားတွေလားလို့တောင် သံသယဝင်လာကြလို့ မနည်း ရှင်းပြနေရပါတယ်။ နောက်ပိုင်းမှာတော့ ရှေ့မှာတင်ပြခဲ့ဖူးတဲ့ တပ်ရင်း (၁) တပ်ဖွဲ့ဝင်တဦးဖြစ်သူ ကိုအောင်မျိုးမင်းက ဒီရုံးနဲ့သိပ်မဝေးတဲ့ လပလောင်ဆွိုင် ၁၀၁ ထဲမှာ အခန်းတခုငှားပြီး ရဲဘော်တွေကို လက်ခံပေးတဲ့အတွက် အတော်အဆင်ပြေသွားပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ ၁၉၉၇ ကနေ ၁၉၉၉ အစောပိုင်းကာလအတွင်း တပ်ရင်း ၁ မှ တပ်ဖွဲ့ဝင်တွေ။ မိသားစုတွေ အတော်များများကို ဒုက္ခသည်လျှောက်နိုင်ဖို့ ဒီရုံးက ကူညီနိုင်ခဲ့တယ် ဆိုပါတော့။ ဒီလိုကူညီမိတဲ့အတွက် တပ်ရင်း (၁) တာဝန်ခံ ကိုမင်းအောင်နဲ့ ဆရာအောင်မြင့်တို့ကို ”တပ်ရင်းဖြိုခွဲမှု” ဆို တဲ့ခေါင်းစဉ်ကြီးနဲ့ ဗဟိုကလာတဲ့ အထူးကော်မရှင် တခုက လာစစ်ဆေးတဲ့သဘောပါ။ သွေးပူနေစဉ် အဲဒီကာလကတော့ ဒုက္ခသည် လျှောက်တာ မှားသလား၊ မှန်သလား။ တော်လှန်ရေးကို သစ္စာဖောက်တာလား၊ အချောင်သမားတွေလား စသည်ဖြင့် ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း ငြင်းလိုက်ခုံလိုက်ကြတာ ခိုက်ရန်ဖြစ်ပွားမတတ်ပေါ့။

အခု ဆယ်စုနှစ်တခုစာမက ကြာပြီးသွားတဲ့အခါမှာတော့ ဒုက္ခသည် လျှောက်လွှာရေးပေးမှုအတွက် အပြစ်ရှိတယ်လို့ စွပ်စွဲခံခဲ့ရသူ ဆရာအောင်မြင့်က နယ်စပ်မှာရှိနေဆဲ ဖြစ်တာကိုတွေ့ရပါ တယ်။ ဒါပေမယ့် စာအုပ်ကြီးအတိုင်း ကိုင်ပြီး ဆရာအောင်မြင့်တိုကို အပြစ်ရှိတယ်လို့ လာရောက်စစ်ဆေးတဲ့ ဗဟိုကော်မရှင်အဖွဲ့ဝင် ဗဟိုကော်မီတီဝင်တွေ ကိုယ်တိုင်ကတော့ ဒုက္ခသည်လျှောက်ပြီး တတိယနိုင်ငံဆီ ထွက်သွားလိုက်တာ အခုဆိုရင် သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံသားတွေတောင် ဖြစ်နေကြပြီဆိုတာကို သိခဲ့ရပါတယ်။

ဒီလိုပြောလိုက်လို့ ကျောင်းသားတွေအားလုံး တတိယနိုင်ငံဆီ ထွက်ကုန်ကြပြီလို့ တော့ မထင်လိုက်ပါနဲ့။ အခုချိန်အထိ ဆက်လက် တိုက်ပွဲဝင်နေသူတွေလည်း ရာနဲ့ချီ ရှိနေဆဲဖြစ်ပါတယ်။

Loading