လာမည့် ဖေဖော်ဝါရီ ၁၊ ၂၊ ၃ ရက်တို့တွင် “ဧရာဝတီ စာပေပွဲတော်” (Irrawaddy Literary Festival) ကို ကျင်းပမည် ဖြစ်ပါသည်။ ကျင်းပမည့် နေရာမှာ အင်းလျားလိပ် ဟိုတယ်၊ ကျောက်စိမ်း ခန်းမ၊ ပတ္တမြား ခန်းမ၊ ဧည့်ခန်းမကြီး စတဲ့ ပြပွဲ ဧရိယာ အပြင် အဆောက်အဦး အပြင်ဘက် မြက်ခင်းများ၌လည်း ပါဝင်မည် ဖြစ်သည်။
Festival (ပွဲတော်) ဟု ဆိုသည့်အတိုင်း ပျော်ပွဲရွှင်ပွဲ၊ ရုပ်ရှင်၊ မျက်လှည့်၊ ရုပ်သေး၊ ခြင်းအလှခတ်ပွဲ၊ ကာတွန်း၊ ဓာတ်ပုံ ပြပွဲများ ပါဝင်မည်။
ဧရာဝတီဟူသော အဓိပ္ပာယ်က “မြန်မာနိုင်ငံ” ကို ကိုယ်စားပြုခြင်းဖြစ်သည်။
စာပေပွဲတော် ဖြစ်၍ စာပေနှင့် ပတ်သက်သော လှုပ်ရှားမှုများ ပြုလုပ်ကြမည် ဖြစ်ပြီး နိုင်ငံတကာမှ စာရေးဆရာ ၂၄ ဦး လာရောက်ကြမည်။ မြန်မာနိုင်ငံမှ စာရေးဆရာ ၁၀၀ ခန့်ပါဝင်ရန် စာရင်း ပေးထားပြီး ဖြစ်ပါသည်။
စာပေလှုပ်ရှားမှုများ အဖြစ် အပိုင်း ၄ ပိုင်းခွဲခြား ကျင်းပမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာနှင့် သီးသန့်ကဏ္ဍ တခု၊ အင်္ဂလိပ် – မြန်မာ ရောနှောလျက် ဘာသာပြန် နားကျပ်များဖြင့် စီစဉ်ပေးမည့် ကဏ္ဍ တခု၊ မြန်မာ ဘာသာချည်း သီးသန့်နှင့် ကဗျာရွတ်ပွဲများ ဖြစ်၏။ စာပေလှုပ်ရှားမှုများတွင် တဦးတည်း စာဖတ်ပြခြင်း၊ အကြောင်းအရာ တခုကို တဦးက ဟောပြောသည်ကို ဝိုင်းဝန်း ဆွေးနွေးခြင်း၊ စားပွဲဝိုင်း ဆွေးနွေးခြင်းများ ပါရှိမည် ဖြစ်ပြီး နိုင်ငံတကာ စာပေများအကြောင်း၊ ဝတ္ထုရှည် ဝတ္ထုတို၊ အက်ဆေး စသည်ဖြင့် ခွဲခြား ဆွေးနွေးကြမည် ဖြစ်သည်။ ကဗျာပိုင်းအနေနှင့်လည်း ကဗျာဆရာများက မိမိတို့ အခန်းကဏ္ဍအလိုက် ဆွေးနွေးခြင်း၊ ရွတ်ဖတ်ခြင်းများ ပြုလုပ်ကြမည် ဖြစ်သည်။
ပွဲတော် အချိန်မှာ နံနက် ၁၀ နာရီမှ ညနေ ၆ း ၃၀ အ ထိ ဖြစ်၏။ လာရောက်ကြည့်ရှုလိုသူ များအတွက် လက်မှတ် တစောင် ၁၅၀၀ ကျပ်ဖြစ်ပြီး၊ ဗြိတိသျှ ကောင်စီရုံး၊ အင်းလျားလိပ် ဟိုတယ်၊ တူဒေး စာအုပ်ဆိုင်များနှင့် မြန်မာ ဘွခ်စင်တာတို့တွင် ဝယ်ယူနိုင်ကြပါသည်။
စားသောက်ဆိုင်များနှင့် စာအုပ်ဆိုင်ကြီးများကိုလည်း ဖွင့်လှစ်ရောင်းချမည်ဖြစ်သည်။ လွတ်လပ်စွာ ဝယ်ယူနိုင်ကြပြီး စာရင်း ပေးသွင်းထားသော အစီအစဉ်၌ မပါဝင်ရသေးသော ဧည့်သည်များ အတွက်လည်း လွတ်လပ်သော လှုပ်ရှားမှုများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ (ဥပမာ – တကိုယ်တော် ဟောပြောခြင်း၊ Free-style များ)
ဤ ပွဲတော်မျိုး မြန်မာနိုင်ငံ၌ တကြိမ် တခါမျှ ကျင်းပဖူးခြင်း မရှိခဲ့သေးချေ။ မြန်မာနိုင်ငံ စာပေသမိုင်း၌ ပြုလုပ်နေကျ အခမ်းအနား များမှာ စာပေဟောပြောပွဲ၊ စာပေ နှီးနှောဖလှယ်ပွဲ၊ စာပေညီလာခံ၊ ရေးသူဖတ်သူ ဆွေးနွေးပွဲ၊ ကဗျာရွတ်ပွဲများ သာ ဖြစ်၏။ ယခုကဲ့သို့ နိုင်ငံတကာမှ စာရေးဆရာများနှင့် အတူ ပြည်တွင်းမှ စာရေးဆရာများ ပါဝင်သော “ပွဲတော်” အဖြစ် ကျင်းပရခြင်းနှင့် ပတ်သက်ပြီး သံအမတ်ကတော် Jane က ရှင်းပြပါသည်။
“ဒီ စိတ်ကူးကို ကျမ ရခဲ့တာ ၂ နှစ်ရှိပါပြီ။ အဲဒီတုန်းက ဗြိတိသျှ သံရုံးကို ပြောပြတော့၊ ၂ ချက် ရှိတယ်၊ တချက်က ကျင်းပလို့ ရနိုင်တဲ့ လွတ်လပ်မှု မရှိသေးဘူး။ နောက် တခုက ပိုက်ဆံဆိုပါတော့။ အခု ကာလမှာတော့ အားလုံးပါဝင်နိုင်တဲ့ အချိန်အခါ အခွင့်အလမ်း ရလာပြီ။ ဒါနဲ့ ဒါကို လုပ်ဖို့ ဆုံးဖြတ်တာပါ။ ကုန်ကျစရိတ် အများစုကို သံရုံးက ကျခံပေမယ့် မြန်မာ နိုင်ငံတွင်းက အလှူရှင် ၄ ဦး ပါလာတယ်။ စာပေ ထုတ်ဝေရေး တိုက်တွေပါ။ တူဒေးတို့၊ မြန်မာ ဘွခ်စင်တာတို့ပါ”
ဒီပွဲတော် ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်က နိုင်ငံတကာ စာရေးဆရာများနဲ့ မြန်မာ စာရေးဆရာများ “အမြင်ချင်း ဖလှယ်” ဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာ ဆိုရာမှာ ဥရောပ စာရေးဆရာများနဲ့ အတူ အိန္ဒိယနဲ့ တရုတ် စာရေးဆရာများလည်း ပါပါတယ်။ အင်္ဂလိပ်လို ပြောဆို ဆွေးနွေးကြပါမယ်။ ဘာသာပြန်သူတွေ ရှိမယ်၊ နားကျပ်တွေလည်း ရှိပါမယ်။ မြန်မာလိုချည့် ပြောဆို နားဆင်သူတွေ အတွက်လည်း အခန်းသီးသန့်တွေ ရှိပါတယ်။ မြန်မာ စာရေးဆရာတွေ အားလုံး ပါဝင်နိုင်အောင် စီစဉ်မှာပါ။ ဒါအတွက် မိတ်ဆွေတို့ အကူအညီလိုပါတယ်။
ဤကိစ္စနှင့် ပတ်သက်၍ ဤပွဲသည် နိုင်ငံရေးနှင့် လုံး၀ မပတ်သက်ကြောင်းလည်း သံအမတ်ကတော်က ရှင်းပြခဲ့သည်။
“နိုင်ငံရေးနဲ့ လုံး၀ မပတ်သက်ပါဘူး။ မီဒီယာ အသိပေးတဲ့နေ့က ပါတီခေါင်းဆောင် တယောက်ကို ဖိတ်ကြားခဲ့တာက လူပုဂ္ဂိုလ်အရ ခင်မင်ပြီး သူက ဒီစိတ်ကူးကို “အားပေးသူ” မို့လို့ပါ။ ပါတီနိုင်ငံရေး လုံး၀ မပါပါဘူး” ဟု သူက ပြောသည်။
သံအမတ်ကတော် Jane ကား အိုင်းရစ် လူမျိုးဖြစ်သည်။ အိုင်းရစ်များသည် ရှေးယဉ်ကျေးမှု များကို ထိန်းသိမ်းရေး၌ ကျော်ကြားသူများ ဖြစ်၏။ ဤပွဲကို သံရုံးအနေနှင့် မဟုတ်ဘဲ၊ သူ၏ စိတ်ကူး တခုအဖြစ် စေတနာ ရှေးရှုခြင်းဟု ဆိုသည်။ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက သူ့ကို ကူညီကြခြင်းသာ ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ဤပွဲကို ဦးဆောင် ကြီးကြပ်စေရန် သံရုံးဝန်ထမ်းများ အပြင် ဗြိတိန်မှ လာရောက်သော ပုဂ္ဂိုလ်များလည် ရှိပြီး “ပွဲတော် ကော်မတီ” ဖွဲ့စည်းထားသည်။
ဤပွဲဖြစ်မြောက်ရေးအတွက် ကျမတို့ စာရေးဆရာ ၁၀ ဦးခန့်ကို ဖိတ်ကြားကာ ဇာဂနာ၏ ရုံးခန်း Home ၌ ပထမဆုံး အစည်းအဝေး ပြုလုပ်ခဲ့သည်။ ထို အစည်းအဝေးတွင် သံရုံးမှ ရှေ့တော်ပြေးများသာ ပါဝင်ပြီး Jane ကိုယ်တိုင်လည်း ဒုတိယ အစည်းအဝေးမှ စတင်ပါဝင်ခဲ့သည်။ ဤသို့ ပွဲတော်ကြီး အဖြစ် စီစဉ်ရစေကာမူ တကယ်တမ်း ဖြစ်လာ မလားကို မမှန်းဆနိုင်သေး သဖြင့် သတင်းမဖြန့်ကြပါရန် မေတ္တာရပ်ခံခဲ့၍ ကျမတို့လည်း ဖွင့်မပြောခဲ့ကြပါ။
ဖွင့်မပြော (ဖွင့်မရေး) ဟု ဆိုသော်လည်း အစီအစဉ်တွင် ကိုယ့်ဘက်မှ ပြည့်ပြည့်၀၀ ပါဝင်နိုင်ဖို့ ကြိတ်ပြီး ကြိုးစားခဲ့ကြရသည်။ အထူးသဖြင့် ဆရာ ဖေမြင့်၊ ဆရာ လေးကိုတင်၊ ဆရာမ မသီတာ (စမ်းချောင်း)၊ ဆရာလေး မင်းခိုက်စိုးစံနှင့် ကျမ ရွှေကူမေနှင်း တို့က စည်းရုံးရေး၊ အကြံပေးရေး များကို အစည်းအဝေးပေါင်း ၆ ကြိမ်ခန့် ပြုလုပ်ပြီး အလုပ်လုပ်ကိုင်နိုင်သော လူလတ်တန်း စာရေးဆရာများ (အထူး သဖြင့် – ရွှေအမြုတေ မိသားစု) ကို အကူအညီတောင်း တာဝန်ပေးခဲ့ရသည်။ နိုဝင်ဘာ၊ ဒီဇင်ဘာသည် ဟောပြောပွဲ ရာသီဖြစ်၍ စာရေးဆရာ၊ ဆရာမများ အပြေးအလွှားကြားမှ ဖုန်းများ၊ အီးမေးလ်များ အကူအညီ ဖြင့် ပြီးစီးအောင် လုပ်ခဲ့ကြရပါသည်။
Jane ကိုယ်တိုင်လည်း ဒီဇင်ဘာ တလလုံး သူ့ဇာတိသို့ ပိတ်ရက် ပြန်နေခဲ့၍ အီးမေးလ်နှင့် သံရုံးမှ ဝန်ထမ်း (ကိုယ်ရေး အရာရှိ) တို့နှင့် ဆက်သွယ် ဆွေးနွေးရသည်။ တကြိမ်မျှ မလုပ်ဖူးသေးသော အလုပ်ဖြစ်၍ အခက်အခဲများ၊ နားလည်မှု အလွဲများ၊ ပြဿနာများ အများအပြား ကြုံခဲ့ရသည်။ မိမိတိုင်းပြည်၏ ဂုဏ်အတွက် “စာပေပညာရှင်ကြီးများ” ထပ်မံ ဖြည့်ရခြင်းမျိုးကိုလည်း နောက်ဆုံး အစည်းအဝေး မတိုင်မီ ပြုလုပ်ကြရပါသည်။
ယခုလ ၁၃ ရက်နေ့ မှာကား ဖိုင်နယ် အသေးစိပ် ဇယားကို ပြုလုပ်ရရှိခဲ့ပါပြီ။ Home တွင် အစည်းအဝေး ၄ ကြိမ်၊ အင်းလျားလိပ်တွင် ၁ ကြိမ်၊ သံအမတ်ကြီးနေအိမ်တွင် ၂ ကြိမ်၊ စုစုပေါင်း ၇ ကြိမ်ခန့် တွေ့ဆုံခဲ့ရ၏။ နှစ်ဦးချင်း ပြောဆို ဆွေးနွေးရခြင်း များလည်း များစွာရှိပြီး။ တဖန် မိမိတို့ မြန်မာ စာရေးဆရာတွေ ပါဝင်ဖို့ စည်းရုံး ရှင်းလင်း ပြောဆိုရသည် ကလည်း များပြားစွာပါ။ သည်ကြားထဲမှာ မပါဝင်လိုသူများ၊ မပါဝင်ရဲသူများ၊ မချိတ်မိ၍ မပါရသူများ စသည်ဖြင့် များစွာ ကျန်ရစ်ဆဲ ဖြစ်ပါသည်။ ပွဲတော် စီစဉ်သူ Jane ၏ စေတနာကား “အားလုံး မကျန်ရအောင်” ဟူ၍ ဖြစ်ပါ၏။
“ပွစိ ပွစိ” တချို့ဖြင့်၊ “မကျေနပ်မှု” တချို့ဖြင့်၊ “ဒါဟာ ငါတို့ နိုင်ငံအတွက်ပဲ” ဟု အားခဲခဲ့ကြပါသည်။
နောက်ဆုံး တွေ့ဆုံပွဲတွင် ဒေါက်တာ ခင်မောင်ညွန့်ကဲ့သို့သော လူကြီးများ၊ ဦးသော်ကောင်း ကဲ့သို့သော ပုဂ္ဂိုလ်များ၊ ကိုယ်တိုင်ကြွရောက် ပါဝင်လာကြရာ ကျမတို့ စိတ်ပင်ပန်းရခြင်းများ ပြေပျောက်ကြရပါသည်။
နောင်ဆိုရင် ဒီမှာ Jane လည်း ရှိတော့မှာမဟုတ်ဘူး။ ကျနော်လည်း ရှိတော့မှာ မဟုတ်ဘူး။ နောက်ပွဲတော်တွေကို မိတ်ဆွေများ ဆက်လက်ပြီး လုပ်ဆောင်သွားကြလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု သံအမတ်ကြီးက ပြောရှာသည်။
မှန်ပါသည်။
နောင်ဆိုလျှင် ကျမတို့နိုင်ငံ၊ ကျမတို့ လူမျိုး အတွက် ကျမတို့ဘာသာ ဦးဆောင်ပြီး ကျင်းပနိုင်ကြရပါမည်။ ကုန်ကျစရိတ် ဘယ်လောက်ဟု မသိရသေးပါ။ ဘယ်လောက်ပဲ ဖြစ်စေ၊ ၂ နှစ် ၁ ကြိမ်ပဲ ဖြစ်ဖြစ်၊ သည်လို နိုင်ငံတကာ ပါဝင်သော အင်တာနေရှင်နယ် စာပေပွဲတော်ကို ကျင်းပနိုင်ရန် ယခု ပွဲတော်မှာ ပါဝင်ကြရပါလိမ့်မည်။
(ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာမျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်။)