ဆောင်းပါး

လက်ပံတောင်း ဒိုင်ယာရီ

This article has been converted from Zawgyi One to Unicode

ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်ကို နိုဝင်ဘာ ၂၉ ရက်နေ့ သွားမယ်ဆိုတဲ့ သတင်းကြောင့် ရန်ကုန်ကနေ နိုဝင်ဘာ ၂၈ ရက်နေ့ညကတည်းက ဟိုင်းဝေးကားနဲ့ ထွက်သွားခဲ့တယ်။ ည ၈ နာရီထွက်တဲ့ ကားက နောက်တနေ့ မနက် ၆ နာရီခွဲလောက် မုံရွာကားဂိတ်ကို ရောက်ပါတယ်။ ရောက်ပြီး မကြာခင်မှာ ရန်ကုန်က သတင်းလှမ်းပို့တယ်၊ နိုဝင်ဘာ ၂၉ ရက် မနက် ၃ နာရီမှာ သပိတ်စခန်းတွေ အပြောင် ရှင်းလိုက်ပြီတဲ့။

မုံရွာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ဆက်သွယ်တော့ လူတွေ မအားပါဘူး၊ လူနာသယ်နေရတယ်လို့ ဆိုပါတယ်။ မနက် ၆ နာရီခွဲမှာပဲ ဆေးရုံမှာ ဒဏ်ရာရ သံဃာ အပါး ၂၀ ရောက်နေပြီလို့ ပြောပါတယ်။ ဒါနဲ့ပဲ မီးလောင်ခဲ့တဲ့ နေရာမှာ အကြွင်းအကျန်လေးများ ဓာတ်ပုံရိုက်လို့ရမလားဆိုပြီး လက်ပံတောင်းတောင်ကို ဆိုက်ကယ်နဲ့ သွားလိုက်ပါတယ်။

အစကတော့ ဆေးရုံကို သွားရင်း မြို့ကနာရေးကူညီမူကား နောက်ကနေပဲ ကပ်လိုက်သွားပါတယ်။ လမ်းတဘက်တချက်က တမာပင်တွေကြောင့် မုံရွာက တော်တော်လေး သာယာအေးဆေးတာ တွေ့ရတယ်။ ဝမ်ပေါင် ကုမ္ပဏီနားက လမ်းဆုံမှာတော့ ရဲတွေက သံဆူးကြိုးကာပြီး သွားလာခွင့်ကို ပိတ်လိုက်ပြီ။ မနက်စောစောပိုင်းမှာ ကိုနေမျိုးဇင်တို့ အဖွဲ့၊ AFP သတင်းဌာနက ဓာတ်ပုံဆရာနဲ့၊ တခြားမီဒီယာတွေ ရောက်နှင့်နေပြီး အထဲကိုဝင်ဖို့ လုပ်တာကို ရဲတွေက တားဆီးနေကြပါတယ်။ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်က ပြည်သူ့ဝန်ထမ်းတွေရှိသင့်တဲ့ စိတ်သဘောထားမျိုး ရဲဝန်ထမ်းတွေကို ပြောပြနေတော့ ဒုရဲအုပ် တယောက်က “စစ်ဗိုလ်ဟောင်းလည်း *** ခံလေ” ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောလို့ ပွဲဆူကုန်ပါတယ်။

နောက်တော့ မုံရွာခရိုင် ဒုတိယ ရဲမှူးကြီးတင်ဝင်းက “ကျနော်တို့က လုံခြုံရေးအတွက်လုပ်တာပါ၊ မီးလောင်ဗုံး မသုံးရပါဘူး၊ သစ္စာ ဆိုရဲပါတယ်” လို့ ငြင်းချက် ထုတ်ပါတယ်။ သူပြောနေတုန်းပဲ မီးလောင်ခံရတဲ့ သပိတ်စခန်း ခေါင်းဆောင်က ထပြီး မီးရှို့တာတွေ၊ ရဲဝင်ရိုက်တာတွေကို အစအဆုံး သူမြင်တဲ့အတိုင်း ပြောပြလို့ လူတွေ အုံသွားပါတယ်။ ခဏနေတော့ NLD လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင် ရောက်လာပြီး အထဲက အခြေအနေတွေကို ကြည့်ဖို့ ဝင်ခွင့်တောင်းခဲ့ပေမယ့် သူလည်း ဝင်ခွင့်မရပါဘူး။

မကြာဘူး မုံရွာဘက်က နာရေးကားတွေ တစီးပြီးတစီး ခေါက်တုန့် ခေါက်ပြန် လူနာ သယ်ကြပါတော့တယ်။ အကျော်၊ ဖောင်းကား စတဲ့ ရွာတွေထဲမှာ ပုန်းနေတဲ့ သံဃာတွေလည်း အဲဒီအချိန်ကျမှ ဆေးရုံရောက်ပါတယ်။

ဘုန်းကြီးကျောင်းတွေမှာ ပုံထားတဲ့ သင်္ကန်းတွေလည်း မီးလောင်ရာတွေနဲ့ ပြည့်နေတယ်။ ဖောင်းကားတောင်ဘက်က ဘုန်းကြီးကျောင်းထဲ ဝင်ပြေးသူတွေကို ရဲတွေက လိုက်ဖမ်းပေမယ့် ရွာသူရွာသားတွေက ရွံ့တွေ၊ အမှိုက်တွေနဲ့ ပြန်လည် ပစ်ခတ်လို့ ရဲတွေ လိုက်မလာတော့ဘူးလို့ ဖောင်းကား အလယ်က ဘုန်းကြီးကျောင်း တကျောင်းမှာ ပုန်းနေတဲ့ ဝက်မှေးရွာသားတွေက ပြောပြတယ်။

ဝမ်ပေါင်ဂိတ်ရှေ့ သပိတ်စခန်းက ကိုဝင့်ကျော့မှူးကိုလည်း ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး ရိုက်နှက်တာတွေခံခဲ့ရတယ်လို့ သိရတယ်။

“သူတို့က လုံခြုံရေးစည်းကို ၄ ယောက်လောက် ကျော်လာပြီးဖမ်းတာ။ ရိုက်လည်းရိုက်၊ ဆွဲလည်းဆွဲပေါ့။ ကျနော်က အော်ပြီး ရုန်းရင်း ပြေးတော့ လွတ်လာပါတယ်။ ၅ ချက်လောက်တော့ အရိုက်ခံလိုက်ရတယ်။ အရိုက်ထက် ဖမ်းဖို့ကို စိတ်သာနေလို့ နည်းနည်း သက်သာရတယ်” လို့ ကိုဝင့်ကျော့မှူးက ရှင်းပြတယ်။

မနက်ပိုင်းမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပျက်ခဲ့ပြီး အဲဒီနေ့ ညပိုင်း ဒေါ်အောင်ဆန်းစုကြည် အလာမှာ ဘာဆုံးဖြတ်မယ် ဆိုတာကို စောင့်နေကြတာကြောင့် သပိတ်လှန်၊ မလှန် ဆုံးဖြတ်ချက်မချနိုင်ဘဲ တကွဲတပြား ဖြစ်နေကြတာ တွေ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည်က နေ့လယ် ၁ နာရီ ကံကုန်းရွာထိပ်မှာ ဟောပြောမယ် ဆိုတာကြောင့် NLD ပါတီဝင်တွေ နေရာထိုင်ခင်း ပြင်ဆင်နေကြတယ်။ လူနာသယ်တဲ့သူက သယ်၊ သတင်းထောက်တွေလည်း ဟိုလျှောက်၊ သည်လျှောက်နဲ့ ဝမ်ပေါင် ကုမ္ပဏီရှေ့က မုံရွာ – ပုသိမ် – ကလေး၀ လမ်းဟာ စည်ကားနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မမြင်ဖူးကြတဲ့ လမ်းတလျှောက်က ရွာသားတွေကလည်း အလံကိုင်တဲ့ သူကိုင်၊ လမ်းလျှောက်ပြီး ဟောပြောပွဲ နေရာ သွားတဲ့သူသွားနဲ့ တဖြည်းဖြည်း လမ်းပေါ်မှာ လူတွေပြည့်လာပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ၁ နာရီမှာ ဟောမယ်ဆိုလို့ မနက် ၁၀ နာရီ လောက်ကတည်းက ထွက်လာတာ” လို့ ကံကုန်းရွာသူ တယောက်က ပြောပါတယ်။

ထော်လာဂျီ၊ ဆိုင်ကယ် ရရာယဉ်တွေနဲ့ ဟောပြောမယ့် နေရာဆီကို လူတွေ တဖွဲဖွဲ လာနေကြပါပြီ။ မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ဒီပဲယင်း၊ ပုခုက္ကူ၊ မြင်းခြံ မြို့နယ်တွေက NLD ပါတီ ဝင်တွေကတော့ ကားကြီး ကားငယ်တွေနဲ့ ရောက်လာ နေကြပါတယ်။ မုံရွာဘက်မှာလည်း လူတွေက အုတ်အုတ်ကျက်ကျက်၊ ဟောပြောမယ့် နေရာမှာလည်း လူတွေစုစုနဲ့ပါ။

ဟောပြောမယ့် စင်ကတော့ လက်ပံတောင်းတောင်ကို မျက်နှာမူထားပြီး ကြေးစင်တောင်ကို နောက်ခံပြုလို့ ဆောက်ထား ပါတယ်။ မွန်းတည့် ၁၂ နာရီလောက်မှာတော့ ကွင်းထဲမှာ လူတွေနဲ့အပြည့် ဖြစ်နေပါပြီ။

နေရာပျောက်မှာစိုးလို့ ရေအိမ်တောင် မသွားရဲသူတွေ၊ ဗိုက်ဆာပေမယ့် ကြိတ်ခံသူတွေရဲ့ အသံတွေကို အဆိုတော် လားရှိုးသိန်းအောင်ရဲ့ “အမေစု နောက်က လိုက်ကြစို့” ဆိုတဲ့ သီချင်းသံက ဖုံးလွှမ်းနေပါတယ်။ ၁ နာရီလာမယ်ဆိုပေမယ့် တကယ်တမ်း ဒေါ်အောင်ဆန်းစုကြည် ရောက်တော့ ညနေ ၆ နာရီ ထိုးပါတော့မယ်။ ပရိသတ်ကို ဟောပြောတာ မလုပ်ခင် ဝမ်ပေါင်က တာဝန်ရှိသူတွေနဲ့ သွားစကားပြောလာတယ်လို့ သိရတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပရိသတ်ကို မိနစ် ၂၀ လောက် စကားပြောရာမှာ သူဟာ ပြည်သူအကြိုက်လိုက်တဲ့ နိုင်ငံရေးသမား မဟုတ်ကြောင်း၊ ရေရှည်အကျိုးကို ကြည့်ပြီး ဆောင်ရွက်မယ့် သူ့လုပ်ရပ်တွေအပေါ် မကြိုက်ရင် မကြိုက်တဲ့အကြောင်း ပြောနိုင်ကြောင်း၊ တနိုင်ငံလုံး တိုးတက်အောင် အားလုံး တက်ညီလက်ညီလုပ်ဖို့လိုကြောင်း၊ အများအကျိုးအတွက် တခါတရံ ကိုယ့်အကျိုးကို နောက်ပို့ထားရမှာဖြစ်ကြောင်း၊ လက်ရှိ ပြဿနာကို သိက္ခာရှိရှိ ဖြေရှင်းချင်ကြောင်း၊ အဲဒီလိုဖြေရှင်းဖို့ ပြည်သူတွေက ထောက်ခံဖို့ လိုကြောင်းတွေကို ပြောသွားပါတယ်။

သူ့ ဟောပြောပွဲ အပြီးမှာတော့ လာနားထောင်တဲ့ ကံကုန်းရွာသူတွေကို ဒေါ်အောင်ဆန်းစုကြည်က တရုတ်တွေကို စီမံကိန်း ဆက်လုပ်ခွင့် ပေးမယ်ဆိုရင်ရောလို့ မေးတော့ “အမေစု ကောင်းမယ်ထင်လို့ ဆုံးဖြတ်တာမို့ လက်ခံမှာပါ” လို့ ပြန်ဖြေကြတယ်။

နောက်တော့ ဒေါ်အောင်ဆန်းစုကြည် တည်းခိုတဲ့ ဝင်းယူနတီဟိုတယ်မှာ မီးလောင်ခံရတဲ့ ရွာသူတွေ၊ သပိတ်စခန်းက လူတွေနဲ့ စကားပြောပါတယ်။

“ဒီဖြစ်စဉ်တွေကို အမေစုကပဲ အကောင်းဆုံး လုပ်ပေးနိုင်မယ်လို့ ယုံကြည်ထားတယ်။ အမေစုပါလာတော့ အားရှိတာပေါ့။ ဒီလိုစီမံကိန်းမျိုး မရှိသင့်ဘူး၊ ဖျက်သိမ်းသင့်တယ်။ ကျမတို့ သပိတ်ကတော့ ဘယ်တော့မှမလှန်ဘူး စီမံကိန်းကြီး ဖျက်သိမ်းပြီးမှ သပိတ်လှန်ပါမယ်။ အားလုံးညှိနှိုင်းပြီးမှ သိပိတ်ပြန်စမှာပါ။ လယ်တီဆရာတော်က ဒီပနီကျမ်းကို အဲဒီ စီမံကိန်း နေရာမှာ ရေးသွားတာ၊ အခိုင်အမာ သက်သေရှိပါတယ်။ ဒီလို မတရားတာကြီးကို ကျမတို့သာ ငုံ့ခံခဲ့မယ်ဆိုရင် သားစဉ်မြေးဆက် သွားရော” လို့ သပိတ်ကို ခေါင်းဆောင်သူ တဦးဖြစ်တဲ့ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။ မသွဲ့သွဲ့ဝင်းရဲ့ ညီမ မဖြူဖြူဝင်းလည်း မျက်နှာနဲ့ လက်မောင်းတွေမှာ မီးလောင်ဒဏ်ရာ ရနေပြီး တနေ့လုံး ပုန်းနေရတယ်လို့ သိရတယ်။

သပိတ်စခန်းက လူတွေနဲ့တွေ့ပြီးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က မီးလောင်ထားတဲ့ သံဃာတွေကို သွားဖူးတွေ့ပါတယ်။ နောက်တနေ့ နိုဝင်ဘာ ၃၀ မနက် ၈ နာရီမှာ မုံရွာ အောက်ဇက်ဆိပ် သောင်ပြင်မှာ ဟောပြောပွဲလုပ်ဖို့ စီစဉ်ထားပါတယ်။

အစီအစဉ် အသေအချာမသိရဘဲ အချိန် အနားကပ်မှ သိရတော့ လူတွေ အပြေးအလွှား သွားကြည့်ကြပါတယ်။ သောင်ပြင်အပြည့် လူတွေပါပဲ။ သောင်ပြင်ကနေ ကြည့်ရင်တော့ လက်ပံတောင်းတောင်ကို မြင်နေရပါတယ်။ အဲဒီမှာတော့ ဒေါ်အောင်ဆန်းစုကြည်စုက မီးလောင်ခံခဲ့ရတဲ့ ကိုယ်တော်တွေ အကြောင်း အပါအဝင် မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ အဆင်ပြေအောင် နေရမယ့်အကြောင်း၊ ကမ္ဘာတည်သရွေ့ အိမ်နီးချင်းတွေနဲ့ နေသွားရမှာ ဖြစ်တဲ့အကြောင်း၊ အိမ်နီးချင်းနဲ့ မတည့်လို့ လင်မယားများ ကွဲကြသလို ကွဲလို့မရကြောင်း၊ အာဏာရှင်လက်ထက်က ပြည်သူ့ဆန္ဒမပါဘဲ ပေးထားတဲ့ ကတိတွေ ဆိုပေမယ့် သိက္ခာရှိတဲ့ နိုင်ငံသားများ ဖြစ်ရေးအတွက် နှစ်နိုင်ငံ သဘောတူညီချက်တွေကိုတော့ လေးစားရမှာ ဖြစ်ကြောင်း ပြောသွားပါတယ်။

မိန့်ခွန်း အပြီးမှာ အောက်ကပရိသတ်က “သတ္ထုတွင်း ဝန်ကြီးရိုရှိသားနဲ့ ဘာလို့ ဦးပိုင်က ဒီလုပ်ငန်းတွေကို ဝင်ကိုင်နေရသလဲ” လို့ မေးခွန်းထုတ်တော့ ဒေါ်အောင်ဆန်းစုကြည်က “ဒီကိစ္စနဲ့ ပတ်သက်လို့ ကျမ ရှင်းရှင်းလင်းလင်း ပြောပါမယ်” လို့ ဆိုပါတယ်။

ဦးပိုင်ကုမ္ပဏီ ဆိုတာက စစ်တပ်နဲ့ ဆက်စပ်နေတယ်ဆိုတာ အများအသိဖြစ်ကြောင်း၊ တပ်မတော်ဟာ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေကြောင်း သူက ရှင်းပြပါတယ်။

“တချို့က ကျမ အနေနဲ့ တပ်မတော်အပေါ်မှာ မေတ္တာထားတယ် ဆိုရင် မကြိုက်ကြပါဘူး။ မတတ်နိုင်ဘူး။ ထားတာက ထားတာပဲ။ ဒါကတော့ ကျမ အမှန်အတိုင်း ပြောတာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမက ငယ်ငယ်ကတည်းက ဖေဖေ့သမီး အနေနဲ့ ကြီးလာတာကိုး။ တပ်မတော်အပေါ်မှာ မေတ္တာမထားဘဲနဲ့ကို မနေတတ်ဘူး။ ငယ်ငယ်ကတည်းက၊ မွေးကတည်းက တပ်မတော်အပေါ်မှာ မေတ္တာထားဖို့ သင်ခဲ့ရတော့ မေတ္တာကတော့ ဘယ်လိုမှ မပျောက်ကွယ် သွားနိုင်ဘူး။ လုပ်တဲ့ ကိစ္စတွေကိုတော့ ကျမ မကြိုက်ဘူးပေါ့။ အထူးသဖြင့် ကျမအပေါ်မှာလုပ်တာလည်း မကြိုက်ဘူး။ ပြည်သူအပေါ်မှာ လုပ်တာလည်း မကြိုက်ဘူး။ မကြိုက်သော်လည်း မေတ္တာတော့ မပျက်ပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောတယ်။

ဦးပိုင် လီမိတက် ဆိုတာ တပ်မတော်နဲ့ ဆက်စပ်နေတာ ဖြစ်တဲ့အတွက် ဒီကိစ္စတွေကို ချဉ်းကပ်တဲ့အခါမှာ သဘောထား ကြီးကြီးနဲ့၊ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ ချဉ်းကပ်မှာ ဖြစ်တဲ့အကြောင်းလည်း သူက ဆိုပါတယ်။

“မသိချင်ယောင်တော့ ဆောင်မနေပါဘူး။ မေးသင့်တာတွေတော့ ကျမ မေးမှာပါ။ ဒါပေမယ့် မေးတယ် ဆိုတာဟာ ကောင်းတဲ့ အဖြေတခုကို လိုချင်လို့ မေးခွန်းမေးတာပါ။ ဖြေလိုက်တဲ့ အဖြေကို ပြောတာမဟုတ်ဘူး။ ဖြေလိုက်တဲ့ အဖြေအပေါ်မှာ အခြေခံပြီး ဘယ်လို အကောင်းဆုံး ဖြစ်နိုင်မလဲ ဆိုတာကို လုပ်ဖို့ ကျမတို့ ရည်ရွယ်တာပါ။ ဦးပိုင်က တာဝန်ခံတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ကျမ ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်မယ်၊ ပြည်သူကတော့ ဒီလိုမေးနေတယ်၊ ကျမ ဘယ်လို ဖြေရမလဲလို့” ဆိုပြီး လူထုရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေပါတယ်။

သူ အဲဒီလိုဖြေလိုက်တာကို တချို့က သိပ်မကျေနပ်ချင်ပေမယ့် တချို့ကတော့ လက်ဝါးတွေ နီရဲလာတဲ့အထိ လက်ခုပ်တီးကြပါတယ်။

နောက်တော့ ဝင်းယူနတီ ဟိုတယ်မှာပဲ ရွာသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တခါပြန်တွေ့ပါတယ်။ ဒီတခါတော့ ရွာသား ၂၀ လောက်ပါပြီး ကံကုန်း၊ ဇီးတော၊ ဆည်တည်း၊ ဝက်မှေး စတဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ ရွာတွေက လူတွေနဲ့ တွေ့တာပါ။လူရွေးတာကို NLD က လုပ်ပါတယ်။ မနေ့ညက တွေ့ခွင့်ရတဲ့ မီးလောင်ဒဏ်ရာနဲ့ မဖြူဖြူဝင်းက စာရင်းမှာ မပါလို့ မတွေ့ရပါဘူး။ ဟိုတယ် အပြင်မှာလည်း ပရိတ်သတ်တွေ ဝိုင်းအုံနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လို့ လာကြည့်တဲ့ မုံရွာမြို့ခံတွေလည်း ပါပါတယ်။ သပိတ်နှိမ်နင်းတဲ့ ဖြစ်စဉ်ကို ကောင်းကောင်း မသိတဲ့ မြို့သားတွေလည်း အများကြီးပါပါတယ်။

မီးက ဘယ်လိုလောင်တာ၊ ဘယ်လိုဖြစ်တာ စသည်ဖြင့် အထဲမဝင်ရတဲ့ မဖြူဖြူဝင်းက အစအဆုံး ရှင်းပြနေတယ်။ အဲဒီအချိန်ကျမှ မုံရွာ မြို့သားတွေလည်း ဇာတ်ရည်လည်ပြီး အံ့သြနေတာ တွေ့ရတယ်။

မုံရွာမြို့သားတယောက်ကတော့ “သပိတ်မှောက်တဲ့ သံဃာတွေဟာ ဆန္ဒစောတယ်” လို့ ပြောနေတယ်။

ရွာသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့နေချိန်မှာ မီဒီယာတွေက ဟိုတယ်ပြင်က စောင့်ရပါတယ်။ ဒါပေမယ့် BBC, AP, New York Times စတဲ့ နိုင်ငံခြားသတင်းထောက်တွေက အထဲရောက်နေလို့ အပြင်မှာ ဆူကြရာကနေ မီဒီယာအားလုံးကို ပေးဝင်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ထွက်လာတဲ့ရွာသားတွေကို စောင့်ပြီး သတင်းသမားတွေ ဝိုင်းမေးကြပါတော့တယ်။ အားလုံးကတော့ “အမေစု” (ဒေါ်အောင်ဆန်းစုကြည်) ဆုံးဖြတ်တာကို လက်ခံမယ်လို့ပဲ ပြောကြပါတယ်။

မသွဲ့သွဲ့ဝင်းကလည်း “အမေစု ဆုံးဖြတ်တဲ့အတိုင်း လိုက်နာမှာပါလို့ ပြောပါတယ်။ သပိတ်ကိုလည်း ခဏဆိုင်းထားပါမယ်” ဆိုပြီး မီဒီယာများကို ဟိုတယ်မှာ ပြောပါတယ်။

နောက်တော့ ဒေါ်အောင်းဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ လုပ်ပြီး စုံစမ်းရေး ကော်မရှင် ဖွဲ့မယ့်အကြောင်း၊ ရှေ့ဆက်လုပ်မယ့် အကြောင်းအရာတွေကို ပြောသွားပြီး ရန်ကုန်ပြန်ဆင်း သွားပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ မနက် ၁၁ နာရီ လောက်မှာ ၈၈ မျိုးဆက် ကျောင်းသားတွေ မုံရွာကို ရောက်လာပါတယ်။ နေ့လယ်မှာတော့ စစ်ကိုင်းတိုင်း ရဲမှူးကြီးက မုံရွာမြို့ပေါ် ကျောင်းတိုက်အသီးသီးက ဆရာတော်အပါး ၂၀ ကို ဖိတ်ကြားပြီး လှူဖွယ်ပစ္စည်းကပ်၊ သြဝါဒ ခံယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ နေ့လယ် ၁ နာရီ ပွဲစမယ်ဆိုပြီး ကြေညာထားပါတယ်။ မုံရွာလူထုကလည်း အဲဒီပွဲကို တန်ပြန်ရှုတ်ချပွဲ လုပ်ဖို့ စီစဉ်ထားတယ်ဆိုပြီးလည်း သတင်း ကြားနေရပါတယ်။

နေ့လယ် ၁ နာရီကတည်းက ရဲတပ်ဖွဲ့ဝင်တွေ တဖွဲဖွဲ ရောက်လာပါတယ်။ သတင်းသမားတွေလည်း အမြောက်အများပါပဲ။ ၁ နာရီဆိုလို့ စောင့်နေပေမယ့် ဆရာတော်တွေက နေ့လယ် ၂ နာရီအထိ ကြွမလာပါဘူး။ ၂ နာရီ ကျော်မှ သံဃာတော် ၁၀ ပါးပဲကြွလို့ ကြွလာတဲ့ ကိုယ်တော်တွေနဲ့ပဲ ပွဲစပါတယ်။ ပွဲမစခင် အထွေထွေအုပ်ချုပ်ရေးဌာနမှ အရာကြီးတဦးက “SkyNet ရော၊ SkyNet ရောက်ပြီလား” ဆိုပြီး အပူတပြင်းရှာဖွေတာ တွေ့ရတယ်။ ခဏနေတော့ SkyNet ရုပ်သံက ကင်မရာသမားတွေကို တွေ့သွားပြီး သံဃာတော်တွေ ကြွလာတာက စလို့ အမိအရ ရိုက်ကူးစေပါတယ်။ ပြီးတော့မှ စစ်ကိုင်းတိုင်း ရဲမှူးကြီး ဦးစန်းယုက အသင့်ယူလာတဲ့ စာကိုဖတ်ပြပြီး ဆရာတော်တွေကို အကျိုးအကြောင်း လျှောက်ထားပါတယ်။

မီးခိုးဗုံး၊ မီးသတ်ပိုက်တွေသာ သုံးပြီး တတ်နိုင်သမျှ အင်အားအနည်းဆုံးနဲ့ ထိခိုက်မှု မရှိရအောင် ဆောင်ရွက် ပါတယ်လို့ပြောတော့ သြဝါဒ ခံယူပွဲ လာဝင်ကြည့်တဲ့ ပရိသတ်တွေက “လူလိမ်တွေဟေ့ … ညာနေတာတွေ” လို့ ကြိုကြား ကြိုကြား အော်ကြပါတယ်။ မဟာဇောတိက ကျောင်းတိုက်က ဆရာတော်ကို သြဝါဒ ချီးမြှင့်ပေးဖို့ စာရင်းထဲထည့် ထားပေမယ့် ဆရာတော်ကြီး ကြွမလာတာကြောင့် အုတ်ကန်တွင်း ကျောင်းတိုက်က ဆရာတော်က သြဝါဒပေးပါတယ်။ ဆရာ၊ ဒကာ လက်တွဲပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းပန်ရင် လက်ခံသင့်တယ်လို့ ဆရာတော်က သြဝါဒ ပေးသွားပါတယ်။

ဆရာတော် သြဝါဒပေးပြီးလို့ ဆေးရုံက ကိုယ်တော်များအတွက် လှူဖွယ်တွေ ကပ်မယ်လည်း ဆိုရော ပရိသတ်က “ဝူး …” လို့ သံရှည်အော်ပြီး အားလုံး အပြင်ကိုထွက်သွားကြတာနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပါတယ်။ ရဲတွေလည်း ကြောင်အမ်းအမ်း ဖြစ်ပြီး နောက်ပိုင်း အစီအစဉ်တွေကို ကသုတ်ကရက်နဲ့ လုပ်လိုက်ရပါတယ်။ ပွဲပြီးတော့ သံဃာတော်တွေကို မီဒီယာတွေက မေးတာကို ဘယ်ကိုယ်တော်မှ စကားမပြန်ပါဘူး။ ရဲမှူးကြီး ဦးစန်းယုကတော့ “ဖြေဖို့ကို မရှိတာ” လို့ အရှင်းပြောပြီး သူ့ဖုန်းနဲ့ အလုပ်ရှုပ်နေပုံ မြင်ရပါတယ်။ ခဏနေတော့ ကားပေါ် အမြန်တက်ပြီး သြဝါဒခံယူပွဲ လုပ်တဲ့ ရွှေစည်းခုံဘုရား သာသနာ့ ဗိမာန်ကနေ အမြန်ထွက်သွားပါတယ်။ အပြုအမှုတွေ မာန်မချဘူးလို့ မုံရွာသားတွေက ပြောပြီး ရဲတွေကို ဒေါသထွက်ကြပြန်ပါတယ်။

ဘုရားပရဝုဏ် အပြင်ဘက်က မုံရွာမြို့ခံတွေကတော့ “ဒီသံဃာတွေက သပိတ်နဲ့မဆိုင်တဲ့ သံဃာတွေ၊ လာကန်တော့တဲ့ ရဲတွေကလည်း စီမံကိန်းမှာ တာဝန်ကျတဲ့ ရဲတွေမဟုတ်ဘူး” လို့ ဝေဖန်နေကြပါတယ်။ ဒီလို ဆင်ခြေပေးတာတွေကလည်း အဓိပ္ပာယ်မရှိဘူးလို့ ပြောတဲ့သူတွေက ပြောနေပါတယ်။

နောက်ပိုင်း မုံရွာမြို့ခံတွေနဲ့ စကားဝိုင်းဖွဲ့ကြည့်တော့ သူတို့ သပိတ်မှောက်ရတဲ့ ရည်ရွယ်ရင်းက စီမံကိန်းကြီး ရပ်ဆိုင်းရေး ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုရင်တော့ လက်ခံမယ်ဆိုပြီး မုံရွာမြို့ခံ NLD ပါတီဝင် တဦးက ဆိုပါတယ်။ စီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုမယ်ဆိုရင် သပိတ်မှောက်တဲ့ ရည်ရွယ်ချက် ပျောက်သွားမလားလို့ မေးကြည့်တော့ သူတို့ဆီက အဖြေမရပါဘူး။

“ဒါတော့ စောင့်ကြည့်ရမှာပေါ့” ဆိုတာလောက်ပဲ မြို့ခံက ပြန်ပြောပါတယ်။

နောက်တနေ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက်မှာတော့ ဝက်မှေးရွာကို ၈၈ မျိုးဆက် ကျောင်းသားတွေ ဆင်းသွားပါတယ်။ ဝက်မှေးရွာက သစ်ပင်တွေနဲ့ စိမ်းလန်းစိုပြေပြီး သာယာတဲ့ရွာကလေးဖြစ်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ရွာသားတွေ တွေ့တဲ့ ရွာထိပ်က ကွက်လပ်လေးဟာ ရွာဦးစေတီလေးရှေ့မှာ ဖြစ်ပြီးတော့ သစ်ပင်တွေပိတ်နေပြီး နေပြောက်မထိုးတဲ့ နေရာဖြစ်ပါတယ်။

သပိတ်ကို ဦးဆောင်ခဲ့သူတွေဖြစ်တဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်းတို့က အိမ်နီးချင်းတွေဖြစ်ပြီး မအေးနက်အိမ်မှာ ကုန်စုံဆိုင် ဖွင့်ထားပါတယ်။ ရွာသားတွေ အားလုံး နွားပိုင်ကြပါတယ်။ နွားတွေက ဝဖီးပြီး နွားချောနွားလှကြီးတွေပါ။ ရွာက အိမ်တွေကလည်း ပျဉ်တွေ၊ သွပ်တွေနဲ့ အခိုင်အမာဆောက်ထားပြီး အသီးအနှံလည်း သိပ်ကောင်းတာပဲလို့ ရွာသား ဦးသိန်းလှိုင်က ပြောပြပါတယ်။ ရွာအနောက်ဘက်ကို ထွက်တာနဲ့ စမ်းချောင်းလေးတခုရှိပြီး လက်ပန်းတောင်း တောင်ကိုလည်း မလှမ်းမကမ်းမှာ မြင်နေရပါတယ်။ စိမ်းလန်းတဲ့ စိုက်ခင်းတွေကြားက လက်ပံတောင်းတောင်၊ ကောင်းကင်ပြာ၊ စမ်းချောင်းလေးနဲ့ လှပတဲ့ရှုခင်းပါ။

ဂျုံခင်း၊ ကုလားပဲခင်းတွေ၊ ထန်းပင်တွေနဲ့ သာယာတဲ့၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်း အဆင်ပြေနေတဲ့ အတွက် စီမံကိန်းက ရလာမယ့် အကျိုးစီးပွားဆိုတာ ဝက်မှေးရွာသားတွေ အတွက်တော့ အပိုသက်သက်ပါလို့ ဒေသခံတွေက ပြောကြပါတယ်။ ရွာသားတွေက သူတို့ရွာကို အဓမ္မ ပြောင်းခိုင်းတဲ့အကြောင်း၊ ကျောင်းတွေ ဖျက်ပစ်တဲ့ အကြောင်းကို ပြောပြနေပါတယ်။

“သူများအလှူကို အဓမ္မ လာဖျက်တာလေ၊ ကျောင်းဆောက်တုန်းက သဲတဆုပ်၊ ရေတမုတ် မကူဘဲနဲ့ အခုမှ အဓမ္မ လာဖျက်တာ” လို့ ရွာခံ ဦသိန်းဆိုင်က ဆိုပါတယ်။

အမျိုးသမီးကြီးတွေက ကျောင်းလာဖျက်သူတွေကို ဝါးလုံးတွေနဲ့ ထိုးချ ရိုက်နှက်တာတွေ လုပ်မှ ကျောင်းဖျက်သူတွေ ထွက်ပြေးသွားတာလို့ သူက ဆက်ပြောပါတယ်။

ဝက်မှေး ရွာဟောင်းက မူလတန်းပြ ဆရာမတွေကို ရွာသစ်ဆီကို ပြောင်းလိုက်လို့ ဝက်မှေးက မူလတန်း ကျောင်းသားလေးတွေ တက်စရာကျောင်းမရှိ ဖြစ်သွားရတယ်လို့ သိရတယ်။ စိုက်ခင်းတွေထဲကို မြေစာတွေ လာပုံတာကတော့ မျက်မြင်ပါပဲ။ မြေစာပုံကြီးက ပေ ၅၀ လောက် မြင့်ပါတယ်။

“ကျနော်တို့က တောင်သူတွေလေ၊ သူတို့ အဲဒီလို လုပ်ရင် ဘာနဲ့ လုပ်စားရမှာလဲ” လို့ ဦးသိန်းဆိုင်က ပြောပါတယ်။

ဦးသိန်းဆိုင်က အကျော်ရွာ သပိတ်စခန်းမှာ နေ့ရောညပါ အားပေးခဲ့သူ ဖြစ်ပါတယ်။ ဦးသိန်းဆိုင်တို့ တမိသားစုလုံး သပိတ်စခန်း စကတည်းက ပါဝင်ကြတာပါ။ အနယ်နယ် အရပ်ရပ်က ထောက်ပံ့ကြလို့ ရွာသားတွေက ဘာမှ ထပ်ပံ့ပိုးစရာ မလိုဘူး၊ သပိတ်စခန်းမှာ ထိုင်နေရုံပဲလို့ ဦးသိန်းဆိုင်က ဆိုပါတယ်။ ဒီက အက်စစ်တွေသာ မြစ်ထဲချောင်းထဲ ရောက်သွားမယ် ဆိုရင် အညာတခွင်လုံး ဒုက္ခရောက်ရမှာလို့လည်း သူက ပြောပါတယ်။

ဝက်မှေးမြေတွေလည်း သိမ်းယူမယ့်အထဲမှာပါတယ်၊ တဧကကို ၃ နှစ်စာ သီးစားလျော်ကြေး ကျပ် ၅ သိန်းပေးပေမယ့် အဲဒီမြေတွေက တနှစ် ၇ သိန်းလောက် တန်ကြေးရှိတဲ့ သီးနှံတွေ ထွက်တာမို့ ပေးတဲ့လျော်ကြေးဟာ သိပ်ကို နည်းလွန်းပါတယ်လို့ ရွာခံတွေရဲ့ အဆိုအရ သိရတယ်။

“ထန်းပင်တပင်အတွက် ကျပ် ၅ ထောင်ပေးတယ်။ အုတ်စက်ကို ပြောလိုက်ရင် အမြစ်ကို ၂၅၀၀ ပေးပြီး ကိုယ့်ဖာသာ လာတူးယူတာ၊ ဈေးသည်များဆီမှာ ဈေးဆစ်သလို သူတို့က တဖြည်းဖြည်းနဲ့ ဈေးဆစ်ပြီး အဓမ္မဈေးနဲ့ ဖြတ်တာ” လို့ ဦးသိန်းဆိုင်က ဆိုတယ်။

ဝက်မှေးမှာတော့ အိမ်ထောင်စု ၄၈ စုလောက်ပဲ ကျန်တော့တယ်လို့ သိရတယ်။ ဝက်မှေးရွာသစ်က ရွာဟောင်းနဲ့ ၁၅ မိနစ်လောက် ဆိုင်ကယ်စီးရတဲ့ နေရာမှာရှိပါတယ်။ အိမ်အသစ်တွေကို ကွင်းပြင်ထဲမှာ တန်းစီပြီး ဆောက်ထားပါတယ်။ ရွေဘော်မထိုးဘဲ ဆောက်ထားတဲ့အတွက် ကြမ်းခင်းတွေက ရှတယ်လို့ ရွာခံတွေက ပြောတယ်။ အင်သား နုနုနဲ့ ကာထားတာဖြစ်လို့ ကျုံ့သွားတာ၊ ရွဲသွားတာတွေ အများကြီးရှိတယ်လို့လည်း သူတို့က ဆိုတယ်။

ဝမ်ပေါင် ကုမ္ပဏီမှာ လုံခြုံရေးဝင်လုပ်နေတဲ့ ကိုထွန်းထွန်းဝင်းရဲ့ အိမ်တိုင်က အလယ်ကနေ အက်ကြောင်းက လက်မလောက် ကြီးလာတာ တွေ့ရပါတယ်။

“မျက်နှာကျက်က ကျနော်တို့ တောင်းဆိုထားလို့ တပ်ထားပေးတာ။ မဟုတ်ရင် နွေမှာ မတရားပူတာ၊ နေစရာတောင်မရှိဘူး” လို့ ကိုထွန်းထွန်းဝင်းက ပြောပါတယ်။

လွန်ခဲ့တဲ့တနှစ်က ပြောင်းလာပြီးတော့ ပေ ၄၀၊ ၆၀ မြေကွက် နေရာပေါ်မှာ ပျဉ်ထောင်အိမ်နဲ့ နေရတဲ့ အကြောင်း၊ အိမ်တန်းတွေ ဆောက်တာကို ထူးကုမ္ပဏီက တာဝန်ယူတဲ့ အကြောင်း၊ အိမ်သာကျင်းက ၃ ပေပဲ တူးထားပေးလို့ ထပ်တူးရတဲ့ အကြောင်း၊ မပြောင်းခင်တုန်းက ၃ နှစ်အထိ ရေ၊ မီး အခမဲ့ရမယ်၊ ရွာဖွင့်ပွဲကို ဖိုးချစ် ဒါမှမဟုတ် စွမ်းဇာနည် ဇာတ်ပွဲ သွင်းပေးမယ်လို့ ပြောခဲ့ပေမယ့် အခုတော့ ရေခ၊ မီးခ ကောက်တဲ့အပြင် ဇာတ်ပွဲတွေလည်း ဘယ်ဆီနေမှန်းမသိဘူး ဆိုတဲ့ အကြောင်း ထွန်းထွန်းဝင်းက ရှင်းပြတယ်။

ရွာသစ်နဲ့ ရွာဟောင်း အကြားက ဆက်ဆံရေးကလည်း အလွန်ပဲ တင်းမာနေတယ်လို့ သိရပါတယ်။ တလောက ရွာသစ်က လူတယောက်သေတော့ သချႋုင်းမှာ ချခွင့်မပေးလို့ အနူးအညွတ် တောင်းပန်ပြီးမှ ဈာပန မြေချခွင့်ရခဲ့တဲ့အကြောင်း ဒေသခံတွေက ပြောတယ်။

“နောက် အလောင်းတွေအတွက် ဆိုရင်တော့ မပြောတတ်ဘူး” လို့ ကိုထွန်းထွန်းဝင်းက ဆိုပါတယ်။

ရွာသစ်က လူတွေက ဝမ်ပေါင်မှာ အလုပ်ဝင်ကြလို့ ရွာဟောင်းမှာ ကျန်ခဲ့တဲ့ လူတွေက “တရုတ်အားပေးတွေ” ဆိုပြီး ကျဉ်ကြတာ ဖြစ်ပါတယ်။

“ကျနော်တို့ကိုဆို သတ်တောင် သတ်ချင်ကြမလား မသိဘူး၊ လုံခြုံရေးဆို လူတွေက သိပ်မုန်းနေတယ်” လို့ ဝမ်ပေါင် ကုမ္ပဏီမှာ တလ ကျပ် ၈၀၀၀၀ ကျော်နဲ့ လုံခြုံရေး ဝင်လုပ်နေသူ ကိုထွန်းထွန်းဝင်းက ပြောပါတယ်။

စီမံကိန်းကြီး ဖြစ်မြောက်ပါစေ၊ ရွာပျက်ပါစေဆိုတဲ့ စေတနာမရှိဘဲ ဆင်းရဲလို့၊ ထွန်ယက်စရာမရှိလို့ ရွာသစ်ကို ပြောင်းလာတာလို့ ကိုထွန်းထွန်းဝင်းက ရှင်းပြတယ်။ ရွာသစ်ပြောင်းလာသူ အများစုဟာ ရွာဟောင်းမှာ မြေပိုင်မရှိဘဲ မိဘအိမ်မှာ ကပ်ပြီးနေသူ အများစု ဖြစ်တယ်လို့ သိရတယ်။

စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ဆောက်ထားပေးတာတော့ ကျေနပ်ပါတယ်လို့ ကိုထွန်းထွန်းဝင်းက ပြောပါတယ်။ ရွာသစ်က လူတွေမှာ ယောက်ျားက လုံခြုံရေး၊ မိန်းမက ထမင်းချက်၊ သန့်ရှင်းရေး အစရှိသဖြင့် ဝမ်ပေါင်မှာ ဝန်ထမ်းဝင်လုပ်ပြီး ဝမ်းရေး ဖြေရှင်းကြပါတယ်။

ဘာပဲပြောပြော ဒီဒေသခံ ဖြစ်တာမို့ လက်ပံတောင်းတောင်ကို သံယောဇဉ်ရှိပြီး ရွာဟောင်းသားတွေကို ထိခိုက်မယ် ဆိုရင်တော့ ရွာသားတွေနဲ့ ပူးပေါင်းမယ်လို့ ရွာသစ်သားတွေက ပြောပါတယ်။ စီမံကိန်း ရပ်သွားရင်လည်း အလုပ်ပြုတ်မှာ မကြောက်ဘူး၊ မုံရွာမှာ ကုန်ထမ်းမယ်လို့ ကိုထွန်းထွန်းဝင်းက ဆိုပါတယ်။ ရွာသစ်က မြေတွေကလည်း ပိုင်ဆိုင်ကြောင်း အထောက်အထား ပေးထားပေမယ့် လက်လွှဲရောင်းချခွင့် မရှိပါဘူး။

ဝက်မှေး မတိုင်ခင် စီမံကိန်းဒဏ်ကို ခါးစည်းခံရတဲ့ ကံကုန်းရွာသားတွေကတော့ စာနာစိတ်နဲ့ ဝက်မှေးကို ကူညီကြတာ တွေ့ရတယ်။ ဝက်မှေး လှုပ်ရှားမှုတွေကလည်း ကံကုန်းရွာကို နမူနာယူပြီး လှုပ်ရှားကြတာလို့ သိရတယ်။

“ဟိုတခါ (သမ္မတရုံး ဝန်ကြီး) ဦးအောင်မင်းလာတော့ မေးတယ်လေ၊ စီမံကိန်းက ဘာတွေ ဆိုးကျိုးဖြစ်စေမှာလဲ၊ သက်သေပြ ဆိုတော့ သွဲ့သွဲ့ဝင်းက ကံကုန်းရွာကလူတွေ စီမံကိန်းကြောင့် မွဲတေပြီး ကလေက၀ ဘ၀ ရောက်ရတဲ့ အကြောင်းကို ပြန်ပြောပြလိုက်တယ်” လို့ လက်ပံတောင်းတောင် စီမံကိန်းစုံစမ်းရေး ကော်မရှင်မှာပါတဲ့ ကံကုန်းရွာသား ဦးဗိုလ်သန်းက ပြောပါတယ်။

ကံကုန်းရွာကတော့ မပွင့်လင်းသေးတဲ့ ခေတ်မှာ မြေယာ ဧက ၅၄၄၈ အသိမ်း ခံလိုက်ရပြီး လျော်ကြေးငွေ တပြားတချပ်မှ မရဘဲ ဒုက္ခတွေကို စည်းခံခဲ့ရတဲ့ ရွာဖြစ်ပါတယ်။ အခုအချိန်မှာလည်း စီမံကိန်းမှာ အသုံးပြုဖို့ ဆိုပြီး ရွာထိပ်မှာ တည်ထားတဲ့ အက်စစ် စက်ရုံကြောင့် ရွာသားတွေ မူးဝေ၊ အော့အန်၊ သားပျက်၊ ဦးနှောက် အမှေးရောင် စတဲ့ ရောဂါတွေ ခံစားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စက်ရုံက ထုတ်လိုက်တဲ့ အငွေ့တွေကြောင့် မျက်လုံးကွယ်သွားရတယ်ဆိုတဲ့ ကလေးမလေးရဲ့ မိခင်ဖြစ်သူ မရွှေက “ကျမကတော့ ဘယ်သူလာလာ ကျမသမီး အခုလို ဘဝရောက်ရတာ၊ ဒုက္ခိတဖြစ်တာက စက်ရုံက အငွေ့တွေကြောင့်လို့ အမြဲပြောတယ်။ သမီးလေးက မွေးလာတုန်းက အကောင်းလေးပါ၊ ၁၁ နှစ် အရွယ်မှာ ခေါင်းကိုက်တယ်ဆိုလို့ ဆေးရုံပြရတယ်၊ ဦးနှောက်ခွဲရတယ်၊ ဒီစက်ရုံကြောင့်လို့ မသိပါဘူး။ နောက်ပိုင်းတော့ ကလေးက စက်ရုံလည်တဲ့ အခါများဆို မျက်စိမမြင်ရဘဲ စက်ရုံမလည်တော့တဲ့ အချိန် ပြန်လင်းလာတယ်။ ဒီနှစ် စက်တင်ဘာ ၁၃ ရက်မှာ စက်ရုံကထုတ်တဲ့ အငွေ့ကြောင့် ကျမသမီး မျက်လုံးကွယ်သွားပြီ” လို့ ပြောပါတယ်။

မရွှေရဲ့ သမီးလိုပဲ ရောဂါတူ ကလေး ၂ ဦး ရွာထဲမှာ ရှိနေပြီး စက်ရုံနားမှာနေတဲ့ ကလေး ၂ ဦးကတော့ သေဆုံးသွားပြီလို့ သိရတယ်။

“ကျမတို့ မျိုးရိုးမှာလည်း မရှိဘူး၊ အရင်တုန်းကလည်း မကြားဖူးဘူး၊ ဒီစက်ရုံတည်မှ ဒီလိုတွေ ဖြစ်နေတာ” လို့ ကလေးမိခင် တဦးဖြစ်တဲ့ မနီလာက ပြောပါတယ်။ မနီလာရဲ့သား အသက် ၈ နှစ်အရွယ် ကလေးက ဦးနှောက်အမှေးယောင်ပြီး ခြေလက်တွေ မသန်စွမ်း ဖြစ်နေပါတယ်။

အဲဒီရောဂါ လက္ခဏာတွေက စက်ရုံနား ရွာအရှေ့ပိုင်းက အိမ်တွေမှာ ပိုအဖြစ်များတာ တွေ့ရပါတယ်။ အဲဒီစက်ရုံက စီမံကိန်းမှာ အက်စစ်လိုတဲ့အချိန် လည်ပြီး ညဘက်လည်း မနားပါဘူး။ အခုတလောမှာ မီဒီယာတွေက မေးတာမြန်းတာ များလာလို့ စက်ရုံ ရပ်ထားပါတယ်။ စက်ရုံလည်တဲ့အချိန် ထွက်လာတဲ့ အနံ့က စိမ်းရွှေစူးရှပြီး အငွေ့တွေ ထွက်လာရင် သစ်ရွက်တွေ ညှိုးခြောက်ကုန်တယ်လို့ ရွာသားတွေက ရှင်းပြပါတယ်။ ဒီလို ဖြစ်ရပ်တွေ ခံစားခဲ့တဲ့ ကံကုန်းရွာကတော့ စီမံကိန်းကို လုံး၀ ရပ်စေချင်နေပါတယ်။

စံပယ်တောင် ပျောက်သွားပေမယ့် လက်တွေ့အကျိုးထူးတာ ဘာမှ မရှိဘဲ ဒုက္ခတွေချည်း ခါးစည်းခံခဲ့ရတဲ့ အကြောင်း၊ မြေယာလက်မဲ့ ဖြစ်သွားတဲ့ တောင်သူတွေက တာမခန်၊ အုန်းချော၊ ဖားကန် အရပ်ရပ်မှာ ပြန့်နှံ့နေပြီး တဝမ်းတခါး အတွက် ပင်ပင်ပန်းပန်း ရှာစား နေရတဲ့အကြောင်း၊ ကျောက်ထု စခန်းတွေမှာ ရဲဘက်ထောင်ကျတွေလို လုပ်စားရပြီး သေတဲ့သူတွေလည်း သေ၊ တချို့ မိသားစုတွေ ကစဉ့်ကလျားဖြစ် အခြေပျက်တာတွေ အများကြီးဖြစ်ခဲ့တဲ့ အကြောင်း ဦးဗိုလ်သန်းက ပြောပါတယ်။

“နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးဆိုရင် ဒီ ၂၆ ရွာရယ်၊ ၄ ရွာရယ်က သန်း ၆၀ ကို ကိုယ်စားပြုမယ် ဆိုရင် ဒီလူတွေကို ဘယ်လို အကူအညီတွေ ပေးမှာလဲ။ မြေနေရာ အစားထိုး ဘယ်မှာပေးမှာလဲ။ ရွာသားတွေကလည်း ဒီမြေက မခွာချင်ဘူး၊ အစားထိုပေးတဲ့ ယာမြေက မိုင် ၁၀၀ လောက် အဝေးမှာ ပြန်ပေးမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီလိုမျိုး အဆက်ဆက်က ဆိုးမွေတွေကို လက်ခံမယ်ဆိုရင် အစိုးရဟာ ပြည်သူပြည်သားအပေါ်မှာ ဘယ်တော့မှ ငဲ့ညှာတာမျိုး မရှိဘူးလို့ ပြောရမယ်။ ငဲ့ညှာရင်တော့ စီမံကိန်းကို မလုပ်သင့်ပါဘူး။ သန်း ၆၀ အတွက် ဒီအနီးအနားက လူပေါင်း လေး၊ ငါး၊ ရှစ်သောင်းက ခါးစည်း ခံရမှာလား၊ ဓားစာခံ ဖြစ်ရတော့မှာလား၊ တိုင်းပြည်ကကော ဘယ်လောက် အကျိုးရှိမှာလဲ၊ တိုင်းပြည် အကျိုးအတွက် ဘာမှ မရှိဘဲနဲ့ ဒီလူတွေဘဝကို စတေးတော့မှာလားလို့ မေးရတော့မယ်။ နိုင်ငံခြားကလာတဲ့ ကုမ္ပဏီဆိုတော့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ညီရင် ရွာက လက်ခံရင် လက်ခံလိမ့်မယ်၊ လူတွေ အမှီသဟဲ ပြုနေတဲ့ ရေမြေတောတောင်တွေ ပျောက်ပျက် မွဲတေတဲ့ ကလေက၀ အဆင့်ကိုတော့ မရောက်စေချင်ဘူး” လို့ သူက ဆိုတယ်။

အာဏာရှင် လက်အောက်မှာ နေခဲ့ရလို့ အပေးအယူ လုပ်ရာမှာ အားနည်းတယ်လို့ မုံရွာသောင် ဆိပ်ကမ်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ သူဦးဆောင်ပြီး ကျင့်ကြံမယ့် အပေးအယူနည်းနဲ့ ဖြေရှင်းရေးက ဒီ လက်ပံတောင်းတောင် ကိစ္စမှာ ဈေးဦးပေါက်ပဲ၊ ရွာသားတွေ ဆန္ဒရှိတဲ့ စီမံကိန်း ရပ်ဆိုင်းဖို့ကိုတော့ သူ့အနေနဲ့ လုပ်ပေးနိုင်တဲ့ အနေအထားမှာ ရှိမနေဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းရှင်းလင်းလင်း ပြောထားခဲ့တာပါ။

စုံစမ်းရေး ကော်မရှင်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထွက်လာမယ့် အစီအရင်ခံစာကတော့ နှစ်သစ်ကူးမှာ လက်ပံတောင်း ဒေသခံတွေအတွက် ပျော်စရာဖြစ်မလား၊ မျက်ရည်တွေပဲ ဖြစ်လာမလား ဆိုတာကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

Loading