• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (နိဂုံး)

by ထက်အောင်ကျော်
8 December 2012
in ဆောင်းပါး
A A
img_5252
img_5253
img_5261
img_5295
img_5297
7.7k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


ကြွေလွင့်သွားသော ကြယ်ပွင့်များ

RelatedPosts

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
1.8k
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
185
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
295

လူဆိုတာ သေနေ့ရောက်ရင်၊ သေကံစေ့ရင် သေရမှာဖြစ်တယ်လို့ ဆိုကြပေမယ့်နှစ် ၆၀ ကျော် ပြည်တွင်းစစ် ကာလအတွင်း သေဆုံးသွားသူ အားလုံးဟာ သေနေ့ရောက်လို့၊ သေကံစေ့လို့ သေသွားသူတွေချည်းတော့ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ အလားတူပဲ ၈ လေးလုံး အရေးတော်ပုံကာလအတွင်း ကျဆုံးသွားတဲ့ ထောင်နဲ့ချီရှိတဲ့ ကျောင်းသားကျောင်းသူ၊ ရဟန်းရှင်လူတွေ၊ နောက်တခါ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ ကျဆုံးသွားသူတွေဟာလည်း သေကံရောက်လို့ သေသွားသူတွေချည်း မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ဒါဆိုရင် လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလအတွင်း လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရင်းနဲ့ တောတောင်တွေကြားမှာ လူမသိသူမသိနဲ့ ကျဆုံးသွားကျတဲ့ လုပ်ဖော်ကိုင်ဖက် “ရဲဘော်သူငယ်ချင်း” တွေကိုရော သေကံရောက်လို့ သေသွားသူတွေလို့ ကျနော်တို့ ဘယ်ပြောလို့ဖြစ်ပါ့မလဲ။

ABSDF ဗဟို (absdf.com) စစ်ရုံးချုပ်က ထုတ်ပြန်ထားတဲ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ တရားဝင် စာရင်းဇယားတွေအရ နှစ် ၂၀ ကျော် ကာလအတွင်း ကျဆုံး၊ သေဆုံး၊ ထိခိုက် ဒဏ်ရာရ ကျောင်းသားဦးရေဟာ ၁၀၂၄ ဦး ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာ တိုက်ပွဲအတွင်း ကျဆုံးသူ ၃၅၃ ဦး၊ ငှက်ဖျားအပါဝင် ရောဂါမျိုးစုံနဲ့ သေဆုံးသူ ၂၇၂ ဦး၊ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူ ၃၉၉ ဦးရှှိပါတယ်။ ABSDF ဟာ အခုချိန်အထိ လက်နက်ကိုင် တိုက်ပွဲဝင်နေဆဲဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာရစာရင်း ထပ်တိုးနိုင်သေးတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ အထူးသဖြင့် လက်ရှိအစိုးရကို လက်နက်ကိုင် တိုက်နေဆဲဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့အတူ ကျောင်းသားတပ်မတော် – မြောက်ပိုင်း (ABSDF-NB) တပ်တွေဟာ စစ်အစိုးရတဖြစ်လဲ အရပ်သားအစိုးရ တပ်တွေကို ခုခံတော်လှန်နေဆဲ ဖြစ်ပါတယ်။

ABSDF တခုလုံးရဲ့ ကျဆုံး၊ သေဆုံး၊ ဒဏ်ရာရစာရင်းထဲကနေ ကျနော်သိတဲ့၊ ကျနော်ကိုယ်တိုင် ပါဝင်ခဲ့ဖူးတဲ့ အမှတ် ၂၀၁ တပ်ရင်း မင်းသမီးစခန်းနဲ့ အိမ်နီးချင်း ၂၀၃ တပ်ရင်းက အကျဆုံးစာရင်း တချို့ကို ဒီနေရာမှာ တင်ပြချင်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ၂၀၁ တပ်ရင်း မင်းသမီးစခန်းမှ ရဲဘော်ဟောင်းတွေ ထုတ်ပြန်ထားတဲ့ “ကြွေလွင့်သွားသော ကြယ်ပွင့်များ” မှတ်တမ်းစာအုပ်ငယ်အရ ၁၉၈၈ ကနေ ၁၉၉၇ မင်းသမီးစခန်း ခွာစစ်ပြီးချိန်အထိ ကျဆုံး၊ သေဆုံးဦးရေ ၈၁ ဦးရှိပါတယ်။ ဒါဟာ တပ်ဖွဲ့ဝင်အား ၃၀၀ ကျော်ရှိခဲ့ဖူးတဲ့ ၂၀၁ တပ်ရင်း မင်းသမီးစခန်း တခုတည်းရဲ့ ကျဆုံးစာရင်း ဖြစ်ပါတယ်။

အဲဒီထဲမှာ တော်လှန်ရေးအစောပိုင်း ကာလအတွင်း လုပ်ကြံသတ်ဖြတ်ခံရသလိုလိုနဲ့ ပျောက်ဆုံး သွားသူ ၈ ဦး၊ ငှက်ဖျားအပါအဝင် ရောဂါပေါင်းစုံနဲ့ သေဆုံးသူ ၁၀ ဦး၊ ရေနစ်သေဆုံးသူ ၂ ဦး၊ ကိုယ့်ကိုယ်ကိုယ် လုပ်ကြံသူ ၂ ဦးကလွဲရင် ကျန် ၅၉ ဦးစလုံးဟာ တိုက်ပွဲအတွင်း ကျဆုံးသူနဲ့ ရှေ့တန်းနယ်မြေအတွင်း တဖက်ရန်သူရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရသူတွေ ဖြစ်ပါတယ်။ လူဦးရေ ၃၀၀ ကျော်ရှိတဲ့ တပ်ရင်းတခုမှာ ကျဆုံး၊ သေဆုံးဦးရေ ၈၁ ဦးဆိုတာဟာ ABSDF တပ်ရင်းတွေထဲ အကျအဆုံးအများဆုံး တပ်ရင်းလို့တောင် ပြောနိုင်မယ် ထင်ပါတယ်။

ကိုတင်လေး၊ ကိုမြင့်သိန်းနဲ့ ထူးဆန်းစွာ ပျောက်ဆုံးသွားသူများ

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ဆောင်းပါးအစ ပထမဆုံးအခန်းမှာ ဖော်ပြပါရှိခဲ့တဲ့အတိုင်း ထားဝယ်ကောလိပ်နဲ့ မော်လမြိုင်တက္ကသိုလ်တွေမှာ ၅ နှစ်နီးပါး ကျနော်နဲ့အတူ ကျောင်းတက်ခဲ့သူ၊ အားကစား အတူတူလုပ်ခဲ့ဲ့သူ၊ မီတာ ၄၀၀ အပြေးနဲ့ ရေကူးချန်ပီယံဖြစ်ခဲ့သူ၊ ရုက္ခဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုတင်လေး။ ၈ လေးလုံးကာလအတွင်း ထားဝယ် တနယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး ကျနော်တို့နဲ့ အတူတူ တောခိုလာခဲ့သူ ကိုတင်လေး။ သီဘောဘိုးစခန်းမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ABSDF ဖွဲ့စည်းရေး အစည်းဝေးဆီ မင်းသမီးခစန်း ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ ကိုတင်လေး။ ထားဝယ် ကျောင်းသားတွေတင်မက မင်းသမီးစခန်းရောက် ကျောင်းသားအားလုံးနဲ့ ဗဟိုဖက်က ကျောင်းသားတွေကပါ လေးစားခဲ့တဲ့ ကိုတင်လေးဟာ တောထဲရောက်ပြီး သိပ်မကြာခင် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ထူးဆန်းစွာ ပျောက်ဆုံးသွားပါတယ်။

ထားဝယ်မြို့ ပုံကျွန်းရပ်နေ ကိုတင်လေးနဲ့အတူ ပျောက်ဆုံးသွားသူ တခြား ၂ ဦးကတော့ ဇရစ်ရပ်နေ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) နောက်ဆုံးနှစ် ကျောင်းသား ကိုအောင်မိုးမြတ်နဲ့ ကညုံရပ်နေ စိတ်ပညာ ဒုတိယနှစ် (ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ) ကျောင်းသား ကိုကျော်အောင်တို့ ဖြစ်တယ်လို့ မင်းသမီးစခန်း ရဲဘော်ဟောင်းတွေ ထုတ်ပြန်တဲ့ “ကြွေလွင့်သွားသော ကြယ်ပွင့်များ” စာအုပ်မှာ ဖော်ပြထားပါတယ်။ ပျောက်ဆုံးတဲ့နေရာဟာ KUN တပ်မဟာ ၄ ဌာနချုပ်၊ မြိတ်-ထားဝယ်ခရိုင်ရုံးနဲ့ ထိုင်းနိုင်ငံ ကန်ချနပူရီမြို့ဆီအသွား လမ်းပေါ်မှာ ဖြစ်တယ်လို့ အဲဒီစာအုပ်ငယ်ထဲမှာ အသေးစိတ်နီးပါး ဖော်ပြထားပါတယ်။

၁၉၇၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် ဈာပနအခမ်းအနားမှာ ပါဝင်မှုနဲ့ ဆေးတက္ကသိုလ်ကနေ ကျောင်းထုတ်ခံရသူ၊ ထောင်ချခံရသူ၊ ပြီးတဲ့နောက် ကျောင်းဆက်တက်ခွင့် မရတော့တဲ့အတွက် စာပေးစာယူနဲ့ ဥပဒေဘွဲ့ရအောင် ကြိုးစားခဲ့သူ၊ ထားဝယ် တနယ်လုံးဆိုင်ရာ ဒီမိုကရေစီ တပ်ဦး အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ရှေ့နေသမဂ္ဂမှ ကိုမြင့်သိန်းကတော့ ၁၉၈၉ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အလားတူ ထူးဆန်းစွာ ပျောက်ဆုံးသွားတယ်လို့ အဲဒီစာအုပ်ငယ်က ဆိုပါတယ်။ ထားဝယ်မြို့ ဦးကျော်ရင် (မီးပုံးပျံ) လမ်းနေ ကိုမြင့်သိန်းနဲ့အတူ ပျောက်ဆုံးသွားတဲ့ တခြား ၂ ဦးကတော့ ဦးကျော်ရင်လမ်းနေ ဒုတိယနှစ် အရှေ့တိုင်းပညာ (ရန်ကုန်တက္ကသိုလ်) မှ ကိုစိုးစိုးနဲ့ ဇရစ်ရပ်နေ ဒုတိယနှစ် ဓာတုဗေဒ (ထားဝယ်ကောလိပ်) မှ ကိုစိုးအောင်ခင်တို့ ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေရာကတော့ တနင်္သာရီမြစ်နံဘေး ဆင်ဖြူတိုင်ရွာ ဝန်းကျင်မှာ ဖြစ်တယ်လို့ အဲဒီစာအုပ်ငယ်မှာ ဖော်ပြထားပါတယ်။

ABSDF ဗဟိုပြန်ကြားရေးအဖွဲ့ဝင်၊ ဝရဇိန်စာစောင် အဖွဲ့ဝင်အဖြစ်နဲ့ ဘန်ကောက်နဲ့ မင်းသမီး စခန်းအကြား အဝင်အထွက် လုပ်နေရင်းနဲ့ ပျောက်ဆုံးသွားသူ တဦးကတော့ ရန်ကုန်သား ကိုထွန်းထွန်းအောင် ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက်နေ့မှာ ပျောက်ဆုံးသွားတာဖြစ်ပြီး ပျောက်တဲ့နေရာကတော့ တပ်မဟာ ၄ ဌာနချုပ် ထီးခီးနဲ့ ကျောင်းသားစခန်းရှိရာ အမရာရွာ အကြားမှာ ဖြစ်ပါတယ်။ နောက်ဆုံးတဦးဖြစ်တဲ့ ပုလောမြို့၊ စပယ်လမ်းမှ ဝင်းဇော် ခေါ် မဲတုံးကတော့ ၁၉၉၅ ခုနှစ် ဇန်နဝါရီလမှာ ပျောက်ဆုံးတာဖြစ်ပြီး နေရာကတော့ မင်းသမီးစခန်းနဲ့ ပြည်ခြားရွာဆီအသွား တနင်္သာရီမြစ်ဘေး တနေရာမှာ ဖြစ်တယ်လို့ အဲဒီစာအုပ်ငယ်မှာ ဖော်ပြထားပါတယ်။

ဒီပြဿနာတွေဖြစ်ချိန်မှာ ကျနော်ဟာ မဲဆောက်နဲ့ မာနယ်ပလောဘက် ရောက်နေပြီး KNU ဒေသ ABSDF နယ်မြေကော်မတီမှာ တာဝန်ထမ်းနေတဲ့အတွက် ဒါတွေကို အတိအကျ မသိလိုက်ပါဘူး။ အကြမ်းအားဖြင့်ကတော့ အဲဒီတော်လှန်ရေး အစောပိုင်းကာလ အခြေနေတွေဟာ ရှုပ်ထွေးနေဆဲ ဖြစ်ပြီး ရဲဘော်အချင်းချင်းကြား တယောက်အကြောင်းတယောက် အသေအချာ မသိကြသေးသလို မဟာမိတ်တွေကလည်း အားလုံးကို သံသယ မျက်လုံးတွေနဲ့ စုံစမ်းနေဆဲကာလမျိုး ဖြစ်ပါတယ်။ ကျနော်တို့ စခန်းကော်မတီအဖြစ် တာဝန်ယူနေစဉ်ကာလ ၁၉၉၀ အောက်တိုဘာမှာ ဖြစ်ပွားခဲ့တဲ့ ကိုထွန်းထွန်းအောင် ပျောက်ဆုံးမှုကိုတော့ ABSDF ဗဟိုက ထုတ်ဝေတဲ့ Dawn စာစောင်ထဲအထိထည့်ပြီး ဒီအမှုကို အများသိအောင် ကျနော်တို့ ကြိုးစားခဲ့ပါတယ်။ နောက်တခါ ကျနော်တို့ မင်းသမီးခစန်းကော်မတီနဲ့ KNU မြိတ်-ထားဝယ် ခရိုင်ကော်မီတီတို့အကြား ပူးတွဲစုံစမ်းရေးကော်မရှင် တခုဖွဲ့ပြီး ဒီအမှုကို စုံစမ်းခဲ့ပါသေးတယ်။ ဒါပေမာ့် အခြေနေအမျိုးမျိုးကြောင့် အမှုမှန်ပေါ်တဲ့အထိ မဆောင်ရွက်နိုင်ခဲ့ပါဘူး။

ဒီလိုအမှုမှန်ပေါ်တဲ့အထိ မဆောင်ရွက်နိုင်ခဲ့တဲ့ ပူးတွဲစုံစမ်းရေးကော်မရှင်နဲ့ ပတ်သက်ပြီး တဆက်တည်း ထပ်ပြောရမယ်ဆိုရင် ၂၀၃ တပ်ရင်းက ရဲဘော် ၁၃ ဦး ပျောက်ဆုံးမှုကိစ္စကိုလည်း အလားတူ ကော်မရှင်ဖွဲ့ စုံစမ်းခဲ့ဖူးပါသေးတယ်။ ၂၀၃ နဲ့ ၂၀၁ ဟာ သီးခြားစီဖြစ်ပေမယ့် ၁၀၁၊ ၂၀၁ နဲ့ ၂၀၃ တပ်ရင်း ၃ ခုပေါ်မှာ ဗလဖ ခေါ် ဗဟိုအလုပ်အဖွဲ့ (တောင်ပိုင်း) မှာ ကျနော်ပါတဲ့အတွက် အဲဒီစုံစမ်းရေးအဖွဲ့ထဲ ပါဝင်ခဲ့ဖူးပါတယ်။

ကျနော် မှတ်မိသလောက်ဆိုရင် ABSDF ဗလဖ မှ အဖွဲ့ခေါင်းဆောင်အဖြစ် ကိုမျိုးဝင်း၊ အဖွဲ့ဝင်တွေအဖြစ် ကိုသိန်းဆောင်၊ ကိုသောင်းထွန်းနဲ့ ကျနော်တို့ ၄ ဦးပါဝင်ပါတယ်။ KNU ဖက်ကတော့ ခရိုင်အတွင်းရေးမှူး ပဒိုနီးနီးနဲ့ ၃ ဦးပါဝင်ပါတယ်။ တပ်မဟာ ၄ ဌာနချုပ် ထီးခီးရုံးမှာ အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီးတဲ့နောက် အခင်းဖြစ်တဲ့ နေရာအထိ သွားရောက်စုံစမ်းဖို့ဆိုပြီး ကျနော်တို့ ကော်မရှင်အဖွဲ့တွေ တနင်္သာရီ မြစ်အတိုင်း ၂ ရက်ကျော် ၃ ရက်လောက် လှေစီးရတဲ့ ကော့မပြင်းရွာအနီးအထိ ရောက်လာပါတယ်။ ကော့မပြင်း အပေါ်နားရှိ တနင်္သာရီမြစ်ဘေးက တဲတလုံးမှာ စခန်းချရင်းနဲ့ သရာဘွင်ချောင်းဖျား၊ ပ၀ ချောင်းဖျားဆီတက်ဖို့၊ အဲဒီကတဆင့် အခင်းဖြစ်တဲ့ တနင်္သာရီမြို့နယ် ကဝက်ရွာအနီးအထိသွားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မိုးအရမ်းရွာနေပြီး ရေကြီးနေတဲ့အတွက် ခရီးစဉ်အထမမြောက်ဘဲ ပြန်လာခဲ့ရပါတယ်။

ရာသီဥတု ကောင်းတဲ့အချိန်မှာ ပြန်သွားတဲ့ နောက်တကြိမ် ခရီးစဉ်မှာတော့ ကျနော်တာဝန်နဲ့ ခရီးလွန်နေလို့ မပါတော့ပါဘူး။ အဲဒီခရီးစဉ်မှာ ကိုသိန်းဆောင်က အဖွဲ့ခေါင်းဆောင်၊ ကိုသောင်းထွန်းနဲ့ တခြားတဦး ပါဝင်တယ်လို့ သိရပါတယ်။ အခင်းဖြစ်တဲ့နေရာအထိ သွားရောက်စုံစမ်းခဲ့ပေမယ့် ဘာမှ အတိအကျ သိခွင့်မရခဲ့၊ သက်သေ အထောက်ထားလည်း ဘာမှမရခဲ့တဲ့အတွက် အဖြေထွက်တဲ့အထိ မဆောင်ရွက်နိုင်ခဲ့ဘူးလို့ အဲဒီကော်မရှင်မှာ ပါဝင်သူတွေက ပြောပါတယ်။

၂၀၃ တပ်ရင်းကနေ ထူးဆန်းစွာ ပျောက်ဆုံးသွားသူ ၁၃ ဦးကတော့ တပ်ကြပ်ကြီး ဘဦး၊ တပ်ကြပ်ကြီး အောင်ဘု၊ ဆက်သွယ်ရေး တပ်သား ဗလကြီး၊ တပ်သားတွေဖြစ်တဲ့ အောင်ဝင်း၊ မြင့်လွင်၊ ငါးခူ၊ ကြည်ငွေ၊ ခင်အေး၊ ဝင်းကျော်၊ အောင်ဌေး၊ ခင်ကျော်၊ တင်သိန်းနဲ့ ကျော်ညွန့်တို့ ဖြစ်တယ်လို့ ABSDF ဗဟိုက ထုတ်ပြန်တဲ့ ကျဆုံးစာရင်းမှာ ဖော်ပြထားပါတယ်။ အခင်းဖြစ်ပွားတဲ့အချိန်က ၁၉၉၂ ခု၊ နေရာကတော့ တနင်္သာရီမြို့နယ် ကဝက်ရွာလို့ ဖေါ်ပြထားတာ တွေ့ရပါတယ်။

(တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ၅၉ ဦးနဲ့ ငှက်ဖျားအပါအဝင် ရောဂါမျိုးစုံနဲ့ ကျဆုံးသွားသူများစာရင်းကို ဆောင်းပါးအဆုံးမှာ ဖော်ပြထားပါတယ်)

အိမ်ပြန်ချိန်မှာ မိဘ မောင်နှမတွေကို ဘယ်လိုရှင်းပြရမလဲ

ဒီဖြစ်စဉ်တွေကို ပြန်ပြောနေခြင်းဟာ ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးသွားတဲ့ “ရဲဘော် သူငယ်ချင်း” တွေကို မမေ့ပျောက်စေဘဲ သမိုင်းမှတ်တမ်း တခုအနေနဲ့ အသေချာရှိနေစေဖို့ ကျနော် ရည်ရွယ်ပါတယ်။ ကျန်တဲ့ အပိုင်းကတော့ ကာယကံရှင်တွေ၊ သက်ဆိုင်ရာအဖွဲ့စည်းတွေက ဆက်လက် တာဝန်ယူရမယ့်ကိစ္စလို့ ထင်ပါတယ်။ ကျနော်တဦးတည်း အမြင်ကတော့ ဒါတွေကို ပြန်လည်ဖော်ထုတ် အရေးယူရေး ဆိုတာထက် တောင်အဖရိကနိုင်ငံမှာ လုပ်သလိုမျိုး အမှန်တရားဖော်ထုတ်ရေး ကော်မရှင်တခုဖွဲ့ပြီး အားလုံး အမှန်တိုင်းပြောကြဖို့၊ သမိုင်းမှတ်တမ်း တခုအနေနဲ့ ထိမ်းသိမ်းထားတာမျိုးကို ပိုလိုချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုဆိုရင် ABSDF ဥက္ကဌဟောင်း ၃ ဦးတောင် ပြည်တော်ပြန်ပြီးတဲ့ အခြေနေအထိ ရောက်နေပြီဆိုတော့ ဒီဖြစ်စဉ်တွေကို တနေ့မဟုတ်တနေ့ အနှေးနဲ့အမြန် ကျနော်တို့ ထုတ်ပြောရမှာပဲ ဖြစ်ပါတယ်။

ဥက္ကဌဟောင်း ၃ ဦးရဲ့အိမ်ပြန်ခြင်းဟာ တောခိုကာစက ကျနော်တို့ မျှော်လင့်ထားသလို အိမ်ပြန်ခြင်းမျိုး မဟုတ်သေးပေမယ့်လည်း အခြေနေအရ ဒါမျိုးပြန်ရတာကို အပြစ်ပြောဖို့ ခက်ပါတယ်။ လွန်ခဲ့တဲ့ အချိန်တွေတုန်းကတော့ ဒါတွေကို ထုတ်ပြောလိုက်ရင် ဘုံရန်သူ စစ်အစိုးရအကြိုက်ဖြစ်ပြီး ကျနော်တို့ တော်လှန်ရေးအင်အားစုတွေကြား အချင်းချင်း ပဋိပက္ခပိုကြီးလာမလားလို့ စိုးရိမ်ရင်းနဲ့ မြိုသိပ်ထားခဲ့ရတယ်လို့ ကျနော် နားလည်ခဲ့ပါတယ်။ ဒီကိစ္စတွေကို တချိန်ချိန်မှာ ထုတ်ပြောရမှာ ဖြစ်တယ်ဆိုတာကိုတော့ တောခိုကျောင်းသားတိုင်းက ခံယူထားပြီး ထုတ်ပြောသင့်တဲ့အချိန်၊ ထုတ်ပြောပုံပြောနည်းပေါ်မှာပဲ အမြင်နည်းနည်း ကွဲနေတာဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။

ဒီကိစ္စဟာ ABSDF ဗဟိုမှာ တာဝန်ရှိသလို သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေ တာဝန်ခံတွေ၊ စခန်းတာဝန်ခံတွေ၊ အဲဒီစခန်းတွေဆီ တောခိုတုန်းက အတူတူထွက်လာခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသား ရဲဘော်ရဲဘက်တွေ၊ ရဲဘော်ဟောင်းတွေ တဦးချင်းစီမှာလည်း ဒီတာဝန်တွေရှိနေတယ်လို့ ကျနော် မြင်ပါတယ်။ ဥက္ကဌဟောင်း ၃ ဦး ပြည်တော်ပြန်ချိန်မှာ လူဦးရေ ၁၀၀၀ ကျော်ရှိတဲ့ ဒီ ကျဆုံး၊ သေဆုံး ကိစ္စတွေကို သူတို့ ရှင်းပြတာ မကြားမိဘဲ မြောက်ပိုင်းက အမှုနဲ့ပဲ လုံးခြာလည်နေတာကိုသာ တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဥက္ကဌဟောင်းတွေနဲ့အတူ ပါသွားတဲ့ အမေရိကန်ရောက် တောခိုကျောင်းသားဟောင်း တဦးကတော့ သားပျောက်၊ သမီးပျောက် မိခင်တွေက လာမေးတဲ့အတွက် ABSDF ကျဆုံး၊ သေဆုံး စာရင်းနဲ့ နိုင်ငံခြားရောက် တောခိုကျောင်းသားတွေ အခြေအနေကို သူကြိုးစားပြီး အကျဉ်းရုံး ရှင်းပြခဲ့ရတယ်လို့ ပြောပါတယ်။ အသေးစိတ်ကို ထပ်ရှင်းပြနိုင်ဖို့ ကြိုးစားရလိမ့်မယ်။ ကျဆုံး၊ သေဆုံး ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို သူတို့သားသမီး ကျဆုံးပုံအကြောင်း အသေချာရှင်းပြဖို့၊ တရားဝင် ကောင်းမှုကုသိုလ်ပြု၊ အမျှဝေ အခမ်းအနားတွေ ကျင်းပနိုင်ဖို့၊ နောက်တခါ မိသားစုတွေကို အားပေးစကားပြောဖို့ လိုနေတယ်လို့ အဲဒီကျောင်းသားက ကျနော်အပါဝင် ABSDF တပ်ဖွဲ့ဝင်ဟောင်းတွေကို ပြန်ပြောပြခဲ့ပါတယ်။

သူပြောသွားတဲ့ အတိုင်းပါပဲ။ ကျနော်ကိုယ်တိုင်လည်း ကိုတင်လေးရဲ့ မိဘတွေအပါဝင် ထားဝယ်နယ်က ကျဆုံး၊ ပျောက်ဆုံး ရဲဘော်တွေအတွက် သူတို့မိဘဆွေမျိုးတွေကို ဘယ်လိုရှင်းပြရမှန်း မသိသေးပါ။ ဒါပေမယ့် တနေ့မှာတော့ ဒါတွေကို မလွဲမသွေ ရှင်းပြရမှာ သေချာပါတယ်။ အဲဒီတနေ့ဟာ သိပ်မကြာတော့ဘူးလို့ ထင်ရပေမယ့် ဘယ်နေ့ အိမ်ပြန်နိုင်မလဲ၊ ဘယ်လိုပုံစံနဲ့ ပြန်ခွင့်ရမလဲ ဆိုတာကိုတော့ ကျနော်ကိုယ်တိုင်လည်း မသိသေးပါ။ ဒါကြောင့် လောလောဆယ် ကျနော်တို့ အိမ်မပြန်နိုင်သေးခင်၊ ဘာမှ တရားဝင် ရှင်းမပြနိုင်သေးခင်မှာတော့ ကျနော်တို့ တောခိုခါစက အလွန်နည်မည်ကြီးခဲ့တဲ့ တော်လှန်ရေးသီချင်းတပုဒ်ကို စာဖတ်ပရိသတ်အားလုံး နားဆင်ရင်း ကျဆုံး၊ သေဆုံး၊ ပျောက်ဆုံး ဖြစ်သွားကြတဲ့ ကျနော်တို့ရဲ့ “ရဲဘော်သူငယ်ချင်း” အားလုံးအတွက် အမျှဝေ ဆုတောင်းပေးကြပါလို့ တိုက်တွန်းရင်းနဲ့ “သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီးစဉ်” ကို အဆုံးသတ်လိုက်ပါတယ်။

သီချင်းခေါင်းစဉ်က “အာဇာနည် သူရဲကောင်းများသို့” တဲ့ …

* ဒီမိုကရေစီ ရရှိရေးအတွက် ရှေ့တန်းတနေရာ … အသက်ပေးသွားတဲ့ သူငယ်ချင်းတို့ရယ် … ဦးညွတ်လျှက် ဂုဏ်ပြုလိုက်ပါတယ်။
* အာဏာရှင်ကို အမြစ်ဖြုတ်ဖို့ တိုက်ပွဲဝင်ကာ … ကျဆုံးသွားတဲ့ သူငယ်ချင်းတို့ရယ် … အကြွေစောလို့ နှမျှောမိပါတယ်။
# (ဒီမိုကရေစီ တို့များရလို့ အိမ်ရာမြေကို ပြန်ကြတဲ့အခါ … ဆီးကြိုနေမယ့် မင်းတို့မိဘ မောင်နှမတွေ) … တို့များဘယ်လို ရှင်းပြရမယ် … တို့များဘယ်လို နှစ်သိမ့်ရမယ် … တွေးရင်းနဲ့ ဝမ်းနည်း မျက်ရည်လည်။

* နိုင်ငံတော်အတွက် အသက်ပေးကာရယ် … တိုက်ပွဲဝင်တဲ့ သူငယ်ချင်းတို့ရယ် … ကောင်းရာသုဂတိ လားကြပါစေကွယ်။
* မြန်မာပြည်မှာ တို့ကျောင်းသားတွေ … အောင်လံထူကာ ဂုဏ်လွှင့်ခဲ့တဲ့ သူငယ်ချင်းတို့ရယ် … ကောင်းမှုအားလုံး အမျှပေးဝေပါတယ်။

# (ဒီမိုကရေစီ တို့များရလို့ အိမ်ရာမြေကို ပြန်ကြတဲ့အခါ … ဆီးကြိုနေမယ့် မင်းတို့မိဘ မောင်နှမတွေ) … တို့များဘယ်လို ရှင်းပြရမယ် … တို့များဘယ်လို နှစ်သိမ့်ရမယ် … တွေးရင်းနဲ့ ဝမ်းနည်း မျက်ရည်လည်။

*****

နောက်ဆက်တွဲ

တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ၅၉ ဦး

၁၉၈၈ ကနေ ၁၉၉၇ အထိ ၁၀ နှစ်တာကာလအတွင်း စစ်မြေပြင်မှာ ကျဆုံးသွားသူ မင်းသမီး စခန်း အမှတ် ၂၀၁ တပ်ရင်းမှ ၅ ဦးစာရင်းကို တာဝန်ယူမှုအလိုက် တန်းစီ ပြောရမယ်ဆိုရင် တပ်ရင်းမှူး ကိုဇော်သန်း (ထားဝယ်မြို့၊ တလိုင်းမရပ်ကွက်၊ မင်္ဂလာလမ်း။ ဒုတိယနှစ် ဓာတုဗေဒ၊ ထားဝယ် ကောလိပ်)။ ကျဆုံးချိန်က ၁၉၉၇ အောက်တိုဘာ ၂၅ ရက်နေ့ဖြစ်ပြီး နေရာကတော့ ကျွန်းစုမြို့နယ် မိုးမလင်းကျွန်းဖြစ်ပါတယ်။ ဒုရင်းမှူး ကိုမင်းဇော်သူ (ထားဝယ်မြို့၊ သင်္ဘောဆိပ်ရပ်ကွက်။ ဒုတိယနှစ် စက်မှုသိပ္ပံ၊ ကလော)။ ကျဆုံးချိန်က ၁၉၉၃ အောက်တိုဘာလ ၁၆ ရက်ဖြစ်ပြီး နေရာက ရနောင်းမြို့မှာ လုပ်ကြံခံရတာ ဖြစ်ပါတယ်။ တပ်ရေးအရာရှိ ကိုဇော်မင်း (ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ။ ဖွံ့ဖြိုးရေးသိပ္ပံ/ ဒီပလိုမာ၊ စာပေးစာယူ ဒုတိယနှစ်)။ ကိုမင်းဇော်သူနဲ့ အတူ ရနောင်းမှာ လုပ်ကြံခံရ။ တပ်ခွဲမှူး ကိုဖေသင် (ပုလောမြို့၊ အမှတ် ၅ ရပ်ကွက်။ ၁၀ တန်း)။ ကျဆုံးချိန် ၁၉၉၁ ဖြစ်ပြီး နေရာကတော့ ပုလောမြို့နယ် တန်းရှင်းရွာမှာ နဝတက ဖမ်းမိပြီးမှ အသတ်ခံရတာလို့ သိရပါတယ်။ တပ်ခွဲမှူး ကိုသိန်းမြင့်ကျော် (ရေဖြူ မြို့နယ်၊ ကံပေါက်ရွာ။ ၁၀ တန်း)။ ၁၉၉၆ သြဂုတ်လ ၂၉ ရက်နေ့။ ကျွန်းစုမြို့နယ် မိုင်းသွေးရွာမှာ နဝတက ဖမ်းမိပြီးမှ အသတ်ခံရတယ်လို့ သိရပါတယ်။

ဒု တပ်ခွဲမှူး ကိုမျိုးအောင် (ပုလောမြို့နယ်၊ တောင်ယာကမ်းရွာ။ တတိယနှစ်၊ စာပေးစာယူ)။ ၁၉၉၁ ဖေဖော်ဝါရီလ။ ပုလောမြို့နယ် တန်းရှင်ရွာတိုက်ပွဲ။ ဒု တပ်ခွဲမှူး ကိုအောင်နိုင် (ပုလောမြို့နယ်၊ တောင်ယာကမ်းရွာ။ တတိယနှစ် စက်မှုသိပ္ပံ၊ ဖားအောက်) ၁၉၉၄၊ ဇွန်လ ၂၉-ရက်။ ပုလောမြို့နယ် အ ရှေ့ကုန်းကျေးရွာတိုက်ပွဲ။ ဒု တပ်ခွဲမှူး ကိုဝင်းမြင့်လေး (ပုလောမြို့နယ်၊ တောင်ယာကမ်းရွာ။ ၉ တန်း )။ ၁၉၉၅ ဒီဇင်ဘာလ။ ကျွန်းစုမြို့နယ် စတိန်ကျွန်းတိုက်ပွဲ။ တပ်စုမှူး စောပိုလို (ပုလောမြို့ အမှတ် ၃ ရပ်ကွက်။ ၁၀ တန်း)။ ၁၉၉၇ မတ်လ။ တနင်္သာရီမြို့နယ် ကျောက်လုံးကြီးကျေးရွာ။ တပ်စုမှူး ကိုလေး (လောင်းလုံးမြို့နယ်၊ နခံတောရွာ)။ ၁၉၉၇ အောက်တိုဘာ ၁၆ ရက်။ ကျွန်းစုမြို့နယ် မိုးမလင်းကျွန်း တိုက်ပွဲ။ တပ်စုမှူး ကိုလွန်းတင် (မြိတ်မြို့၊ ဘီအိုစီရပ်ကွက်)။ ၁၉၉၂။ ပုလောမြို့နယ် လယ်ဖက် ကျေးရွာ။ တပ်ခွဲအရာခံ ကိုဇော်နိုင်အောင် (ထားဝယ်မြို့၊ တလိုင်းမရပ်ကွက်။ ဒုတိယနှစ် ဓာတုဗေဒ၊ ထားဝယ်ကောလိပ်)။ ၁၉၉၁ မတ်လ ၁၃ ရက်။ ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာတိုက်ပွဲ။ တပ်ခွဲအရာခံ ကိုတင်နိုင်ဝင်း (တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်း။ ၁၀-တန်း)။ ၁၉၉၆ ဧပြီလ။ ကျွန်းစုမြို့နယ် ကျောက်ကုန်းကျေးရွာတိုက်ပွဲ။

ဒု တပ်စုမှူး ကိုတင်ဝင်းမောင် (ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ။ ၈ တန်း)။ ၁၉၉၁။ ရေဖြူမြို့နယ် ရေပုံးကျေးရွာတိုက်ပွဲ။ ဒု တပ်စုမှူး ကိုသန်းကြည် (ပုလောမြို့နယ်၊ သင်္ကန်းတောရွာ)။ ၁၉၉၇ မေလ။ ကျွန်းစုမြို့နယ် ကပကျွန်းတိုက်ပွဲ။ တပ်စိပ်မှူး ကိုသန်းဖေ (မြိတ်မြို့၊ ကျောက်တောင်ရွာ) ၁၉၈၉။ တန သာၤရီမြို့နယ် ကျားခေါင်းရွာတိုက်ပွဲ။ တပ်စိပ်မှူး ကိုဟန်ဝင်း (ပုလောမြို့နယ်၊ မင်းပြင်ထိန်ရွာ။ ၁၀ တန်း )။ ၁၉၉၁။ ပုလောမြို့နယ် တပိုရွာတိုက်ပွဲ။ တပ်စိပ်မှူး ကိုကိုဦး ခေါ် ကံဦး (မြိတ်မြို့ ကွက်သစ် ဒီ။ ၉ တန်း )။ ၁၉၉၂။ ပုလောမြို့နယ်၊ တပိုရွာ။ တပ်စိပ်မှူး ကိုညွန့်ဝင်း (ပဲခူးတိုင်း၊ ဝေါ်မြို့နယ်၊ ညောင်ခါးရှည်ရွာ။ ၈ တန်း)။ ၁၉၉၁ ဇူလိုင် ၆ ရက်။ သရက်ချောင်းမြို့နယ် စော်ဖျားရွာတိုက်ပွဲ။ တပ်စိပ်မှူး မောင်မြင့် (မြိတ်မြို့) ၁၉၉၅ သြဂုတ်လ ၃၁ရက်။ ပုလောမြို့နယ် မြစ်ချဉ်စုရွာ။ တပ်စိပ်မှူး တိုင်းကျော် (ပုလောမြို့နယ်၊ ကျောက္ကာရွာ။ ၈ တန်း)။ ၁၉၉၃။ ပုလောမြို့နယ် လိပ်ဥသောင်ကျေးရွာတိုက်ပွဲ။ တပ်စိပ်မှူး ဌေးဝင်း ( ပုလောမြို့နယ်၊ ရှပ်ပုံရွာ)။ ၁၉၉၅ ဒီဇင်ဘာလ။ ကျွန်းစုမြို့နယ် စဒိန်ရွာတိုက်ပွဲ။ တပ်စိပ်မှူး မောင်မြင့် (၂) (ကျွန်းစုမြို့နယ်၊ ကြံ့ချောင်းရွာ)။ ၁၉၉၅ ဒီဇင်ဘာ။ ကျွန်းစုမြို့နယ် စဒိန်ရွာတိုက်ပွဲ။ တပ်စိပ်မှူး သိန်းရွေ ခေါ် ပါးမဲ (ရေဖြူမြို့နယ်၊ ကလိန်အောင်ရွာ) ၁၉၉၇ မေလ။ ကျွန်းစုမြို့နယ် ကပကျွန်းတိုက်ပွဲ။ တပ်စိပ်မှူး အေးဝင်း ခေါ် အရှည်ကြီး (ပုလောမြို့နယ်၊ တန်းရှင်းရွာ) ၁၉၉၇ မေလ။ ကျွန်းစုမြို့နယ် ကပကျွန်း တိုက်ပွဲ။ တပ်စိပ်မှူး ကိုအေးကို ခေါ် ပြားကြီး (ပုလောမြို့နယ်၊ ပလရွာ)။ ၁၉၉၃ ဇွန်လ။ မြိတ်မြို့နယ် သစ်ယာဝတိုက်ပွဲ။ တပ်စိပ်မှူး ထွန်းသိန်း ခေါ် ဘငြီး (လောင်းလုံးမြို့နယ်။ ကြက်လွတ်ရွာ) ၁၉၉၇ အောက်တိုဘာလ ၂၀ ရက်။ ကျွန်းစုမြို့နယ် မိုးမလင်းကျွန်းတိုက်ပွဲ။

ဒု တပ်စိတ်မှူး ကိုမင်းဆွေ (မြိတ်မြို့၊ ကွက်သစ် ဘီ။ ၈ တန်း)။ ၁၉၉၂။ ပုလောမြို့နယ် လိပ်ဥသောင်တိုက်ပွဲ။ ဆေးမှူး ကိုအေးဝင်း (ထားဝယ်မြို့၊ ရှမ်းမလည်ဆွဲရပ်။ ၉ တန်း)။ ၁၉၉၁ ဇူလိုင် ၆ ရက်။ သရက်ချောင်းမြို့နယ် စော်ဖျားရွာတိုက်ပွဲ။ စည်းရုံးရေးဌာနအဖွဲ့ဝင် ကိုစံသိန်း (မြိတ်မြို့) ၁၉၉၂။ ကျွန်းစုမြို့နယ် စပါးတောင်တိုက်ပွဲ။ ဆက်သွယ်ရေးမှူး ကိုသက်နောင် (မြိတ်မြို့) ၁၉၉၁ မတ်လ။ သရက် ချောင်းမြို့နယ် ကျောက်အိုင်ကျေးရွာ။ တပ်သား နေမျိုး (ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာ) ၁၉၉၂ မတ်လ။ ပုလောမြို့နယ် ကံမော်ကြီးကျေးရွာတိုက်ပွဲ။ တပ်သား သန်းဇော် (ပုလောမြို့နယ်၊ ပလရွာ။ တတိယနှစ်-သမိုင်း)။ ၁၉၉၀။ ပုလောမြို့နယ် တိုရွာတိုက်ပွဲ။ တပ်သား ဝင်းမြင့် ၁၉၉၀ စက်တင်ဘာ ၁၇ ရက်။ ပုလောမြို့နယ် ပလရွာတိုက်ပွဲ။ တပ်သားနေမျိုး ခေါ် ဖိုးနေမျိုး (ပုလောမြို့နယ်၊ မလိကျွန်း) ၁၉၉၀ သြဂုတ်လ။ ပုလောမြို့နယ် ပုလောကုန်းတိုက်ပွဲ။ တပ်သားမြင့်စိုး ခေါ် ဖွားရှင်မ (မြိတ်မြို့)။ ၁၉၉၀ အောက်တိုဘာလ။ ပုလောမြို့နယ် ကံမော်ကြီးရွာတိုက်ပွဲ။ တပ်သား ကျော်မိုးနိုင် ခေါ် မောင်ကျဲ (ပုလောမြို့နယ်၊ ကျဲရွာ)။ ၁၉၉၁ စက်တင်ဘာ ၂၃-ရက်။ ပုလောမြို့နယ် ပလရွာတိုက်ပွဲ။ တပ်သား မောင်ချို (ရေဖြူမြို့နယ်၊ ကံပေါက်ရွာ။ မဂင်ရပ်)။ ၁၉၉၀ ဇူလိုင်လ။ ရေဖြူမြို့နယ် ပုလဲဂူရွာ။ တပ်သား မောင်တိတ် (မြိတ်မြို့)။ ၁၉၉၇ အောက်တိုဘာ။ ကျွန်းစုမြို့နယ် မိုးမလင်းကျွန်းတိုက်ပွဲ။

တပ်သား မင်းစိုး ခေါ် မဲခင် (ပုလောမြို့နယ်၊ ရှပ်ပုံရွာ)။ ၁၉၉၄ စက်တင်ဘာ။ ပုလောမြို့နယ် ကံမော်ကြီးတိုက်ပွဲ။ တပ်သားဇော်လင်း (ပုလောမြို့နယ်၊ ရှပ်ပုံရွာ)။ ၁၉၉၄ စက်တင်ဘာ။ ပုလောမြို့နယ် ကံမော်ကြီးတိုက်ပွဲ။ တပ်သားရဲဝင်း (ပုလောမြို့နယ်၊ ပလရွာ)။ ၁၉၉၃။ ပုလောမြို့နယ် လိပ်ဥသောင်ရွာတိုက်ပွဲ။ တပ်သား သန်းထွန်း (ပုလောမြို့နယ်၊ ကဒဲရွာ)။ ၁၉၉၂ ဇန်နဝါရီ။ ပုလောမြို့နယ် ဆင်ထိုးကြီးရွာတိုက်ပွဲ။ တပ်သားဝင်းမောင် (ပုလောမြို့နယ်၊ ၅ မိုင်ရွာ)။ ၁၉၉၂ စက်တင်ဘာလ။ ပုလောမြို့နယ် လိပ်ဥသောင်ကျေးရွာ။ ထောက်လှမ်းရေး တပ်သား တာတီး ခေါ် စန်းမြင့် (ထားဝယ်မြို့ နယ်၊ တောင်သုံးလုံးရွာ)။ ၁၉၉၅။ သရက်ချောင်းမြို့နယ် ကျောက်အိုင်ရွာ။ ဆေးမှူး ဘမြင့် ခေါ် ဦးရင် ( ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာ)။ ၁၉၉၇ မေလ။ ကျွန်းစုမြို့နယ် ကပကျွန်းတိုက်ပွဲ။ တပ်သား အိုသောင်း (မြိတ်မြို့၊ ပြင်ဝန်းရပ်)။ ၁၉၉၀ ဇူလိုင်လ။ ရေဖြူမြို့နယ် ပုလဲဂူရွာ။ တပ်သား လှဝင်း (ကျွန်းစုမြို့နယ်၊ ကြတ်ချောင်းရွာ)။ ၁၉၉၁ ဧပြီ။ ထားဝယ်မြို့နယ် ကလက်ကြီးရွာတိုက်ပွဲ။ တပ်သား ဟန်မင်းစိုး ( မြိတ်မြို့၊ ကံဖျားရပ်)။ ၁၉၉၁။ ပုလောမြို့နယ် တန်းရှင်းရွာမှာ ခွဲမှူး ကိုဖေသင် နဲ့အတူအဖမ်းခံရ။ တပ်သား ဆန်းလွင် (ပုလောမြို့နယ်၊ ပေါင်းရွာ)။ ၁၉၉၀။ ပုလောမြို့နယ် ကျဲရွာတိုက်ပွဲ။ တပ်သား ရေခါး (ပုလောမြို့နယ်၊ မိန်းမမြို့ရွာ)။ ၁၉၉၃။ ကျွန်းစုမြို့နယ် အညင်ကျွန်းတိုက်ပွဲ။

တပ်သား အောင်လွင် (ပုလောမြို့နယ် သင်္ကန်းကျဲရွာ)။ ၁၉၉၃။ တပ်သား ဆန်းကျော် (ပု လောမြို့နယ်၊ တိုရွာ)။ ၁၉၉၃။ ထားဝယ်မြို့နယ် ကလက်ကီးတိုက်ပွဲ။ တပ်သားရွေတင် (တနသာၤရီ မြို့နယ်၊ သရဘွင်ရွာ)။ ၁၉၉၇ မေလ။ ကျွန်းစုမြို့နယ် ကပကျွန်းတိုက်ပွဲ။ တပ်သား စိုးစိုး ၁၉၉၇ မေလ။ ကျွန်းစုမြို့နယ် ကပကျွန်းတိုက်ပွဲ။ တပ်သား သီဟ ၁၉၉၇ မေလ။ ကျွန်းစုမြို့နယ် ကပကျွန်းတိုက်ပွဲ။ တပ်သားပေါ်ဦး (ပုလောမြို့နယ်၊ တန်းရှင်းရွာ)။ ၁၉၉၅။ ပုလောမြို့နယ် ကျောက်သင်္ဘောရွာမှာ ဖမ်းဆီး အသတ်ခံရ။ တပ်သား အောင်စွမ် (ပုလောမြို့နယ်၊ ရှပ်ပုံရွာ)။ ၁၉၉၅။ ပုလောမြို့နယ် ကျောက်သင်္ဘောရွာမှာ ဖမ်းဆီးအသတ်ခံရတို့ ဖြစ်ပါတယ်။

ငှက်ဖျားအပါဝင် ရောဂါမျိုးစုံနဲ့ ကျဆုံးသွားသူများ

ငှက်ဖျားအပါဝင် ရောဂါနဲ့သေဆုံးသူ ၁၀ ဦးကတော့ စခန်းကော်မတီဝင်ဟောင်း ကိုဉာဏ်စိုး (ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ။ စားပေးစာယူ ဒုတိယနှစ် သမိုင်း)။ ၁၉၉၉ ဇူလိုင်လ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆေးရုံတခုမှာ ကွယ်လွန်။ အထူးတာဝန် စောလားဒို (တံတားဖြူအနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်။ ပထမနှစ် သချာၤ၊ လှိုင်နယ်မြေ)။ ၁၉၈၉ မတ်လ ၁၃ ရက်။ ပဲဖျားရွာ သရက်ချောင်းမြို့နယ်မှာ ကွယ်လွန်။ တပ်စိပ်မှူး ဝင်းမောင် (ပုလောမြို့နယ်၊ ပြင်ဘုကြီးကျွန်း)။ ၁၉၉၇။ ဘောတီရွာ။ တပ်မဟာ ၄ နယ်မြေမှာ ကွယ်လွန်။ တပ်စိပ်မှူး မြင့်ဇော် (ပုလောမြို့၊ အမှတ် ၃ ရပ်ကွက်။ ၁၀ တန်း)။ ၁၉၉၂ အောက်တိုဘာ။ မင်းချမ်းတောင် ကျွန်းစုမြို့နယ်မှာ ကွယ်လွန်။ တပ်စိပ်မှူး အောင်ကျော်ထူး (ပုလောမြို့ နယ်၊ နန်းတောင်ရွာ)။ ၁၉၉၉ မတ်လ။ ဘန်ကောက်ဆေးရုံမှာ ကွယ်လွန်။ ဆက်သွယ်ရေး တပ်သား အောင်ဆန်း (ပုလောမြို့ အမှတ် ၂ ရက်ကွက်။ ၁၀ တန်း)။ ၁၉၉၁ နိုဝင်ဘာလ။ မင်းသမီးစခန်းဆေးရုံမှာ ကွယ်လွန်။ တပ်သား ရဲထွတ် (ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ။ ၁၀ တန်း)။ ၁၉၈၉ သြဂုတ်လ။ ထားဝယ်မြို့နယ် အိုင်ဝိုင်းရွာမှာ ကွယ်လွန်။ ကျောင်းဆရာ ကိုသက် (ရန်ကုန်။ ဒုတိယနှစ် မြန်မာစာ ရန်ကုန်တက္ကသိုလ်)။ ၁၉၉၂ ဇန်နာဝါရီ။ ဘန်ကောက်ဆေးရုံမှာ ကွယ်လွန်။ တပ်သား ဝင်းတင် (လောင်း လုံးမြို့နယ်၊ နခံတောရွာ)။ ၁၉၉၀။ ကထောင်းနီရွာ ထားဝယ်မြို့နယ်မှာ ကွယ်လွန်နဲ့ တပ်သား အောင်စိုး (ပုလောမြို့နယ်၊ ကျောက္ကာရွာ)။ ၁၉၉၅။ ထပ်စကဲဆေးရုံ၊ ထိုင်းနိုင်ငံမှာ ကွယ်လွန်တို့ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို သေကြောင်းကြံသူ ၂ ဦးကတော့ တပ်စုမှူး အောင်ဇင် (မြိတ်မြို့။ မြို့မ ၂ရပ်ကွက်)။ ၁၉၉၁ အောက်တိုဘာလ။ ထားဝယ်မြို့နယ် ကလက်ကီးရွာမှာ တာဝန်ထမ်းနေစဉ်နဲ့ ဆေးရဲမေ မကြူကြူလွင် (ပုလောမြို့နယ်၊ ရှပ်ပုံရွာ)။ ၁၉၉၅ ဇွန်လ။ မင်းသမီးစခန်း ဘုန်းကြီးကျောင်းဝင်းအတွင်း သေဆုံးတို့ ဖြစ်ပါတယ်။

ရေနစ်သေဆုံးသူ ၂ ဦးကတော့ ကိုညီညီလွင် (ထားဝယ်မြို့၊ အေးထီဆိုင်။ ထားဝယ်ကောလိပ်၊ ဒုတိယနှစ် ဓာတုဗေဒ) ၁၉၈၈၊ အောက်တိုဘာလ။ ကျောက်ထူရွာအနီး ထားဝယ်မြို့နယ်နဲ့ ကိုပြုံးချို။ (ပုလောမြို့နယ်၊ ပလရွာ)။ ၁၉၉၁ နိုဝင်ဘာလ။ ပြည်ခြားရွာအနီး ပုလောမြို့နယ်တို့ ဖြစ်ပါတယ်။

Your Thoughts …
Tags: ABSDF
ထက်အောင်ကျော်

ထက်အောင်ကျော်

ဧရာဝတီ

Similar Picks:

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.8k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

by ဟိန်းထူးဈာန်
6 November 2024
13.9k

အင်းတော် အဓမ္မပြုကျင့်မှုများနှင့် ပတ်သက်ပြီး SNA ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းကို မှတ်ချက်တောင်းရန် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းမကိုင်ပေ။

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

by ဧရာဝတီ
10 November 2023
10.2k

နောက်ထပ်မြို့များကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

by စွယ်တော်
17 March 2025
8.7k

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကြသည့် ထို နှစ်မြို့တွင် တိုက်ပွဲကာလအတွင်း စစ်ရှိန်လျှော့ချခြင်း၊ စစ်ဗျူဟာပြောင်းခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

by ဧရာဝတီ
14 November 2023
7.3k

ထီးချိုင့်မြို့သည် ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိပြီး မြို့တွင်း၌ တောင်ကုန်းများ ပေါများသလို နှစ်ဖက် စလုံးအတွက် ဗျူဟာကျသည့် မြို့ဖြစ်သဖြင့် လွယ်လွယ်နှင့် မသိမ်းနိုင်သေးခြင်းဖြစ်ကာ မြို့ကို မရမချင်း ကြိုးစားသွား မည်ဟုလည်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

တော်လှန်ရေးအဖွဲ့များ သတိပြုရမည့် ပအိုဝ်း PNO နှင့် ရှမ်းနီ SNA

တော်လှန်ရေးအဖွဲ့များ သတိပြုရမည့် ပအိုဝ်း PNO နှင့် ရှမ်းနီ SNA

by ကိုဦး
15 February 2025
6k

ရှမ်းနီ SNA ကိုလည်း စစ်တပ်က PNO ပြည်သူ့စစ်ကဲ့သို့ ၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်အဖြစ် သဘောထားသည်။

Next Post

လက်ပံတောင်း အကြမ်းဖက် ဖြိုခွဲမှု သာသနာရေး ဝန်ကြီး တောင်းပန်

နတ်မောက်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော

Please login to join discussion
No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate