ဆောင်းပါး

ကျွန်းဆွယ်ပွဲနှင့် အတူ ကျဆုံးခဲ့သည့် မြန်မာ့ဘောလုံး

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တို့တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ မှ စကာ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ စတင် ကျင်းပတော့မည် ဖြစ်သည်။ အရှေ့တောင်အာရှ အားကစား ပွဲတော်၏ အစမှာ အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲမှ ဖြစ်သည်။ အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ကို ၁၉၅၈ ခုနှစ်၊ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့သည့် တတိယ အကြိမ်မြောက် အာရှ အားကစား ပြိုင်ပွဲတွင် သန္ဓေတည် ခဲ့သည်။

အာရှ အားကစားပွဲ

အားကစားနှင့် ပတ်သက်လျှင် အာရှတိုက်၏ လှုပ်ရှားမှုများသည် အားနည်းသည်။ တနိုင်ငံချင်း အလိုက် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့်သာ လှုပ်ရှားကြသည်။ ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်မီက ဒေသဆိုင်ရာ အားကစား ပွဲတော်ကျင်းပရေး စုပေါင်း ညှိနှိုင်းခဲ့ကြသည်။ အိန္ဒိယ အားကစား ခေါင်းဆောင် မစ္စတာ ဆွန်ဒိက ဦးဆောင် လှုပ်ရှားခဲ့သည်။ မြန်မာ အားကစား ခေါင်းဆောင် များကလည်း တက်ကြွစွာ ပါဝင်ခဲ့သည်။ အာရှ အားကစား ပွဲတော် ကော်မတီ ဖွဲ့စည်းပြီး အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော်၌ ၁၉၅၀ ပြည့်နှစ် ဒီဇင်ဘာလထဲတွင် ပထမဆုံး အာရှ အားကစား ပွဲတော်ကို ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း အိန္ဒိယနိုင်ငံဘက်မှ ပြင်ဆင်မှုများ မပြီးစီးသဖြင့် ၁၉၅၁ ခုနှစ်ဆန်းသို့ ရွှေ့ပြီး ကျင်းပခဲ့သည်။ အာရှ အားကစား ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင် နေရင်းဖြင့် အရှေ့တောင်အာရှ ဒေသဆိုင်ရာ အားကစား ပွဲတော်တရပ် ကျင်းပရန် အရှေ့တောင် အာရှ ဒေသတွင်း အားကစား ခေါင်းဆောင်များ သဘောပေါက်နားလည် ခဲ့ကြသည်။ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မေလ၌ ကျင်းပသည့် တတိယအကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲတွင် ရောက်ရှိနေကြသည့် မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် လာအိုနိုင်ငံ တို့မှ အားကစား ခေါင်းဆောင်များ ၁၉၅၈ ခုနှစ် မေလ ၂၀ ရက်တွင် စုဝေး တိုင်ပင် ဆွေးနွေးကြကာ ကျွန်းဆွယ် အားကစားပွဲ တော် ကျင်းပရေး ကောင်စီ ဖွဲ့စည်းခဲ့သည်။ အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို ၁၉၅၉ ခုနှစ် ဒီဇင်ဘာထဲတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။

ပထမအ အကြိမ်မြောက် အရှေ့တောင် အာရှကျွန်းဆွယ် အားကစား ပြိုင်ပွဲ (1st South East Asia Peninsula Games) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင် ကျင်းပခဲ့သည်။ အရှေ့တောင် အာရှ ဒေသအတွင်း၌ ကျွန်းဆွယ် နိုင်ငံ ၇ နိုင်ငံရှိသည့် အနက် ကမ္ဘောဒီးယားနိုင်ငံက ပါဝင်ယှဉ်ပြိုင်ခြင်း မရှိသဖြင့် ကျန် ၆ နိုင်ငံဖြစ်သည့် မြန်မာ၊ မလေးရှား၊ လာအို၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံက စတင်သည့် ၁၉၅၉ ခုနှစ် မှ စကာ ၁၉၇၅ ခုနှစ်အထိ ရှစ်ကြိမ်စလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အိမ်ရှင်အဖြစ် ၂ ကြိမ် (၁၉၆၁/၁၉၆၉) လက်ခံကျင်းပ ပေးခဲ့သည်။ နိုင်ငံအလိုက် နှစ်ကြိမ်စလုံး ပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ပထမ ကျွန်းဆွယ် ပြိုင်ပွဲတွင်မူ ရွှေ ၁၁ ခု၊ ငွေ ၃၃ ခု၊ ကြေး ၁၅ ခု ဖြင့် အိမ်ရှင် ထိုင်းနိုင်ငံပြီးလျှင် ရွှေတံဆိပ် အများဆုံး ဆွတ်ခူးနိုင်ခဲ့သည်။

ပထမအြကိမ် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ၁၀ မျိုးတွင် အားကစား သမားပေါင်း ၁၂၆ ဦးဖြင့် ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံ ပါဝင်လာသဖြင့် ၇ နိုင်ငံစလုံး ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။ ၁၉၆၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁ မှ ၁၆ ရက်နေ့အထိ ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို ရန်ကုန်မြို့ တမြို့တည်း၌သာ ကျင်းပ ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲ

ဒုတိယ အကြိမ်မြောက် အားကစား ပွဲတော် ဖွင့်ပွဲကို ၁၉၆၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင်က “ဒုတိယ အကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲကြီးကို ယခုအချိန်မှ စပြီး ဖွင့်လှစ်လိုက်သည်” ဟု မိန့်ကြားကာ ဖွင့်လှစ်ပေးလိုက်သည်။

ကျွန်းဆွယ် မီးရှူးတိုင်ကို ၁၉၃၆ ခုနှစ် ဘာလင်အိုလံပစ် အလေးမ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဦးဇော်ဝိတ်က နောက်ဆုံးလူ အဖြစ် သယ်ဆောင်လာပြီးနောက် ပင်မမီးရှူးတိုင်ကြီးကို ထွန်းညှိလိုက်သည်။ မီးရှူးတိုင်ကြီးကို မီးထွန်းညှိပြီးသော အခါ အမြောက် ၁၂ ချက် ပစ်ဖောက် အလေးပြုသည်။ ယင်းနောက် မြန်မာ အားကစား သမား မောင်မောင်လွင် (အလေးမ) က ဦးဆောင် တိုင်ပေးပြီး ပြိုင်ပွဲဝင် နိုင်ငံအားလုံးမှ ပြိုင်ပွဲဝင် အားကစား သမားများက ပြိုင်ပွဲ သစ္စာဓိဌာန် ဆိုကြသည်။ ယင်းနောက် တပ်မတော် ရဲညွန့်ကလေးများက ကျန်းမာရေး လေ့ကျင့်ခန်းများ ပြသခြင်း၊ ရန်ကုန် အထက်တန်း ကျောင်းပေါင်းစုံမှ ကျောင်းသူ ၄၀၀ က ကဗျာလွတ်အကဖြင့် ကပြ ဖျော်ဖြေခြင်းများ ပြုလုပ်ကြသည်။

အားကစားပွဲများ

မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပသည့် နိုင်ငံတကာ အားကစား ပြိုင်ပွဲ၌ အားကစား နည်း ၁၃ မျိုး ဖြစ်သည့် ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ စက်ဘီးစီး၊ ဘောလုံး၊ သေနတ်ပစ်၊ ရေကူး၊ စားပွဲတင် တင်းနစ်၊ ဘော်လီဘော၊ အလေးမနှင့် ရွက်လှေပြိုင်ပွဲတို့ ထည့်သွင်း ကျင်းပသည်။ မြန်မာနိုင်ငံက အမျိုးသား အားကစားသမား ၁၂၀၊ အမျိုးသမီး အားကစားသမား ၂၇ ဦးပါဝင် ယှဉ်ပြိုင်ခဲ့သည်။ ရွှေတံဆိပ် ၃၅၊ ငွေတံဆိပ် ၂၅၊ ကြေးတံဆိပ် ၂၂ ခုတို့ဖြင့် နိုင်ငံအလိုက် ပထမရရှိသည်။ ထိုင်းနိုင်ငံက ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၂၂ ခုဖြင့် နိုင်ငံအလိုက် ဒုတိယ ရသည်။ မလေးရှားနိုင်ငံက ရွှေတံဆိပ် ၁၂ ခု၊ ငွေ တံဆိပ် ၁၆ ခု၊ ကြေးတံဆိပ် ၁၆ ခုဖြင့် နိုင်ငံအလိုက် တတိယရသည်။

၁၉၆၃

တတိယ အကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံက လက်ခံကျင်းပ ပေးခြင်း မရှိသဖြင့် ပြိုင်ပွဲ ပျက်ခဲ့ရသည်။

၁၉၆၅

တတိယ အကြိမ်မြောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို ၁၉၆၅ ခုနှစ်တွင် မလေးရှားနိုင်ငံက လက်ခံကျင်းပသည်။ ကမ္ဘောဒီးယား နိုင်ငံက တတိယအကြိမ်မြောက် ကျွန်းဆွယ် ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း မရှိသော်လည်း မလေးရှား ပြိုင်ပွဲတွင် ဧည့်သည်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာနိုင်ငံက အမျိုးသား အားကစား သမား ၆၃ ယောက်၊ အမျိုးသမီး အားကစား သမား ၂၄ ယောက် ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကျွန်းဆွယ် ပြိုင်ပွဲမှာ မြန်မာ အားကစား လောကအတွက် မှတ်တမ်းဝင်သည့် နှစ် တနှစ်ဖြစ် သည်။ မြန်မာလက်ရွေးစင် ဘောလုံးအသင်းက နောက်ဆုံး ဗိုလ်လုပွဲတွင် ထိုင်းအသင်းနှင့် ၂ ဂိုးစီ သရေကျပြီး ပူးတွဲ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။ ထိုင်းက ၂ ဂိုး စသွင်းပြီး အောင်ခင်က ချေပဂိုး ၂ ဂိုးစလုံး သွင်းခဲ့ခြင်း ဖြစ်သည်။

ဒုတိယ မှတ်တမ်းမှာ ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင် ပထမဆုံး ထည့်သွင်း ကျင်းပသည့် မြန်မာ အမျိုးသမီး ဘော်လီဘော အသင်းက ထိုင်း အသင်းကို နှစ်ကျော့စလုံး အနိုင်ရကာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

မလေးရှား ကျွန်းဆွယ် ပြိုင်ပွဲတွင် အားကစားနည်း ၁၄ မျိုး ထည့်သွင်း ကျင်းပသည်။ မြန်မာနိုင်ငံက အားကစားနည်း ၉ မျိုး၌သာ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ဘတ်စကက်ဘော၊ စက်ဘီး၊ တင်းနစ်၊ စားပွဲတင် တင်းနစ်နှင့် ပိုက်ကျော်ခြင်း ကစားနည်း တို့တွင် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိပါ။ ရွှေတံဆိပ် ၁၈ ခု၊ ငွေတံဆိပ် ၁၄ ခု၊ ကြေးတံဆိပ် ၁၆ ခု ဆွတ်ခူး နိုင်ခဲ့သည်။

၁၉၆၇

စတုတ္ထအကြိမ်မြောက် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ၁၉၆၇ ခုနှစ် ဒီဇင်ဘာ ၉ မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံက အားကစားသမား အမျိုးသား အမျိုးသမီးပေါင်း ၁၅၀ ပါဝင်ယှဉ်ပြိုင်ခဲ့ သည်။ ပိုက်ကျော်ခြင်းနှင့် ရပ်ဂ်ဘီဘောလုံး တို့မှလွဲ၍ အားကစားနည်း ၁၄ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ဘောလုံး ရွှေဆု အပါအဝင် ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ၂၆ ခုနှင့် ကြေးတံဆိပ် ၃၀ သာ ဆွတ်ခူးနိုင်ခဲ့သည်။

၁၉၆၉

ပဉ္စမအကြိမ်မြောက် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို ၁၉၆၉ ခုနှစ် ဒီဇင်ဘာ ၆ မှ ၁၃ ရက်အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

အားကစားနည်း ၁၅ မျိုးဖြစ်သည့် ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ စက်ဘီး၊ ဘောလုံး၊ ကျွမ်းဘား၊ ဂျူဒို၊ သေနတ်ပစ်၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ဘော်လီဘော၊ အလေးမ၊ ရွက်လှေ တို့ကို ထည့်သွင်း ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၇ နိုင်ငံမှ အုပ်ချုပ်သူ နည်းပြဆရာနှင့် ဒိုင်လူကြီး ၂၄၈ ဦး၊ အားကစား မောင်မယ် ၉၂၀ ဦး၊ စုစုပေါင်း ၁၁၆၈ ဦး ပါဝင်သည်။ မြန်မာက ရွှေတံဆိပ် ၅၇၊ ငွေတံဆိပ် ၄၆၊ ကြေးတံဆိပ် ၄၉ ဆွတ်ခူးခဲ့ပြီး နိုင်ငံအလိုက် ပထမနေရာတွင် ရပ်တည်ခဲ့သည်။

ကျွန်းဆွယ် အားကစား ပြိုင်ပွဲကာလတွင် ၁၉၆၉ ခုနှစ်၌ မြန်မာနိုင်ငံအတွက် ဒုတိယ နှင့် နောက်ဆုံးအကြိမ် အဖြစ် ကျွန်းဆွယ်ပြိုင်ပွဲကို လက်ခံ ကျင်းပခဲ့ခြင်းပင်ဖြစ်သည်။

၁၉၇၁

ဆဋ္ဌမအကြိမ်မြောက် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၁၁ မှ ၁၈ အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ကျင်းပသည်။

မြန်မာ အားကစားအဖွဲ့က ရွှေ ၂၀၊ ငွေ ၂၈၊ ကြေး ၁၃ ခုဖြင့် နိုင်ငံအလိုက် စတုတ္ထအဆင့်သာ ရသည်။

၁၉၇၃

စင်ကာပူ နိုင်ငံတွင် စက်တင်ဘာ ၁ မှ ၈ စင်ကာပူတွင် ကျင်းပခဲ့သည်။ ကျွန်းဆွယ်ဒေသတွင်း ၇ နိုင်ငံစလုံး စုံညီစွာ ယှဉ်ပြိုင်သည့် နောက်ဆုံးပြိုင်ပွဲပင်ဖြစ်သည်။ မြန်မာ အားကစား အဖွဲ့က ရွှေ ၂၇၊ ငွေ ၂၀၊ ကြေး ၁၁ ခုတို့ဖြင့် နိုင်ငံအလိုက် အဆင့် ၄ မှာပင် ရပ်တည်နိုင်ခဲ့သည်။

၁၉၇၅    

အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ နောက်ဆုံးပွဲပင် ဖြစ်သည်။ တောင် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့က အသီးသီး နုတ်ထွက်သွားကြသည်။ မြန်မာ၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သာ ဘန်ကောက်တွင် ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာက ရွှေ ၂၈၊ ငွေ ၃၅၊ ကြေး ၃၃ ဖြင့် မလေးရှားအထက် တတိယအဆင့်တွင် ရပ်တည်နိုင်ခဲ့သည်။ ကျွန်းဆွယ် အားကစား ပြိုင်ပွဲနှင့် အတူ မြန်မာ ဘောလုံး အောင်မြင်မှုလည်း ပျောက်ကွယ်သွားခဲ့ရသည်။     ။

Loading