ဆောင်းပါး

“ခွင့်လွှတ်တယ်၊ ဒါပေမယ့် မမေ့ဘူး”

This article has been converted from Zawgyi One to Unicode

ညှဉ်းပန်းခဲ့သူနဲ့ အညှဉ်းပန်းခံခဲ့ရသူ နှစ်ဦး ဆုံတွေ့စဉ် တယောက်ကို တယောက် မမှတ်မိကြတော့။ အချိန်ကာလ အားဖြင့် အနှစ် ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် မျက်နှာများ၊ ပုံသဏ္ဍန်များ၊ အနေအထားများ အားလုံး ပြောင်းလဲခဲ့ပြီ။

ထိုစဉ်က ကျွဲပေါက်ကြီးတကောင်လို သန်မာကြံ့ခိုင်သူက အခု ရှုနာရှိုက်ကုန်း ရောဂါသည် ပုံစံ၊ ထိုစဉ်က ဂျစ်ကန်ကန် မာကျောကျော မဟုတ်မခံ ပုဂ္ဂိုလ်တယောက်က အခု အရာရာကို သည်းခံခွင့်လွှတ်စိတ်ဖြင့် ကြည့်တတ်သည့် သံဃာတော် တပါး၊ ထိုစဉ်က ပျော်ပျော်ရွှင်ရွှင်နှင့် လူငယ်ဘဝ မျှော်လင့်ချက်တို့ လင်းလက်တောက်ပနေမည့် မျက်နှာ ပိုင်ရှင်က အခု လောကဓံ၏ အထုအထောင်းကို ပြင်းထန်စွာခံခဲ့ရသည့် မှိုင်းရီရီ မျက်ဝန်းများဖြင့် စကားကို သတိထားပြောနေသူ၊ ထိုစဉ်က … အာဏာရှင်၏ ပါးကွက်သားအဖြစ် ရက်စက်ခဲ့သူက ယခု နာမည်ရ အစိုးရ အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုတွင် ဝင်ရောက် လှုပ်ရှားနေသူ … ထိုစဉ်က …၊ ထိုစဉ်က စသည်ဖြင့်။

သူတို့ ဆုံတွေ့ခဲ့သည်က သာယာဝတီ ငရဲစခန်းဟူ၍ နာမည်ဆိုးနှင့် ကျော်ကြားခဲ့သော သာယာဝတီ အကျဉ်းထောင်တွင်၊ လွန်ခဲ့သော အနှစ် ၂၀ ကျော်က ဖြစ်သည်။ ကောင်းသော ဆုံတွေ့ခဲ့ခြင်းတော့မဟုတ်၊ တဦးက နိုင်ငံရေး အကျဉ်းသား အဖြစ်နှင့် တဦးက ထောင်အာဏာပိုင် အဖြစ်နှင့် ဆုံတွေ့ကြခြင်းသာ။

မကြာသေးခင်ကတော့ သူတို့နှစ်ဦး အိမ်တအိမ်တည်းတွင် ဧည့်သည် နှစ်ဦးအဖြစ် အမှတ်တမဲ့ ဆုံခဲ့ကြသည်။

“သူငယ်ချင်းက ဖုန်းဆက်တော့ မင်း အဲဒီမှာ အဘိုးကြီးတယောက်နဲ့ မတွေ့ခဲ့ဘူးလား၊ အဲဒီအဘိုးကြီးက ထောင်မှူးကြီး —-လေဆိုမှ ကျနော် တော်တော် အံ့သြသွားတာ” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇော်မြင့်က ဆိုသည်။

ကိုဇော်မြင့် ဆိုသည်မှာ ၁၉၈၉ ခုနှစ်က တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်တဦး ဖြစ်သည်။ ၉ ရက် ၈ လ ၁၉၈၉ ခုနှစ် ၈ လေးလုံး နှစ်ပတ်လည်ကျင်းပရန် ပြင်ဆင်စဉ် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်အချမှတ်ခံခဲ့ရသည်။ ထိုစဉ်က နဝတ အစိုးရ၏ ပထမဆုံး ထောင်ပြောင်းစာရင်းတွင် ပါဝင်ခဲ့ပြီး အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသူ ဖြစ်သည်။

“နိုဝင်ဘာ ၁၇ ရက်နေ့ညမှာ ထောင်အာဏာပိုင်တွေ သံချောင်းခေါက်ပြီး ဝင်လာတယ်။ ထုံးစံအတိုင်း ထောင်ပုံစံထိုင်၊ လှုပ်ရင် အရိုက်ခံရမယ် ပြောပြီးတော့ ဦးစောဘုရားရှိတဲ့ မိန်းထောင်ကြီးမှာ နှစ်ယောက်တွဲ ခြေကျင်းရိုက် သံကြိုးတွဲခံရတာ” ဟု ကိုဇော်မြင့်က သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရပုံကို ပြန်ပြောပြသည်။

ကိုဇော်မြင့်နှင့် သံကြိုးတွဲချည်ခံရသူမှာ ခြေတဘက် သိမ်နေသူဖြစ်ပြီး ချိုင်းထောက်နှင့် လျှောက်နေရသူ ဖြစ်ကြောင်း သိရသည်။

၁၉၈၉ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့ညက သာယာဝတီအကျဉ်းထောင်သို့ ရွှေ့ပြောင်းခံခဲ့ရသူများထဲတွင် ယခု ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုကျော်ကျော်ထွေး (ခေါ်) ကိုမားကီးလည်း ပါသည်။ ကိုမားကီးက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် တနှစ်ပြည့် နှစ်ပတ်လည်တွင် စာဝေမှု၊ ဆူပူဆန္ဒပြရန် ပြင်ဆင်မှုဆိုသည့် စွပ်စွဲချက်များဖြင့် ထိုစဉ်က အင်းစိန်ထောင်တွင် ၁ နှစ်ခွဲ အကျဉ်းချ ခံခဲ့ရသူ ဖြစ်သည်။

“ကျနော်တို့တွေကို ထုတ်လာပြီး ခြေကျင်းရိုက်၊ ဆံပင်တွေကို စက်နဲ့ ပုံမကျပန်းမကျ ထိုးပြီး သာယာဝတီကို ပို့လိုက်တာ” ဟု ကိုမားကီးက ဆိုသည်။

ထိုစဉ်က သာယာဝတီထောင်ကို စံပြအကျဉ်းထောင် ဖြစ်စေရန် ပြုပြင်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် နဝတ အစိုးရက နိုင်ငံရေး အကျဉ်းသား အတော်များများကို ပို့လိုက်ခြင်းလည်း ဖြစ်သည်ဟု သိရသည်။

သာယာဝတီထောင်ရောက် နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းလုပ်ရန် ထောင်အာဏာပိုင်များက ခိုင်းစေရာ နိုင်ငံရေး အကျဉ်းသားများက ငြင်းဆန် ဆန္ဒပြရာမှစ၍ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် တိုက်စပိတ်ခဲ့သည်။

“တိုက်ဝ ရောက်တာနဲ့ ပါလာတဲ့ အဝတ်အစားအပို အကုန်ထားခဲ့ရတယ်။ ပါလာတဲ့ ပစ္စည်းပို မှန်သမျှလည်း အကုန်ချန်ထား ခဲ့ရတယ်။ ပြီးတာနဲ့ မိချောင်းသွား သွားခိုင်းပြီး နောက်ကနေ ဝိုင်းရိုက်ကြတော့တာပဲ” ဟု ကိုမားကီးက ဆိုသည်။

ထောင်တွင်း အကျဉ်းခန်း တနေရာ (ဓာတ်ပုံ – ဧရာဝတီ)

သာယာဝတီ ငရဲစခန်းဟု သူတို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ ခေါ်တွင်ခဲ့သည့် ထို အကျဉ်းထောင်သည် ထိုစဉ်ကာလက အရက်စက်ဆုံးနှင့် အဆိုးရွားဆုံး အကျဉ်းထောင်ဟု နာမည်ထွက်ခဲ့သည်။ အလုပ်လုပ်ရန် ငြင်းဆန် ဆန္ဒပြသဖြင့် တိုက်ပိတ်သည်၊ ရိုက်ခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ဆိုသော်လည်း ထောင်ဖောက်ရန် ကြိုးစားသဖြင့် တိုက်ပိတ်သည်ဟု သတင်းလွှင့်ခဲ့ကြောင်း သိရသည်။

“လူ ၁၀ ယောက်လောက်ကို အယောက် ၅၀ လောက်က ဝိုင်းရိုက်တာ။ ထပြေးတော့လည်း ပြေးစရာ နေရာက မရှိဘူး။ ဘယ်လောက်ထိ ဝရုန်းသုန်းကား နိုင်လဲဆိုရင် သူတို့အချင်းချင်း ရိုက်မိကြတာတွေတောင် ရှိတယ်” ဟု ကိုမားကီးက ပြောသည်။

ထိုစဉ်က သာယာဝတီ အကျဉ်းထောင်တွင် အရိုက်ခံခဲ့ရပြီး နံရိုးကျိုးသွားသည့် သူရိန်နေမျိုးဦး ဆိုသူမှာ ထောင်ကလွတ်ပြီး တပတ်အကြာတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ထိုစဉ်က အရိုက်ခံခဲ့ရသူ၊ တိုက်ပိတ် အကျဉ်းချ ခံခဲ့ရသူ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၉၅ ဦးရှိသည်။ ၉၅ ဦးဟု ဆိုသော်လည်း တဦး၏ အမည်စာရင်းပျောက်နေသည်။ ထိုဒဏ်များကြောင့်ဟု မဆိုနိုင်သော်လည်း သူတို့ထဲက ကွယ်လွန်သူ ၇ ဦးရှိသည်၊ မကျန်းမာသူများလည်း ရှိသည်။ အခု လက်ရှိတွင်တော့ အားလုံး ထောင်က လွတ်ခဲ့ပြီ ဖြစ်သည်။

“ဒါ နဝတ လက်ထက် ထောင်ထဲမှာ ပထမဆုံး အစုလိုက် အပြုံလိုက် အရိုက်ခံခဲ့ရတာပဲ။ ဒီဒဏ်တွေကြောင့် တချို့ဆို အလေးအပင် မမနိုင်တော့တာမျိုးတွေ ရှိတယ်” ဟု ကိုဇော်မြင့်က ဆိုသည်။

ထိုစဉ်က သာယာဝတီ ထောင်ထဲတွင် ဝက်များ မွေးမြူထားသောကြောင့် သူတို့ကို ရိုက်နေချိန်တွင် တဘက်ခန်းက ဝက်များကိုလည်း ရိုက်သည်ဟု သိရသည်။

“ဝက်တွေက အော်တော့ ကျနော်တို့ အော်သံတွေကို တခြားသူတွေ မကြားရတော့ဘူးပေါ့” ဟု ထိုစဉ်က ၉၅ ဦးထဲတွင် ပါခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုတင်မျိုးထွဋ်က ပြောသည်။

ယခုလက်ရှိ ဦးပဉ္ဇင်း ဦးပဏ္ဍိတလည်း ထိုစဉ်က လူဝတ် ဦးမြင့်စိုးအဖြစ် နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့သည်။ သာယာဝတီ ထောင်တွင် အရိုက်ခံရသူများထဲ ဦးပဉ္ဇင်းလည်း ပါဝင်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ အဖြစ် အလုပ်မလုပ်နိုင်ကြောင်း ငြင်းဆန်သဖြင့် တိုက်ပိတ်မခံရခင် အာဏာပိုင်များက “ဒူူးထောက်၊ ခွေးလိုလျှောက်” ဟု အမိန့်ပေးကာ မြင်ရာကို ဝိုင်းရိုက်ခဲ့ကြောင်း ဦးပဏ္ဍိတ မိန့်သည်။

“မိတဲ့နေရာကို ရိုက်တာပဲ။ အရပ်ထဲမှာ ခွေးရူးတကောင်ကို လူတွေ လိုက်ရိုက်တာ မြင်ဖူးလိမ့်မယ်၊ အဲဒီလိုကို ဝိုင်းရိုက်ကြတာ” ဟု သူက ဆိုသည်။

သူတို့ အားလုံးကို ဝိုင်းရိုက်ကာ တိုက်ပိတ်ထားသော်လည်း သံခြေကျင်းများကို ဖြုတ်မပေးခဲ့ဟု သိရသည်။ ၁၅ ရက်အကြာ တွင်မှ အာဏာပိုင်တယောက်က “မင်းတို့အားလုံး ဝမ်းသာပြီး ထခုန်မနေနဲ့ဦး” ဟုဆိုကာ ခြေကျင်းများကို ပြန်ဖြုတ်ပေးခဲ့သည်။ သူတို့အားလုံး ၁၇ ရက်တိတိ ရေချိုးခွင့်မရှိ၊ ဆီးအိုး၊ မစင်အိုး သွန်ခွင့်မရှိ။

“ကြိမ်ကို ရာဘာစွပ်ထားတဲ့ တုတ်နဲ့ အချက် ၂၀၀ ကျော် အရိုက်ခံထားရတာ၊ စဉ်းစားကြည့်တော့၊ အရက် ၂၀ နီးပါး မထနိုင်ဘူး” ဟု ဦးဉ္ဇင်း ဦးပဏ္ဍိတက ဆိုသည်။ သူက အရိုက်ခံခဲ့ရစဉ် လက်သည်း ၁၀ ခုစလုံး ကျွတ်ထွက်ခဲ့ရသည်။

နံရိုးကျိုးသူအပြင် အရိုက်ခံရစဉ် မစင်အတောင့်လိုက် ထွက်ကျသူပင်ရှိသည်ဟု ကိုမားကီးနှင့် ကိုဇော်မြင့်တို့က ရယ်မောရင်းဆိုသည်။ လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က အဖြစ်အပျက် ဖြစ်သောကြောင့် လက်ရှိအချိန်တွင် ရယ်နိုင်နေသော်လည်း အဖြစ်အပျက်က ရယ်စရာ တကွက်မှမရှိ၊ သူတို့အားလုံး မမေ့နိုင်ကြဟု ကိုဇော်မြင့်က ပြောသည်။

“အဲဒီလို ဖြစ်တော့လည်း ကိုယ့်မစင်ကြောင့် အဝတ်လဲစရာမရှိဘူး။ ဒီတိုင်းကြီးပဲ တိုက်ထဲမှာနေရတယ်။ တိုက်ခန်းတွေက အရင်က ဝက်မွေးခဲ့တဲ့ အခန်းတွေ။ ဝက်သန်းတွေ တရွရွနဲ့၊ ညဘက်မှာ အရိုက်ခံရတဲ့ဒဏ်နဲ့ ဘယ်သူမှ မအိပ်နိုင်ဘူး” ဟု ကိုမာကီးက ဆိုသည်။

အခုတော့ သာယာဝတီ ငရဲစခန်းတွင် ဆုံတွေ့ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း အားလုံး ပြန်ဆုံကြရန် စီစဉ်နေကြပြီ။ စာရင်းအရ တယောက်၏ နာမည် ကျန်နေသောကြောင့် ၉၄ ဦး တိတိရှိမည်။ ထိုကဲ့သို့သော အချိန်တွင်မှ တိုက်ဆိုင်စွာ ကိုဇော်မြင့်က သူတို့ကို အုပ်စုလိုက် ဝိုင်း၍ ရိုက်နှက်ရန် စနစ်တကျ စီစဉ်ခဲ့သူနှင့် ရုတ်တရက် ဆုံတွေ့ဖြစ်ခဲ့ခြင်း ဖြစ်သည်။

“ကျနော် သူဆိုတာ သိလိုက်ချိန်မှာ အရမ်းတွေ့ချင်သွားတယ်။ အဲဒါနဲ့ စုံစမ်းလိုက်တော့ တောင်ငူမှာလို့ သိရတာနဲ့ တောင်ငူကို လိုက်သွားလိုက်တယ်” ဟု ကိုဇော်မြင့်က ဆိုသည်။

ထောင်အာဏာပိုင် ဟောင်းကြီးက ယခုလက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ မြို့နယ်အဆင့် တခုတွင် ပါဝင်ဆောင်ရွက်နေသူ ဖြစ်နေပြီ။

“သူ့ကို အဖြစ်အပျက်တွေ ပြောပြပြီး မိတ်ဆက်လိုက်တော့ မျက်နှာနည်းနည်း ပျက်သွားတယ်” ဟု ကိုဇော်မြင့်က ဆိုသည်။

သာယာဝတီငရဲခန်း ဝင်ခဲ့ရသူအားလုံး ထိုထောင်အာဏာပိုင် ဟောင်းကြီးကို မမေ့ကြသေး၊ ဖြစ်နိုင်လျှင် ဝန်ချတောင်းပန် ခိုင်းစေချင်ကြသည်ဟု ပြောကြသည်။

“တောင်းပန်စေချင်တယ် ဆိုတာက သူလည်း သူ့သမိုင်းရှင်းအောင်၊ ကျနော်တို့ သမိုင်းလည်း ခိုင်အောင်ပါ” ဟု ကိုဇော်မြင့်က ဆိုသည်။

ယခု အသက် ၆၀ ကျော်နေပြီ ဖြစ်သည့် သာယာဝတီထောင် အာဏာပိုင် ဟောင်းကြီးကို ပြန်လည်ဝန်ချ တောင်းပန်ခိုင်း စေချင်သည် ဆိုရာတွင် အညှိုးအတေးကြောင့် လက်စားချေလိုသည့် စိတ်ဖြင့် မဟုတ်ကြောင်း၊ လူအများကို အစုလိုက်အပြုံလိုက် ညှဉ်းပန်းနှိပ်စက်ခြင်းမှာ အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်သည့် နိုင်ငံများတွင်သာ ဖြစ်လေ့ရှိကြောင်း၊ စနစ်ကြောင့် ဖြစ်ခဲ့သည့် အဖြစ်အပျက်ကို လူပုဂ္ဂိုလ် တဦးတယောက် အပေါ်တွင် ပုံမချလိုကြောင်း၊ ဦးပဉ္ဇင်း ဦးပဏ္ဍိတက ရှင်းပြသည်။

“မှားခဲ့တဲ့သူက မှန်ခဲ့တဲ့သူတွေအပေါ် ကျူးလွန်ခဲ့သမျှ ပြန်တောင်းပန်တယ်ဆိုတာ ယဉ်ကျေးမှု တရပ်ကို ထူထောင်တာပဲ။ ဒီလို ယဉ်ကျေးမှုတရပ်ကို ထူထောင်ဖို့ ဦးဇင်းတို့ အနေနဲ့ သူ့ကို တောင်းပန်စေချင်တာ” ဟု ဦးပဉ္ဇင်းက မိန့်သည်။

ယခင်က အာဏာရှင် စနစ်တခုမြန်မာပြည်တွင် ပေါ်ပေါက်ခဲ့ပြီး ယင်းစနစ်မျိုး နောင်တွင် ထပ်မံ မကျင့်သုံးမိစေရန် အရေးကြီးသည်၊ ထို့အတွက် ယခင် အဖြစ်အပျက်များကို သင်ခန်းစာယူရမည်ဟု သူက ဆိုသည်။

လက်ရှိတွင် ကိုမားကီး၊ ကိုဇော်မြင့်၊ ဦးပဏ္ဍိတ အပါအဝင် သာယာဝတီ အကျဉ်းထောင် ငရဲစခန်းတွင် ဆုံခဲ့သူအားလုံး ပြန်လည်ဆုံတွေ့ကာ ထိုစဉ်က ငရဲခန်း အဖြစ်မှန်ကို ပြန်ပြောင်းပြောကြတော့မည်။ သူတို့၏ အဆိုအရ နောင်တွင် ဒါမျိုး ထပ်မဖြစ်ရန်၊ သင်္ခန်းစာယူရန် ဖြစ်သည်။

“တောင်းပန်သည်ဖြစ်စေ၊ မတောင်းပန်သည် ဖြစ်စေ အားလုံးကို ခွင့်လွှတ်တယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်ကြီးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” ဟု ကိုမားကီးက ပြောသည်။

Loading