ဆောင်းပါး

နတ်မောက်သားတို့ ဂုဏ်ယူစရာ ဗိုလ်ချုပ်ပြတိုက်သို့ တခေါက်

This article has been converted from Zawgyi One to Unicode

ကွေ့ကောက်ပြီး ဖုန်တလူလူထနေသည့် အညာဒေသ နတ်မောက်မြို့၏ ကတ္တရာလမ်း ဘေးဘယ်ညာတွင် ထန်းပင်များ၊ ပဲပင်၊ ငရုတ်ပင်များ ဝန်းရံ စိုက်ပျိုးထားသည်။ ထိုလမ်းပေါ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က နေထိုင်ခဲ့သည့် နေအိမ်ရှိပါသည်။

ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့် အိမ်သည် ရေနံချေး ဝအောင် သုတ်လိမ်းထားသည့် သစ်သားများဖြင့် ခြံစည်းရိုး ခတ်ထားကာ “ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနက ဦးစီးသော ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်၊ နတ်မောက်မြို့” ဆိုသည့် ဆိုင်းဘုတ် ထူထားသည်ကို တွေ့ရသည်။

နေအိမ်ပြတိုက် အတွင်းသို့ ဝင်ရောက်သွားသည့်အခါ ဗိုလ်ချုပ်နေအိမ် ပြန်လည်ပြုပြင် ထိန်းသိမ်းရေးအတွက် ဝင်ကြေးအဖြစ် နိုင်ငံသား တဦးလျှင် ၂၀၀ ကျပ်နှင့် နိုင်ငံခြားသား တဦး အတွက် ၃၀၀ ကျပ် ကောက်ခံလျှက် ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်သည် ခြေတံရှည် နှစ်ထပ် ပျဉ်ထောင်အိမ်ဖြစ်ပြီး အောက်ထပ်တွင် ဝါးထရံဖြင့် ကာရံထားသည်။ အောက်ထပ် အိမ်ရှေ့ တံခါးဝတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိဘဆွေမျိုးများ အသုံးပြုခဲ့ပုံရသည့် ပဲ၊ နှမ်းလှောင်လေ့ ရှိသော ပုတ်အကြီး တခုကို ချထားသည်။

နေအိမ်ပြတိုက်အတွင်း ဝင်ရောက်သွားသည့် အခါ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘ၀ ဓာတ်ပုံများ၊ ကျောင်းသားဘ၀ ဓာတ်ပုံများ၊ မိသားစု ဓာတ်ပုံများနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင် ဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေစဉ်မျိုးဆက် တော်စပ်သည့် နာမည်စာရင်းများကို ချိတ်ဆွဲပြသထားသည်။

ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်တွင် အသုံးပြုခဲ့သည့် မီးခံသေတ္တာကိုလည်း တွေ့ခဲ့ရသည်။

ဆွေစဉ်မျိုးဆက်စာရင်းအရ ကိုထိန်လင်းခေါ် ဗိုလ်ချုပ်အောင်ဆန်း၏ ဘိုးဘွားများမှာ ပုဂံမင်းသမီးတပါးမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု သိရသည်။ ၎င်းသည် ဦးဖာနှင့် ဒေါ်စုတို့မှ မွေးဖွားလာသည့် မွေးချင်း ၇ ယောက်အနက် အငယ်ဆုံးသား ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၏ ညာဘက်ဘေးတွင် ယခင်က ပစ္စည်းထားခဲ့ပုံရသည့် ဂိုဒေါင်ပျက် တခုကိုလည်း တွေ့ရသည်။
နေအိမ်၏ အပေါ်ထပ် ဘုရားခန်းရှေ့တွင်မူ ပက်လက် ကုလားထိုင်တလုံး ချထားပြီး ဗိုလ်ချုပ်အောင်ဆန်း စာဖတ်သည့် နေရာဟု စာတန်းထိုးထားသည်။

အပေါ်ထပ်ကို အိပ်ခန်း ၄ ခန်းနှင့် စားဖိုခန်း တခန်းဖြင့် ဖွဲ့စည်းထားပြီး ခေါင်းရင်းခန်းတွင် ဗိုလ်ချုပ်လာစဉ် အိပ်ခန်း၊ ၎င်း၏ ဘေးခန်းတွင် မိခင်အိပ်ခန်း၊ မိသားစုခန်း၊ အပျိုခန်းဟု၍ ရေးသားချိတ်ဆွဲ ထားသည်။

နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို လာရောက်လေ့လာ ကြည့်ရှုသူ တနေ့လျှင် ပျမ်းမျှ ၃၀ ဦးခန့် ရှိသည်ဟု သိရသည်။

“ပုံမှန်တော့မရှိဘူး။ ပျမ်းမျှဆိုရင်တော့ ၃၀ လောက်တော့ရှိတယ်။ တခါတလေလည်း ၁၀ ယောက်လောက်ပဲ ရှိတယ်။ လာတဲ့သူ အများဆုံးကတော့ မကွေးခရိုင် ဝန်းကျင်က ဒေသခံတွေပါ” ဟု ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင်ဝင်ကြေး ကောက်ခံသည့် နတ်မောက်သူ မမြမဉ္ဇူက ပြောပြသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိနေအိမ်တွင် ၎င်း၏ မိန့်ခွန်း ကောက်နုတ်ချက် တချို့ကို ချိတ်ဆွဲထား သကဲ့သို့ သခင်အောင်ဆန်း အဖြစ်နှင့် ဂျပန်ပြည်တွင် စစ်ဘက် အာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည့် ဖြစ်စဉ်များကိုလည်း လာရောက် လေ့လာသူများ အသေးစိတ် သိရှိစေရန်အတွက် ရေးဆွဲ ချိတ်ထားသေးသည်။

“တိုင်းသူပြည်သား လူအများဟာ ဥမကွဲသိုက်မပျက် တညီတညွတ်တည်း စည်းကမ်းတကျ ရှိဖို့လိုတယ်။ မိမိတို့အဓိကပန်းတိုင်ကို မျက်ခြည်ပြတ် မခံဘဲ လမ်းမလွဲအောင် ကြိုးစားဖို့လိုတယ်” “လူထုညီညွတ်မှု၊ တိုင်းရင်းသား အချင်းချင်း ညီညွတ်မှု တွေကို ဆက်လက်ကြိုးပမ်းရမယ်” “ပဒေသာပင်ပေါက်အောင် ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ်” စသည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို တွေ့ရသည်။

ဗိုလ်ချုပ်ပြတိုက်ကို လာရောက် လေ့လာသည့် သီလရင် ဆရာလေးတပါးက “ဆရာလေးက ဒီ မကွေးခရိုင်ထဲက ပါပဲ။ ဗိုလ်ချုပ်အိမ်ကို ဒါ ပထမဆုံး ရောက်တာပါ။ ဗိုလ်ချုပ်အိမ်ကို ဝင်လိုက်တာနဲ့ စိတ်ထဲမှာ ဖော်ပြလို့ မရအောင် ဝမ်းနည်းတယ်” ဟု ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို လာရောက်လည်ပတ်ကြသူများသည် ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်အကြောင်း၊ ၎င်း၏ ငယ်ဘဝ ဓာတ်ပုံများကို ကြည့်ကာ မည်သို့ နေထိုင်ခဲ့သည် ဆိုသည့်အကြောင်းနှင့် ဆွေစဉ်မျိုးဆက် နာမည် စာရင်းများကို သိရသဖြင့် အလွန် ဝမ်းမြောက်ကြောင်း၊ ဗိုလ်ချုပ်နေအိမ်ကို မပျက်မစီးအောင် ထိန်းသိမ်းထားကာ ကြည့်ရှုခွင့် ရသည့်အတွက် ဂုဏ်ယူကြောင်း ပြောဆိုကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့ရှိ နေအိမ်တွင် ၁၉၂၉ ခုနစ်အထိ နေထိုင် ခဲ့ကြောင်း၊ ၇ နှစ်သား အရွယ်မှစ၍ နတ်မောက်မြို့ရှိ ဒီပင်္ကရာဘုန်းတော်ကြီး ကျောင်းတွင် စာသင်ကြားခဲ့ကြောင်း၊ ၁၄ နှစ် အရွယ်တွင် ရေနံချောင်းမြို့သို့ ပြောင်းရွှေ့ပညာသင်ခဲ့ပြီး အဆိုပါ နေအိမ်ဝန်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိခင် ဒေါ်စုနှင့် သူ၏ မောင်နှမ သားချင်းများ နေထိုင်ခဲ့ကြကြောင်း၊ အိမ်ခြံဝန်းကြီးတွင် စုပေါင်းနေထိုင်ကြခြင်းဖြစ်ပြီး ဗိုလ်ချုပ်၏ ဖခင်ဦးဖာ ကွယ်လွန်ပြီးနောက် အိမ်ကြီးတွင် အစ်ကိုအကြီးဆုံးဖြစ်သူ ဦးနေအောင်က မိခင်ဖြစ်သူနှင့်အတူ ဆက်လက် နေထိုင်ခဲ့ကြောင်း၊ ၁၉၇၀ ပြည့်နှစ် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဦးနေအောင် ကွယ်လွန်ပြီးနောက် သားဖြစ်သူ ဦးအောင်မြင့်သိန်းက ဆက်လက် နေထိုင်ခဲ့ကြောင်း၊ ၁၉၇၃ ခုနစ်တွင် ဦးဘဝင်း၏ဇနီး၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးနှင့် ဦးအောင်သန်းတို့က အဆိုပါ နေအိမ်ကြီးအား နိုင်ငံတော်သို့ လှူဒါန်းရန် တိုက်တွန်းခဲ့ကြသဖြင့် ဦးအောင်မြင့်သိန်းက ၁၉၇၃ ခုနစ် ဇူလိုင်လ ၁၆ နေ့ရက်တွင် လှူဒါန်းခဲ့ရာမှ စတင်၍ ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းခဲ့ကြောင်း အစရှိသည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် စတင် ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ သိရသည်။

၁၉၇၄ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် နတ်မောက်တမြို့လုံး မီးကြီး လောင်ကျွမ်းခဲ့ရာ မီးလောင်ပြီးနောက် မြေကွက်များ ပြန်လည်နေရာချထားပေးချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေမျိုးများက ယင်းတို့၏ မူလအိမ် နေရာများကို ပြန်မယူတော့ဘဲနိုင်ငံတော်သို့ လှူဒါန်းခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် နတ်မောက်မြို့နယ် ဆောက်လုပ်ရေးဌာနက မူလပုံစံအတိုင်း ပြန်လည် တည်ဆောက်ခဲ့ပြီး ၁၉၈၃ ခုနစ်တွင် မြို့နယ် ပါတီယူနစ်နှင့် ပြည်သူ့ကောင်စီသို့ လွှဲပြောင်းပေးခဲ့ရာ ပါတီကောင်စီမှ တဆင့် နေအိမ်ပြတိုက်ကို ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

နတ်မောက်မြို့ခံတဦးဖြစ်သူ ဦးလှဌေးက “နတ်မောက်မှာက ဘာမှတော့ ထွေထွေထူးထူး ပြစရာမရှိဘူး။ ဗိုလ်ချုပ်နေအိမ် ပြတိုက် တခုပဲ ရှိတယ်။ ဗိုလ်ချုပ် နေအိမ်ရှိတော့၊ ဗိုလ်ချုပ်ဇာတိ ဖြစ်တော့ နတ်မောက်သူ နတ်မောက်သားတွေ အတွက် ဂုဏ်ယူစရာပါပဲ” ဟု ဆိုသည်။

Loading