“အပျော်တမ်း” ဆိုတဲ့ စကားလုံးက မန္တလေးမှာ အထူးသဖြင့် အသုံးများခဲ့တယ် လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၊ ၉၀ လောက်ကတည်းက “အပျော်တမ်း” စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ကြတာပါ။ “အပျော်တမ်း ခြင်းလုံး အသင်း”၊ “အပျော်တမ်း တူရိယာ အသင်း”၊ “အပျော်တမ်း ကြက်တောင်အသင်း”၊ “အပျော်တမ်း အလေးမ အသင်း” စသည် … စသည်ဖြင့် ဖြစ်ပါတယ်။
တကယ်တော့ မန္တလေးကို စတင် မြို့ပြဖွဲ့စည်း ကတည်းက “တူရာ တူရာ” စုကြတဲ့ မြို့ပြပုံစံ ဖြစ်တယ်။ အမရပူရ နေပြည်တော်က ပြောင်းရွှေ့လာကတည်းက အမရပူရ နေပြည်တော်မှာ အခြေတကျ နေထိုင်ခဲ့ကြတဲ့ ရပ်ကွက်တွေ အတိုင်း “တူရာအိမ်နီးချင်း” တွေကို စုစည်းစေတယ်။ ဥပမာ – ဈေးချို၊ ဝါးတန်း … စသည်ဖြင့် ဖြစ်တယ်။ မိဖုရား၊ မင်းသမီး၊ မင်းညီ မင်းသား၊ မှူးတော် မတ်တော်များကို အပိုင်စား ပေးတဲ့ ဝင်း များလည်း ရှိခဲ့တယ်။
ဥပမာ – ရွှေတိုက် အတွင်းဝန်မင်း ဝင်း၊ ဆင်ဝန်ထောက် ဝင်း၊ တိုင်းတာမင်းကြီး ဝင်း၊ တောင်ခွင်မင်းကြီး ဝင်း၊ ကျော်ရဲမိဖုရား ဝင်း၊ အရှင်နှမတော်ဘုရားဝင်း….စသည်ဖြင့်ပေါ့။ လူမျိုးဆိုင်ရာ အစုအဝေး တွေကိုလည်း “တူရာ” နေရာချထား ပေးပြန်တယ်။ ဥပမာ – ကုလားစု၊ ကသည်းစု၊ တရုတ်စု၊ မြန်မာစု၊ မွန်စု၊ ယိုးဒယားစု၊ ရခိုင်စု… စသည်တို့ ဖြစ်တယ်။ ဒါ့အပြင် အတတ်ပညာ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး လည်း “တူရာ”နေရာများ ရှိပြန်တယ်။ ဥပမာ – ကြေးသွန်း၊ ခတ်တန်း၊ ကျောက်ဆစ်တန်း၊ ဆိုင်းတန်း၊ မဲအိုးတန်း၊ အချုပ်တန်း၊ အနှိပ်တော်၊ ဂုန္တာန်ဝင်း၊ ကြယ်ခတ်ဝင်း၊ မျက်ပါးရပ် စသည်တို့ ဖြစ်ပါတယ်။ ဒါကြောင့် မန္တလေးမြို့ပြဖွဲ့စည်းမှုဟာ မြန်မာ့ကျေးလက် လူနေမှု ပုံစံကို အခြေခံ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ တဦးတယောက် ပုဂ္ဂလိက သဘော သီးခြားနေထိုင်လို့ မရတဲ့သဘော…။
ဘဝရပ်တည်ရေး ပင်တိုင်ပင်မ မဟုတ်တဲ့ ဝါသနာပါရာ လုပ်ငန်း အသီးသီး ကလည်း စီးပွားရေးနဲ့ မပတ်သက်ဘဲ ရင်းနှီးမှု စိတ်ရင်း စိတ်ဓာတ် အခြေခံကြောင့် ပါဝင်ပူးပေါင်း ကြတယ်။ ဥပုသ်နေ့လို အလုပ်အား၊ အလုပ်နားတဲ့ ရက်တွေက အစ အလုပ်ပြီးတဲ့ အချိန် လုပ်ငန်း သိမ်းချိန် တွေမှာ “တူရာ” စုဝေးကာ ခြင်းခတ်ကစားခြင်းတို့၊ တူရိယာ တီးမှုတ်ခြင်းတို့၊ ကြက်တောင် ရိုက်ခြင်းတို့၊ အလေးမခြင်းတို့ … စသည်ဖြင့် ပေါ့။ စီးပွားရေး ကိစ္စတွေ မပါတဲ့ အတွက် “အပျော်တမ်း” ဆိုတဲ့ ကမ္ဗည်း ထိုးခဲ့ကြ တယ်။ မှတ်တမ်း တင်ခဲ့ကြတယ်။ အားကစားလည်း အားကစား အလျောက်၊ အနုပညာလည်း အနုပညာ အလျောက် “အပျော်တမ်း” ဆိုပြီး သတ်မှတ်ထား ခဲ့သော်လည်း စီးပွားရေး၊ ငွေကြေး၊ တန်ဖိုးမပါတဲ့၊ အတတ်ပညာ စံချိန် မပါတဲ့ အတိမ်အနက်နဲ့ လုံးဝ မသက်ဆိုင်တာ ကိုလည်း အစဉ်အဆက် နားလည်သဘော ပေါက်ပြီး ဖြစ်တယ်။
ရှေ့တော်ပြေးဝင်း မြောက်ပေါက် ၂၈ လမ်းပေါ်က အိမ်ဝင်းအတွင်း သစ်သားကွပ်ပျစ် တချပ်ပေါ်မှာ ဘင်ဂျို တဒေါင်ဒေါင် တီးခတ်နေတဲ့သူ တဦးကို “သူက အပျော်တမ်း ဂီတသမား တဦးပါ” ဆိုပြီး နယ်က လာလည်သူ တဦးကို မန္တလေးသားက ညွှန်ပြ ပြောဆိုသည် ဆိုသော်ငြားလည်း ထိုဘင်ဂျိုတဒေါင်ဒေါင်နဲ့ တီးခတ်နေတဲ့ လူငယ် အနုပညာရှင်က “အလင်္ကာကျော်စွာ မြို့မငြိမ်း” ဖြစ်နေတယ်။ အဲဒီလိုပဲ ဘောက်စ်ဝက်ဂွန်း ကားလေးနဲ့ ဓာတ်ပုံ လှည့်ရိုက်၊ အပေါင်းအသင်း တွေနဲ့ ပျော်ပွဲစားထွက်၊ တိုက်ကြီး တွေပေါ်မှာ ဆိုင်းဝိုင်းကြီးတွေ ဆင်ပြီး တီးခတ်ကြ၊ ဓာတ်စက်ဖွင့်ပြီး ဆင်ဖိုနီ ဓာတ်ပြားတွေ နားထောင်နေတဲ့ ဓားတန်းရပ်က သူဌေးသားတဦးကို “အပျော်တမ်း” ပါ ဆိုပြီး ပြောဆိုသော်ငြား အဲဒီ သူဌေးသားကလည်း စွယ်စုံအနုပညာရှင်ကြီး “ဓားတန်း ဦးသန့်” ဖြစ်နေတယ်။
လက်ကိုင်ပုဝါ ခေါင်းစည်း၊ စွပ်ကျယ်လက်စက အကျႌနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ပြီး ဆေးလိပ်တတို သောက်ကာ လူငယ်တွေနဲ့ တရုန်းရုန်း နေသူ ရှေ့တော်ပြေး ဝင်းသားကြီး ကလည်း “အပျော်တမ်း ပန်းချီဆရာ” ဖြစ်သော်လည်း၊ နာမည်ကျော် ပန်းချီဆရာကြီး ဦးဘသက် ဖြစ်တယ်။ နန်းတော်ရှေ့ ဆရာတင်သည် လည်းကောင်း၊ အေဝမ်းဆရာသည် လည်းကောင်း၊ ဆရာထာသည် လည်းကောင်း၊ ဦးသက်တင်သည် လည်းကောင်း၊ ဂီတဘသိန်းသည် လည်းကောင်း၊ ဦးဘဒင်သည် လည်းကောင်း၊ ဦးလှဒင်သည် လည်းကောင်း ထိုထို လည်းကောင်းပေါင်း များစွာသည်လည်း အပျော်တမ်း သမားတွေ ဖြစ်ခဲ့တယ်။ ဝါသနာပါတဲ့ သူဌေးတွေစုပြီး ကုမ္ပဏီ ထောင်ကြ၊ အပျော်တမ်း ရုပ်ရှင်ရိုက်ကူး ကြတဲ့အခါ … ဘဝ သံသရာ၊ ဤလူ့ဘောင်တွင်၊ ရေမြေဆုံးတိုင် … စတဲ့ … စတဲ့ ရုပ်ရှင်လောကကို ကိုင်လှုပ် လိုက်တဲ့ ရုပ်ရှင်ကားပေါင်း များစွာ အဖတ်တင် ကျန်ရစ်ခဲ့တယ်။
သီချင်းဆို၊ စန္ဒရား တီးတဲ့ ဝါသနာရှင် အပျော်တမ်း ဂီတသမားလူငယ် ကိုလှမြင့်က အပျော်တမ်း ဒါရိုက်တာလုပ်ပြီး “ကံ” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကိုလည်း အပျော်တမ်း ရိုက်ကူးခဲ့တာ အဲဒီဇာတ်ကားက ပရိသတ်ကြား အရည်အချင်းရှိရှိ ပေါက်မြောက် အောင်မြင် သွားခဲ့တယ်။ ဒါ့အပြင် အစုစပ် ရုပ်ရှင် ကုမ္ပဏီ ရှယ်ရာဝင်သူဌေးကလည်း စမ်းကြည့် သေးတာပေါ့ ဆိုပြီး “ကျောက်ဘီလူးနှင့် ပပဝင်း” ဆိုတဲ့ ရုပ်ရှင်ကားကို အပျော်တမ်း ရိုက်ကူးခဲ့တယ်။ ဒီဇာတ်ကားကလည်း ပြောစမှတ် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ကား တကားဖြစ်တယ်။ ဒီလိုနဲ့ ဦးဘသက်လည်း အပျော်တမ်း ပန်းချီဆရာ ဖြစ်တယ်။ ဘဏ် ဦးခင်မောင်လည်း အပျော်တမ်း ပန်းချီဆရာဖြစ်တယ်။ ပေါ်ဦးသက်လည်း အပျေုာ်တမ်း ပန်းချီဆရာ ဖြစ်တယ်။ အုပ်ကြီး (ခ) အညိုလည်း အပျော်တမ်း ပန်းချီဆရာ၊ အပျော်တမ်း ဒါရိုက်တာ၊ အပျော်တမ်း ဝတ္ထုတိုဆရာ ဖြစ်ခဲ့တယ် မဟုတ်ပါလား။
“အပျော်တမ်း” ဆိုတဲ့ စကားလုံးကို Amateur လို့ သဘောပေါက် နားလည်ထားတဲ့ အခါ အဲဒီ စကားလုံးရဲ့အဓိပ္ပာယ်က အဘိဓာန်မှာ “မကျွမ်းကျင်သေးသူ၊ အတွေ့အကြုံ နုသေးသူ၊ လက်သင်” လို့ ဖွင့်ဆိုခဲ့တယ်။ ဒီလို ဖွင့်ဆိုချက်အရ ဆိုရင်ဖြင့် ၁၉၂၅ ခုနှစ်က စတင် ဖွဲ့စည်းပြီး ဒီကနေ့ထက်တိုင် တည်တံ့ခိုင်မြဲ ရှင်သန်ဆဲဖြစ်တဲ့ “မြို့မ အပျော်တမ်း တူရိယာ အသင်း” ကိုလည်း “မကျွမ်းကျင်သေးသော ဂီတ အသင်းကြီး”၊ “လက်သင်တူရိယာ အသင်းကြီး”လို့ ပြောဆိုရလိမ့်မယ်။
ဒီအသင်းကြီးက ဓားတန်း ဦးသန့်လို၊ မြို့မငြိမ်းလို ပုဂ္ဂိုလ်မျိုးကိုလည်း မကျွမ်းကျင်သေးသော ဂီတသမား၊ လက်သင် သီချင်းရေး ဆရာလို့ ပြောရမလိုဖြစ် နေတယ်။
တကယ်တော့ သေချာပေါက် ဆိုရရင် မန္တလေး အနှစ် ၁၀၀ သက်တမ်း အတွင်း အပျော်တမ်းလို့ မိမိကိုယ်ကိုယ်လည်း ခံယူ၊ အများကလည်း သမုတ်ခဲ့ ကြတဲ့ မန္တလေးသား ပညာရှင် အသီးသီးဟာ Professional ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက် အစိတ်အပိုင်း တစ်ခုသာဖြစ်တဲ့ “ကြေးစား” မဟုတ်ခြင်း တခုကြောင့်သာ “အပျော်တမ်း” ဖြစ်ခဲ့ကြပြီး “အပျော်တမ်း” ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် “Amateur” မဟုတ်ခဲ့ကြတာကလည်း သူတို့ လုပ်ရပ်နဲ့ သမိုင်းက သက်သေပြ ခဲ့ပြီးပြီ။ မန္တလေး “အပျော်တမ်း” က “Professional” စစ်စစ်တွေ ဖြစ်ပါတယ်။ “အတတ်ပညာ ဆိုင်ရာ၊ ပညာရှင် ပီသသော၊ ကျွမ်းကျင် အတတ်ပညာရှင်၊ ပညာရှင်ပီသသူ” ဆိုတဲ့ “Professional” ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ ကိုက်ညီတဲ့ သူတွေ၊ ကိုက်ညီတဲ့ လုပ်ရပ်တွေ ဖြစ်နေတာက ထူးခြားမှု တခုဖြစ်တယ်။
ပြန်လှန် စဉ်စားလိုက်တော့ ဒီလို “အပျော်တမ်း” အမည်ခံတဲ့ ပုဂ္ဂိုလ်အသီးသီး အသင်းအဖွဲ့ အသီးသီးက သာမာန်မျှတော့ မဟုတ်ကြဘူး။ စာတတ်၊ ပေတတ် ပညာတတ်တွေ အများစုဖြစ်တယ်။ သူတို့ကိုယ် သူတို့ “အပျော်တမ်း” ဆိုတဲ့ စကားလုံးကို ရဲရဲဝံ့ဝံ့ သုံးနှုန်းလိုက်ခြင်းက သူတို့ရဲ့ အလွန်ရိုးသားတဲ့၊ အလွန်နှိမ့်ချတတ်တဲ့၊ မြန်မာဆန်တဲ့ စိတ်ဓာတ်တွေပါ။ သူတို့ ပညာ မပြည့်ဝသေးပါ။ သမုဒ္ဒရာ ကဲ့သို့ အလွန် ကျယ်ဝန်း၊ အလွန် နက်နဲခက်ခဲလှတဲ့ ပညာရပ်ကြီးအတွက် ရေတခွက် မျှသာ ဖြစ်ပါတယ်။ မပြည့်အိုး မျှသာ ဖြစ်ပါတယ်။ လေ့လာသင်ယူ စရာတွေ အများကြီး ရှိပါသေးတယ်။ အသက်ရှင် သရွေ့ “တချောင်းတည်း စိတ်” နဲ့ ဆက်လက် သင်ယူပါဦးမယ် … ဆိုတဲ့ မြင့်မြတ် ကြီးကျယ်တဲ့ စိတ်ဓာတ် ကြောင့်လည်း ဖြစ်တယ်။ ဒါကြောင့် သားပစ်၊ မယားပစ်၊ အိုးပစ်၊ အိမ်ပစ်နဲ့ ပညာရပ် အပေါ် ပြောစမှတ်ပြု လောက်အောင် စူးစိုက်ခဲ့သူများ အဖြစ် ထင်ရှားခဲ့တယ်။
ဒါကြောင့် အစဉ်အဆက် မန္တလေးမှာ ဘယ်အနုပညာ ဘာသာရပ်ကိုမဆို ၁၀ဝ ရာခိုင်နှုန်း သိရှိတတ်ကျွမ်းသူပင်လျှင် Amateur အမည်ခံပြီး ၄၀ ရာခိုင်နှုန်း လောက်ပဲ လွန်ရော၊ ကျွံရော လူသိခံကြတယ်။ ၆၀ ရာခိုင်နှုန်းလောက် သိရှိသူက တီးမိ ခေါက်မိရုံ ၂၀ ရာခိုင်နှုန်း လောက်သိတာပါလို့ ပြောဆို ဖော်ပြကြတယ်။ ဒီလိုနဲ့ “မန္တလေးမှာ ဘာမှ သုံးမရလို့ မြစ်ထဲ ကန်ချ လိုက်တော့ မျောပါသွားပြီး ရန်ကုန် ဆိပ်ကမ်း သွားတင်တာနဲ့ ရုပ်ရှင် ဒါရိုက်တာတော့ ဖြစ်သေးတာပဲ” လို့ အပြောင်အပျက် စကားကလည်း ဒီစရိုက်၊ ဒီသရုပ်ကို ဖော်ပြလိုက်တာဖြစ်တယ်။
ကျနော့် ဆောင်းပါးကို ဖတ်ပြီး မန္တလေးသား မဟုတ်သူတွေ၊ အထူးသဖြင့် ရန်ကုန်သား တွေကတော့ ကောင်းကောင်း ကျိန်ဆဲ မေတ္တာပို့ ကြတော့မှာပဲ။ ကံမကောင်းရင် တစ်တစ်ခွခွ ဆဲပြီး ဂျာနယ်တောင် လွှင့်ပစ်လိုက်နိုင်တယ်။
မိတ်ဆွေတို့ … နည်းနည်း သည်းခံပါခင်ဗျာ။ ကျနော် ဒီဆောင်းပါးကို ရေးတဲ့အထဲမှာ “သေချာပေါက် ဆိုရရင် မန္တလေး အနှစ် ၁၀ဝ သက်တမ်းအတွင်း” လို့ သေသေချာချာ၊ တခုတ်တရ၊ မှတ်မှတ်သားသား၊ ဂရုတစိုက်၊ မမေ့မလျော့ ရေးသားခဲ့ပါတယ်။ မန္တလေး အနှစ် ၁၀ဝ သက်တမ်းအတွင်း မွေးဖွားခဲ့ကြတဲ့ မန္တလေးသားကြီးများကို ဆိုလိုတာပါ။
အနှစ် ၁၀ဝ ပြည့်တဲ့ အချိန် ၁၉၅၉ ခုမှာပင်လျှင် အနုပညာ အလုပ်တွေ ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက် နိုင်သူတွေကို ဆိုလိုတာပါ။ ဒါကြောင့် အဲဒီ ပါရမီရှင် ပုဂ္ဂိုလ်ကြီးတွေ ထဲမှာ ၁၉၅၉ နောက်ပိုင်း မွေးဖွားသူတွေရဲ့ အနုပညာ အလုပ်တွေကို မပြောလိုသေးပါ။ ကျနော့် ဆောင်းပါးနဲ့ အကျုံးမဝင်သေးပါ။ ဒါကြောင့် ဒီနေ့လက်ရှိ မန္တလေး အနုပညာ လောကအတွင်း အားကောင်း မောင်းသန် လှုပ်ရှားနေကြဆဲ အသက် ၅၀ နဲ့ ၅၀ အောက် လူလတ်၊ လူငယ်များ မပါဝင်ပါ။ ဒီနေ့ အသက် ၆၀ ကျော်၊ ၇၀ ကျော်၊ ၈၀ ကျော်၊ ၉၀ ကျော် ရှိတဲ့ အနုပညာရှင် ပုဂ္ဂိုလ်ကြီးတွေကပဲ ဒီ “အပျော်တမ်း” ဆိုတဲ့ စံချိန်နဲ့ ကိုက်ညီခဲ့ ကြသူတွေလို့ သူတို့ရဲ့ အနုပညာအလုပ်၊ အနုပညာသမိုင်းကို ခိုင်မာစွာ စိုက်ထူခဲ့ကြတဲ့ ဖြစ်ရပ်တွေပေါ် ကြည့်ပြီး တင်ပြခြင်း ဖြစ်ပါတယ်။
ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရရင် ကျနော်တို့ ဖြတ်သန်းရတဲ့၊ ကျနော်တို့ လုပ်ကိုင်နေကြတဲ့ ပုံစံတွေကတော့ တကယ့် “အပျော်တမ်း” စစ်စစ် ပါပဲ။ အင်္ဂလိပ် ဝေါဟာရရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ အကိုက်ညီဆုံး ပါပဲ။ “မကျွမ်းကျင်သေးသော၊ အတွေ့အကြုံနုနယ်သူ၊ လက်သင်” ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် အတိုင်းပါပဲ။
ကျနော်တို့ ကတော့ ဟိုးရှေးရှေး မန္တလေး အနှစ် ၁၀ဝ အတွင်း ပါရမီရှင် ပုဂ္ဂိုလ်ကြီးများရဲ့ ရွှေထီးဆောင်းကာလ တွေကို အခုထိ အရိပ်ခိုနေကြပြီး သူတို့ရဲ့ စိန်နားကပ်အရောင်နဲ့ ကိုယ့်ကိုယ်ကို ပါးပြောင်နေတယ်လို့ အခုထိ ထင်နေကြဆဲ မဟုတ်ပါလား။ ။