၂၀၁၂ ခုနှစ် ကုန်လွန်ပါတော့မယ်။ ဒီ ၂၀၁၂ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေနဲ့ မြန်မာကို ကမ္ဘာက ပြန် ပြီး သတိထားမိတဲ့ အစပျိုးတဲ့နှစ်ဖြစ်ပါတယ်။
၂၀၁၂ ကို စတင် ချည်းနင်း ဝင်ရောက်လာတာနဲ့ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ဟာ မြန်မာ့နိုင်ငံရေးမှာ အားလုံးပါဝင်ခွင့် ပြုနိုင်ရေး အတွက် မင်းကိုနိုင်၊ ကိုကို ကြီး အစရှိတဲ့ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ကို ပြန်လွှတ် ပေးလိုက်ပြီး နယ်စပ်ဒေသတွေမှာ ရှိတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအတွက် ပြန်လည် အစ ပျိုးထိတွေ့ ဆွေးနွေးမှုတွေ ရှိလာခဲ့တယ်။
ဒီ့အပြင် ဧပြီလ ၁ ရက်နေ့မှာ ပြန်လည် မှတ်ပုံတင်ခွင့် ရပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကော့မှူး မဲဆန္ဒနယ်က ပြည် သူ့ လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ ဝင်ရောက်ရွေးချယ်ခံခွင့်ရခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ဦးသိန်းစိန် အစိုးရ က ကျင်းပခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နယ်မြေ ၄၄ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၄၃ နေရာနဲ့ အပြတ်အသတ် အနိုင်ရလိုက်ပြန်တယ်။ အာဏာရ ကြံ့ခိုင်ရေးပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ တနေရာမှ မရခဲ့ဘူး။
အဲဒီလို ဖြစ်ရပ်က ကြံ့ခိုင်ရေးပါတီအတွက် ထိတ်လန့်မှုတွေဖြစ်သွားခဲ့ပြီး ပါတီ ပြုပြင်ပြောင်းလဲရေးတွေအတွက် အလျင်အ မြန် စီစဉ်မှုတွေလုပ်လာသလို လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် ပြိုင်ဘက် NLD ကို ဘယ်လို ယှဉ်ပြိုင်သွားရမ လဲဆိုတဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆက်တိုက်လုပ်လာစေခဲ့ပါတယ်။
NLD လွှတ်တော်ထဲရောက်လာခြင်းနဲ့ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးတာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အရှိန်မြှင့် ထိတွေ့ ဆက်ဆံလာတာတွေဟာ သမ္မတ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး သမားလို့ အမည်တပ်ခံခဲ့ရသလို နိုင်ငံတကာက ယုံကြည်မှု ခြေလှမ်းတွေ အစပျိုးလာစေခဲ့ပါတယ်။
နေအိမ်အကျယ်ချုပ် နှစ်ပေါင်းများစွာနေလာခဲ့ပြီး လွှတ်တော်အမတ်ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်လဲ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်တက်ရောက်ဖို့ ပြည်ပခရီးစဉ် ပထမဆုံး ထွက်လာခွင့်ရပြီး နိုင်ငံတကာနဲ့ ပြန်လည် ထိတွေဆက်ဆံခွင့် ရခဲ့ပါတယ်။
ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအပေါ် အလွန်အကျွံ အကောင်းမြင်တာတွေ ကို သတိပေးစကားဆိုခဲ့ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နံှမှုတွေနဲ့ပတ်သက်လို့လည်း တာဝန်သိတဲ့ လူ့အခွင့်အရေး လေးစား တဲ့ ရင်းနှီးမြှုပ်နံှမှုမျိုးသာ ဖြစ်သင့်တယ်လို့ နိုင်ငံတကာကို သတင်းစကားပါးလိုက်တာကတော့ သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့အတွက် စိတ်ကသိကအောင့်ဖြစ်ခဲ့ရတာပါ။
ဒါပေမယ့် သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ခိုင်မာတဲ့ ယုံကြည်မှု တစုံတရာ မရသေးပေမယ့် အချိန် တိုအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေ ပြောင်းလဲတိုးတက်မှုတွေက နိုင်ငံတကာကိုလည်း အံ့အားသင့် စေခဲ့ပါတယ်။
မမျှော်လင့်တဲ့ ပြဿနာ တခုကတော့ ရခိုင်ပြည်နယ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ မသီတာထွေး အမှုက စ၊ အစ္စလမ် ၁၀ ဦး အသတ်ခံလိုက်ရတာအလယ် ရခိုင်ပြည်နယ်တခွင်လုံး အုပ်စုချင်းတိုက်ခိုက်ကြတဲ့ ပဋိပက္ခတွေနဲ့ အရိပ်မည်းကြီး တခု အသွင် မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်ကို ရိုက်ခတ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေ အပါအဝင် ဥရောပ ခရီးစဉ်နဲ့ တိုက်ဆိုင်နေတာ သတိထားမိပါတယ်။ ဒါ ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာလည်း ရခိုင်ပဋိပက္ခနဲ့ပတ်သက်တဲ့ အထူးသဖြင့် ဘင်္ဂါလီ (၎င်းတို့ အဆို ရိုဟင်ဂျာ)တွေနဲ့ပတ်သက်တဲ့ မေးခွန်းများစွာကို နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ရင်ဆိုင်ခဲ့ရပါတယ်။
အရုပ်ဆိုးတဲ့ နောက်ဖြစ်ရပ်က ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရ စစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ် ပေါ်လာမှုပါ။ ဒုက္ခသည်အရေအတွက်တွေ များပြားလာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒါကြောင့် ကချင်အရေး မေးခွန်းတွေလည်း ဥရောပခရီးစဉ်တလျှောက် ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။
တကယ်တော့ မြန်မာအစိုးရနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းမှု အားနည်းချက်တွေကြောင့် ရခိုင်ပြဿနာဟာ ကြီးထွားလာကာ သတင်းတွေဆိုအရ ၂ ကြိမ်တိုင် တိုက်ခိုက်မှုဖြစ်စဉ် ပဋိပက္ခတွေမှာ လူပေါင်း ၁၀၀ ကျော် သေဆုံး ပြီး သိန်းချီတဲ့ လူတွေ အိုးအိမ်အခြေမဲ့ ဖြစ်ခဲ့ရပါတယ်။ ပဋိပက္ခရဲ့ ရိုက်ခတ်မှုကြောင့် ဆန္ဒပြမှုတွေနဲ့ ဆင့်ကဲဖြစ်စဉ်တွေ ပေါ်ထွက်ခဲ့ပါတယ်။
ရခိုင်အရေး စုံစမ်းရေး ကော်မရှင်ကိုတော့ သမ္မတ ဦးသိန်းစိန်က နယ်ပယ်ပေါင်းစုံက လူပုဂ္ဂိုလ်တွေပါဝင်စေပြီး ဖွဲ့စည်း တာဝန်ပေးခဲ့ပါတယ်။ ဒီဇင်ဘာ ၃၁ မှာ ကော်မရှင်အနေနဲ့ သမ္မတဆီ တရားဝင် အစီရင်ခံစာ တင်ရတော့မှာပါ။ ဒါပေမဲ့ နှစ်ဘက်စလုံးမှာ နောက်ကွယ်က သွေးထိုးသူတွေရှိတယ်လို့ နယ်စပ်ရေးရာဝန်ကြီးက ပြောခဲ့ဖူးပါတယ်။
ကချင်ပြည်နယ်စစ်ပွဲတွေမှာတော့ သမ္မတဦးသိန်းစိန်က အပစ်အခတ်ရပ်ဆဲဖို့ မြန်မာစစ်တပ်ကို အမိန့်ပေးခဲ့ပေမယ့် အောင်မြင်မှု မရှိတာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလည်း ယခုထိ ရှေ့တိုးဆောင်ရွက်ဖို့ အားနည်းနေခဲ့ရတာပါ။
ရခိုင်ပြည်နယ် ပဋိပက္ခ၊ ကချင်ပြည်နယ် စစ်ပွဲတွေနဲ့ တဆက်တည်းဆိုသလို လွတ်လပ်ပွင့်လင်းစ ပြုလာတဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ စစ် အာဏာရှင် လက်အောက် နေလာခဲ့ရလို့ မြိုသိပ်ထားမှုတွေအတွက် ဆန္ဒပြမှုတွေ၊ မကျေနပ် မှုတွေကို ထုတ်ဖော်မှုတွေ ကလည်း ၂၀၁၂ ခုနှစ်မှာ ထင်ရှားလာပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စုရုံးဆန္ဒဖော်ထုတ်ခွင့်နဲ့ လွတ်လပ်စွာ သတင်းရေးသား ခွင့်တွေနဲ့ ပတ်သက်ပြီး အထိုက်အလျှောက် ရှိလာပြီးနောက်ပိုင်း ဆန္ဒဖော်ထုတ်မှုတွေ ၂၀၁၂ ခုနှစ်အတွင်း ရှိလာခဲ့ပါတယ်။ ဒါကလည်း အသွင်ကူးပြောင်းရေး ကာလတခုကို ဖြတ်သန်းနေရတဲ့ နိုင်ငံတိုင်းမှာ ကြုံတွေရသလို မြန်မာနိုင်ငံမှာလည်း ဖြစ် ပေါ်လာတာပါ။
၂၀၁၂ ခုနှစ်အတွင်းမှာ လွတ်လပ်စွာ စုဝေး ဆန္ဒဖော်ထုတ်ခွင့်အစပြုကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအဆုံး အတိုင်းအတာ တခုအထိ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို သမ္မတ ဦးသိန်းစိန်အစိုးရဟာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲပြီး ဖော်ဆောင်နိုင်ခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ဦးဆောင်သူအဖြစ် သမ္မတ ဦးသိန်းစိန်က နေရာယူထားပြီး အဲဒီအပြောင်းအလဲကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံအားပေးမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်၊ ဥရောပ သမဂ္ဂနိုင်ငံတွေအပါအဝင် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုတွေရရှိလာပြီး နိုင်ငံချင်း ဆက်ဆံရေးတွေလည်း ပြန်လည် အစပျိုး အရှိန်မြှင့်ကြပါတယ်။
၂၀၁၂ ခုနှစ်အတွင်းမှာ နိုင်ငံတကာ ခေါင်းဆောင်တွေ၊ ပြည်ပရောက် မြန်မာအရေးတက်ကြွလှုပ်ရှားသူတွေ၊ လွှတ်တော် အမတ်တွေလည်း ပြည်ပခရီးစဉ်တွေ ထွက်ခဲ့ကြပြီး တခြား ပြည်တွင်း မြန်မာ့အတိုက်အခံတွေအပြင် ပြည်ပ မြန်မာ့ မီဒီယာ လောကသားတွေလည်း မြန်မာနိုင်ငံကို ဝင်ထွက်မှုတွေ များပြားခဲ့ပါတယ်။
ဒါကြောင့်ဘဲ ပြည်ပ မြန်မာ့ မီဒီယာ အကုန်နီးပါးလောက်ဟာ မြန်မာနိုင်ငံတွင်းမှာ အခြေစိုက် လုပ်ပိုင်ခွင့်တွေရလာခဲ့ပြီး တချိန်က စာပေကင်ပေတိုင်လို့ခေါ်တဲ့ နှစ်ပေါင်း ၆၀ နီးပါး မြန်မာမီဒီယာလောကကို ထိမ်းချုပ်ထားခဲ့တဲ့ ဆင်ဆာ ဘုတ်အဖွဲ့ လည်း ဖျက်သိမ်းပြီးနောက်ပိုင်း မီဒီယာ လွတ်လပ်ခွင့် တစုံတရာ ရလာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ သီးခြားစီ သွားခဲ့ကြတဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်းမှာ မြန်မာခေါင်းဆောင် ၂ ဦးရဲ့ သိသာတဲ့ နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မြန်မာ- အမေရိကန် ဆက်ဆံ ရေးကို အဓိက အားဖြည့်နိုင်ခဲ့ပါတယ်။
ဒါကြောင့်ဘဲ ၂၀၁၂ ခုနှစ်ထဲမှာ နိုင်ငံတကာ ခေါင်းဆောင်တွေ မြန်မာနိုင်ငံနဲ့ ချောင်းပေါက်အောင် အလာအများဆုံးဖြစ်ခဲ့ပါ တယ်။ ဒီအထဲမှာ အထူးခြားဆုံးနဲ့ အထင်ကရဖြစ်တဲ့ဖြစ်စဉ်ကတော့ အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားရဲ့ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်ပါဘဲ။
အမေရိကန်က သံတမန်ဆက်ဆံမှုမှာ သံအမတ်ပြန်လည်ခန့်အပ်ခဲ့ပြီး နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြောင့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေး ယူမှုတွေထဲက တော်တော်များများကို ဖြေလျှော့ပေးလိုက်ပြီးနောက်ပိုင်း အို ဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာ- အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေး ပုံမှန်အခြေအနေပြန်ဖြစ်တာကို ပြသလိုက် တာ ဖြစ်ပါတယ်။
အိုဘားမား ခရီးစဉ်ပြီးနောက်ပိုင်း နောက်ထပ် မမျှော်လင့်ဘဲ အကျည်းတန်ဖြစ်ခဲ့ရတဲ့ဖြစ်ရပ်ကတော့ တရုတ် ဝမ် ပေါင်နဲ့ မြန်မာ ဦးပိုင်ကုမ္ပဏီတို့ရဲ့ လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြမှုတွေပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြေရှင်းခဲ့တာပါ။ ဒီကိစ္စအတွက်လည်း လက်ပံတောင်း ကော်မရှင်ကို ထပ်မံဖွဲ့စည်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ကော်မရှင် ဥက္ကဌ ဖြစ်လာပါတယ်။
သမ္မတ ဦးသိန်းစိန် ၂၀၁၂ ခုနှစ် နှစ်ချုပ်မိန့်ခွန်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြောခဲ့ရာမှာ အဓိက အားဖြင့် မြန်မာ နိုင် ငံ ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အပေါ်ယံပိုင်းသာ သက်ရောက်မှု ရှိနေပြီး အောက်ခြေအထိသက်ရောက်မှု မရှိသေးတာကို ဝန်ခံသွားပါတယ်။
အစိုးရရဲ့ ဝန်ကြီးဌာန အချင်းချင်း ပူးပေါင်းလုပ်ဆောင်မှုအားနည်းတာ၊ အောက်ခြေ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးကောက် ပွဲ ပြဿနာတွေ၊ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ကြိုးပမ်းနေဆဲ အခြေအနေတွေကို ခြုံငုံပြီး ပြောဆိုသွားပါတယ်။
ဒီမိုကရေစီတည်ဆောက်နေတဲ့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို နိုင်ငံသားအားလုံးက တာဝန်သိသိ ကြိုးပမ်းလုပ်ဆောင် သွားကြဖို့ တိုက်တွန်းပြီး အထူးသဖြင့်တော့ အောက်ခြေဝန်ထမ်းတွေရဲ့ အကျင့်ပျက် ခြစား လာဘ်ပေးလာဘ်ယူမှုတွေကို သတိပေးစကားဆိုသွားခဲ့ပါတယ်။
တကယ်တော့ လာဘ်ပေးလာဘ်ယူမှုတွေဟာ ဟိုးအောက်ခြေ အာဏာပိုင်ကအစပြုလို့ ဝန်ကြီး ဝန်ကလေး၊ ဌာနဆိုင်ရာ အဆင့် အဆင့် အကြီးအကဲ တာဝန်ယူနေကြသူတွေအထိ နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်နေတယ်ဆိုတာတော့ အားလုံး အသိဘဲ ဖြစ်မှာပါ။
၂၀၁၂ ခုနှစ် ကုန်လွန်တော့မှာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေလည်း ၂၀၀ ကျော် လောက် ကျန်ရှိနေသေးပြီး အမှုရင်ဆိုင်နေရဆဲ ၂၀၀ ဝန်းကျင ်ရှိနေပါတယ်။ ကချင်ပြည်နယ်က စစ်ပွဲတွေမှာ အစိုးရ စစ်တပ်က လေယာဉ်အသုံးပြုတိုက်ခိုက်မှုတွေနဲ့ အရပ်သား သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ ဒုက္စသည်များ တိုးပွားလာမှုတွေက နောက်နှစ်သစ်ကို ဆက်လက် ခေါ်ဆောင်သွားမယ့် ဖြစ်စဉ်တွေပါ။
စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စိန်ခေါ်မှုတွေ အပြည့်နဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ငြိမ်းချမ်းရေး အိပ်မက်တွေကတော့ အသက်ဝင်လာစေဖို့ ပါဝင်ပတ်သက်သူတိုင်းက ကျရာနေရာက တွန်းတွန်းတိုက်တိုက်လုပ်နိုင်မှ အကောင်အထည်ပေါ်နိုင်မှာပါ။ ၂၀၁၂ ခုနှစ်ဟာ အကောင်း အဆိုးတွေနဲ့ အပြောင်းအလဲတွေများတဲ့ နှစ်တခု ဖြစ်ပြီး လာမယ့် နှစ်သစ် ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံသားအားလုံး လိုလား တောင်းတတဲ့ နိုင်ငံတခုအဖြစ်သို့ရောက်စေရေးအတွက် အကောင်းမြင်လည်း မဟုတ်၊ အဆိုးမြင်လည်း မဟုတ်၊ အရှိမြင် သက်သက်ဖြင့် ရေးသားတင်ပြလိုက်ပါတယ်။