• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၁)

by ထက်အောင်ကျော်
29 November 2012
in ဆောင်းပါး
A A
absdf-51-a-human-r
absdf-51-b-human-r
absdf-51-c-human-r
absdf-51-d-human-r
absdf-51-e-human-r
absdf-51-h_human-r
5.5k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


လက်နက်ကိုင်တော်လှန်ရေးနဲ့ လူသားဆန်မှုကို လေးစားဖို့ မေ့လျော့ခဲ့ခြင်း

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.2k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
3.2k
မြိတ်မြို့

မြိတ်မြို့

11 May 2025
589

ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးအတွက် ဆယ်စုနှစ်တခုကျော် တိုက်ပွဲဝင်ခဲ့သူတဦးက အဲဒီတိုက်ပွဲ ကာလအတွင်း “ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေများ လုပ်ခဲ့မိလေသလား” ဆိုပြီး ပြန်စဉ်းစားနေမိတယ်ဆိုရင် စာဖတ်ပရိသတ် ယုံပါ့မလား။ ဒါပေမယ့် စာရေးသူကျနော် အဲဒီလို စဉ်းစားခန်း ဝင်နေမိတာ အမှန်ပဲဖြစ်ပါတယ်။ အသက် ၂၀ ဝန်းကျင် ငယ်ရွယ်စဉ်ကာလက ဖြတ်သန်းခဲ့ရတဲ့ ကျနော်တို့ဘဝတွေဟာ ကြမ်းတမ်းလွန်းလှပြီး “တော်လှန်ရေးသာ အမိ၊ တော်လှန်ရေးသာ အဖ” ဆိုတာကို ဦးစားပေးလွန်းရာကနေ လူသားဆန်မှုတွေ၊ လူ့သဘာဝတွေကို မေ့လျော့ပြီး လူသားတွေကို စက်ရုပ်တွေအဖြစ် မြင်ခဲ့မိလေသလားလို့တောင် ကျနော် တွေးနေမိပါတယ်။ စိတ်ဓာတ်တက်ကြွလွန်းမှု၊ စေတနာ လွန်ကဲမှုတွေကြောင့် ဖြစ်ခဲ့ရတဲ့ “စေတနာအမှားတွေ” တွေထဲက သာဓက ၃ ခုလောက်ကို ဒီနေရာမှာ တင်ပြချင်ပါတယ်။

ဆံပင်ရှည်ထားတိုင်းလည်း လမ်းသရဲမထင်နဲ့

ပထမဆုံး တင်ပြလိုတဲ့ဖြစ်စဉ်ကတော့ ဆံပင်ရှည်ထားတဲ့ ရဲဘော်တဦးကို ဆံပင်ညှပ်ဖို့ ပျက်ကွက်မှုနဲ့ တပ်ဖွဲ့ဝင် အဖြစ်ကနေ ထုတ်ပယ်လိုက်ခြင်း ဖြစ်ပါတယ်။ ကမ္ဘာကျော် ပျောက်ကျားခေါင်းဆောင် အာနက်စတို ချေ ဂွေဗားရား (Ernesto “Che” Guevara) ကို အားကျနေတဲ့ ကျနော်တို့ တော်လှန်ရေးသမား ပေါက်စတွေဟာ ရဲဘော် ချေလို ဆံပင်ရှည်ထားတာ၊ မုတ်ဆိတ်မွေး ထားကြတာတွေ တော်လှန်ရေး အစောပိုင်းကာလမှာ အတော်ခေတ်စားခဲ့ပေါ့။

အသက် ၂၀ ဝန်းကျင်သာရှိသေးတဲ့ ကျနော်တို့ထဲက ရဲဘော်တချို့မှာ နှုတ်ခမ်းမွေး ရေးရေးရှိပေမယ့် ကျနော်အပါဝင် တချို့ကတော့ နှုတ်ခမ်းမွေး မပေါက်သေးပါ။ ဒီတော့ နှုတ်ခမ်းမွေးတွေ၊ မုတ်ဆိတ်တွေရှိမှ သူပုန်ပုံပေါက်မယ်ဆိုပြီး မုတ်ဆိတ်ရိတ်ဓားတွေနဲ့ အားပေးခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း နှုတ်ခမ်းမွေး ထွက်လာတဲ့အခါမှာတော့ ရဲဘော် ချေလို ခန့်ငြားစွာ ထွက်လာတာ မဟုတ်ဘဲ အမွေးကျွတ်နေတဲ့ အလယ်မှ မပေါက်ဘဲ တံမြက်စည်းဟောင်းတခုလို ဘေးတဖက်တချက်စီမှာသာ ထွက်လာတာနဲ့ ကြုံခဲ့ရလို့ အချင်းချင်း ဝိုင်းဟားကြတာကို အမှတ်ရနေပါတယ်။

ဆံပင်ရှည်ထားတာကတော့ နှုတ်ခမ်းမွေး။ မုတ်ဆိတ်မွေးထားတာထက် ပိုလွယ်တဲ့သဘောရှိပါတယ်။ ဒါပေမယ့် သက်တမ်းနည်းနည်း ရင့်လာတာနဲ့အမျှ ကျောင်းသားကနေ စစ်သားအသွင်ကို တကယ် ဆောင်လာတဲ့အခါမှာတော့ အားလုံးတပြေးညီ “ပုံစံ” ဖြစ်ရမယ်ဆိုတဲ့ တပ်စည်းကမ်းတွေအရ ဆံပင်ပုံစံ တယောက်တမျိုး ထားခွင့်မပြုတော့ပါဘူး။ အားလုံး ပုံစံကေ “ရှေ့တလက်မ နောင်ပြောင်” မညှပ်ချင်ရင်တောင် ကြည့်ပျော်ရှုပျော် ဆံပင်ပုံစံ ထားကြရပါတယ်။

တော်လှန်ရေးသမားဆိုတာ စစ်သားလို စည်းကမ်းရှိတဲ့အပြင် နိုင်ငံရေးသမားလို အမျှော်အမြင်လည်း ရှိရမယ်ဆိုပြီး ကြွေးကြော်ထားတဲ့ ကျနော်တို့တပ်တွေကြား တပ်စည်းကမ်းနဲ့ပတ်သက်ပြီး အားပြိုင်မှု အကြီးဆုံးကာလကတော့ တပ်ရင်း ၃ ခြမ်း ကွဲပီးကာစ အချင်းချင်း အကြိတ်အနယ် ပြိုင်ဆိုင်နေချိန်ပဲ ဖြစ်ပါတယ်။

အဲဒီလိုအားပြိုင်မှု အကြီးဆုံးကာလမှာမှ ဆံပင်ရှည်ထားမိတဲ့ ကံဆိုးသူမောင်ရှင်ကတော့ တပ်ရင်းအရာခံဗိုလ် ကိုဌေးလှိုင် ဖြစ်ပါတယ်။ တပ်ရင်းအရာခံဗိုလ်ဟာ နေ့စဉ် မနက် ၇ နာရီထိုးတိုင်း ခွပ်ဒေါင်းအလံတိုင်ရှေ့ တန်းစီအလေးပြုချိန်မှာ ရှေ့ကနေ တပ်တခုလုံးကို အမိန့်ပေးရသူဖြစ်တဲ့အပြင် တပ်တခုလုံးရဲ့ စည်းကမ်း ထိမ်းသိမ်းရေးကို ကိုင်တွယ်ရသူလည်း ဖြစ်ပါတယ်။ ဆိုတော့ တပ်တခုလုံးကို အမိန့်ပေးနေသူက ဆံပင်ရှည်နေမှတော့ ကျန်တဲ့တပ်သားတွေကို သူဘယ်လို ထိမ်းတော့မလဲ။ နောက်တခါ အိမ်နီးချင်း ပြိုင်ဖက်တပ်ရင်းတွေကလည်း ကျနော်တို့တပ်ရင်း အရာခံဗိုလ် ဆံပင်ရှည်ထားတဲ့ကိစ္စကို တီးတိုး ဝေဖန်လာနေကြပါတယ်။ ဒီအတွက် ကိုဌေးလှိုင်ကို တပ်ရင်းရုံးမှာ သီးခြားခေါ်ယူပြီး ကျနော်ညှိနှိုင်းခဲ့ပါတယ်။

“ဥက္ကဋ္ဌကလည်းဗျာ။ ဆံပင်ရှည်ထားတာ ရာဇဝတ်မှုကျူးလွန်တာကျနေတာပဲ။ ကမ္ဘာကျော် ပျောက်ကျားခေါင်းဆောင် ရဲဘော်ချေဆို ဒီထက်တောင် ရှည်သေးတာပဲ။ ၁၀၂ ရင်းမှူး ကိုဘစောထွန်းလည်း ဆံပင်ရှည် ထားတာပဲ။ ကျနော့်ဆံပင်ကျမှ ပြဿနာ ဖြစ်နေရတယ်လို့” ဆိုပြီး ကိုဌေးလှိုင်က ကျနော်ရဲ့သတိပေးချက်ကို တုန့်ပြန်ပါတယ်။ သူထောက်ပြတာတွေ အားလုံးအမှန်တွေ ဖြစ်နေပေမယ့် ကျနော်က လက်မခံနိုင်။ တပ်ရင်းတွေအချင်းချင်း အားပြိုင်နေချိန်မှာ သူများထောက်ပြစရာ မရှိအောင် စံပြလုပ်ထားဖို့လိုတယ်ဆိုပြီး ကျနော်က နားချပေမယ့် ကိုဌေးလှိုင်ကတော့ ဒါကို လက်မခံခဲ့ပါ။ သူရဲ့တဦးချင်း လွတ်လပ်ပိုင်ခွင့်ကို ချုပ်ချယ်တဲ့သဘော ဖြစ်နေတယ်လို့ ပြောပါတယ်။

အဲဒီကာလက အခုခေတ်လို လူ့အခွင့်အရေးဆိုတဲ့ စကားလုံး သိပ်ခေတ်မစားသေးတဲ့အတွက် ကျနော်ကို လူ့အခွင့်အရေး ချိုးဖောက်သူဆိုပြီး သူကမပြောသေးတာ ဖြစ်ပုံရပါတယ်။ သူပြောမယ်ဆိုလည်း ပြောစရာပါပဲ။ သူ့မှာ အားနည်းချက်ဆိုလို့ အဲဒီ ဆံပင်ကိစ္စတခုသာရှိပြီး တခြားဘာမှမရှိ။ သူဟာ ဆေးလိပ်လည်း မသောက်၊ အရက်လည်း မသောက်တဲ့အပြင် ၁၉၈၈ ကနေ ၁၉၉၂ အထိ ကျနော်တို့နဲ့ အရင်းနှီးဆုံး ပေါင်းသင်းလာသူ။ အပြန်အလှန် နားလည်မှုရှိပြီးသား တပ်မှူးတဦးဖြစ်တဲ့အတွက် ကျနော်လည်း သူကို ဘယ်လိုမှ မထုတ်ချင်ပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဘယ်လိုမှ ညှိနှိုင်းလို့မရတဲ့အတွက် စခန်းကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ သူ့ကို ရင်းအရာခံဗိုလ် အဖြစ်ကရော၊ တပ်ဖွဲ့ဝင်အဖြစ်ကပါ ထုတ်ပစ်လိုက်ရပါတယ်။ ဒီလိုနဲ့ သူဟာ အထုတ်အပိုးဆွဲပြီး တပ်ရင်းကနေ သူမိဘတွေရှိရာ နတ်အိမ်တောင်စခန်းနဲ့ ဘားလိုင်ရွာဆီ ထွက်သွားတာကို ကျနော် မျက်စိထဲ အခုအထိ မြင်ယောင်နေဆဲ ဖြစ်ပါတယ်။

အသားဖြူဖြူ၊ အရပ် ထောင်ထောင်မောင်းမောင်းနဲ့ အဲဒီကာလက အသက် ၁၉-၂၀ ဝန်းကျင်အရွယ်သာ ရှိသေးတဲ့ ကိုဌေးလှိုင်ဟာ ကျနော်တို့ အားထားရဆုံး တပ်မှူးတွေထဲက တဦးဖြစ်ပါတယ်။ သူအဖေ ဦးဖိုးအိုဟာ NLD ပါတီဝင် တဦးဖြစ်ပြီး အဲဒီကာလအထိ နတ်အိမ်တောင်ရွာမှာ နေထိုင်ဆဲ။ ပြီးတော့ သူတို့အိမ်ဟာ ကျနော်တို့ ကျောင်းသားအားလုံးရဲ့ စားအိမ်သောက်အိမ် ဖြစ်နေပါတယ်။ ဒီလို ထုတ်လိုက်တဲ့အတွက် သူ့မိသားစုကို ကျနော် အတာ်မျက်နှာ နာရပေမယ့် ဦးဖိုးအိုကတော့ ကျနော်တို့အပေါ် နားလည်မှုအပြည့်ရှိပြီး ဘာမှမပြစ်မပြောပါ။ နောက်တခါ ကိုဌေးလှိုင် ကိုယ်တိုင်ကလည်း သူအထုတ်ခံရတဲ့အပေါ် မတရားဘူးလို့ အမြင်ရှိပေမယ့် ကျနော်တို့အပေါ် စိတ်ကွက်မှုထားပုံမရ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျနော် နတ်အိမ်တောင်ဘက်ရောက်စဉ် သူ့ကို ထုံပါဖုံမြို့က မြန်မာရပ်ကွက်မှာ တွေ့ခဲ့ရပြီး ရှေးဟောင်းနှောင်းဖြစ်တွေ အကြောင်း ပြောဖြစ်ခဲ့ပေမယ့် သူကတော့ ဒီကိစ္စကို ဘာမှ အမှတ်အတေး ထားပုံမရပါ။ ဒါပေမယ့် ကျနော့်စိတ်ထဲမှာတော့ တခါက ဥက္ကဋ္ဌဆိုသူရဲ့ အမှားအတွက် စိတ်ထဲကနေ တောင်းပန်နေမိပါတယ်။

အတွဲ ၃ တွဲကို တခါတည်း မင်္ဂလာဆောင်ပေးမိတဲ့ မဟာအမှား

လူတဦးချင်းရဲ့ လွတ်လပ်ခွင့်နဲ့ မိသားစုတန်ဖိုးအကြောင်း နကန်းတလုံးမှ နားမလည်ဘဲနဲ့ ဥက္ကဋ္ဌဖြစ်နေတဲ့ကျနော် နောက်ထပ်ကျူးလွန်မိတဲ့ အမှားတော်ပုံကတော့ စရိတ်ကျဉ်းအောင်ဆိုပြီး စုံတွဲ ၃ တွဲကို တကြိမ်တည်းနဲ့ မင်္ဂလာဆောင်ပေးမိတဲ့ မဟာအမှား ဖြစ်ပါတယ်။ ၁၉၉၂ ဝန်းကျင်ကဖြစ်ခဲ့တဲ့ အဲဒီမင်္ဂလာပွဲ ကာလအတွင်း အတွေ့အကြုံရှိတဲ့ ရဲဘော်တချို့ကနေ “ဥက္ကဋ္ဌ၊ အဲလို မလုပ်ရဘူးနော်။ ၃ တွဲဆောင်ရင် ကွဲတတ်တယ်” ဆိုပြီး အကြံပေးခဲ့ပေမယ့် ကျနော်က အဲဒါတွေကို အလေးထားရကောင်းမှန်း မသိခဲ့ပါ။

နောက်တခါ တိုက်ဆိုင်မှုဖြစ်ချင်တော့ စခန်းမှာလုပ်တဲ့ မင်္ဂလာပွဲတိုင်းလိုလိုမှာ သြဝါဒပေးနေကျ ဆရာဦးဟန်လင်း ကလည်း အဲဒီ ၃ တွဲ မင်္ဂလာဆောင်ကျတော့မှ “အိုအောင် မင်းအောင် ပေါင်းရပါစေ” လို့ ပြောရမယ့်နေရာမှာ ဘယ်ကနေဘယ်လို စကားတွေ မှားသွားမှန်းမသိ။ “ကောင်းရာ သုကတိ လားပါစေ” ဆိုပြီး ပြောမိလို့ ရဲဘော်တွေ ဝိုင်းဟားတော့မှ ဆရာဦးဟန်လင်း သြဝါဒစကား ပြန်ပြင်ပြောခဲ့ရတာကို ကျနော်အမှတ်ရနေပါတယ်။

အခု ဒီဆောင်းပါးရေးဖို့ အချက်အလက် ပြန်စုတဲ့အချိန်မှာတော့ ရဲဘော်တွေ သတိပေးခဲ့တဲ့အတိုင်းပါပဲ။ အဲဒီ ၃ တွဲစလုံး တကယ်ကွဲသွားတာကို တိုက်ဆိုင်စွာ တွေ့လိုက်ရပါတယ်။ ပထမတတွဲက ကံပေါက်ဘက်ကဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် ပြည်တွင်းကို ပြန်ဝင်ချိန်မှာ အမျိုးသားကို နအဖဘက်က ဖမ်းမိ၊ အမျိုးသမီးက ဘယ်ရောက်သွားမှန်း မသိတော့ပါ။ ဒုတိယတတွဲက ပုလောဘက်ကဖြစ်ပြီး ကျနော်တို့တပ်ရင်း မင်းသမီးစခန်းအကျ၊ ထိုင်းဖက်ပြန်အဆုတ် ကာလမှာ နယ်စပ်ရှိ ထိုင်းရွာတခုမှာ အခြေစိုက်၊ ဝါးခုတ်စားပြီး အသက်မွေးနေရင်းနဲ့ ကွဲသွားတယ်လို့ သိရပါတယ်။ နောက် ဆုံးတတွဲကတော့ ကျနော်တို့ ထားဝယ်ဘက်ကပါ။ ကျနော်တို့တပ်တွေ မင်းသမီးစခန်းကနေ ထိုင်းဘက်ပြန်အဆုတ်မှာ သူ့အမျိုးသားကို ထိုင်းရဲကဖမ်းမိပြီး ထောင်ချထားစဉ် အမျိုးသမီးက စိတ်ဓာတ်ကျပြီး သူ့သမီးလေးနဲ့အတူ မြန်မာနိုင်ငံဆီ ပြန်ဝင်သွားပါတယ်။

တောထဲမှာ နေစဉ်တုန်းကတော့ ဒီဖြစ်စဉ်တွေဟာ “တော်လှန်ရေးမှာ ဒီလိုပဲဖြစ်တတ်တာပဲလေ” လို့ ခံယူခဲ့ပေမယ့် အခု နော်ဝေနိုင်ငံကိုရောက်ပြီး လူ့အခွင့်ရေးအကြောင်း၊ လူသားဆန်မှုတွေအကြောင်း အတော်အတန် နားလည်လာတဲ့ အခါမှာတော့ “ငါတော့ မှားခဲ့ပြီနဲ့တူတယ်” ဆိုပြီး မကြာခဏ ကျနော်စဉ်းစားနေမိပါတယ်။ တောထဲမှာတုန်းက ကျနော်တို့ ထုတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအရ ဆိုရင် အတွဲတတွဲ မင်္ဂလာဆောင်ရင် ဆန်တအိတ်နဲ့ ဘတ်ငွေ ၅၀၀ ပေးပါတယ်။ အိမ်ဆောက်ဖို့အတွက် သွပ်ပြား ၁၀ ပြားရမယ်။ ဒါဟာ တပ်ရင်းအတွက် အလှူရှင်တွေဆီကနေ ပုံမှန်အလှူငွေ ရနေတဲ့အခြေအနေမှာပါ။ ဘတ်ဂျက်မရှိတဲ့ လတွေဆိုရင် ဘာမှမပေးနိုင်။ မင်္ဂလာဆောင်ပြီးစ ကာလတွေ၊ ကလေးမွေးပြီးစ ကာလတွေကိုလည်း မစဉ်းစားအား။ အရေးပေါ်လိုအပ်ရင် လိုအပ်သလို အဲဒီအမျိုးသားကို ခေါ်ပြီး ရှေ့တန်း ထွက်ခိုင်းတာမျိုးတွေလည်း ကျနော်တို့ လုပ်ခဲ့ဖူးပါတယ်။

အခုကျနော် နော်ဝေမှာ ၁၀ နှစ်လောက် နေပြီးတဲ့အခါကျမှ သိလာတာက ဒီနိုင်ငံမှာ လက်ထပ်ရင် လက်ထပ်ခွင့် ရသလို ကလေးမွေးရင်လည်း ကလေးမွေးခွင့်တွေ ပေးရပါတယ်။ ကလေးမွေးရင် မီးဖွားခွင့် ၈ လကို အမျိုးသမီးက လစာအပြည့်ရပြီး အမျိုးသားကလည်း လစာအပြည့်နဲ့ နောက်ထပ် ၂ လ ခွင့်ရပါတယ်။ အဲဒီကာလတွေအတွင်း ဒီလူတွေကို ဘာတာဝန်မှ သွားပေးလို့မရ။ သွားပေးရင် အဲဒါ လူ့အခွင့်အရေး ချိုးဖေါက်တာပါပဲ။ နောက်တခါ မွေးကင်းစ ကလေးငယ်ကိုလည်း မွေးတဲ့နေ့ကနေ ၁၈ နှစ် ပြည့်တဲ့အထိ အစိုးရက ထောက်ပံ့ကြေး ပေးထားတာ တွေ့ရတယ်။ ဒီလို အချက်လက်တွေကို ပိုသိလာလေ၊ တောတွင်းကာလတုန်းက ဖြစ်သလို လုပ်ခဲ့ရတဲ့ ဘဝအခြေနေအပေါ် ဝမ်းနည်းရလေ ဖြစ်နေမိပါတယ်။

ကျနော် ကန်တော့ခွင့် မရလိုက်တဲ့ ဆရာ တက္ကသိုလ်ဘုန်းနိုင်

တော်လှန်ရေးစိတ်ဓာတ် ပြင်းထန်ပြီး ရန်-ငါ စည်းပြတ်ရမယ်ဆိုတဲ့ အယူဆတွေဟာ တောတွင်းကာလ ABSDF ခေါင်းဆောင်ငယ်တဦးအဖြစ် တာဝန်ယူခဲ့စဉ်မှာအပြင် သတင်းထောက်တဦးအဖြစ် မြို့ပြမှာ တာဝန်ယူတဲ့အထိ ကျနော်နဲ့အတူ ကပ်ပါလာခဲ့ပါတယ်။ ဒီအယူဆကို လက်တွေ့စမ်းသပ်လိုက်တဲ့ ဖြစ်စဉ်ကတော့ ၈ လေးလုံးကာလက ကျနော်တို့ မော်လမြိုင်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဖြစ်ခဲ့သူ၊ တနည်းအားဖြင့် ၁၉၈၇ စက်တင်ဘာလ ငွေစက္ကူ အရေးခင်း၊ ၁၉၈၈ မတ်လနဲ့ ဇွန်လအရေးအခင်းတွေမှာ ပါဝင်မှုနဲ့ ကျနော်တို့ကို သူ့ရုံးခန်းထဲခေါ်ပြီး သတိပေးခဲ့သူ၊ ဆရာ ဦးခင်မောင်တင့်ခေါ် တက္ကသိုလ် ဘုန်းနိုင်နဲ့ ဘန်ကောက်မြို့က ဆယ်မီနာတခုမှာ တွေ့ဆုံစဉ်က ဖြစ်ပါတယ်။

၁၉၉၉ နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘန်ကောက်သံရုံး စီးနင်းမှုပြီးကာစ၊ ၂၀၀၀ ပြည့်နှစ် အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရတ်ချပူရီဆေးရုံစီးနင်းမှု ဖြစ်ပြီးကာစ ထိုင်းနဲ့မြန်မာတွေအကြား အထင်အမြင် လွဲမှုတွေ ဖြစ်နေစဉ်မှာ ဆရာ တက္ကသိုလ်ဘုန်းနိုင် ပါဝင်တဲ့ မြန်မာနိုင်ငံက ယဉ်ကျေးမှုအဖွဲ့တခု ဘန်ကောက်ကို ရောက်လာပါတယ်။ ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလထဲမှာ ရောက်လာတဲ့ ဒီယဉ်ကျေးမှုအဖွဲ့ကို ဒါရိုက်တာ ကြည်စိုးထွန်းက ဦးဆောင်ပြီး ဆရာ တက္ကသိုလ်ဘုန်းနိုင်၊ ဆရာ ချစ်ဦးညိုနဲ့ တခြားအဖွဲ့ဝင် ၁၀ ဦးခန့် ပါမယ်လို့ထင်ပါတယ်။ နှစ်နိုင်ငံ ယဉ်ကျေးမှုကိစ္စ ဆွေးနွေးဖို့ဆိုပေမယ့် အဓိကအားဖြင့်ကတော့ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္တုကို ဒါရိုက်တာ ကြည်စိုးထွန်း ရိုက်ကူးထားတဲ့ ”သူ့ကျွန် မခံပြီ” ရုပ်ရှင်ပြဖို့ ဖြစ်ပါတယ်။

ချူလာလောင်ကွန်း တက္ကသိုလ်မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ရုပ်ရှင်ပြပွဲနဲ့ ဆွေးနွေးပွဲအခမ်းအနားဆီ ကျနော်နဲ့အတူ သတင်းတက်ယူသူကတော့ ဘီဘီစီမှ ဒေါ်ကြည်ကြည်မေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေအပြင် ဘန်ကောက်မှာရှိတဲ့ မြန်မာပရိသတ်တချို့လည်း တက်ရောက်လာကြပြီး မြန်မာဘက်က ပြသတဲ့ ”သူ့ကျွန်မခံပြီ” ဇာတ်ကားနဲ့ ထိုင်းဘက်ကပြသတဲ့ ”ဆူရီယောထိုင်း” ဇတ်ကားတွေကို ကြည့်ရှုအားပေးကြပါတယ်။ နောက်တခါ တိုက်တိုက်ဆိုင်ဆိုင် ဆရာ တက္ကသိုလ်ဘုန်းနိုင်နဲ့ အဲဒီလိုတွေ့တဲ့အချိန်ဟာ ကဗျာဆရာကြီး တင်မိုး နိုင်ငံခြားကို ထွက်ပြေးကာစ အချိန်လည်း ဖြစ်ပါတယ်။

“အဓိက ကတော့ နယ်ချဲ့စနစ်ကို လက်မခံနိုင်တဲ့အကြောင်း၊ နယ်ချဲ့စနစ်ရဲ့ ဆိုးကျိုးတွေ အကြောင်းကို ဒီဇာတ်ကားထဲမှာ တွေ့ရမှာပါ” ဆိုပြီး တက္ကသိုလ်ဘုန်းနိုင်က သတင်းထောက်တွေရဲ့ မေးမြန်းချက်ကိုဖြေပါတယ်။

မြန်မာသတင်းထောက်တွေနဲ့ သီးခြားတွေ့တဲ့အခါမှာတော့ စာရေးဆရာဖြစ်လာပုံ၊ အထူးသဖြင့် ”သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်” ဝထ္ထု ဘယ်လိုရေးဖြစ်တဲ့အကြောင်း စသဖြင့် ဒေါ်ကြည်ကြည်မေက မေးပါတယ်။

ကျနော်အလှည့် ရောက်တဲ့အခါမှာတော့ အလိုက်ကန်းဆိုး မသိတတ်သေးတဲ့ သတင်းထောက်ပေါက်စပီပီ ဆင်ဆာကိစ္စကို သွားမေးမိပါတယ်။

“စာရေးဆရာဆိုတာ ပြင်ပချုပ်ချယ်မှုကို မကြောက်ရဘူး။ တာဝန်သိတဲ့ စာရေးဆရာတဦး အနေနဲ့ ကိုယ်ဖာသာ ထိန်းသိမ်းတတ်ရမယ်။ ကျနော်ကတော့ လွတ်လွတ်လပ်လပ် ရေးနေတာပဲ” လို့ ဆရာကြီးက ဖြေပါတယ်။ တကယ်ကတော့ ဒီအဖြေလောက်နဲ့ တင်းတိမ်သင့်တယ် ထင်ပါတယ်။ ဒါက အခုမှ စဉ်းစားမိတာပါ။ အဲဒီကာလကတော့ တက်ကြွတဲ့ကြက်ဖ ဖြစ်နေဆဲဆိုတော့ တချိန်က ကျောင်းတော်က ရန်စတွေ၊ အမြင်မတူမှုတွေက ပရော်ဖက်ရှင်နယ် သတင်းသမားစစ်စစ် မဖြစ်သေးတဲ့ သူပုန်လူထွက် သတင်းထောက်ရင်ထဲ ကိန်းအောင်နေဆဲနဲ့ တူပါတယ်။

“ဆရာက လွတ်လွတ်လပ်လပ် ရေးလို့ ရနေတယ်ဆိုပေမယ့် တချို့စာရေးဆရာ၊ ကဗျာဆရာတွေကတော့ စာရေးလို့ ထောင်ကျခံရ၊ တချို့က ပြည်ပကိုထွက်ပြေးရ ဖြစ်နေပါတယ်။ အဲဒါ ဆရာနဲ့သူတို့ ဘာကွာလို့လဲ” ဆိုပြီး မေးချလိုက်မိပါတယ်။

ဒေါ်ကြည်ကြည်မေက မျက်စိမျက်နှာပျက်ပြီး ဆက်မမေးဖို့ ကျနော်ကို လက်တို့ သတိပေးပါတယ်။ “အဲဒါက စာပေကိစ္စ တခုတည်းကြောင့် ဟုတ်ရဲ့လားဗျာ” လို့ ဆရာကြီးကပြောပြီး မျက်နှာလည်း အတော်ပျက်သွားပါတယ်။

ဒါကိုရိပ်မိတဲ့ ဒေါ်ကြည်ကြည်မေက ကြားဖြတ်ဝင်လာပြီး ဆရာ သက်တောင့်သက်သာဖြစ်မယ့် မေးခွန်းတွေနဲ့ စကားလမ်းကြောင်း လွှဲလိုက်ပါတယ်။

ပြီးတော့ ရုပ်ရှင်ပြပွဲစမယ်ဆိုလို့ ကျနော်တို့အားလုံး အခန်းထဲ ဝင်လိုက်ကြပါတယ်။ ရုပ်ရှင် မပြခင်မှာ ယဉ်ကျေးမှု ကပွဲလုပ်ပြီး ဆရာ ချစ်ဦးညိုကိုယ်တိုင် ဒသဿဂီရီအက ကနေတာကို တွေ့လိုက်ရပါတယ်။ ကပွဲနဲ့ ရုပ်ရှင်ပြပွဲ အပြီးမှာတော့ ဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ စာဖတ်ပရိသတ်တွေ၊ လေးစားသူတွေက ဆရာကြီးကို ထိုင်ကန်တော့ကြပါတယ်။ ဘီဘီစီက ဒေါ်ကြည်ကြည်မေလည်း ပရိတ်သတ်တွေနဲ့အတူ ထိုင်ကန်တော့ဖို့ ပြင်နေတော့ ကျနော်လည်း အားလုံးနဲ့အတူ ထိုင်ကန်တော့မယ်လို့ ပြင်လိုက်ပါတယ်။

“တချိန်က ငါတို့ရဲ့ ဒီမိုကရေစီ အခွင့်အရေး တောင်းဆိုဆန္ဒပြပွဲကို တားဆီးခဲ့သူတဦးကို ငါ ကန်တော့လိုက်မယ်ဆိုရင် တသက်လုံး လုပ်လာခဲ့တဲ့ တော်လှန်ရေးအပေါ် သစ္စာဖောက်ရာ ကျသွားလေမလား” ဆိုပြီး ကျနော့်စိတ်ထဲ စဉ်းစားချက် ဝင်လာပါတယ်။ စိတ်ထဲမှာလည်း ဘာကိုအလိုမကျမှန်း မသိဘဲ တင်းကျပ်သလိုလို၊ အသက်ရှု ကျပ်သလိုလိုနဲ့ ချွေးပြန်လာတဲ့အတွက် လူအုပ်ကြားထဲကနေ အခန်း အပြင်ဘက် အမြန်ထွက်လိုက်ရပါတယ်။ ကျန်တဲ့ ပရိတ်သတ်တွေကတော့ ဆရာကြီးကို လက်အုပ်ချီကန်တော့၊ ဆရာကြီးကလည်း ဆုမွန်ကောင်းတွေ ခြွေလို့ပေါ့။

ကျနော်ကတော့ “ရန်-ငါ စည်းပြတ်ရမယ်” ဆိုတဲ့ စဉ်းစားချက်ကြီး ဝင်လာပြီး နောက်ပြန် မလှည့်တော့ဘဲ ချူလာလောင်ကွန်း တက္ကသိုလ်ဝင်းထဲကနေ ထွက်လာခဲ့ပါတယ်။

အဲဒီနေ့ကစပြီး ဆရာကြီးကို လူချင်းတွေ့လျက်နဲ့ မကန်တော့ခဲ့ဖြစ်လိုက်တဲ့ ကျနော်ဟာ ဒီဖြစ်စဉ်အပေါ် နေ့စဉ်လိုလို စဉ်းစားနေမိပါတယ်။ တနှစ်လောက်ကြာတဲ့အခါ၊ အထူးသဖြင့် ဘန်ကောက်က ဆယ်မီနာတွေမှာ နဝတ အစိုးရထဲက ထောက်လှမ်းရေးမှူး ဗိုလ်မှူးချုပ် ကျော်သိန်းတို့လို ပုဂ္ဂိုလ်တွေနဲ့တွေ့ပြီး လက်ဆွဲနှုတ်ဆက်ရဲလာတဲ့အခါမှာ “တချိန်က လက်နက်ကိုင်ပြီး သူသေကိုယ်သေ တိုက်ခဲ့ဖူးတဲ့ ဒီလိုလူတွေကိုတောင် လက်ဆွဲနှုတ်ဆက်နိုင်ရင် အနန္တောအနန္တ ၅ ပါးထဲမှာပါတဲ့ ဆရာသမားတွေကို ဘာလို့နှုတ်မဆက်ရဲ၊ မကန်တော့ရဲရမှာလဲ” ဆိုပြီး စဉ်းစားမိလာပါတယ်။

တချိန်တည်းမှာပဲ သက်ပြီးဝါကြီး ဆရာကြီးအပေါ် မထေမဲ့မြင် ပြုခဲ့မိလေသလားဆိုပြီးလည်း စဉ်းစားနေမိပါတယ်။ တခါ တက္ကသိုလ်မှာတုန်းက ဆရာကြီးဘက်က ကျနော်တို့လုပ်ရပ်ကို တားမြစ်တယ်ဆိုတာကလည်း အစိုးရအကြိုက် လိုက်လုပ်တာမျိုး မဟုတ်ဘဲ လွန်လွန်ကျွံကျွံ မဖြစ်အောင် တာဝန်အရ ခေါ်ပြောရတာမျိုးရော မဖြစ်နိုင်ဘူးလားလို့ ပြန်စဉ်းစားနေမိပါတယ်။ ဒီလိုနဲ့ နောက်တခါ ဆရာကြီးနဲ့တွေ့ရင်တော့ အရင်ကဖြစ်စဉ်တွေကို ပြန်ပြောပြပြီး အသေအချာ တောင်းပန်ကာ ထိုင်ကန်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် နောက်ကျသွားခဲ့ပါပြီ။ ဆရာ့ကို ကျနော် နောက်တကြိမ် ဘယ်တော့မှ ပြန်တွေ့ခွင့် မရနိုင်တော့။ ဘာကြောင့်လဲဆိုရင် အသက် ၇၂ နှစ် အရွယ် ဦးခင်မောင်တင့် ခေါ် စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ဟာ ၂၀၀၂ ခုနှစ် မေလ ၁၀ ရက်နေ့က သံလျင်နေအိမ်မှာ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို မြန်မာ့အလင်းသတင်းစာ နာရေးမှာ ကျနော်တွေ့လိုက်ရလို့ပါ။ တခါက သူ့တပည့်ဖြစ်ခဲ့ဖူးတဲ့ သူပုန်လူထွက် သတင်းထောက် ကျနော့်အဖြစ်ကို တမလွန်ဘဝက ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် နားလည်နိုင်ပါစေလို့ ဆုတောင်းရုံမှတပါး ကျနော် ဘာများ တတ်နိုင်ဦးမည်နည်း။

Your Thoughts …
Tags: ABSDF
ထက်အောင်ကျော်

ထက်အောင်ကျော်

ဧရာဝတီ

Similar Picks:

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.8k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

by ဟိန်းထူးဈာန်
6 November 2024
13.8k

အင်းတော် အဓမ္မပြုကျင့်မှုများနှင့် ပတ်သက်ပြီး SNA ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းကို မှတ်ချက်တောင်းရန် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းမကိုင်ပေ။

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

by ဧရာဝတီ
10 November 2023
10.2k

နောက်ထပ်မြို့များကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

by စွယ်တော်
17 March 2025
8.7k

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကြသည့် ထို နှစ်မြို့တွင် တိုက်ပွဲကာလအတွင်း စစ်ရှိန်လျှော့ချခြင်း၊ စစ်ဗျူဟာပြောင်းခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

by ဧရာဝတီ
14 November 2023
7.3k

ထီးချိုင့်မြို့သည် ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိပြီး မြို့တွင်း၌ တောင်ကုန်းများ ပေါများသလို နှစ်ဖက် စလုံးအတွက် ဗျူဟာကျသည့် မြို့ဖြစ်သဖြင့် လွယ်လွယ်နှင့် မသိမ်းနိုင်သေးခြင်းဖြစ်ကာ မြို့ကို မရမချင်း ကြိုးစားသွား မည်ဟုလည်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

တော်လှန်ရေးအဖွဲ့များ သတိပြုရမည့် ပအိုဝ်း PNO နှင့် ရှမ်းနီ SNA

တော်လှန်ရေးအဖွဲ့များ သတိပြုရမည့် ပအိုဝ်း PNO နှင့် ရှမ်းနီ SNA

by ကိုဦး
15 February 2025
6k

ရှမ်းနီ SNA ကိုလည်း စစ်တပ်က PNO ပြည်သူ့စစ်ကဲ့သို့ ၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်အဖြစ် သဘောထားသည်။

Next Post

“လက်ပံတောင်းက အားလုံး ငိုရတဲ့ ဗုံး”

အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ ရဲ ၃ ဦးကို အရေးယူ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate