“ရာဇဓာနီ မင်းနေပြည်တော်”လို့ ဆိုတဲ့ စကားလုံးကို တွေ့လိုက်ရတော့ အလွန် စိတ်ဝင်စားသွားပါတယ်။
နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်ကြီးကို မကြာသေးခင်က သွားရောက်ဖူးမြော်ခဲ့ရစဉ် တွေ့မြင်ခဲ့ရတာပါ။ စေတီတော် ရင်ပြင် ပေါ်ကို ဓာတ်လှေကားနဲ့ တက်လာခဲ့ရာ အရှေ့တောင်အရပ်မှာ အမြင့်ပေ ၁၀၀ ကျော်ရှိတဲ့ ကမ္ပည်းမော်ကွန်းတိုင် ရှိပါတယ်။ မော် ကွန်းတိုင်မှာ ရေးထိုးထားတဲ့ မော်ကွန်း ကမ္ပည်းလွှာက စစချင်း စကားလုံးပါ။
မော်ကွန်းလွှာကို ဆက်ဖတ်ကြည့်တော့ –
“ရာဇဓာနီ မင်းနေပြည်တော်
ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ်
သာသနမဟာဓဇဂ္ဂ ၊ သာသနာ့မဟာတံခွန်တိုင်တော်
မော်ကွန်း ကမ္ပည်းလွှာ…” အစချီပြီး မော်ကွန်းတိုင် စတည်တဲ့ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်၊ စနေနေ့၊ တံခွန်တိုင် အမြင့် ၁၀၈ ပေ၊ တံခွန်တိုင် အချင်း၊ တံခွန်တိုင် ထိပ်မှာရှိတဲ့ ဟင်္သာရုပ် အမြင့်၊ နတ်မင်းကြီး လေးပါးအမြင့် တွေကို အင်္ဂလိပ်၊ မြန်မာ နှစ် ဘာသာ နဲ့ ဖော်ပြထားပါတယ်။
မော်ကွန်းလွှာ အောက်ဆုံးမှာလည်း –
“ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ရာဇဓာနီ မင်းနေပြည်တော်၊ ဥပ္ပါတသန္တိ ကုန်းတော်ပြင်ရှိ မြန်မာမှု အနုလက်ရာ တန်ဖိုး မဖြတ်နိုင် သည့် အနဂ္ဃရတနာ စုံလင်စွာဖြင့် ဝေဆာဆန်းပြား ခမ်းနားကြီးကျယ် သပ္ပာယ်တော် မူလှသော ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီး အား အထွတ်အမြတ် ပူဇာ အဆောင်အယောင် တန်ဆာ အဖြစ် အလောင်းတော် ရွှေဟင်္သာမင်းပုံ၊ စတုလောကပါလ နတ်မင်းကြီး လေးပါး၊ တံခွန်လုံး အစုံများပါရှိသည့် ဤသာသနမဟာဓဇဂ္ဂ၊ သာသနာ့မဟာ တံခွန်တိုင်တော်ကြီးဖြင့် ရင်ပြင်တော် အရှေ့တောင် ထောင့် အရပ်တွင် ထားရှိ၍ လှူဒါန်းပူဇော်ပါသည်။”လို့ တွေ့ရပါတယ်။

အဲဒီ ရာဇဓာနီ မင်းနေပြည်တော် ဆိုတဲ့ စကားလုံးက အတွေးကို ဆွဲဆန့်စေခဲ့ပါတယ်။ ရာဇဓာနီ(ရာဇဌာနီ) ဆိုတာ ပါဠိစကားပါ။ အုပ်ချုပ် မင်းလုပ်သူ ရှင်ဘုရင် စံမြန်းရာ မြို့တော် လို့ အဓိပ္ပာယ်ယူရင် ရပါမယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ရာဇဓာနီ မင်းနေပြည်တော် ဆိုတော့ မြန်မာနိုင်ငံကို အုပ်စိုးတဲ့ ဘုရင်မင်းမြတ် စံမြန်းနန်းစိုက်ရာ မြို့တော် နေပြည်တော် လို့ ဆိုရမှာပါ။
ရာဇဌာနီ မင်းနေပြည်တော်ကို စဉ်းစားရင်း မျက်စိထဲမှာလည်း စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ချက်ချင်းမြင်ယောင် မိပါတယ်။
နအဖ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟာ အခုဆိုရင် အငြိမ်းစားယူသွားတာ တနှစ်ကျော်ပဲ ရှိပါသေးတယ်။ လူအများက လည်း သူ့ကို မမေ့ကြသေးပါဘူး။ အထူးသဖြင့် စစ် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးရဲ့ လုပ်ဆောင်ချက်တွေကိုပါပဲ။
အဲဒီ လုပ်ဆောင်ချက်တွေထဲမှာ နေပြည်တော် ဆိုတဲ့ မြို့ တည်ဆောက်တာ၊ ဥပ္ပါတသန္တိ စေတီတော်ကြီးကို ဦးဆောင် တည်တာ တွေဟာ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပြီးတော့ ပြည်တွင်း ပြည်ပက အလွန်စိတ်ဝင်တစား ရှိကြပါတယ်။ သူ့ကို နောက်ကွယ် မှာ ဘဝရှင် မင်းတြားကြီး အစရှိတဲ့ ပဒေသရာဇ် အာဏာရှင် ဘုရင်တပါးလို ခေါ်ဝေါ် သုံးစွဲကြတာမျိုးတွေလည်း ရှိပါတယ်။
အခုလို မြို့သစ် နန်းသစ် ရွှေ့ပြောင်းတည်ဆောက်တာ၊ ဘုရားတည် ကျောင်းဆောက်တာတွေဟာ ကုန်းဘောင် မင်းဆက်(၁၇၅၂ ကနေ ၁၈၈၅ ခုနှစ်အထိ) ဖြစ်တဲ့ မင်းတုန်းမင်း(နန်းစံ နှစ် ၁၈၅၃-၁၈၇၈) အပါအဝင် ရှေးမြန်မာ ရှင်ဘုရင် အဆက်ဆက် ပြုခဲ့တဲ့ အစဉ်အလာ ထုံးတမ်း တခု လိုပါပဲ။ မင်းတုန်းမင်းက ရတနာပုံ မန္တလေး နေပြည်တော် ကို အမရပူရ ကနေ မန္တလေးမြို့ကို ပြောင်း ရွှေ့တည်ထောင်ခဲ့တာပါ။
ထိုင်းနိုင်ငံက သုတေသန ပညာရှင် ဒူယာပက် ပရီချာရာ့ရှ် (Dulyapak Preecharushh) ရေးတဲ့“မြန်မာနိုင်ငံရဲ့ မြို့တော်သစ် နေပြည်တော်” (Naypyidaw , The New Capital of Burma) ဆိုတဲ့ စာအုပ်ထဲမှာတော့ မြန်မာဘုရင်တွေ နန်းစိုက်ရာ မြို့တွေကို ပြောင်း ရွှေ့ရခြင်းနဲ့ ပတ်သက်ပြီး သုံးသပ်ထားပါတယ်။
လုံခြုံရေးနဲ့ စစ်ရေးမဟာဗျူဟာအရ ပြောင်းရွှေ့တာ။ အင်အား အာဏာ အားကောင်းဖို့ စုစည်းလိုမှု၊ ဘုန်းတန်ခိုး စွမ်းအားပြလိုမှု နဲ့ နိုင်ငံရေး ပဋိပက္ခတွေကြောင့် ပြောင်းရွှေ့တာ။ နောက်တခုကတော့ ဘာသာရေး အကြောင်းပြချက်ပါ။ ဗုဒ္ဓက ဗျာဒိတ်ပေးခဲ့တယ် ဆိုတဲ့နေရာ၊ နက္ခတ္တ ဝေဒ ပညာရှင်တွေ၊ ပုဏ္ဏား ပညာရှိတွေရဲ့ အကြံပေးချက်အရ ပြောင်းရွှေ့တာ။ စိုက်ပျိုးရေး ဖြစ်ထွန်းတဲ့ ကုန်းတွင်းပိုင်းကို ပြောင်းရွှေ့တာ။ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေအပေါ် စဉ်းစားချက်အရ နေရာရွေးချယ်ပြီး ပြောင်းရွှေ့ နန်းစိုက်တာတွေ ဖြစ်တယ်လို့ ဒူယာပက် ပရီချာရာ့ရှ် က ဆိုထားပါတယ်။

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးကတော့ အဘယ်သို့သော စဉ်းစားချက် အခြေခံမူအရ နေပြည်တော်ကို မြန်မာနိုင်ငံရဲ့ မြို့တော်အဖြစ် ပြောင်းရွှေ့ တည်ဆောက်ရသလဲ ဆိုတာ မသိရှိရပါ။ ဒါပေမယ့် စစ်အာဏာရှင်ကြီး အနေနဲ့ သက်ဦးဆံပိုင် ဘုရင်တပါးလို ဖြစ်ချင်တဲ့ ဆန္ဒရှိပုံ တချို့ကို ၂၀၀၇ ခု နှစ်ကုန်ပိုင်းမှာ သိရှိခဲ့ရပါတယ်။ အဲဒီ ကာလအတွင်း ပုဂံ ကိုသွားပြီး ဘုရားဖူး လှူဒါန်းတာတွေ လုပ်ပါတယ်။ ပြီးတော့ ရွှေစည်းခုံ ဘုရားမှာ ပန်းရောင်းတဲ့ မိန်းကလေးတဦးကိုခေါ် မင်းသမီးလို ဝတ်ခိုင်းပြီး ဗိုလ်ချုပ်မှူးကြီး ကို ပန်းဆက် ခိုင်းတာမျိုးတွေ လုပ်ခဲ့ပါတယ်။
အစိုးရနဲ့ နီးစပ်တဲ့ သံဃာတော် တပါးကတော့ ဒီလုပ်ရပ်ဟာ ဗေဒင် ယတြာချေတာ လို့ ဆိုပါတယ်။ ဒါပေမယ့် ဘုန်းတန်ခိုး အာဏာ ထက်တဲ့ ပဒေသရာဇ် ရှင်ဘုရင်တပါးရဲ့ ပြုမူပုံမျိုးလို့လည်း ယူဆစရာပါ။ ပြီးတော့ စစ်ခေါင်းဆောင် အိုကြီးက ပုဂံမှာရှိတဲ့ မင်းအိုချမ်း သာ ဘုရား၊ မျက်တော်ပြေ ဘုရား၊ ဆင်များရှင် ဘုရား တွေမှာလည်း ယတြာချေခြင်း အမှုတွေ ပြုခဲ့ပါသေးတယ်။ ဘုရား ဘွဲ့အမည် တွေကလည်း စိတ်ဝင်စားစရာပါ။
အဲဒီ အာဏာရှင်ကြီးက အစိုးရ ဝန်ကြီးဌာနတွေကို ၂၀၀၅ ခုနှစ် နိုဝင်ဘာလအတွင်းမှာ နေပြည်တော်ကို ပြောင်းရွှေ့လိုက်ပြီး ၂၀၀၆ ခုနှစ် အတွင်းမှာ မြန်မာနိုင်ငံရဲ့ မြို့တော် အဖြစ် သတ်မှတ်ကြေညာခဲ့ပါတယ်။
၂၀၀၆ အတွင်းမှာပဲ ဥပ္ပါတသန္တီ စေတီကြီးကို ရန်ကုန်မြို့က ရွှေတိဂုံ စေတီ ပုံစံယူပြီး စတည်ခဲ့တာပါ။ ၂၀၀၉ ခု မှာ စေတီကြီးအပြီး သတ် ထီးတော်တင်လို့ ပွဲလမ်းသဘင်တွေလည်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ပါတယ်။ ဥပ္ပါတသန္တိ ဆိုတဲ့ ဘွဲ့အမည်ကို သတ်မှတ်တာက ဘေးအန္တရာယ် ကင်းဝေးခြင်း အဓိပ္ပာယ်ကို ယူပြီး သတ်မှတ်တာလို့လည်း သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးက ရှေးခေတ် ပဒေသရာဇ် ရှင်ဘုရင်တွေ အလားသဏ္ဍန် ဥပ္ပါတသန္တိ စေတီကြီးကိုလည်း ရှင်ဘုရင်တွေက နန်းဦး စေတီ၊ နန်းတက် ဘုရား သဖွယ် တည်သလိုမျိုး တည်တာ ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံက တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေ ဘုရားတည်တဲ့ အကြောင်းတွေးရင် တပါတီ အာဏာရှင် ဦးနေဝင်းကိုလည်း သတိရစေပါတယ်။
ဦးနေဝင်းဟာ မဟာဝိဇယစေတီ ကို ၁၉၈၀ လောက် က သာသနာသန့်ရှင်းရေး အထိမ်းအမှတ်ကို အကြောင်းပြုပြီး ရွှေတိဂုံ စေတီ အနီးမှာ စတင် တည်ခဲ့တာပါ။ ၁၉၈၆ ခုမှာ အပြီးသတ်ပြီးနောက် ၂ နှစ် လောက်အကြာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တော်လှန်ရေး လူထုအုံကြွမှု ဖြစ်ပွားခဲ့ပြီး ဦးနေဝင်း အာဏာ လက်လွှတ်ခဲ့ရပါတယ်။

တိုက်ဆိုင်မှုလို့ပဲ ဆိုရမလား။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း ၂၀၀၉ ခုနှစ်မှာ ဥပ္ပါတသန္တိ စေတီကြီး အပြီးသတ် တည်ပြီး နောက် ၂ နှစ်လောက် အကြာ ၂၀၁၁ ခုနှစ်အတွင်းမှာ ဦးသိန်းစိန် အစိုးရကို အာဏာလွှဲပေးလိုက်ရ ပါတယ်။
ဒါပေမယ့် နေပြည်တော်ကို လျှပ်စစ်မီးတွေ ထိန်ထိန်လင်းလို့ လမ်းမကျယ်ကြီးတွေ၊ တိုက်တာ အဆောက်အအုံကြီးတွေ၊ အစိုးရ ရုံး ဌာနတွေ၊ ဟိုတယ် တွေ၊ တည်းခိုခန်းတွေ၊ ဈေးတွေ၊ ကျောင်းတွေ၊ ရုပ်ရှင်ရုံတွေ၊ အထူးကု ဆေးခန်းတွေ ဆေးရုံတွေ၊ အဝေးပြေး ကားဝင်း၊ ဘောလုံး ကွင်း၊ အားကစားကွင်း၊ ရေတွင်း ရေကန် ပန်းခြံတွေ၊ အပန်းဖြေ အနားယူစရာ နေရာတွေနဲ့ ပြည့်စုံအောင် တည်ဆောက် ထားပြီးပါပြီ။ ဒေသခံတဦးပြောတဲ့ နေပြည်တော်မှာ မီးမလင်းလို့ ဘယ်ရမလဲ ဆိုတဲ့ စကားကိုလည်း သတိရမိပါတယ်။
တချို့နေရာတွေမှာ မူရင်းဒေသခံတွေ အနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ ရှိသလို၊ တချို့ နေရာတွေမှာတော့ မူလထက် တန်ဖိုး အဆ ရာထောင်ချီ တက်သွားတာတွေ ရှိပါတယ်။ နေပြည်တော် နယ်မြေဟာ ကျယ်ဝန်းလို့ သွားရေး လာရေး ခက်ခဲတဲ့ နေရာတွေ ရှိသလို၊ စည်ကားတဲ့ နေရာတွေလည်း ရှိနေပါပြီ။ နေပြည်တော်မှာရှိတဲ့ လမ်းတွေအများကြီးထဲက ပျဉ်းမနားနဲ့ ပုဗ္ဗသီရိ မြို့နယ်ကြား က ရာဇဌာနီ လို့ အမည်ပေးထားတဲ့ လမ်းမကြီးကတော့ လူသုံးနည်းနေပါသေးတယ်။။
ဒါပေမယ့် မေးစရာ မေးခွန်းလည်း ရှိနေပါတယ်။ အဲဒီ ရန်ကုန်ကို ခြေစုံကန် ပစ်ထားခဲ့ပြီး တည်ဆောက်ခဲ့တဲ့ နေပြည်တော် ရဲ့ ကုန်ကျစရိတ် ဘတ်ဂျက်ဟာ ဘယ်ငွေစာရင်း ခေါင်းစဉ်အရ သုံးတာလဲ။ ဘယ်က ရတဲ့ ငွေတွေလဲ။ ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ ဆိုတာပါပဲ။
နေပြည်တော် ဥပ္ပါတသန္တိ စေတီကြီးရဲ့ ရင်ပြင်တော်ပေါ်မှာ လက်ယာရစ် ပူဇော်ရင်းနဲ့ အတွေးဆင့်ပွားနေရာမှ ဝန်းကျင်ကို စူးစမ်း မိတော့ အများပြည်သူ နားရက်ဖြစ်လို့ ဘုရားဖူးလာသူတွေနဲ့ စည်ကားနေတာကို သတိထားမိပါတယ်။ ညနေခင်း အချိန် ဖြစ်လို့လည်း စေတီတော်ကြီးနဲ့ နေဝင်ဆည်းဆာကို ယှဉ်တွဲ မြင်တွေ့ခဲ့ရပါတယ် … ။ ။