အင်းလေးကန် အင်းပေါခုန်ရွာက ရွှေပြည့်လျှံဆိုတဲ့ နှစ်ထပ် ရက်ကန်းရုံထဲကို ဝင်လိုက်တာနဲ့ မိန်းမပျိုလေး တယောက်က ကြမ်းပြင်မှာ ထိုင်ရင်း ကြာရိုးလေးကို ချိုးလိုက်၊ အရှေ့က ခုံလေးမှာတင်ထားတဲ့ ကြိုးပေါ်ကို ကြာရိုးကထွက်တဲ့ အမျှင်လေးတွေနဲ့ လုံးကျစ်လိုက် လုပ်နေတာကို တွေ့ရတယ်။
ရက်ကန်းရုံဆိုတဲ့အတိုင်း တဂျုံးဂျုံး အသံတွေကလည်း ညံလို့၊ ရက်ကန်းရုံထဲမှာတော့ လူငယ်တွေကော၊ အသက်ကြီးသူ တွေပါ ရှိနေပါတယ်။
အဲဒီအထဲမှာ အသက် ၆၀ အရွယ်လောက်ရှိတဲ့ အမျိုးသားကြီးတဦးက တဘက် ရက်ကန်းစင်ထဲက ပြေးထွက်လာတဲ့ လွန်းကို ဖမ်းလိုက်၊ တဘက်က ဖမ်းထားတဲ့လွန်းကို နောက်တဘက်ထဲ ပြန်ပစ်လိုက်နဲ့ လက်တွေက အမြန်လှုပ်ရှားနေသလို ခြေထောက် ကလည်း စည်းချက်အလိုက် ခြေနင်းတွေကို နင်းနေတယ်။
“ဦးသန်းလွင်က ဒီရုံမှာ ဆရာကြီးပဲ။ ဒီဟာခတ်တာ ပညာပါတယ်။ ဒီတရွာလုံးမှာဆိုရင် သူ့လို ခြေနင်း ၅ တန်းနဲ့ လွန်း ၂ လွန်းစင်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်တဲ့သူတွေ အရမ်းရှားသွားပြီ။ ၂ ဦး၊ ၃ ဦးလောက်ပဲ ရှိတော့တယ်။ အင်းလေး ပုဆိုးကို ရက်ရတာ အရမ်းခက်တယ်။ နောက်ပြီး ခြေနင်းကိုကြည့်လိုက်။ တန်း ၅ တန်းပါတယ်။ ခတ်တတ်တဲ့ လူငယ်အများစုက ခြေနင်း ၂ ခုပါတဲ့ ရက်ကန်းစင်လောက်သာ တတ်တော့တာ။ ခြေနင်း ၄ တန်းပါတဲ့ ရက်ကန်းစင်တောင် ခတ်တတ်တာ လူတော်တော်နည်းနေပြီ” လို့ ရွှေပြည့်လျှံ ရက်ကန်းရုံပိုင်ရှင် ဦးမြင့်ဇော်က ပြောပါတယ်။
အင်းပေါခုန်ရွာထဲက အိမ်အတော်များများဟာ သစ်သားနဲ့ ဆောက်လုပ်ထားတဲ့ အိမ်ကြီးရခိုင်တွေ ဖြစ်နေတာက အရင် ရက်ကန်း ခေတ်ကောင်းခဲ့တုန်းက ဆောက်ခဲ့တဲ့ အိမ်တွေလို့ သိရတယ်။ အခုအချိန်မှာ ဒီရက်ကန်း လုပ်ငန်းနဲ့သာ ဆက်ပြီး အသက်မွေးကြမယ်ဆိုရင် ဒီလိုအိမ်မျိုးကို ဆောက်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဦးမြင့်ဇော်က ဆက်ပြောတယ်။
“အခု အင်းလေးက ထွက်တဲ့ ဇင်းမယ်အထည်တွေ ဆိုရင် ပြည်တွင်းဈေးကွက် လုံးဝမရှိတော့ဘူး။ နိုင်ငံခြားသား ဧည့်သည်တွေတောင် စက်လှေ ၃ စီးလောက်လာမှ တစီးက လူတွေ လာကြည့်ရင်း ကျနော်တို့ ရှင်းပြတာကို အားနာတဲ့သဘောမျိုးလောက်နဲ့ ဝယ်သွားတတ်ကြတယ်။ အဲဒီလိုဖြစ်တာ နှစ်တော်တော်ကြာပါပြီ။ ဒီနှစ်ပိုင်းမှာတော့ နိုင်ငံခြားသား ဧည့်သည် အဝင် နည်းနည်း များလာတော့ အရင်နှစ်ကထက် အဝယ်နည်းနည်း ပိုသွက်တဲ့ သဘောတော့ ရှိတာပေါ့” လို့ သူက ရှင်းပြပါတယ်။
လက်ရက်ကန်းတွေဟာ စက်ရက်ကန်းကို အရည်အသွေးပိုင်းကအစ၊ ထုတ်လုပ်မှုပိုင်းအထိ မယှဉ်နိုင်တော့လို့ အခုလို အင်းလေးဒေသရဲ့ အထင်ကရ ရိုးရာ ထွက်ကုန်တွေ ဈေးကွက် ပျောက်ဆုံးနေတဲ့အပြင် ရိုးရာပညာရပ်ပါ ပျောက်ဆုံးတော့မယ့် သဘောမျိုး ဖြစ်လာတာလို့ သူက ဆိုပါတယ်။
“လက်ရက်ကန်းက အနုစိတ်တယ်၊ စိတ်ရှည်ရတယ်၊ အချိန်ယူရတယ်။ လွန်းရာကျော်စိတ်ကို စက်နဲ့မှ ရိုက်လို့ မရတာ။ အခုလူငယ်တွေ ဒါမျိုးမခတ်တတ်ကြတော့ဘူး။ ဟိုး အရင်ခတ်တဲ့သူတွေ ရှိနေလို့ အခုချိန်အထိ အထည်နည်းနည်း ထွက်နေတာ” လို့ ဦးမြင့်ဇော်က ပြောပါတယ်။
အင်းလေးယက္ကန်း ခေတ်ကောင်းချိန်က အိမ်တိုင်းအိမ်တိုင်းမှာ လက်ယက္ကန်းစင်တွေ အနည်းဆုံး ၁ စင်တော့ရှိခဲ့ရာကနေ အခုဆိုရင် အဲဒီယက္ကန်းစင်တွေကို ဖြုတ်ရောင်း ကုန်တဲ့ အခြေအနေကို ရောက်လာပြီလို့ သိရပါတယ်။ အင်းပေါခုန်ရွာမှာ အခုဆိုရင် လက်ယက္ကန်း လုပ်တဲ့ရုံ ၅ ရုံပဲ ရှိပါတော့တယ်။
“ကျနော်က ရက်ကန်း လောကထဲကို နောက်ဆုံးမှ ဝင်တဲ့သူပါ။ ရှေးတုန်းက ဆရာကြီးတွေ အများကြီးပါ။ ကျနော်က ကိုယ့်အိမ်မှာ တနိုင် လုပ်တယ်။ ပြီးရင် မန္တလေးကို ပို့တယ်။ မန္တလေးက ပိုး ဝယ်လာတယ်။ ဒီမှာ ရက်ကန်း ပြန်ရက်တယ်။ မန္တလေးပြန်ပို့တယ်။ နောက်ကြတော့ မန္တလေး ကုန်သည်တွေက တအားဖိလာတယ်။ ဈေးမပေးတော့ဘူး။ နောက်ဖေး ပေါက်ကနေ ဝင်တဲ့အထည်တွေက ကျနော့်ထက် ဈေးနည်းတော့ ကျနော် တော်တပ်ဆုတ်ပြီး ပြန်လာတယ်။ အဲဒီနောက်တော့ ကိုယ့်ဘာသာကိုယ် တနိုင်တပိုင်ပဲ လုပ်တော့တယ်” လို့ ဦးမြင့်ဇော်က သူ့အတွေ့အကြုံကို ပြောပြတယ်။
အခု အချိန်မှာတော့ လူငယ်တွေကို ပညာပြန်ဖြန့်ဝေဖို့ လုပ်နေတယ်လို့ ရက်ကန်းပညာရှင် ဦးသန်းလွင်က ဆိုပါတယ်။ ဒါပေမယ့် အင်းလေးဒေသမှာ လက်ယက္ကန်းသင်ကြား ပေးတဲ့ သင်တန်းကျောင်းမျိုး မရှိသေးပါဘူး။
“လက်ရက်ကန်းခတ်တဲ့ မျိုးဆက်သစ် ပြန်မွေးထုတ်မယ်ဆိုရင် အချိန်တော့ယူရမယ်။ မန္တလေး၊ အမရပူရမှာတော့ ဒီလို သင်တန်းမျိုး ရှိတယ်။ အခုတော့ လူငယ် ၂ ဦးကို ကျနော့်ပညာတွေ သင်ပေးနေတာ အနေအထား တခုကိုတော့ ရောက်လာပါပြီ။ ဒါပေမယ့် အခု ဒီရုံမှာလုပ်နေတဲ့ သူတွေက ကျနော်တို့ရွာက မဟုတ်ဘူး။ နောက်ပြီး သူတို့တွေက လယ်ဆင်းချိန် ဆိုရင် လယ်ထဲသွား အလုပ်လုပ်ကြတယ်။ စိုက်ခင်းထဲ အလုပ်လုပ်ကြတယ်။ အဲဒီရာသီကုန်မှ ဒီမှာလာပြန် လုပ်ကြတာ” လို့ ဦးသန်းလွင်က ပြောပါတယ်။
ဒီလုပ်ငန်းက သူတို့ မိဘဘိုးဘွား အစဉ်အဆက် လုပ်ခဲ့တဲ့ လုပ်ငန်းတွေပါ။ အဲဒီလုပ်ငန်းတွေကို မတိမ်ကောရအောင် ပြန်ပြီး ဖော်ထုတ်ရမယ်လို့ သူက ဆက်ပြောတယ်။
ဒါပေမယ့် အရောင်းအဝယ်ဘက်မှာ နည်းခဲ့တဲ့အတွက် ဒီလုပ်ငန်းက ရပ်လိုက်ရတဲ့ အနေအထားမျိုး အထိ ရောက်လာပါပြီ။ ဒီအတွက် အင်းလေးကထွက်တဲ့ လက်ထည် တွေကို ဈေးကွက်ပြန် ဝင်လာအောင် တနည်းနည်းနဲ့တော့ လုပ်သင့်တယ်လို့ ရက်ကန်းသမားတွေက ပြောပါတယ်။
ဒါပေမယ့်လည်း ဇင်းမယ်အထည်တွေဆို ခေတ်နဲ့အညီ ဆန်းသစ်ဖို့ မဖြစ်နိုင်ပါဘူး။ ဇင်းမယ်ထည်ဆိုတာ ဒီပုံစံအတိုင်းပဲ စံနမူနာ ဖြစ်ခဲ့တာ၊ ရှေးလူကြီးတွေ လုပ်ခဲ့တဲ့ ပုံစံကိုပဲ နဲနဲပါးပါး အကွက်ဆန်းလေးတွေ လောက်ပဲ ထွင်လုပ်လို့ရတယ်လို့ သိရပါတယ်။
“ကျနော်တို့ဖြစ်စေချင်တာက ဈေးကွက်လည်း ရှိစေချင်တယ်၊ အတတ်ပညာရှင်တွေက အင်းလေးဒေသ တခုလုံးနဲ့ ပြောရရင် ရှိပါသေးတယ်။ လုပ်ပြစရာ အရင်းအနှီးက မရှိဘူး။ အဲဒါတွေကို ဖေးမစေချင်တယ်။ ပညာရှင်ကို ပညာရှင်အဆင့်ပေါ့။ အလုပ်သမားတွေ အတွက်လည်း အဆင်ပြေအောင်၊ ထွက်လာတဲ့ အထည်လေးတွေကို နိုင်ငံခြား တင်ပို့လို့ရအောင်ပေါ့။ လက်နဲ့ရက်တဲ့ အထည်တွေဖြစ်လို့ တနည်းနည်းနဲ့ နိုင်ငံခြား တင်ပို့နိုင်မယ်ဆိုရင် ဒီလုပ်ငန်းက ပြန်အဆင်ပြေ နိုင်မယ်ထင်တယ်” လို့ ရွှေပြည့်လျှံ ရက်ကန်းရုံပိုင်ရှင် ဦးမြင့်ဇော်က ပြောတယ်။
လက်ရှိ အနေအထားကတော့ ထမင်းစားရရုံ ရပ်တည်နေရတာတယ်၊ ဒီအခြေအနေကို အားမရဘူးလို့ သူက ဆက်ပြော ပါတယ်။ ဒါပေမယ့် လည်ပတ်နေတဲ့ ယက္ကန်းရုံတွေက ထုတ်လုပ်ပေး နိုင်တဲ့ ပမာဏကလည်း တကယ်တမ်း နိုင်ငံခြား တင်ပို့လို့ရတဲ့ အရေအတွက် မရှိဘူးလို့ သူ့အမြင်ကို ဆက်ပြောတယ်။
အခုနောက်ပိုင်းမှာ ရက်ကန်းရက်ထည်တွေထက် စက်ချုပ်တာ ပိုများနေပါပြီ။ ပိတ်စပေးတာကို ချုပ်တာလောက်ပဲ များတော့ပါတော့တယ်။
“ကိုယ့် အင်းသူအင်းသားတွေ အနေနဲ့ ဒီလုပ်ငန်း အတတ်ပညာကို တတ်ထားစေချင်တယ်။ ဒါက ကိုယ့်ရိုးရာ အလုပ်ပဲလေ။ ဒီအလုပ်တတ်ရင် ထမင်းစားလို့တော့ ရပါသေးတယ်” လို့ ဦးမြင့်ဇော်က ပြောပါတယ်။
အခု အင်းလေးရိုးရာ ရက်ကန်းပညာတင် ပပျောက်လုနီးပါး ဖြစ်လာတာ မဟုတ်ဘဲ အင်းလေးစာပေနဲ့ ယဉ်ကျေးမှုတွေပါ ပပျောက်လာတယ်လို့ သိရပါတယ်။
အင်းလေးကန်ကလည်း ပျက်စီးလာတယ်၊ အဲဒါတွေကို ပြန်လုပ်ဖို့ ဆိုရင်တော့ လူတွေက အဓိကပဲ၊ ဒီမှာ တကယ် လုပ်နိုင်မယ့်သူတွေ ကလည်း ဒီလိုမျိုး လုပ်ဆောင်ဖို့ အားစိုက်တာ မတွေ့ရဘူးလို့ အင်းသားတွေက ပြောကြတယ်။
အင်းလေးဒေသမှာ အင်းသား ဝန်ကြီးတယောက် ရှိပေမယ့်လည်း ဒေသခံတွေအားလုံး ပူးပေါင်းလုပ်ဆောင်မှ ရမယ့် အနေအထား ရှိပါတယ်။
ရက်ကန်းရုံထဲကို လိုက်ကြည့်လိုက်ချိန်မှာ လွန်းကွာသွားတာနဲ့အမျှ အထည်တွေရဲ့ အဆင်၊ အကွက်လေးတွေ ကွာသွားတာကို တွေ့ရပါတယ်။ ထောင့်တထောင့်က ရက်ကန်း စက်တခုမှာ ခတ်နေတဲ့ အသက် ၅၀ ကျော် အမျိုးသမီးတဦးက ဘေးနားမှာ ရပ်ကြည့်နေတဲ့ အမျိုးသမီးငယ် တဦးကို ခြေနင်းအကွက်ကျ ဘယ်လိုနင်းရမလဲဆိုတာကို လက်တွေ့နင်းပြ သင်ကြားနေပါတယ်။
အဲဒီ အသက် ၅၀ ကျော် အမျိုးသမီးက ဒီရုံရဲ့ ပညာရှင် ဦးသန်းလွင်ရဲ့ ဇနီးဖြစ်သလို အရွယ်ရောက်စ ကတည်းက ဒီရက်ကန်း အလုပ်နဲ့ပဲ အသက်မွေးနေတဲ့ သူပါ။ ဒီရုံထဲမှာ သူတို့ ဇနီးမောင်နှံ နှစ်ဦးကသာ ဦးဆောင်နေရတဲ့ သူတွေလို့ သိရပါတယ်။
ရက်ကန်းခတ်တာကို ကြည့်နေစဉ်မှာပဲ နိုင်ငံခြားသားခရီးသွား တစု ရက်ကန်းရုံထဲကို ဝင်လာပါတယ်။ မိန်းမပျိုလေးတွေက အဲဒီ နိုင်ငံခြားသားတွေကို ရက်ကန်းအကြောင်း လိုက်လံ ရှင်းပြကြပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံခြားသားတွေ ပြန်ထွက်သွား ချိန်မှာ အထည်တထည်မှ ရောင်းလိုက်ရတာ မရှိခဲ့ပါဘူး။
“နိုင်ငံခြားသား လာတိုင်း ဝယ်ကြမယ် ဆိုရင်တော့ ဒီခရီးသွားလုပ်ငန်းနဲ့တင် ကျနော်တို့ ရပ်တည်လို့ ရပါတယ်။ ဒါပေမယ့် လက်ထည်တွေရဲ့ ဈေးနှုန်းက ရန်ကုန်မှာရှိတဲ့ အင်း တိုင်းရင်းသား ဝတ်စုံတွေထက်တော့ နည်းနည်းကြီးတယ်” လို့ ဦးမြင့်ဇော်က ပြောပါတယ်။
ရွှေပြည့်လျှံ ရက်ကန်းရုံကနေ ပြန်ထွက်ဖို့ ပြင်လိုက်တဲ့အချိန်မှာ ရက်ကန်းခတ်နေတဲ့ အမျိုးသမီးတချို့ ရက်ကန်းစင်ကနေ ပြန်ဆင်း လိုက်တာကို တွေ့လိုက်ရပါတယ်။ ဧည့်သည်လာတဲ့အချိန်မှာ ခတ်ပြပြီး ဧည့်သည် ပြန်တဲ့အချိန်မှာ သူတို့ အချင်းချင်း စကားပြောတဲ့ အချိန် ရောက်လာပါပြီ။ ဒါကြောင့် ထောင့်တနေရာမှာ စုဝေးပြီး စကားပြောနေပါတော့တယ်။
ရက်ကန်းရုံတွေ အတွက်တော့ ဒီလိုပဲ လည်ပတ်နေရင်း တိုးတက်မယ့် အလင်းရောင်ကို မျှော်လင့်နေတဲ့ ဦးမြင့်ဇော်ကတော့ ဒီလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ဆိုရင် အဘက်ဘက်ကနေ ပံ့ပိုး ကူညီမှုတွေ အများအပြား လိုအပ်နေတယ်လို့ ပြောပါတယ်။
သူက လာသမျှ ဧည့်သည်တွေကို အင်းလေးကန်အတွက် အဓိက သောက်ရေ ရရှိနေသေးတဲ့ ညောင်ဝန်း ရေထွက်ပေါက်က ထွက်တဲ့ရေကို ကျိုချက်ထားတဲ့ ရေနွေးလေးတော့ သောက်သွားပါဦးလို့ ဧည့်ဝတ်ပြုနေပါတယ်။ ။