ဆောင်းပါး

နိုင်ငံသစ်မှာ မလွတ်မြောက်နိုင်သေးသူများ

This article has been converted from Zawgyi One to Unicode

လေးဘက်လေးတန် နံရံဆေးရေးပန်းချီတွေက ခန့်မှခန့်။ လှိုင်းလေကြားမှာ အံတုယိမ်းရွဲ့နေတဲ့တံငါလှေကြီးတွေက ဒီလူမျိုးတွေရဲ့ ကြမ်းတမ်းတဲ့ ဘဝနိဒါန်းကို ညွှန်းနေသလိုပဲ။ တချိန်က နာဇီစစ်ဖိနပ်အောက်က နိမိတ်ပုံတွေ၊ ရုန်းထ လွတ်မြောက်မှုရဲ့သင်္ကေတတွေ၊ စုစည်းအားနဲ့ နိုင်ငံသစ် ထူထောင်တဲ့ ပုံရိပ်တွေဟာ အော်စလိုမြို့တော်ခန်းမ မျက်နှာကျက်နဲ့ နံရံတွေမှာ မျဉ်းကွေး၊ မျဉ်းဖြောင့်၊ အရောင်တွေ၊ သင်္ကေတတွေနဲ့ လှမှလှ၊ ခန့်မှခန့်။

နံရံပန်းချီကားတွေ ကြည့်ပြီး ကိုသူရိန် စိတ်ထဲ အမည်တပ်လို့မရတဲ့ ခံစားမှုတခုက ဝင်လာတယ်။ ဒီနေရာ၊ ဒီအချိန်မှာအရပ် ဒေသ မတူ၊ အသားအရောင်ကွဲ၊ မျိုးနွယ်ကွာ၊ ဘာသာစကား ခြားနားသူတွေ ၃၀၀ ကျော်နဲ့ ဒီနေ့ အတူဆုံဖြစ်နေတယ်။ မတူတာတွေ အများကြီးထဲက သူတို့အားလုံး တူညီနေတာကတော့ မွေးရပ် ဇာတိကို စွန့်ခွာ လာခဲ့တာရယ်။ နိုင်ငံသစ်တခုကို ဒီကနေ့ကစပြီး ပိုင်ဆိုင်ခွင့်ရမှာရယ်၊ ဒါကတော့ ကံတူအကျိုးပေး တိုက်တိုက်ဆိုင်ဆိုင်ပဲ တူနေကြတယ်။

နိုင်ငံပေါင်း ၇၃ နိုင်ငံက နိုင်ငံသားသစ် ခံယူမယ့် ၃၀၉ ယောက်ဟာ သီးသန့်အခန်းတခုမှာ စီတန်းနေရာယူလိုက်တယ်။ သူနဲ့ အတူ မိမိတို့ ရိုးရာဝတ်စုံတွေ ကိုယ်စီဝတ်ထားတဲ့ မြန်မာနိုင်ငံက ကရင်အမျိုးသား ၃ ဦး၊ ချင်း အမျိုးသား ၆ ဦး လည်း ပါတယ်။

တရားရေးဝန်ကြီးက နော်ဝေ ဘာသာစကားနဲ့ ကျမ်းသစ္စာကို ရှေ့ကတိုင်ပေးတယ်။ သူတို့အားလုံးလည်း ကိုင်ထားတဲ့ စာရွက်ကို တပြိုင်တည်း ဖတ်ပြီး လိုက်ဆိုတယ်။

“ကျွနု်ပ်တို့သည် နော်ဝေးနိုင်ငံနှင့် နော်ဝေးလူ့ အဖွဲ့အစည်းကို ပံ့ပိုးကူညီပါမည်”
“ကျွနု်ပ်တို့သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ပံ့ပိုးကူညီပါမည်”
“ကျွနု်ပ်တို့သည် နော်ဝေးနိုင်ငံ၏ အခြေခံဥပဒေကို လေးစားပါမည်”

ကျမ်းသစ္စာ ကျိန်နေရင်း ကိုသူရိန် ခေါင်းထဲဖျတ်ခနဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ လွှတ်တော်မဝင်ခင် ကျိန်တဲ့ ကျမ်းသစ္စာ စကားလုံးတွေအပေါ် အလိုမကျဖြစ်ခဲ့တာကို သတိရဖြစ်အောင် ရလိုက်သေးတယ်။

ပြီးတော့ သူ့နှလုံးသားမှာ စူးခနဲ ဖြစ်သွားတယ်။ ဆုံးရှုံးလိုက်တာလား၊ ပိုင်ဆိုင်လိုက်တာလား၊ ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား၊ မကွဲပြားဘူး။ သေချာတာတခုကတော့ ဒီနေ့ကစပြီး သူ့ဇာတိနိုင်ငံနဲ့ ပြတ်စဲသွားတာပဲ။၂၄ နှစ်ကျော် အမေ့ရင်ခွင်ကနေ ဖယ်ကျဉ်ခံရပြီးမှ မွေးစားအမေရဲ့ ရင်ခွင်သစ်ထဲ ဝင်ရသလိုမျိုး။ ဒီကိုရောက်ပြီး ၇ နှစ်အကြာမှာ တရားဝင် စာချုပ်စာတမ်းတွေနဲ့ အမွေစားအမွေခံအဖြစ် ထာဝရခေါ်ထားလိုက်သလို ခံစားနေရတယ်။ အမေရင်းကို နှမြောတဲ့ စိတ်က ကျင်ခနဲရင်ထဲမှာ။

ရန်ကုန် တက္ကသိုလ် တတိယနှစ် (သချာၤ) မှာ ပညာသင်ရင်း ၁၉၈၈ မှာ ပြည်ပ ထွက်လာတော့ သူ့အသက်က၂၁ နှစ်အရွယ် လူငယ်ဘဝ။ သူ မြန်မာပြည် ပြင်ပမှာ နေခဲ့တာက ပြည်တွင်းမှာ နေလာတာထက် ၃ နှစ်တောင် စွန်းသွားပြီ။

“မြန်မာပြည်အကြောင်း အမြဲတမ်း တွေးနေတယ်။ အလုပ်လုပ်နေရင်းလည်း စဉ်းစားနေတာပဲ။ ကိုယ့်အိမ် စားပွဲပေါ်က ကွန်ပျူတာရှေ့မှာ အချိန်အားရတိုင်း မြန်မာပြည် သတင်းတွေ ဖတ်နေတယ်။ ကိုယ်နဲ့မြန်မာပြည်ဟာ လုံးလုံးလျားလျား ပတ်သက်နေတယ်လို့ စိတ်ထဲရှိနေတယ်၊ တနေ့မှဗမာပြည်ကို မေ့သွားတာ မရှိဘူး၊ တနေ့နေ့ပြန်ရမယ်လို့ မျှော်လင့်ချက်နဲ့ နေနေတာ။ အခု ၂၄ နှစ် ကြာသွားတာ အံ့သြစရာကြီး၊ မနေ့တနေ့ကလိုပဲ ထင်နေတယ်” လို့ ကိုသူရိန် က ဆိုပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ပြန်ကြားရေးဌာနကို တာဝန်ယူခဲ့ဖူးတဲ့ အသားဖြူဖြူ၊ ပိန်ပိန်သေးသေး၊ ဆံပင်တိုတိုနဲ့ ကိုသူရိန် ဟာ ၁၉၈၈ သြဂုတ်လ ၈ လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး နောက်တရက် သြဂုတ်လ ၉ ရက်နေ့ ဗဟန်း ရွှေတိဂုံ အနောက်ဘက်မုခ်မှာ ထောင်နဲ့ချီတဲ့ လူထုကြီးကို ဦးဆောင်ဆန္ဒပြရင်း စစ်တပ်က ပစ်ခတ် ဖမ်းဆီးခံခဲ့ရသူ ဖြစ်ပါတယ်။

“နောက်ကနေ စစ်တပ်က ဒရကြမ်းပစ်တယ်၊ လူတော်တော်များများ ထိကုန်ပြီ၊ ကျနော့်ရှေ့ကျောပေးပြီး ပြေးတဲ့သူတိုင်း သေနတ် မှန်နေတော့ကြောက်ပြီး မပြေးရဲတော့ဘူး၊ လမ်းဘေး မြောင်းနားဝပ်နေတယ်၊ အဲဒီမှာ စစ်တပ်က ဆံပင်တွေဆွဲ၊ နားရင်းတွေ ရိုက်ပြီး တော်လှန်ရေးပန်းခြံမှာ စုဖမ်းထားတယ်၊ ည ၁၀ နာရီမှာ အလုံပိတ် ကားကြီးတွေနဲ့ တိတ်တိတ်လေး အင်းစိန်ထောင် ခေါ်သွားတယ်” လို့ ကိုသူရိန်က ၈ လေးလုံးကာလ အတွေ့အကြုံကို ပြန်ပြောပြတယ်။

အဲဒီနှစ် သြဂုတ်လ ၂၂ ဒေါက်တာ မောင်မောင် သမ္မတ ဖြစ်တော့ ကိုသူရိန်နဲ့ ကျောင်းသားတွေ ထောင်က လွတ်တယ်။ ၁၉၆၂ ခုနှစ် ဗုံးခွဲဖြိုချ ခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံ မြေနေရာမှာ ၁၉၈၈ ဗကသ ညီလာခံကြီးကို ၈၈ သြဂုတ် လ ၂၈ ရက်မှာ ကျင်းပတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး သဝဏ်လွှာအဖြစ် ဗကသထံ ပေးပို့ခဲ့တာကို စင်ပေါ်တက် ဖတ်ခဲ့ရတာသူ၊ အခုထိ ဂုဏ်ယူလို့ မဆုံးဘူး။

“အဲဒီနေ့က ဥက္ကဌ ကိုမင်းကိုနိုင် မိန့်ခွန်းပြောတဲ့ အချိန်ရယ်၊ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားပါ့မယ်လို့ အစီအစဉ်မှုးက ကြေညာလိုက်တဲ့အဆုံး ရခဲ့တဲ့ လက်ခုပ်သံ တအုံးအုံးကို ကောင်းကင်အထိ ကြားရမယ်ထင်တယ်၊ ကျနော့် ဘဝမှာ ဒီလောက်ကြီးမားတဲ့ သြဘာသံကို မကြားဘူးဖူး” လို့ ကိုသူရိန်က ဆိုတယ်။

စစ်တပ်က အာဏာသိမ်းပြီး နောက်တလမှာ ကိုသူရိန် အိန္ဒိယနယ်စပ်ကို သွားခဲ့တယ်၊ လက်နက်ကိုင် သင်တန်းတက်ဖို့ မဖြစ်နိုင်တာနဲ့ နောက်တနှစ် ပြည်တွင်းကို တိတ်တဆိတ် ပြန်ဝင်ခဲ့တယ်။ ထိုင်း-မြန်မာ နယ်စပ် ဆက်သွားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ကျောင်းသား တပ်မတော်မှာ တာဝန်ထမ်းခဲ့ပြီး လက်နက်ကိုင် တိုက်ပွဲပေါင်း ၂၀ လောက် ဆင်နွှဲခဲ့ဖူးတယ်။

“၁၉၉၂လောက်က တနင်္သာရီမြို့နယ် သကျက်ရွာမှာ စစ်တပ်နဲ့ ပက်ပင်းသွားတိုးတာ၊ အခုထိမမေ့ဘူး၊ အနီးကပ် ဆော်ကြတာ၊ ဒီတခါတော့ ငါသေပြီ ဆိုပြီး မြေကြီးပေါ် ပြားပြားဝပ်၊ ရသမျှ ဘုရားစာတွေ ရွတ်ခဲ့တာ သတိရတယ်၊ ကျနော့် ရှေ့က ပန်းချီဆရာ ငွေထွန်း မိုင်းနင်းမိပြီး အပေါ်ကို မြောက်တက်သွားတာ၊ သူ မနင်းရင် ကျနော် နင်းမိမှာ၊ ကိုငွေထွန်းလည်း ခြေပြတ်ပြီး အဲဒီ ဒဏ်ရာနဲ့ပဲ ကျသွားရှာတယ်” လို့ သူက မှတ်မှတ်ရရ ပြန်ပြောပြပါတယ်။

၂၀၀၄ ခုနှစ်မှာ တော်လှန်ရေးနယ်မြေက ကရင်တိုင်းရင်းသူ အမျိုးသမီးတဦးနဲ့ အိမ်ထောင်ကျပြီး၂၀၀၅ ခုနှစ်မှာ နော်ဝေနိုင်ငံ ရောက်လာကာ သားသမီး ၂ ဦးနဲ့ မိသားစု ဘဝသစ် ထူထောင်ခဲ့တယ်။

“ဒီရောက်တော့ အစိုးရက နေစရာ၊ စားစရာ၊ ဝတ်စရာ လိုလေသေးမရှိ ထောက်ပံ့တယ်၊ ပညာသင်ပေးတယ်၊ သားသမီးတွေစောင့်ရှောက် ပညာသင်တယ်၊ ကျန်းမာရေး တာဝန်ယူပေးခဲ့တယ်၊ အလုပ်ရှာပေးတယ်။ ကိုယ့်မှာရှိတဲ့ အရည်အချင်း နည်းနည်းလေးနဲ့ သူတို့ ပံ့ပိုးမှုကိုယူပြီး ဘဝအတွက်ရှင်သန်စရာ နေရာတခုရခဲ့တယ်” လို့ ကိုသူရိန်က ဆိုပါတယ်။

နယ်မြေဧရိယာရဲ့ ၃ ရာခိုင်နှုန်းလောက်မှာ တနှစ် ၃ လပဲ စိုက်ပျိုးနိုင်ပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းနဲ့ ခက်ခက်ခဲခဲ ရပ်တည်နေရတဲ့ နော်ဝေနိုင်ငံဟာ ၁၉၇၀ နှောင်းပိုင်း ပင်လယ်မြေအောက် ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်ကြီးတွေ တူးဖော်ရရှိပြီးတဲ့နောက် ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် နိုင်ငံကြီး ဖြစ်လာတယ်။ လူဦးရေ ၅ သန်း တောင်မပြည့်တဲ့ နော်ဝေးနိုင်ငံမှာ လုပ်သား အင်အားနည်းပါးလွန်းလို့ အစောပိုင်းက ရေနံတူး အလုပ်သမားတွေကို ပါကစ္စတန်နိုင်ငံကနေ ငှားရမ်းခေါ်ယူရပါတယ်။ နောက်ပိုင်းမှာ ကြွယ်ဝချမ်းသာလာလို့ ပြည်ပက အခြေချ နေထိုင်သူချည်းပဲ အခုဆို ၄ သိန်းကျော်လောက် ရှိလာပါပြီ။

၂၀၀၁-၂၀၀၂ လောက်ကစပြီး ဒီနေ့အထိ မြန်မာနိုင်ငံသား၂၀၀၀ ကျော်လောက် ခိုလှုံနေထိုင်နေတယ်။ အများစုက မလေးရှား၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်တွေဖြစ်ပြီး မြန်မာနိုင်ငံကနေ ဥရောပဘက် တိုက်ရိုက်ထွက်လာပြီး နော်ဝေးမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းသူတွေလည်းရှိတယ်။

တနှစ်ကို မြန်မာနိုင်ငံသား အနည်းဆုံး ၁၅၀ ကနေ ၂၀၀ ကျော် အထိ နော်ဝေအစိုးရက လက်ခံတယ်၊ အခုနှစ်ကတော့ မြန်မာ ဒုက္ခသည်တွေကို နောက်ဆုံးအနေနဲ့ လက်ခံမှာ ဖြစ်တယ်လို့ နိုင်ငံရပ်ခြား ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ဌာနရဲ့အဆိုကို ကိုးကားပြီး နော်ဝေနိုင်ငံထုတ် AfterPosen သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ ပါကစ္စတန်၊ ပိုလန်၊ ဆိုမာလီနဲ့ ဗီယက်နမ် နိုင်ငံသားတွေ အများဆုံးနေထိုင်တယ်။

လွန်ခဲ့တဲ့ ဇွန်လက အော်စလိုရှိ ဒီအဆောက်အဦးထဲမှာပဲ နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က
“နော်ဝေးနိုင်ငံဟာ အကြင်နာတရားရဲ့ ပြယုဂ်တခုပါပဲ၊ ကမ္ဘာမြေနေရာက အဖယ်အကျဉ်ခံခဲ့ရတဲ့ လူတွေအတွက် နေစရာ ပေးတယ်၊ သူတို့နိုင်ငံက မလွတ်လပ်၊ မလုံခြုံလို့ တိမ်းရှောင်လာတဲ့ လူတွေကို ခိုလှုံ စရာ နေရာပေးတယ် …. ကျမတို့ရဲ့ ရည်ရွယ်ချက်က ထွက်ပြေးခိုလှုံလာတဲ့ သူတွေ၊ အိမ်ရာမဲ့၊ ရည်မှန်းချက်မဲ့တွေ မရှိတော့တဲ့ ကမ္ဘာ့နေရာတိုင်းဟာ၊ လွတ်လပ်ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် နေရာတွေဖြစ်လာဖို့ပါပဲ” လို့ ပြောခဲ့ပါတယ်။

တနှစ်တခါ နော်ဝေးအစိုးရက မြို့တော်ရဲ့ ဂုဏ်ကျက်သရေ နိုဗဲလ်ဆုချီးမြှင့်ရာ မြို့တော်ခန်းမ အဆောက်အအုံမှာ နိုင်ငံပေါင်းစုံက အခြေချနေထိုင်ပြီး ၇ နှစ်အကြာ နိုင်ငံသားအဖြစ် လက်ခံထားသူတွေကို အဆိုအက အတီးအမှုတ်တွေနဲ့ ပွဲတော်ကျင်းပပြီး နိုင်ငံသားအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ခမ်းခမ်းနားနား ပြုလုပ်ပါတယ်။ ခရိုင်အုပ်ချုပ်ရေး အကြီးအကဲတွေ၊ နော်ဝေး ပါလီမန်ဥက္ကဌ ၂ ဦး နဲ့ ပြည်ထဲရေးဝန်ကြီး၊ တရားရေးဝန်ကြီးတို့လည်း တက်ရောက်သလို၊ လူတယောက်ကို ဧည့်သည် ၂ ယောက် ခေါ်ပိုင်ခွင့်ရှိလို့ ခန်းမထဲမှာ လူ ၇၀၀ ကျော် ရှိတယ်။ လွန်ခဲ့တဲ့ ၂ နှစ် လောက်က စပြီး နှစ်စဉ် မြန်မာနိုင်ငံသားတွေ အနည်းဆုံး ၁၅၀ လောက်က နော်ဝေးနိုင်ငံသားအဖြစ် ခံယူနေကြတယ်။

“အသားအရောင် မျိုးနွယ်ပေါင်းစုံ ယဉ်ကျေးမှု ပေါင်းစုံ၊ ဘာသာအယူဝါဒက စပြီး မိမိတို့ ကျွမ်းကျင် တတ်မြောက်မှုတွေကို တကမ္ဘာလုံးက သယ်ဆောင်လာကြတာ မြင်ရတယ်၊ ဒီအတွက်မိမိတို့ လေးစားတယ်၊ တန်ဖိုးလည်း ထားတယ်၊ အခုအချိန်က စပြီး ကျွန်ုပ်တို့ အတူတကွ နေထိုင်ကြရတော့မယ်၊ အနာဂတ်ဘဝတွေဟာ ဒီနိုင်ငံက လူ့အဖွဲ့အစည်းနဲ့ အံဝင်ခွင်ကျ ကိုက်ညီအောင် နေထိုင်ရတော့မှာဖြစ်တယ်၊ အားလုံး ဒီနိုင်ငံမှာ ကျင့်သုံးတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ပံ့ပိုး ကူညီကြရလိမ့်မယ်၊ တပါးသူတွေရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကိုလည်း မဖြစ်မနေ လေးစားသွားရမှာ ဖြစ်သလို နိုင်ငံသားတိုင်း အခွင့်အရေးတန်းတူ ခံစားရမှာဖြစ်တယ်” လို့ ဆိုပြီး အခမ်းအနား အကြီးအကဲက နော်ဝေဘုရင် နှုတ်ခွန်းဆက် စာဖတ်ပြတော့ ကိုသူရိန် တယောက် မိမိနိုင်ငံရဲ့အဖယ်ကျဉ်ခံဘဝကို တွေးနေမိတယ်။

“ကျနော်ထွက်လာပြီး နောက်ပိုင်း၊ မိသားစုရဲ့ ပုံစံ ၁၀ (သန်းခေါင်စာရင်း) ကနေ ကျနော့် နာမည် ဖျက်သိမ်းခံလိုက်ရတယ်၊ မှတ်ပုံတင်လည်း မရှိတော့ဘူး။ ကိုယ့်ဇာတိမြေကို မြတ်နိုးတွယ်တာသူ တယောက်အတွက်တော့ ဒီနိုင်ငံသား ခံယူလိုက်တာဟာ တသက်တကျွန်း ထောင်ကျသွားသလိုပါပဲ၊ ဒါပေမယ့် ကျနော်ဟာ အစိုးရရဲ့ ခါးခါးသီးသီး အဖယ်ကျဉ်ခံခဲ့ရတယ်။ အမိမြေကို ပြန်လည် ခြေချခွင့်လည်း မရဘူး၊ အခုနှစ် နွေရာသီတုန်းက စင်ကာပူသံရုံးက တဆင့် မြန်မာပြည်သွားလည်ဖို့ ဗီဇာလျှောက်တာ လည်း ခွင့်မပြုခဲ့ဘူး” လို့ သူက ဆိုပါတယ်။

မြန်မာအစိုးရကတော့ မကြာသေးခင်ကပဲ ပြည်ပနေထိုင်တဲ့ မြန်မာတွေ သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံသား ခံယူထားတာကို PR (Permanent Residence) စနစ်နဲ့ အမြဲတမ်း နေထိုင်နိုင်တဲ့စနစ်ကို ခွင့်ပြုပေးမှာဖြစ်ပေမယ့် နှစ်နိုင်ငံသား ခံယူခွင့်တော့ မပေးနိုင်ဘူးလို့ တရားဝင် ကြေညာထားပါတယ်။

၁၉၈၈ ခုနှစ်က ကျောင်းသားလူငယ်တွေ အစုလိုက်အပြုံလိုက် နယ်စပ်ထွက်ခွာရာက အစပြုပြီး စစ်အစိုးရ လက်အောက် နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး ခြွတ်ခြုံကျမှုတွေကြောင့် ၂၀၀၈ ခုနှစ်အထိ မြန်မာနိုင်ငံကနေ ပြည်ပ တိမ်းရှောင်ထွက်ခွာမှုတွေဟာ အဆက်ပြတ် မသွားခဲ့ပါဘူး။ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာခိုလှုံ အလုပ်လုပ်ကိုင်သူတွေ ဒီနေ့အထိ ထောင်နဲ့ချီ ရှိနေသေးသလို၊ တတိယနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်၊ ဂျာမနီ စတဲ့ ဥရောပနိုင်ငံတွေအထိ မြန်မာပြည်သားတွေ ပျံ့နှံ့ နေထိုင်လာခဲ့တယ်။ တချို့အဲဒီမှာပဲ နိုင်ငံသားတွေခံယူပြီး အခြေချ နေထိုင်နေကြပြီ။

ဒါဟာ မြန်မာနိုင်ငံ သမိုင်းတလျှောက်မှာ အစောပိုင်း ၂၆ နှစ် အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် ဦးနေဝင်းနဲ့ အနှစ် ၂၀ ကျော် အုပ်ချုပ်လာတဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အောက်က မတူညီတဲ့ ဖြတ်သန်းမှုဖြစ်တယ်။ ၂၁ ရာစုအတွင်း ဆယ်စုနှစ်၂ စုကျော်ဟာ တိုင်းပြည်ကြီး ဖရိုဖရဲနဲ့ မြန်မာပြည်သူတွေ အသိုက်ပျက်ခဲ့တဲ့ ပြယုဂ်ဖြစ်တယ်။ ကမ္ဘာအနှံ့ မြန်မာနိုင်ငံသား သန်းနဲ့ချီပြီး ပျံ့နှံ့ နေထိုင်တာမျိုး အရင် သမိုင်းအဆက်ဆက်က မရှိခဲ့သလို၊ တပါးနိုင်ငံသားအဖြစ် လိုလိုလားလား ခံယူမှုတွေလည်း မရှိခဲ့ပါဘူး။ အများစုက ချင်း၊ ကရင်နဲ့ ကချင် စတဲ့ နယ်စွန်နယ်ဖျား တိုင်းရင်းသားတွေ ဖြစ်တယ်။

“လူသားတန်ဖိုးကို လေးစားအသိအမှတ်ပြုတဲ့ နိုင်ငံသားဖြစ်ရလို့ ဂုဏ်ယူတယ်။ ကျနော်တို့မှာ ရွေးချယ်စရာလမ်းလည်း မရှိဘူး။ ချင်းတောင်မှာနေရင် ဘာသွားလုပ်စားလို့ ရမလဲ၊ ဒီမှာနေတော့ အလုပ်လုပ်ရင်း၊ ကိုယ့်မိသားစု ဆွေမျိုးတွေ ထောက်ပံ့လို့ရတယ်။ ဟားခါးမှာ အိမ်နဲ့ခြံတောင် ဝယ်ထားပြီးပြီ။ ဒီမှာလည်း အိမ်ဝယ်ထားပြီ” လို့ ချင်း တိုင်းရင်းသား ဆလိုင်းဘွန်ထန်းက ပြောပြတယ်။

သူဟာ လွန်ခဲ့တဲ့ ၈ နှစ်ကျော်က မလေးရှားက တဆင့် ပြန်လည်အခြေချရေး အစီအစဉ်နဲ့ နော်ဝေနိုင်ငံ ရောက်လာတာပါ။ သူတို့ မိသားစုဝင် ၅ ဦးလုံး နော်ဝေနိုင်ငံသား ဖြစ်သွားပြီ။ အနီရောင် နော်ဝေပတ်စ်ပို့ရဲ့ နိုင်ငံသား ဆိုတဲ့နေရာမှာ နော်ဝေနိုင်ငံသားလို့ ရေးထားပြီး မွေးဖွားရာ အရပ်ကိုတော့ မြန်မာပြည်လို့ ဖော်ပြထားတယ်။ ကိုသူရိန်ရဲ့ နိုင်ငံကူး လက်မှတ်လည်း အဲဒီလိုပဲ။

“နော်ဝေ နိုင်ငံသား ခံယူလိုက်လို့ ကျနော့်မှာ ဂုဏ်တွေ တက်နေတယ်လို့လည်း မခံစားမိပါဘူး၊ ကိုယ့် မွေးမိခင်ရင်းနဲ့ ခွဲခွာလိုက်သလို ပါပဲ၊ ကယ်တင်ရှင် မွေးစား အမေသာမပေါ်ရင် ကျနော်တို့ ဘဝတလျှောက်လုံး မိဘမဲ့လို စိတ် ဒဏ်ရာတွေရနေ ဦးမယ်၊ အခုလည်း ဒဏ်ရာတွေနဲ့ ပါပဲ”လို့ သူက ဆိုပါတယ်။

“ကျနော်လည်း အများသူငါလို၊ အုတ်တချပ် သဲတပွင့်တော့ လုပ်ခဲ့ပါတယ်၊ ဆက်ပြီးလည်း လုပ်နေဦးမှာပါ၊ ကိုယ်က လွတ်မြောက် တဲ့ နိုင်ငံကို ရောက်နေပေမယ့် စိတ်က မလွတ်မြောက်ပါဘူး၊ မလွတ်မြောက်တဲ့ မြန်မာပြည်သား တယောက်လို ခံစား နေ ရ တုံးပါ”လို့လည်း ကိုသူရိန်က ဆက်ပြီး ပြောဆိုသွားပါတယ်။

မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် အကောင်အထည်မဖော်နိုင် သရွေ့တော့ ကိုသူရိန် လို ပြည်ပနိုင်ငံသား ခံယူ ထားသူတွေလည်း စိတ် ပျော်ရွှင် လွတ်လပ်နေမယ်လို့ မထင်ပါဘူး။    ။

Loading