ဒီနေ့မနက် ၁၀ နာရီဝန်းကျင်ခန့် ကျောက်တံတား တရားရုံးရှေ့မှာ သတင်းသမားတချို့၊ နိုင်ငံရေး လှုပ်ရှားတဲ့ သူတွေကို အကူအညီပေးနေတဲ့ သူတချို့၊ လာအားပေးသူ တချို့နဲ့ စည်ကားနေတာ တွေ့ရတယ်။ လူအုပ်က အနည်းဆုံး ၅၀ မက ရှိပါတယ်။
၂၆ ရက်နေ့က လက်ပံတောင်းတောင် အရေးနဲ့ပက်သက်ပြီး ရန်ကုန်မှာ ဆန္ဒပြခဲ့တဲ့ သူတွေထဲက လူ ၆ ဦးကိုပုဒ်မ ၅၀၅ (ခ)၊ စည်တန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ တို့နဲ့ တရားစွဲခဲ့တဲ့ အမှုကို ရုံးထုတ်တဲ့အတွက် အခုလို လာရောက် အားပေးနေကြတာလို့ သိရတယ်။
အဖမ်းခံလိုက်ရတဲ့ သူတွေဖြစ်တဲ့ ဒေါ်နော်အုံးလှ၊ ကိုဝေဠု၊ ဒေါ်ရှမ်းမ၊ ဦးမျိုးချစ်တို့ ၄ ဦးကတော့ ကျောက်တံတား တရားရုံးကော ပန်းဘဲတန်း တရားရုံးမှာပါ ဒီပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရတာပါ။ ကိုညီညီနဲ့ ကိုရဲလင်းဦးတို့ ကတော့ ကျောက်တံတား တရားရုံးမှာပဲ ဒီပုဒ်မတွေနဲ့ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
လက်ပံတောင်းတောင် အရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြတဲ့ သူတွေကို ဆက်တိုက် ဖမ်းဆီးနေတာကြောင့် လူတော်တော်များများ စိတ်ပါဝင်စားပြီး လာရောက် အားပေးကြတဲ့သူတွေလည်း မနည်းပါဘူး။
သူတို့ ၆ ဦးကို အချုပ်ကား ပေါ်ကနေ သုတ်သုတ်ဆင်းခိုင်းပြီး တရားရုံးထဲက အချုပ်ထဲကို ပို့လိုက်တယ်။ အဲဒီ အချုပ်နားကို ဘယ်သူမှ ကပ်ခွင့်မရသလို တရားခွင်ထဲမှာလည်း နေရာကျဉ်းတာကို အကြောင်းပြပြီး လိုက်ပါကူညီနေတဲ့ ရှေ့နေ ကွန်ယက်က ရှေ့နေတွေကလွဲလို့ ဘယ်သူမှ တက်ရောက်နားထောင်ခွင့် မရခဲ့ပါဘူး။
မနက် ၁၁ နာရီ ကျော်လောက်မှာတော့ ဒီ ၆ ဦးကို ကျောက်တံတား တရားရုံးက ရုံးထုတ်တဲ့ကိစ္စပြီးလို့ ပန်းဘဲတန်း တရားရုံးကို ဆက်လက် ခေါ်ဆောင်သွားပါတယ်။
“ကျောက်တံတား တရားရုံးမှာ အားလုံးနဲ့ ပက်သက်တဲ့ အာမခံလျှောက်တယ်။ ရဲက ပထမ ဖမ်းဆီးတာက ပုဒ်မ ၁၈ နဲ့ ဖမ်းတယ်။ တကယ်တရားစွဲတော့ ၅၀၅ (ခ) နဲ့ စွဲချက်တင်တယ်။ အဲဒီကိစ္စအပေါ်မှာ ကျနော်တို့ ရှေ့နေတွေက လျှောက်လွှဲချက် ပေးတာပေါ့။ အာမခံကိုတော့ ပယ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားခံပြေး အမှုရှိနေတဲ့အတွက် ပယ်တာ။ နောက် ဒီပုဒ်မကလည်း အာမခံ လက်တလော ပေးလို့မရတဲ့ ပုဒ်မဖြစ်နေတယ်။ ရုံးချိန်ကိုတော့ ဒီလ ၁၁ ရက်နေ့က ိုပြန်ချိန်းတယ်” လို့ ရှေ့နေကွန်ယက်က ဦးအောင်သိန်းက ပြောပြတယ်။
ကျောက်တံတား တရားရုံးကနေ ပန်းဘဲတန်း တရားရုံးကို အားပေးကြတဲ့သူ တော်တော်များများက လမ်းလျှောက် သွားမယ်လို့ ဆုံးဖြတ်ကြပြီး လမ်းလျှောက်သွားတယ်။ အားပေးတဲ့သူတွေ ပန်းဘဲတန်း တရားရုံးကို ရောက်တော့ အချုပ်ကားထဲကနေ အဲဒီရုံးမှာ တရားစွဲ မခံရတဲ့ ကိုညီညီနဲ့ ကိုရဲလင်းဦးတို့ နှစ်ဦးကတော့ အချုပ်ကားထဲမှာ ကျန်ခဲ့တယ်။ တခြားသူတွေကတော့ တရားရုံးရဲ့ အချုပ်ထဲမှာ ရောက်နေပြီ။
မိနစ် ၂၀ ကျော်လောက် ကြာလာတော့ ရဲက ခေါ်တယ်။ ပါဝါတင်မယ့် ရှေ့နေတွေ ဝင်ကြပါဆိုတော့ ရှေ့နေတွေ အထဲကို ဝင်သွားပါတယ်။ လာအားပေးတဲ့ သူတွေရော၊ အဖမ်းခံရတဲ့သူတွေရဲ့မိသားစုဝင်တွေ အားလုံးကပါ တရားရုံး အပြင်ဘက် လမ်းမပေါ်မှာ ကြုံသလို စောင့်နေကြတယ်။ တချို့ကလည်း အချုပ်ကားထဲမှာရှိနေတဲ့ ကိုညီညီနဲ့ ကိုရဲလင်းဦးတို့ကို စကားတွေပြောနေကြတယ်။
ကိုရဲလင်းဦးကတော့ ဒီလို ဖမ်းဆီးလိုက်တဲ့အပေါ် ဘာစောဒကမှ တက်စရာမရှိဘူးလို့ အချုပ်ကားထဲကနေ ပြောနေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အခုလိုဖမ်းဆီးတယ် ဆိုတဲ့ သူတွေက အောက်ခြေက ဝန်ထမ်းတွေသာဖြစ်တယ်၊ အပေါ်က အုပ်ချုပ်သူတွေ ခိုင်းတဲ့အတိုင်း လိုက်လုပ်ရတဲ့သူတွေ ဖြစ်တဲ့အတွက် ဘာမှ ချေပစရာ မရှိပါဘူးတဲ့။
လိုက်ပါ ကူညီနေတဲ့ ရှေ့နေတွေကသာ ဆောင်ရွက်သွားမယ်တဲ့။ နောက်တချက် သူထပ်ဖြည့် ပြောလိုက်တာကတော့ သူတို့နောက်မှာ သန်းပေါင်း ၆၀ သော ပြည်သူတွေရှိတယ်လို့ ယုံကြည်ပါတယ် ဆိုတာပါပဲ။
သူတို့ကို အခုလို ဖမ်းဆီးလိုက်တဲ့ အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသား အခွင့်အရေးအရ တောင်းဆိုသွားမယ် လို့လည်း ဆိုပါတယ်။
နိုင်ငံသား တယောက်အနေနဲ့ စီတန်းလှည့်လည်းပိုင်ခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်၊ တခုပဲ ပြောစရာ ဖြစ်စေတာက သူတို့ အနေနဲ့ ဒီလိုလုပ်ဖို့ သက်ဆိုင်ရာကို ခွင့်ပြုချက်မတင်ခဲ့တာ တခုပဲလို့ ကိုရဲလင်းဦးက ပြောပါတယ်။
ဒီလိုလုပ်လိုက်လို့လဲ သူတို့ အနေနဲ့ စည်တန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ ရုံးချိန်းတွေ သွားရမယ်၊ အမှု ရင်ဆိုင်ရမယ၊ ဒီလောက်ပဲဖြစ်မယ်လို့ တွေးထားတယ်။ တကယ် တရားရင်ဆိုင်ရတဲ့ အခါကျမှ ၅၀၅ (ခ) ဆိုတဲ့ ပုဒ်မ တပ်လိုက်တော့ သူတို့ကိုဖမ်းတာဟာ တကယ်ကို ထောင်ချမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က အာဏာပိုင်တွေဆီမှာ နဂိုကတည်းက ရှိပြီးသားလို့ ထင်မိတယ်ဆိုပြီး သူက ဆိုပါတယ်။
“အဲဒီလို ဖမ်းဆီးတဲ့ အတွက်လည်း ကျနော်တို့ကို ဖမ်းတဲ့သူတွေ အားလုံးအပေါ် ပုဂ္ဂိုလ်ရေးအရ နာကျည်းခြင်း၊ မုန်းတီးခြင်း၊ လက်စား ချေလိုခြင်း လုံးဝမရှိဘူး။ ဘာလို့လဲ ဆိုတော့ ပုံပြင်လေး တခုလိုပေါ့။ ခွေးအလုပ် ခွေးလုပ်ကြ၊ မြင်းအလုပ် မြင်းလုပ်ကြပေါ့။ ခွေးအလုပ်ကိုလည်း မြင်းလုပ်လို့မရ၊ မြင်းအလုပ်ကိုလည်း ခွေးလုပ်လို့မရဘူး။ အဲဒီသဘောပါပဲ” လို့ ကိုရဲလင်းဦးက အချုပ်ကား အပေါ်ဘက် သံတိုင်အတွင်းထဲကနေ မျက်နှာဖော်ပြီး ပြောတယ်။
ကိုဝေဠုကို လာဖမ်းတုံးက ခဏခေါ် မေးချင်လို့ပါဆိုပြီး ဖမ်းဝရမ်း ဘာမှမပြဘဲ ခေါ်သွားခဲ့တဲ့အကြောင်း ပန်းဘဲတန်း တရားရုံးဘေးက ပလတ်စတစ်မိုးထားတဲ့ လက်ဖက်ရည်ဆိုင်လေး အမိုးအောက်မှာ မတ်တပ်ရပ်နေတဲ့ ကိုဝေဠုရဲ့ မိခင် ဒေါ်စန်းရီက ရှင်းပြတယ်။ ကိုဝေဠုကို သူ့အိမ်ကနေ ခေါ်လာတဲ့ချိန်မှာ မိဘအိမ်ကို ခဏဝင်ချင်တယ် ဆိုတော့ ဝင်ခွင့်ပေးတာနဲ့ မိခင်ရဲ့ ပါးနှစ်ဘက်ကို အနမ်းတွေ ပေးခဲ့ပါသေးတယ်လို့ သိရတယ်။
သူ့သားကို လာခေါ်တဲ့အချိန်မှာ ကောင်းကောင်းမွန်မွန်ပဲ ဆိုတော့ မိခင်ဖြစ်သူ ကလည်း ကောင်းကောင်းမွန်မွန်ပဲ ထည့်ပေးလိုက်ပါတယ်၊ အဲဒီနေ့မနက် ၁၁ နာရီလောက်အထိ သားဆီက အခြေအနေကောင်းတဲ့ သတင်းကို ကြားခဲ့ရပေမယ့် ညနေ ၃ နာရီခွဲလောက် ရောက်မှ သားကို အင်းစိန်ထောင် ပို့လိုက်တဲ့သတင်း ကြားလိုက်ရတယ်လို့ ကိုဝေဠုရဲ့ မိခင်က ဆက်ပြောတယ်။
“ဘုန်းကြီးတွေကအစ ဒဏ်ရာရနေတာ၊ သေကျေ ပျက်စီးနေတာတွေကို ပြည်သူလူထု အားလုံး သိနေကြပါပြီ။ သားက ဒီအတွက်ကိုပဲ အင်တိုက်အားတိုက်နဲ့ နောက်မဆုတ်ဘဲ လုပ်နေတာပါ။ မုံရွာမှာလည်း ဒီလိုပဲ၊ ၈ လပိုင်းက သူ အဖမ်းခံခဲ့ရတယ်။ ၉ လပိုင်း ၁၄ ရက်နေ့မှ ပြန်လွှတ် ပေးလိုက်တာပါ။ ဒါပေမယ့် သားက နောက်မဆုတ်ဘူး။ ဆက်လုပ် နေဦးမှာပါပဲ။ အန်တီကတော့ မျက်ရည်လေးသုတ်လိုက်၊ သားလေးကို အားပေးလိုက် ဆိုတဲ့သဘောနဲ့ပဲ ကျေနပ်နေရတာပါ။ စိတ်ကတော့ သားလေး အခုလုပ်နေရတဲ့ အလုပ်က တကယ်လည်း ပြည်သူတွေအတွက် လုပ်နေရဲ့သားနဲ့ ဘာကြောင့်များ သူတို့က အထင်မှားနေ၊ ဖမ်းနေရတာလဲ ဆိုတာကို မေးချင်တယ်။ တော်တော်လေးကိုလည်း စိတ်ထဲမကောင်းပါဘူး” လို့ ဒေါ်စန်းရီက ဆိုတယ်။
သူတို့ ၆ ဦးကို ပန်းဘဲတန်း တရားရုံးက တရက်တည်းနဲ့ ရုံး ၂ ရုံးမှာ ရုံးထုတ်လို့ ရအောင် လာမယ့် ၁၁ ရက်နေ့မှာ ရုံးချိန်း ထပ်ချိန်း လိုက်ပါတယ်။
“ဒါမှလည်း သူတို့ကိုတရက်တည်း ရုံးထုတ်လို့ရမယ်၊ လုံခြုံရေးအတွက်လည်း အလုပ်မရှုပ်တော့အောင် ချိန်းတာ” လို့ ဒေါ်နော်အုန်းလှကို လာအားပေးတဲ့ ကိုဒေးဗစ်လှမြင့်က ပြောတယ်။
သူတို့အတွက် အစားအစာတချို့ ယူလာသူတွေထဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တွေထဲက ကိုဂျင်မီ၊ သူ့ဇနီး မနီလာသိန်းနဲ့ မမီးမီးတို့ကို တွေ့ခဲ့ရပါတယ်။ ပန်းဘဲတန်း တရားရုံးရှေ့ ရောက်တော့ လာအားပေးတဲ့လူတွေ ထပ်များလာပါတယ်။
ကိုဂျင်မီကတော့ အခု အဖမ်းခံလိုက်ရတဲ့ သူတွေကို ဥပဒေဘောင် အတွင်းကနေ လွတ်မြောက် လာအောင် ဘယ်လောက် ကြိုးစားပေးနိုင်လဲ ဆိုတာကို လာကြည့်တာလို့ ပန်းဘဲတန်း တရားရုံးဘေးမှာ ရပ်ထားတဲ့ အချုပ်ကားဘေးမှာ မတ်တပ်ရပ်ရင်း ပြောပါတယ်။ သူတို့ကို တရားဥပဒေနဲ့ ပတ်သက်ပြီး အမှန်တိုင်းပဲ ဖြစ်စေချင်တယ်လို့လည်း သူက ဆက်ပြောတယ်။
လက်ပံတောင်းတောင်မှာ အကြမ်းဖက်မှုမဖြစ်ခင် မိုးထိမိုးမိ ရွှေလုပ်သားများအပေါ် အကြမ်းဖက်ခဲ့တာတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်း ဒီလို အကြမ်းဖက်မှုတွေ ဆက်ဖြစ်လာမှာကို ကြိုတင်မြင်တဲ့အတွက် အဲဒီလို မလုပ်ဖို့ အာဏာပိုင်တွေကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ပြောခဲ့ဖူးတယ်၊ ဒီမိုကရေစီ အစိုးရ တရပ်အနေနဲ့ မူဝါဒတွေ ချမှတ် နေသော်ငြားလည်း အဲဒီ မူဝါဒတွေကို အကောင်အထည် ဖော်တဲ့နေရမှာ ကျင့်သား မရသေးတာကို မြင်မိတယ်လို့ ကိုဂျင်မီက သုံးသပ်ပြတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ အကြမ်းဖက်မှုတွေက ဖြစ်သွားခဲ့ပါပြီ။
“ဒါအကြမ်းဖက်မှုပဲ၊ သေချာတယ်။ ဒီအကြမ်းဖက်မှုကို စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီးတော့ ဒီမှာ ဘယ်သူတွေ တာဝန်ရှိသလဲ၊ ဘာလက်နက်တွေ သုံးသလဲ၊ တာဝန်ရှိတဲ့သူတွေကို တာဝန်ရှိသလို အရေးယူရလိမ့်မယ်။ နောက်နောင် မဖြစ်အောင်လည်း ကျနော်တို့ ထိန်းသိမ်းရလိမ့်မယ်။ အဲဒါ ဒီမိုကရေစီ အစိုးရတရပ်လို့ ပြောနေတဲ့ အစိုးရရဲ့ ပုံရိပ်နဲ့ဆိုင်တယ်။ နိုင်ငံရေး ပုံရိပ်နဲ့လည်း ဆိုင်တယ်။ ဒါ အသွင်ကူးပြောင်းရေး ကာလ၊ သိပ်ကို အရေးကြီးတယ်။ ဒါကိုတော့ ငြင်းလို့မရဘူး။ လက်ခံရလိမ့်မယ်” လို့ ကိုဂျင်မီက ဆက်ပြောတယ်။
ပန်းဘဲတန်း တရားရုံး အပြင်တံခါးကို ဖွင့်ဖွင့်ချင်း လူ ၆ ဦးကို အချုပ်ကားထဲ တန်းထည့်လိုက်ချိန်မှာ အခု တရားစွဲဆို ခံထားရတဲ့ ကိုဝေဠုက အချုပ်ကား အပေါ်ဘက် သံတိုင်ကိုကိုင်ရင်း အပြင်ဘက်က လူထုကို တရားဥပဒေ စိုးမိုးဖို့အတွက်ဆိုရင် နိုင်ငံသားရပိုင်ခွင့်တွေကို အသိအမှတ်ပြုဖို့ လိုအပ်ကြောင်း၊ နိုင်ငံသား ရပိုင်ခွင့်အတိုင်း ကျင့်သုံးခဲ့တဲ့ သူတို့တွေဟာ တရားဥပဒေရဲ့ အကာအကွယ်နဲ့ ဥပဒေပုဒ်မ ၃၄၇ အရ အပြည့်အ၀ ရရှိဖို့ လိုတဲ့အကြောင်း ပြောတယ်။
“နိုင်ငံသား အခွင့်အရေးကို မျက်ကွယ်ပြုတာဟာ တရားဥပဒေကို ဆန့်ကျင်တာပဲ။ အခုလို လာရောက်အားပေးတဲ့ ပြည်သူလူထုအားလုံး၊ ရဲဘော်ရဲဘက်တွေ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်” လို့ သူက အချုပ်ကားထဲကနေ ဆိုပါတယ်။
အချုပ်ကားကို တက်သုတ်ရိုက် မောင်းထွက်သွားချိန်မှာ တရားရုံးဘေး ပတ်ဝန်းကျင်က လူအုပ်က လက်ခုပ်တီးပြီး အားပေးလိုက်ကြတယ်။