သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ ၂၀၁၁ ခုနှစ် ဧပြီလ တရားဝင် အာဏာလွှဲပြောင်း ယူပြီးတဲ့နောက် ဒေသတွင်း နိုင်ငံတွေထက် အဆပေါင်းများစွာ ဈေးကြီးနေတဲ့ မိုဘိုင်းလ်ဖုန်းတွေကို နိုင်ငံတကာနည်းတူ ဈေးပေါ သက်သာပြီး လူတိုင်း သုံးနိုင်အောင် လုပ်ဆောင်မယ့် ရည်ရွယ်ချက်နဲ့ GSMမိုဘိုင်းလ်ဖုန်း သန်း ၃၀ စီမံကိန်းကို ၅ နှစ်အတွင်း အကောင်အထည် ဖော်မယ်ဆိုတဲ့ ကြေညာချက်ရဲ့ နောက်ဆက်တွဲ အရှုပ်တော်ပုံသတင်းဟာ ဆက်သွယ်ရေး ဝန်ထမ်းတွေနဲ့ ပြည်သူတွေအကြား တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ ပြောဆိုပြန့်နှံ့နေပါပြီ။
အဲဒါကတော့ အဂတိလိုက်စားမှု၊ နိုင်ငံတော်ပိုင်ငွေ အလွဲသုံးစားမှုတွေ ကျူးလွန်ထားတယ်လို့ ယူဆရတဲ့ ဆက်သွယ်ရေး အရာရှိကြီးတစုကို မြန်မာနိုင်ငံ လာဘ်ပေးလာဘ်ယူမှု ကော်မရှင်ကနေ ခေါ်ယူစစ်ဆေးနေတယ်ဆိုတဲ့ သတင်းပါပဲ။ ဇန်န်ဝါရီလ ၁၈ ရက်နေ့က စပြီးတော့ ဆက်သွယ်ရေး အရာထမ်း၊ ဝန်ထမ်း ၄၀ ကျော် ၅၀ လောက်ကို နေပြည်တော်မှာ ခေါ်ယူ စခန်းသွင်းပြီး စစ်ဆေးမှုတွေ လုပ်နေပါပြီ။
၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ပထမနှစ်မှာ မိုဘိုင်းလ်ဖုန်း လေးသန်း၊ ဒုတိယနှစ်မှာ မိုဘိုင်းလ်ဖုန်း ငါးသန်း၊ တတိယနှစ်မှာ မိုဘိုင်းလ်ဖုန်း ခြောက်သန်း၊ စတုတ္တနှစ်မှာ မိုဘိုင်းလ်ဖုန်း ခုနစ်သန်း၊ ငါးနှစ်မြောက်ဖြစ်တဲ့ နောက်ဆုံးနှစ်မှာတော့ မိုဘိုင်းလ်ဖုန်း ရှစ်သန်းချထားပေးမယ်ဆိုပြီး စီမံကိန်းကို သမ္မတဦးသိန်းစိန်ကိုယ်တိုင် ရေးဆွဲခဲ့ပါတယ်။
ဒီစီမံကိန်းကို အဓိက အကောင်အထည်ဖော် တာဝန်ခံဖော်ရမယ့် သူက ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းပါ။ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ဝန်ကြီး ဖြစ်လာတဲ့ ဦးသိန်းထွန်းက အရင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်တဲ့ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်တုန်းက ဗိုလ်ချုပ်ရာထူးနဲ့ ဆက်သွယ်ရေး ဒုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ် သိန်းထွန်းပါပဲ။
အသက် ၆၆ နှစ်ရှိနေပြီဖြစ်တဲ့ ဗိုလ်ချုပ်သိန်းထွန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၁၀ ဆင်းဖြစ်ပြီး ကိုယ်ပိုင်အမှတ်က ကြည်း ၁၁၄၂၉ ဖြစ်ပါတယ်။
၂၀၀၁-၂၀၀၂ ခုနှစ် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်အပတ်စဉ် ၄ ကျောင်းဆင်းဖြစ်တဲ့ ဗိုလ်ချုပ်သိန်းထွန်းက ဆက်သွယ်ရေးဒုဝန်ကြီးအဖြစ် တာဝန်မထမ်းဆောင်မီ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော် ဆက်သွယ်ရေးဌာန (ကကဆက်) ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့မှာ ဆက်သွယ်ရေးဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ်သိန်းထွန်းကို ခန့်အပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်သိန်းထွန်း ဒုတိယဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ်က ဆက်သွယ်ရေး ဝန်ကြီး က ဗိုလ်မှူးချုပ် သိန်းဇော်ပါ။
ဒုဝန်ကြီး ဘဝတုန်းက လုပ်ပိုင်ခွင့်သိပ်မရခဲ့သလို၊ ချောင်ထိုးထားခံရတဲ့ ဘဝနဲ့ နေခဲ့ရတဲ့ ဗိုလ်ချုပ်သိန်းထွန်းဟာ နာမည်ပျက်တာ နည်းခဲ့တဲ့ အတွက် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ဆက်သွယ်ရေးဝန်ကြီး ဖြစ်လာတယ်လို့ အစိုးရ သတင်းရပ်ကွက်က သိရပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စစ်ဗိုလ်ချုပ် တော်တော်များများကို ရာထူးက အနားပေး လိုက်တဲ့အထဲမှာ ဗိုလ်ချုပ်သိန်းထွန်းလည်း ပါဝင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီဝင် ဦးသိန်းထွန်း ဖြစ်လာပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ဦးသိန်းထွန်းက မကွေးတိုင်း မြိုင်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရပါတယ်။ အဲဒီနောက် သမ္မတ ဦးသိန်းစိန် အစိုးရဖွဲ့စည်းချိန်မှာတော့ ဆက်သွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခံရပြီး တာဝန် စတင်ထမ်းဆောင် ပါတော့တယ်။
တကယ်တော့ ဆက်သွယ်ရေး ဝန်ကြီးဌာနဆိုတာ အရင် စစ်အစိုးရအဆက်ဆက် ဝင်ငွေကောင်းပြီး လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက် ခြစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဌာနတခုအဖြစ် လူသိများ နာမည်ကျော်ကြားတဲ့ ဌာနတခုလည်း ဖြစ်ပါတယ်။
ဆက်သွယ်ရေးစနစ် မတွင်ကျယ်သေးတဲ့ အချိန်တုန်းက မိုဘိုင်းလ်ဖုန်း တလုံးကို ကျပ်သိန်း ၅၀ အထိ ပေါက်ခဲ့ပါတယ်။ ဆက်သွယ်ရေး ဝန်ကြီးဌာနက မိုဘိုင်းလ်ဖုန်း တလုံးကို တရားဝင်ဈေး ကျပ် ၁၅ သိန်းနဲ့ ချထားပေမယ့် ဖုန်းအသုံးပြုခွင့်ကို လူတိုင်း ရနိုင်ခဲ့တာ မဟုတ်ပါဘူး။ ငွေရှိလို့တောင် ဖုန်းကိုင်ဖို့ အလွန် ခက်ခဲတဲ့ အချိန်ကတည်းက မိုဘိုင်းလ်ဖုန်းရဖို့ ဌာနဆိုင်ရာ အရာရှိတွေနဲ့ ချိတ်ဆက် ဖုန်းဝယ်ယူရတဲ့ ပွဲစား၊ အကျိုးဆောင် စနစ်တွေ တွင်တွင်ကျယ်ကျယ် ဖြစ်ထွန်းခဲ့ပြီး သာမန် အင်ဂျင်နီယာလောက်က အစ အလွန်ချမ်းသာခဲ့တဲ့ ခေတ်တခု ဖြစ်ခဲ့ပါတယ်။
စစ်ဗိုလ်ချုပ် သားသမီးတွေ၊ အသိုင်းအဝိုင်းတွေက အလွန်ဈေးကြီးတဲ့ မိုဘိုင်းလ်ဖုန်းတွေကို အရောင်းအဝယ် လုပ်ရင်း သိန်းထောင်သောင်းချီ ဝင်ငွေတွေ ရခဲ့ကြသလို၊ ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေက စစ်ဗိုလ်ချုပ် အသိုင်းအဝိုင်းအတွက် သည်းခြေကြိုက် လုပ်ငန်းတွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ စီးပွားရေး လုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုတွေ ပြုခဲ့ကြတာပါ။
၂၀၀၀ ပြည့်နှစ် ဝန်းကျင်မှာတော့ စစ်ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့သား ဒေါက်တာရဲနိုင်ဝင်းက ဒေါ်လာသန်းချီ ရင်းနှီးမြုပ်နှံထားတဲ့ Bagan Cyber Tech ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံကို အင်တာနက်နဲ့ စတင် မိတ်ဆက်ပေးခဲ့ပါတယ်။
ဒါပေမယ့် ပါမစ်၊ လိုင်စင် စတဲ့ ကိစ္စတွေကို ခက်ခဲအောင် လုပ်ထားတဲ့ စစ်အစိုးရ လက်အောက်မှာ အင်တာနက်၊ မိုဘိုင်းလ်ဖုန်း တွေက သာမန်ပြည်သူတွေ ထိတွေ့ခွင့်ရတဲ့ သတင်းအချက်အလက် နည်းပညာ မဖြစ်ခဲ့ဘဲ စီးပွားရေး အသိုင်းအဝိုင်းနဲ့ လူချမ်းသာတွေသာ သုံးနိုင်တဲ့ ဇိမ်ခံနည်းပညာတခု အသွင် ဆောင်ခဲ့ပါတယ်။
သတင်း အချက်အလက်နည်းပညာကို ကြောက်ရွံ့တဲ့ စစ်အစိုးရက သတင်းအချက်အလက် နည်းပညာတွေကို သူတို့ အသိုင်းအဝိုင်းမှာသာ တွင်ကျယ်စေခဲ့ပြီး သူတို့ အသိုက်အဝန်းအတွက် ဝင်ငွေရှာပေးတဲ့ စီးပွားရေး လုပ်ငန်းအဖြစ် ရှင်သန်စေခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ်တယ်လို့ နာမည်ကျော်တဲ့ သူဌေးကြီးဦးတေဇက အလွန်ဈေးကြီးတဲ့ မိုဘိုင်းလ်ဖုန်း ဈေးကွက် ကနေ ကျပ် ၅ သိန်းတန် ဖုန်းတွေကို ပထမဦးဆုံး မိတ်ဆက် ရောင်းချပေးခဲ့တဲ့ သူဖြစ်ပါတယ်။
တရုတ်ပြည်က မိုဘိုင်းလ်ဖုန်း ကုမ္ပဏီတွေဖြစ်တဲ့ HUAWEI ၊ ZTE ကုမ္ပဏီအပါအဝင် ဆက်သွယ်ရေး ကုမ္ပဏီတွေ က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပူးပေါင်းပြီး CDMA မိုဘိုင်းလ်ဖုန်း ကွန်ယက်တွေ တည်ဆောက်ခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ် ဆန်းပိုင်းမှာတော့ ဦးတေဇပိုင် Central Marketing ကုမ္ပဏီက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပူပေါင်းပြီး CDMA 800 MHz မိုဘိုင်းလ်ဖုန်းတွေကို ငွေကျပ် ၅ သိန်းနဲ့ စတင်ချထားပေးခဲ့ပြီး လိုင်းပေါင်း ၂၅၀၀၀၀ ကျော် ရောင်းချခဲ့ပါတယ်။ ဦးတေဇက ငွေဖြည့်ကတ် ထုတ်လုပ်တဲ့ စက်ရုံ၊ မိုဘိုင်းလ်ဖုန်း Handset ထုတ်တဲ့ စက်ရုံတွေကိုလည်း တည်ထောင်ခဲ့ပါတယ်။
အိမ်နီးချင်း နိုင်ငံတွေမှာ မိုဘိုင်းလ်ဖုန်း SIM ကတ်တခုရဲ့ တန်ဖိုးက အငှားယာဉ် တခါစီးစာလောက်ပဲ ရှိနေချိန်မှာ မြန်မာပြည်က ဈေးကျပြီဆိုတဲ့ မိုဘိုင်းလ်ဖုန်းတန်ဖိုးနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။
သမ္မတဦးသိန်းစိန် လက်ထက်မှာတော့ နိုင်ငံတကာနည်းတူ မိုဘိုင်းလ်ဖုန်းတွေ ဈေးပေါအောင် လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ GSM မိုဘိုင်းလ်ဖုန်း သန်း ၃၀ စီမံကိန်းစတင်ခဲ့ပေမယ့် ဒီစီမံကိန်းကို စတင် အကောင်အထည် ဖော်ကတည်းက မရိုးသားမှုများစွာနဲ့ စတင်ခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
မိုဘိုင်းလ်ဖုန်း သန်း ၃၀ စီမံကိန်းအတွက် စစ်အစိုးရနဲ့ နီးစပ်တဲ့ ခရိုနီသူဌေးကြီးတွေဖြစ်တဲ့ ဦးကျော်ဝင်းပိုင် ရွှေသံလွင်ကုမ္ပဏီ၊ ဦးတေဇပိုင် E-Lite Tech၊ ရတနာပုံ တယ်လီပို့၊ စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းရဲ့ သားတွေဖြစ်တဲ့ ဦးနေအောင်တို့ ပိုင်ဆိုင်တဲ့ IGEကုမ္ပဏီ၊ Asia Mega Link ကုမ္ပဏီ အပါအဝင် စစ်ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုနဲ့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့ ပူေးပါင်းဆောင်ရွက်ဖို့ သဘောတူလိုက်ကြပါတယ်။
ပုဂ္ဂလိကကုမ္ပဏီ ၂၃ ခုမှာ ၁၃ ခုက ရင်းနှီးမြှုပ်နှံမှုနဲ့ စက်ပစ္စည်း တပ်ဆင်ခြင်းကို လုပ်ကိုင်ပြီး ကျန် ၁၀ ခု ကတော့ စက်ပစ္စည်း တပ်ဆင်ပေးတဲ့ လုပ်ငန်းကို လုပ်ကိုင်ခွင့် ရရှိသွားတာပါ။
တကယ်တော့ မိုဘိုင်းလ်ဖုန်း သန်း ၃၀ ငါးနှစ် စီမံကိန်းက အမေရိကန်ဒေါ်လာ သန်းရာချီတန်ဖိုးရှိတဲ့ စီမံကိန်းဖြစ်ပြီး ဒီလုပ်ကိုင်ခွင့်တွေ ရရှိရင်လည်း အမေရိကန်ဒေါ်လာ သန်းချီ ဝင်ငွေရရှိမှာ ဖြစ်တဲ့အတွက် လုပ်ကိုင်ခွင့်ရဖို့ ကုမ္ပဏီတိုင်းက မျှော်လင့်ကြတာပါ။ မြောက်မြားစွာသော ကုမ္ပဏီတွေထဲကမှ ကုမ္ပဏီ ၂၃ ခုသာ လုပ်ကိုင်ခွင့်ရတာလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူတွေဆီက သိရပါတယ်။
ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ ၄ ခု ဖြစ်တဲ့ Elite Tech ကုမ္ပဏီ၊ Asia Mega Link Co.,Ltd ၊ ရွှေသံလွင် ကုမ္ပဏီနဲ့ IGE Co., Ltd တို့ကို စီမံကိန်း ပထမအဆင့် မိုဘိုင်းလ်ဖုန်း လေးသန်း ချထားပေးနိုင်ဖို့ စီမံကိန်း လုပ်ငန်း အတွက် လိုအပ်တဲ့ အိတ်ချိန်း စက်ပစ္စည်း (BTS) တွေ ဝယ်ယူ တပ်ဆင်တာတွေ၊ ရေဒီယို တာဝါတိုင် စိုက်ထူတာတွေ၊ အဝေးဆက်ကြောင်း အချင်းချင်း ချိတ်ဆက် နိုင်တဲ့ကိစ္စ အစ ရှိတဲ့ လုပ်ငန်းတွေကို လုပ်ငန်း အပ်နှံခြင်း စနစ်နဲ့ ပြည်နယ်နဲ့တိုင်း အသီးသီးမှာ ၂၀၁၁ ဇူလိုင်လ ၂၇ ရက်နေ့က စတင်ပြီး တပြိုင်နက် ဆောင်ရွက်ဖို့ ၂၀၁၁ ခုနှစ် ဇူလိုင် ၅ ရက်နေ့မှာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက တရားဝင် လုပ်ငန်း အပ်နှံခဲ့ပါတယ်။
တရုတ် မိုဘိုင်းလ်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ HUAWEI ၊ ZTE အပါအဝင် ဆက်သွယ်ရေး ကုမ္ပဏီတွေလည်း ပြည်တွင်းမှာ အခြေစိုက်ပြီး ပြည်တွင်း ကုမ္ပဏီတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်ကြပါတယ်။
အစိုးရရဲ့ မိုဘိုင်းလ်ဖုန်း စီမံကိန်းအတွက် ပါဝင်လှုပ်ရှားနေတဲ့၊ အရေးပါတဲ့ ကုမ္ပဏီတခု ရှိပါသေးတယ်။ အဲဒါကတော့ ရတနာပုံတယ်လီပို့ ကုမ္ပဏီပါပဲ။
ရတနာပုံတယ်လီပို့ ကုမ္ပဏီဆိုတာက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ပူးပေါင်းပြီး ၂၀၀၁ ခုနှစ်မှာ စတင်တည်ထောင်ထားတဲ့ အများပိုင် ကုမ္ပဏီဖြစ်ပါတယ်။ အများပိုင် ကုမ္ပဏီဆိုပေမယ့် ရှယ်ယာပါတဲ့ ပုဂ္ဂလိက ကုမ္ပဏီ တွေက စစ်အစိုးရနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေ ပါဝင်နေပါတယ်။
နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (စ) အရ အစိုးရပဲ လုပ်ကိုင်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတော်ပိုင် စာတိုက်နဲ့ ကြေးနန်း ဆက်သွယ်ရေး လုပ်ငန်းမှာ ပါဝင်တဲ့ သတင်း အချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ ဝန်ဆောင်မှု လုပ်ငန်းတွေကို ရတနာပုံ တယ်လီပို့ ကုမ္ပဏီကို လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုတယ်လို့ အစိုးရက ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာ တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ရတနာပုံတယ်လီပို့ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုက ကျပ် ဘီလီယံ ၅၀၀ ရှိပါတယ်။ ရတနာပုံ တယ်လီပို့ရဲ့ အဓိက ဒါရိုက်တာ အဖွဲ့မှာ ဥက္ကဋ္ဌကတော့ ဆက်သွယ်ရေးဝန်ကြီးနဲ့ ဆက်သွယ်ရေး အရာရှိတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေက တာဝန်ရှိသူတွေ ပါကြပါတယ်။
ရတနာပုံ တယ်လီပို့ကုမ္ပဏီက မိုဘိုင်းလ်ဖုန်း၊ အင်တာနက် အပါအဝင် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့် ခွင့်ပြုချက် အများစုကို ဦးဦးဖျားဖျား ရရှိလေ့ရှိပြီး ပုဂ္ဂလိက ကုမ္ပဏီတွေက ရတနာပုံ တယ်လီပို့က တဆင့် ပြန်လည် လျှောက်ထား ရတယ်လို့ သိရပါတယ်။
ဆက်သွယ်ရေး ဝန်ကြီးဖြစ်တဲ့ ဦးသိန်းထွန်းက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ လုပ်ပိုင်ခွင့် တော်တော်များများကို ရတနာပုံတယ်လီပို့ကို ခွင့်ပြုပေးလေ့ရှိပါတယ်။
၂၀၁၃ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှာတော့ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းက ရတနာပုံတယ်လီပို့ ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ကနေ နုတ်ထွက်လိုက်ပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးဟောင်း ဦးအောင်မော်က ရတနာပုံတယ်လီပို့ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်လာပါတယ်။
ကျပ် ၅ သိန်းတန်ဖုန်းကို ၂ သိန်းတန် ဖုန်းအဖြစ် ဈေးလျှော့ရောင်းပေးတာ၊ ၂ သိန်းတန်ဖုန်းကို ထပ်ပြီးဈေးလျှော့ဖို့ ရောင်းဖို့ စီစဉ်တဲ့ကိစ္စမှာ ဆက်သွယ်ရေးဝန်ကြီးဦးသိန်းထွန်းရဲ့ ဆုံးဖြတ်ချက်နဲ့ တင်ပြချက်တွေက အဓိက ဖြစ်ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိုဘိုင်းလ်ဖုန်းတွေကို ကျပ် ၁ သိန်းအောက် ရောင်းဖို့ ညွှန်ကြားချိန်မှာတော့ ဆက်သွယ်ရေး ဝန်ကြီး ဦးသိန်းထွန်းက လက်မခံခဲ့ဘူးလို့ သိရပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့မှာတော့ သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေးဝန်ကြီးကို ရာထူးကနေ ဖယ်ရှားလိုက်ပါတော့တယ်။
မိုဘိုင်းလ်ဖုန်း သန်း ၃၀ စီမံကိန်းအတွက် လုပ်ဆောင်မှုတွေ၊ မိုဘိုင်းလ်ဖုန်းတွေ ချထားပေးခဲ့တဲ့ ကိစ္စတွေမှာ အကျင့်ပျက် ခြစားမှုရှိတာတွေကို စစ်ဆေးတွေ့ရှိပြီးတဲ့နောက် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း အပါအဝင် ဆက်သွယ်ရေး အရာရှိတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေကို နေပြည်တော်မှာခေါ်ယူပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါပြီ။
သမ္မတဦးသိန်းစိန်က အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်မယ်လို့ တရားဝင် ပြောပေမယ့် တကယ်တမ်း တိုက်ဖျက်တဲ့ အခါမှာတော့ ပွင့်လင်းမြင်သာမှု အလွန်နည်းစွာနဲ့ လုပ်ဆောင်နေ ပြန်ပါတယ်။
ဆက်သွယ်ရေး ဝန်ကြီး ဦးသိန်းထွန်းဦးဆောင်တဲ့ အရာရှိတွေရဲ့ အကျင့်ပျက်ခြစားမှုတွေက တကယ်တမ်း စစ်ဆေးမယ်ဆိုရင် ဒီနေ့ ချမ်းသာကြွယ်ဝနေတဲ့ စစ်ဗိုလ်ချုပ် ဟောင်းတွေလည်းဖြစ်၊ အရပ်သားအဖြစ် ပြောင်းလဲတာဝန်ယူနေတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေလည်း ဖြစ်တဲ့ သူတွေ ရဲ့သားသမီးတွေနဲ့ အသိုင်းအဝိုင်းတွေ ကုမ္ပဏီတွေကိုပါ မီးခိုးကြွက်လျှောက် ဖော်ထုတ်ရမယ့် ကိစ္စမျိုးဖြစ်လို့ ပွင့်လင်းမြင်သာမှု မရှိတာလို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။
နိုင်ငံတော်သမ္မတ ပြောခွင့်ပုဂ္ဂိုလ်၊ ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ်ကတော့ လတ်တလော ဆက်သွယ်ရေး ဝန်ကြီးနဲ့ အရာရှိတွေကို စုံစမ်းစစ်ဆေးနေတာ မှန်ကန်ပေမယ့် စုံစမ်းဆဲဖြစ်လို့ အသေးစိတ် ထုတ်မပြောနိုင်သေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။
ဦးသိန်းစိန်အနေနဲ့ အကျင့်ပျက်ခြစားမှုကို တွန်းလှန်တိုက်ဖျက် နှိမ်နင်းခဲ့တဲ့ မြန်မာ့ခေါင်းဆောင် တဦးအဖြစ် မှတ်တမ်းဝင်ဖို့ ဆိုရင်တော့ အရင် စစ်အစိုးရလက်ထက်နဲ့ လက်ရှိ အစိုးရသစ်လက်ထက် ဖြစ်ပေါ်ခဲ့တဲ့၊ ဖြစ်ထွန်းနေတဲ့ အကျင့်ပျက် ခြစားမှုတွေကို ပွင့်ပွင့်လင်းလင်း ရဲရဲရင့်ရင့် သတ္တိရှိရှိ ကိုင်တွယ်သင့်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။