လူ ၆၀ လောက်သာ တင်ဆောင်နိုင်တဲ့ စက်လှေတစီးပေါ်မှာ လူ ၁၁၀ ကျော်တင်ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက္ကနာမြို့ကနေ မလေးရှားနိုင်ငံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ထွက်ခွာသွားတဲ့ လှေတစီးဟာ အဲ့ဒီနေ့မှာပဲ ကမ်းခြေနဲ့ ၂၅ ကီလိုမီတာကျော် ကွာဝေးတဲ့ ပင်လယ်ပြင်မှာ နှစ်မြုပ်သွားတဲ့ အတွက် ၅၁ ဦးကိုသာ ကယ်တင်နိုင်ခဲ့ပြီး ကျန်တဲ့ ၆၀ ကျော်ကတော့ ဘင်္ဂလားပင်လယ်အော်ထဲမှာပဲ ပျောက်ဆုံးသွားပါတယ်။
ပြီးခဲ့တဲ့လ အောက်တိုဘာ ၂၇ ရက်နေ့ကလည်း လူ ၁၃၀ လောက် တင်ဆောင်ထားတဲ့ လှေတစီးမြုပ်ရာမှာ ၆ ဦးကိုသာ ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီလို သတင်းဆိုးတွေဟာ ၂၀၀၈ ခုနှစ် ဝန်းကျင်လောက်တုန်းကတည်းကစပြီး နိုင်ငံတကာက အာရုံစိုက်တာ ခံရဖူးပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ အရှေ့ဘက်နိုင်ငံတွေကို ပင်လယ်သမုဒ္ဒရာဖြတ်ပြီး တရားမဝင် လမ်းကြောင်းကနေ စွန့်စားကြတဲ့အထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီတွေ ပါဝင်သလို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံက ဘင်္ဂါလီတွေ နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ခိုလှုံလာတာက ၁၉၉၁-၉၂ ခုနှစ်မှာတော့ လူဦးရေ ၃ သိန်းလောက်အထိ ထွက်ပြေးခဲ့ကြတယ်။ အဲဒီ ဒုက္ခသည်တွေထဲက စွန့်စားလိုသူ လူနည်းစုလောက်သာ တရားဝင်လမ်းကြောင်းကနေ နိုင်ငံတကာကို ထွက်ခွာ အလုပ်လုပ်ခွင့်ရပါတယ်။ အများစုကလည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ မနေလိုဘဲ နိုင်ငံတကာကို ဆက်လက်ထွက်ခွာဖို့ ကြိုးစားကြပါတယ်။
“ရခိုင်ပြည်နယ်ထဲက ကျနော်တို့က ခရီးသွားလာခွင့် မရှိဘူး။ လွတ်လွတ်လပ်လပ် လုပ်စားလို့ မရဘူး။ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုမျိုးစုံကို ခံကြရတယ်။ အဲ့ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ှ်နိုင်ငံကို ထွက်ပြေးခဲ့ရတယ်။ ဒီကို ရောက်ပြန်တော့လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ လူဦးရေများလွန်းပြီး အလုပ်အကိုင် ရှားပါးတဲ့အတွက် တခြားနိုင်ငံတွေကို ထွက်ပြီး အလုပ်ရှာကြရတယ်” လို့ အဒူအာမက်က ရှင်းပြပါတယ်။
အဒူအာမက်ဟာ ၁၉၈၈ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ကူတူပါလန် ဒုက္ခသည်စခန်းထဲမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည် ၃ သိန်းလောက်ထဲက လူဦးရေ ၂ သိန်းခွဲခန့်ကို UNHCR ကတဆင့် မြန်မာနိုင်ငံက ပြန်လည် လက်ခံခဲ့ပါတယ်။ အခု လောလောဆယ် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက UNHCR အောက်မှာ တရားဝင်နေထိုင်ကြသူ ၃ သောင်းလောက်ရှိပြီး တရားမဝင် နေထိုင်ကြသူက ၃ သိန်းကျော်လောက် ရှိနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပါတယ်။
အဲဒီလို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ဒုက္ခသည်အဖြစ် ထွက်ပြေးလာပြီး နိုင်ငံခြားကို ထွက်ခွာ အလုပ်လုပ်ကြသူတွေကတော့ မြန်မာနိုင်ငံထဲမှာ တရားဝင် မှတ်ပုံတင်လည်း မရနိုင်၊ ရခိုင်ပြည်နယ်အတွင်း ကူးသန်းသွားလာရာမှာလည်း ထောက်ခံစာနဲ့ သွားလာနေရပြီ ရခိုင်ပြည်နယ်က ကျော်ကာ မြန်မာပြည်မဘက်သွားဖို့ စိတ်ကူးပဲ ယဉ်နိုင်တဲ့အဆင့်လောက်သာ ရှိသူတွေ ဖြစ်ကြပါတယ်။
လက်ချိုးရေတွက်နိုင်တဲ့ ငွေကြေး တတ်နိုင်သူလောက်သာ အာဏာပိုင်တွေကို လာဘ်ထိုးပြီး နည်းမျိုးစုံနဲ့ မြန်မာပြည်မဘက်ကို ရောက်နိုင်ကြတာပါ။
ငွေကြေး မတတ်နိုင်သူတွေဟာ ၂၀၀၈ ခုနှစ် အစောပိုင်းလောက်ကဆိုရင် ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နည်းမျိုးစုံနဲ့ ဝင်ရောက်ပြီး အဲဒီကနေတဆင့် အိန္ဒိယ၊ နောက်တော့ ပါကစ္စတန်၊ ပါကစ္စတန်ကနေ အိုမန်၊ ယီမင်နဲ့ ဆော်ဒီအာရေဗျ စတဲ့ အစ္စလာမ်နိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကြသူတွေ များပြားကြောင်း ကိုယ့်တွေ့ကြုံခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ယူနွတ်က ပြောပါတယ်။
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ကိုလ်ကတ္တားမြို့ရှိ ဒုံးဒုံးအကျဉ်းထောင်ထဲမှာ ယူနွတ်နဲ့ ကျနော် တွေ့ဆုံစဉ် ပြောပြတာ ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်တုန်းက ကျနော်ဟာ သတင်းလုပ်ငန်းကိစ္စတခုနဲ့ ကိုလ်ကတ္တားကိုသွားရင်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ထောင်ကျခဲ့ပြီး ယူနွတ်ကလည်း အိုမန်နိုင်ငံကို တရာမဝင်း လမ်းကြောင်းကနေ ဒုတိယအကြိမ် ပြန်သွားဖို့ ကြိုးစားရာက အဖမ်းခံရလို့ ထောင်ကျနေချိန်ပါ။
“အရင်တုန်းက ဒီလမ်းတွေမှာ နယ်စပ်တခုကို ဖြတ်မယ်ဆိုရင် ပွဲစားက ငွေ ၂၀၀ (ဘင်္ဂလားဒေ့ရှ်မှ အိန္ဒိသို့ သွားလျှင် တာကာ ၂၀၀၊ အိန္ဒိယကမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ကူးလျှင် ရူပီး ၂၀၀) လောက်ပေးလိုက်ရင် လမ်းပြတွေက လိုက်ပို့တယ်။ အဖမ်းအဆီးလည်း မရှိဘူး။ ဒါပေမယ့် အိန္ဒိယနဲ့ ပါကစ္စတန် နယ်စပ်မှာတော့ နည်းနည်း ပြဿနာရှိတယ်။ အဲဒီမှာ မြန်မာဘက်ကလာတဲ့ ရိုဟင်ဂျာပါလို့ ပြောလိုက်ရင် မဖမ်းဘဲ ပြန်လွတ်ပေးတယ်။ ဘင်္ဂလားဒေ့ရှ်က လာတယ်ဆိုရင်တော့ ဖမ်းပြီး ထောင်ချတယ်” လို့ ယူနွတ်က ရှင်းပြပါတယ်။
ကျနော်ကိုယ်တိုင် ၂၀၀၄ ခုနှစ်က ဘင်္ဂလားဒေ့ရှ်ကနေ အန္ဒိယနိုင်ငံ ဒေလီကို တရားမဝင် လမ်းကြောင်းက သွားခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း နယ်စပ်မြို့ ဘန်နာပူလ်ကနေ အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်ထဲက နယ်စပ်မြို့ ဘွန်ဂါကို ဖြတ်ဖို့ ပွဲစားခ တာကာ ၃၀၀ ပေးရင် အချိန်မရွေး ဖြတ်သွားနိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မိုင်ပေါင်း ၄၀၀၀ ကီလိုမီတာလောက် နယ်နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံဟာ သေးငယ်တဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံက လူဦးတိုးပွားနှုန်းမြင့်မားလွန်းပြီး နိုင်ငံရပ်ခြားကို တရားမဝင် လာရောက်လုပ်ကိုင်လာမှုတွေ များပြားလာနေတာကို ဟန်တားတဲ့အနေနဲ့ နှစ်နိုင်ငံနယ်စပ်ကို ခြံစည်းရိုးခတ်ပြီး လုံခြုံရေးကို တင်းကြပ်လာခဲ့ပါတယ်။ အခုဆို နယ်စပ်ခြံစည်းရိုးနားကပ်ရင် ပစ်မိန့်ပေးထားရတဲ့ အဆင်အထိ ရောက်နေပါပြီ။ အိန္ဒိယနယ်ခြားစောင့်တပ် (Border Security Force – BSF) တွေပစ်လို့ သေဆုံးသွားတဲ့ ဘင်္ဂါလီတွေရဲ့ သတင်းဟာလည်း မကြာခဏဆိုသလို ဘင်္ဂလားဒေ့ရှ် သတင်းစာတွေထဲမှာ ဖတ်နေရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၁၄၇၅၇၀ စတုရန်း ကီလိုမီတာ အကျယ်အဝန်းနဲ့ လူဦးရေးအားဖြင့် သိန်း ၁၈၀ ကျော်ရှိနေပြီး နိုင်ငံရဲ့ အရှေ့တောင်ဘက်မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကီလိုမီတာ ၃၀၀ လောက် ထိစပ်နေပြီး ကျန်တဲ့ အရပ် ၄ မျက်နှာနီးပါးစလုံးကို အိန္ဒိယနိုင်ငံက ငုံထားပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုတော့ ၂၀၀၈ ခုနှစ်ကစပြီး နယ်စပ်ခြံစည်းကို မြန်မာဘက်က ကာရံနေတာ အခုထိတော့ မပြီးသေးပါဘူး။ မြန်မာနယ်စပ်ကို နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) က တာဝန်ယူထားပါတယ်။
နစက တပ်ဖွဲ့ထဲမှာ အဖွဲ့ (၁) တပ်မတော်၊ အဖွဲ့ (၂) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အဖွဲ့ (၃) လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန၊ အဖွဲ့ (၄) အကောက်ခွန် ဌာနတွေက ဝန်ထမ်းတွေ ပါဝင်ဖွဲ့စည်းထားပေမယ့် နယ်စပ်လူဝင်လူထွက်ကို တင်းတင်းကြပ်ကြပ်နဲ့ ထိထိရောက်ရောက် စစ်ဆေးတာမျိုး သိပ်မရှိခဲ့ရတဲ့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဟိုဘက်ဒီဘက် အပြန်အလှန် ဝင်ထွက်မှုတွေကို မထိန်းချုပ်ခဲ့ပါဘူး။
ရခိုင်ပြည်နယ်ထဲကို ဝင်ချင်တိုင်း ဝင်လို့ရနေကြပေမယ့် နှစ် ၄၀ ကျော် စစ်အာဏာရှင်အောက်မှ ရှိနေတဲ့ မြန်မာဘက်က ဘင်္ဂါလီတွေ၊ ရိုဟင်ဂျာတွေ နေရပ်စွန့်နေကြရတာရယ်၊ အလုပ်အကိုင် ရှားပါးမှုတွေရယ်ကြောင့် သစ်၊ ဝါး ခိုးခုတ်တဲ့သူရယ်၊ စိတ်ကြွဆေးပြား အရောင်းအဝယ်လုပ်လိုသူတွေရယ်လောက်ကလွဲလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဘင်္ဂါလီတွေဟာ မြန်မာနိုင်ဘက်ခြမ်းကို ဝင်ရောက်အလုပ်လုပ်ဖို့ စိတ်မဝင်စားကြပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် UNHCR အနေနဲ့ ၂၀၀၂ ခုနှစ် နောက်ပိုင်းကစလို့ ရခိုင်ဘက်က ထွက်ပြေးလာတဲ့ ဘင်္ဂါလီတွေ၊ ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်မပြုတော့တာတွေ အသိအမှတ်ပြုပေးတဲ့ ဒုက္ခသည်တွေကို ကျတော့လည်း စားနပ်ရိက္ခာ အပြည့်အဝ မပေးတာတွေ စလုပ်လာခဲ့ပါတယ်။
“ဒုက္ခသည်တွေကို ဆက်လက် လက်ခံနေမယ်ဆိုရင် (သို့မဟုတ်) ဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေကို ဖူလုံလောက်ငအောင် ထောက်ပံ့ပေးထားမယ်ဆိုရင် ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ဒုက္ခသည်တွေ ဒီဘက်ကို အကုန်လုံး ထွက်ပြေးလာကြမှာကို စိုးရိမ်လို့ ဖြတ်တောက်လိုက်တာဖြစ်တယ်” လို့ အာဒူအာမက်က ခန့်မှန်းပြောဆိုပါတယ်။
၂၀၀၂ ခုနှစ် မတိုင်ခင် နှစ်တွေက လှေစီးပြေး ဒုက္ခသည်တွေ ရှိခဲ့ပေမယ့် လူသွားနည်တာကြောင့် လူသိနည်းခဲ့ပါတယ်။ လှေစီးပြေးတဲ့ ဒုက္ခသည်တွေကလည်း ထိုင်းနဲ့ မလေးရှာနိုင်ငံတွေမှာ တရားမဝင် အလုပ်လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ သွားနေကြတာ ဖြစ်ပါတယ်။
“ကျနော်တို့ ရခိုင်ပြည်ထဲက ဘင်္ဂါလီ၊ ရိုဟင်ဂျာတွေက ၁၉၈၈ ခုနှစ် နောက်ပိုင်းလောက်ကတည်းက ထိုင်းတို့ မလေးရှားတို့ ဘက်ကို အလုပ်လုပ်ဖို့ လှေနဲ့သွားကြတယ်။ အဲဒီအချိန်ကတော့ လူနည်းတော့ နိုင်ငံတကာကလည်း မသိကြသေးဘူး” လို့ အာဒူအာမက်က ပြောပါတယ်။
ထိုင်းအစိုးရက ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ထိုင်းနိုင်ငံကို တရားမဝင် ရောက်ရှိလာတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ တနှစ်ထက်တနှစ် ပိုမိုများပြားလာပြီး ၂ဝဝ၅-၂ဝဝ၆ ခုနှစ်မှာ ၁၂၂၅ ဦးရှိပြီး ၂ဝဝ၇-၂ဝဝ၈ ခုနှစ်မှာ ၄၈၈၆ ဦးရှိတယ်လို့ သိရပါတယ်။
ဒီ့အပြင် ပင်လယ်ရေကြောင်း ဆက်စပ်နေတာကြောင့် စက်ပျက်ပြီး လှေမျှောသွားသူတွေဟာ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေဘက်ကို ရောက်သွားပြီး သက်ဆိုင်ရာ အစိုးရတွေက ဖမ်းဆီးမှုတွေ တော်တော်များများ ရှိခဲ့ပါသေးတယ်။
လှေစီပြေး ဒုက္ခသည်တွေလို့ နာမည်ကျော်ခဲ့တဲ့ ဘင်္ဂါလီဒုက္ခသည်တွေကို သူတို့ရောက်သွားတဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေက ပထမပိုင်းတော့ ဒုက္ခသည်အဖြစ် အသိအမှတ်မပြုဘဲ နောက်ပိုင်းမှာတော့ မလေးရှားနိုင်ငံက UNHCR က တဆင့် ရိုဟင်ဂျာဒုက္ခသည်အဖြစ် လက်ခံလိုက်တဲ့အခါ အနောက်ဘက်က တရားမဝင် ထွက်ပေါက်တွေ ကြပ်သွားပါတယ်။
မလေးရှားနိုင်ငံကို တရားမဝင် လှေနဲ့ ကူးလိုသူတွေအနေနဲ့ လူတယောက်ကို တာကာငွေ ၃ သုံးသောင်း (ကျပ်ငွေ ၃ သိန်း) ပေးကြရပြီး ပွဲစားတွေကတော့ မြန်မာနိုင်ငံဘက်က မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တာ့ခ်နာ၊ မော်ရှခါလီ၊ ကူတူဒီယာ၊ ကောက်စ်ဘဇားတို့မှ ဖြစ်ကြာင်း တာ့ခ်နာမြို့က အမည်မဖော်လိုတဲ့ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတဦးက ပြောပါတယ်။
“ပွဲစားတွေကတဆင့် မလေးရှားကို သွားတယ်ဆိုတာ သိတယ်။ ဒါပေမယ့် သူတို့ကို လက်ပူးလက်ကြပ်မိဖို့ ခဲယဉ်းတယ်။ သူတို့က အတည်တကျ လုပ်တဲ့လူမျိုးတွေ မဟုတ်ဘူး။ ဟိုနေရာမှာတခေါက် ဒီနေရာတခေါက် အဲဒီလို လူစုပြီး မလေးရှားကို ပို့တာ။ ဒီက ပွဲစားတွေတာဝန်က ဘင်္ဂလားဒေ့ရှ်ကနေ ထိုင်းနိုင်ငံအထိပဲ။ ထိုင်းကိုရောက်ရင် ကုန်လမ်းကနေ မလေးရှားဘက်ကို ဆက်သွားကြတယ်” အဆိုပါ ထောက်လှမ်းရေးက ရှင်းပြပါတယ်။
အရင်နှစ်တွေက မြန်မာနိုင်ငံဘက်က ဘင်္ဂါလီတွေ၊ ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်း စစ်တကောင်းတိုင်းထဲက ဘင်္ဂါလီတွေသာ တရားမဝင် လမ်းကြောင်းဖြစ်တဲ့ ပင်လယ်ကနေ မလေးရှားကို သွားတာများကြပေမယ့် အခုဆို ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာနဲ့ ကိုမီလာ၊ ဆန်ပို စတဲ့ မြို့တွေက ဘင်္ဂါလီတွေပါ သွားနေတာကိ ုတွေ့ရတယ်လို့ ထောက်လှမ်းရေးက ဆက်ပြောပြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံကူးလက်မှတ်ရရှိဖို့အတွက် နိုင်ငံသားစီးစစ်ရေးကဒ်ပြားလိုသလို နိုင်ငံသား စီးစစ်ရေးကဒ်ပြားရှိလို့ နိုင်ငံကူလက်မှတ်ရပြီး မလေးရှာနိုင်ငံကိုသွားဖို့အတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံသုံး တာကာငွေ ၃၀၀၀၀၀ (ကျပ်ငွေ သိန်း ၃၀ ဆယ်) ကျော်လိုအပ်ပါတဲ့ အတွက် မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဘင်္ဂါလီတွေနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ဆင်းရဲသား ဘင်္ဂါလီတွေဟာ တရားဝင်လမ်းကြောင်းကနေ မထွက်ခွါနိုင်ကြပါဘူး။
“လှေစီးပြေး ဒုက္ခသည်လို့ လူသိများတဲ့ ဘင်္ဂါလီတွေဟာ ဆောင်းနဲ့ နွေရာသီတွေမှာ ပင်လယ်ပြင်ကိုဖြတ်ပြီး မလေးရှားကိုသွားလေ့ရှိပြီး ရာသီဥတု ဆိုးရွားတဲ့ မိုးရာသီမျိုးမှ ခရီးထွက်လေ့မရှိဘူး”လို့ ကူတူပါလန် ဒုက္ခသည် စခန်းက အာဒူအာမက်ကပြောပါတယ်။