ဆောင်းပါး

ပင်းကတော့တောင်ကို ဖောက်နေတဲ့ လျှို့ဝှက်လိုဏ်ခေါင်း ဘာအတွက်လဲ

This article has been converted from Zawgyi One to Unicode


မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်း နတ်မောက် မြို့နယ်ထဲမှာရှိတဲ့ ကျမတို့ရဲ့ ပင်းကတော့ တောင်တန်းကြီးကို အစိုးရ စစ်တပ်က သိမ်းပြီး “တပ်မြေ မကျူးကျော်ရ” ဆိုတဲ့ ဆိုင်းဘုတ်တွေချိတ်၊ အုတ်ဖြူတိုင်တွေ စိုက်ထားပြီး မြောက်ကိုရီးယား ပညာရှင် ဆိုသူတွေနဲ့ အတူ လျှို့ဝှက်လိုဏ်ခေါင်းတခုကို ဖောက်လုပ်နေတယ်လို့ ကိုယ်တွေ့မျက်မြင် တွေ့ခဲ့တဲ့ ဒေသခံတွေက ဆိုကြပါတယ်။

ဒီလိုဏ်ခေါင်းက ဘာလုပ်ဖို့ ဖောက်လုပ်နေလဲဆိုတာ အတိအကျ မသိရပေမယ့် အဲဒီကိုရောက်ခဲ့ပြီး မြင်တွေ့ခဲ့သူတွေ ပြောပြချက်အရတော့ လိုဏ်ခေါင်း အကျယ်ဟာ ဆယ်ဘီးကား ၃ စီး ရှောင်နိုင်တဲ့ အကျယ်အဝန်းဖြစ်ကြောင်း၊ ဂူပေါက်ဝတွေကို ကွပ်ထားတဲ့အထူက ၂ ပေ လောက်ရှိကြောင်း၊ နံရံတွေကလည်း အတော်ခိုင်ခိုင်ခန့်ခန့် လုပ်ထားကြောင်း ပြောဆိုကြပါတယ်။

တပ်ထဲကို ဝင်ထွက်ခွင့်ရခဲ့သူ တချို့ကို ကိုးကားပြီး နျူကလီးယားစီမံကိန်းလို့ ယူဆပြောဆိုနေသူတွေရှိသလို မိတ္ထီလာမှာရှိတဲ့ အစိုးရ တိုက်လေယာဉ်တွေကို နေရာအခက်အခဲကြောင့် ဒီတောင်မှာ ပြောင်းထားဖို့ ပြင်ဆင်နေတာလို့ ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။

ဒါ့အပြင် လက်နက်တွေ ရွှေ့ပြောင်းဖို့ လွယ်ကူအောင် မြေအောက်လမ်း ဖောက်တယ်လို့ ပြောသူတွေလည်း ရှိပြီး အများစု ပြောနေကြတာကတော့ ဝေဟင်ပစ် အမြောက် လက်နက်တပ် လို့လည်း ဆိုကြပါတယ်။

ဒီတပ်ဟာ ရွာမွန်၊ နတ်မောက် ဘက်ကို သွားတဲ့ ကားလမ်းရဲ့ အနောက်ဘက် ၃ မိုင် အကွာလောက်မှာ ရှိပါတယ်၊ ဒီကားလမ်းဟာလည်း ကျောက်ပန်းတောင်း-မိတ္ထီလာ ကားလမ်းမကြီးပေါ်မှာ ရှိတဲ့ ရွှေအုန်းပင် ကားဂိတ်ကနေ ဖြတ်ပြီး ဖောက်ထားတဲ့ ကားလမ်း ဖြစ်ပါတယ်။

တပ်ရဲ့ အရှေ့ဘက် ၃ မိုင်လောက်မှာပဲ ကျောက်ခွဲစက်ကြီး တခုရှိပြီး အဲဒီမှာ ခွဲတဲ့ကျောက်တွေကို လိုဏ်ခေါင်းရှိတဲ့ တောင်ခြေက တပ်ကို ပို့ပါတယ်။ ခွဲဖို့ ရှာထားတဲ့ ကျောက်ပုံတွေဟာလည်း ကျောက်ခွဲစက်ရှိတဲ့ နေရာကနေ ရွှေအုန်းပင် ကားဂိတ်နားအထိ ကားလမ်းရဲ့ ဘေးဘယ်ညာ နှစ်ဖက်မှာ ၄-၅ မိုင်လောက် ပုံထားတာကိုလည်း ကိုယ်တိုင် တွေ့မြင်ခဲ့ရပါတယ်။

လိုဏ်ခေါင်းအနီး တည်ထားတဲ့ စစ်တပ် အဆောက်အအုံတွေကို သင်္ဘောဆေး အစိမ်းရောင်တွေနဲ့ အရောင်ခြယ်ထားပြီး တောင်ပေါ်နဲ့ တောင်ခြေမှာ အစောင့်ကင်းတဲတွေ မြင်ခဲ့ရပါတယ်။ စီစီတီဗီကင်မရာနဲ့ လူတဖက်ခန့်ရှိ သင်္ဘောဆေး အစိမ်းရောင် ခြယ်ထားတဲ့ မီးလုံးတွေလည်း တပ်ဆင်ထားတဲ့အတွက် ဓာတ်ပုံ ဗီဒီယိုမှတ်တမ်းတွေယူဖို့ ခက်ခဲပါတယ်။

ယုန်လိုက်ရင်း ကန့်သတ်နယ်မြေထဲကို ရောက်သွားတဲ့ ဒေသခံ ရွာသား ၂ ဦးကို အဲဒီမီးလုံးတွေနဲ့ တမိုင်ကျော်လောက်ထိ ထိုးကြည့်တဲ့အတွက် ရွာသားနှစ်ဦး ထိတ်ထိတ်လန့်လန့်နဲ့ အသက်လုပြီး ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်ခြေက ကန့်သတ်နယ်မြေတွေထဲကို ကျွံပြီး နွားကျောင်းမိတဲ့ ရွာသားအချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်၊ ဒါပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အာမခံချက်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။ နောက်ပိုင်း ဒီတောင်ခြေဘက်ကို ကျမတို့ဘက်က ရွာသူရွာသားတွေ ခြေဦး မလှည့်ရဲတော့ပါဘူး။

ဒါပေမယ့် စီမံကိန်းမှာရှိတဲ့ မြောက်ကိုရီးယား ပညာရှင် ၃ ယောက်ဟာ ခွေးသား အရမ်းကြိုက်တဲ့အတွက် ဒီစီမံကိန်းရှိရာ ပင်းကတော့တောင်ရဲ့ အနောက်ဘက်မှာရှိတဲ့ ဆင်သေကန်ရွာက တပတ်တခါလောက် ၇ ပိဿာ အရွယ်ခန့်ရှိတဲ့ ခွေးတကောင် ဖျက်ပြီး သွားရောင်းပေးရတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား ပညာရှင်တွေ ကိုယ်တိုင်လည်း ဆင်သေကန်နဲ့ ရှမ်းကုန်းရွာတွေကို ရံဖန်ရံခါ အလည်အပတ် သဘောမျိုး ရောက်လာကြပါတယ်။ မြန်မာစကားကိုတော့ “မင်္ဂလာပါ” ဆိုတာလောက်ပဲ ပြောတတ်တယ်လို့ ရွာသားတွေထံက သိရပါတယ်။

ဒါ့အပြင် အမဲသား၊ ဟင်းသီးဟင်းရွက်နဲ့ တခြား သားငါးတွေရောင်းတဲ့ ဆင်သေကန်ရွာခံ တချို့လည်း အဲဒီတပ်ထဲကို သွားရောင်းခွင့် ရပါတယ်။ အခုဆို ဈေးရောင်းသွားတဲ့ ဆင်သေကန်ရွာသူ တချို့နဲ့ တပ်ထဲက တပ်သား တချို့နဲ့တောင် အိမ်ထောင်ကျနေပြီး စစ်သားတချို့လည်း ရွာထဲကို မကြာခန ဝင်ထွက်သွားလာနေပါတယ်။

ခွေးသားရောင်းသူ အပါအဝင် ဆင်သေကန်ရွာက ဈေးသည်တွေက တခြားရွာတွေမှာ သွားရောင်းတာထက် တပ်ထဲက ဈေးပိုပေးတဲ့အတွက် ပင်းကတော့တောင်ကို ကျော်ပြီး ပင်ပင်ပန်းပန်း ခြေကျင် သွားရောင်းကြပါတယ်။ ဒီဈေးသည်တွေလည်း တပ်အဝင်မှာ အစစ်ခံကြရပါတယ်လို့ သိရပါတယ်။ လျှပ်စစ်ပစ္စည်း ကနေ ရေဒီယိုအထိ ဘာမှ သယ်ခွင့်မရဘူးလို့ ဆိုပါတယ်။

တောင်-မြောက် သွယ်တန်းနေတဲ့ ပင်းကတော့ တောင်တန်းကြီးပေါ်မှာ ဒီတပ်တခုတည်းရှိတာ မဟုတ်ဘဲ လိုဏ်ခေါင်း ဖောက်နေတဲ့ ဒီတပ်ဟာ မြောက်ဘက်အစွန်မှာ ဖြစ်ပြီး အလယ်မှာက ဆက်သွယ်ရေးတပ်နဲ့ တောင်ဘက်အစွန်မှာ မကွေး ပင်မ စစ်လက်နက် ပစ္စည်းတပ်ရှိပါတယ်။ ဒီတပ်တွေဟာ တောင်ကြော တခုတည်းမှာပဲ တည်ဆောက်ထားတာဖြစ်ပြီး တပ်တခုနဲ့ တခု ၅ မိုင် ကျော်လောက် ကွာဝေးပါတယ်။

ဒီတပ် ၃ ခုထဲမှာ အလယ်က ဆက်သွယ်ရေးတပ်ဟာ နောက်ပိုင်းမှာ တပ်အနီးက လမ်းအတိုင်း ဒေသခံတွေကို ဖြတ်သွားဖြတ်လာခွင့် ပြုပေမယ့် လိုဏ်ခေါင်းဖောက်လုပ်နေတဲ့ တပ်နဲ့ စစ်လက်နက် ပစ္စည်းတပ်ကတော့ ဒေသခံတွေနဲ့ သူစိမ်းတွေကို အနားကပ်ခွင့်တောင် မပေးဘူးလို့ ဆိုပါတယ်။

ရွာမွန်ရဲ့ အနောက်ဘက်မှာရှိတဲ့ စစ်လက်နက် ပစ္စည်းတပ်ဟာ သူတို့ကန့်သတ်ထားတဲ့ နယ်မြေအတွင်းမှာ နွားစာအတွက် မြက်လာရိတ်ရင်တောင် မှတ်ပုံတင် ပြရပါတယ်။ ဒါတင် မကသေးပါဘူး၊ လှည်းတစ်စီးစာ မြက်ရိတ်ရင် သူတို့အတွက် မြေသြဇာဆိုပြီး နောက်ချေး နှစ်တင်း ပေးရပါသေးတယ်။

ဒီတပ်ထဲမှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က တပ်မိသားစုတွေကို စာသင်ရင်း ဗီဒီယိုမှတ်တမ်းယူမိတဲ့ ကျောင်းဆရာ တဦးကို စစ်တပ်က ဖမ်းဆီးပြီး ပြန်လွတ်လာတဲ့ သတင်းမကြားရဘဲ အဲဒီကျောင်းဆရာရဲ့ အစအန ပျောက်နေတယ်လို့ ရွာမွန်ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

ဒီ တပ်စီမံကိန်း စတည်စဉ်က အနီးမှာရှိတဲ့ ရွာလေး၊ ရွာမွန်၊ ကုန်းဇောင်း၊ တောင်ထောင့် အပါအဝင် ရွာပေါင်း ဆယ်ရွာကျော်က ရာနဲ့ချီတဲ့ တောင်ယာတွေကိုသိမ်းပြီး သီးစား ပြန်ချစားနေတဲ့အတွက် အခုအခါမှာ ရွာခံတွေက စုပေါင်းလက်မှတ်ထိုးပြီး ပြန်တောင်းနေကြပါတယ်။

ရွာခံတွေက စုပေါင်းလက်မှတ်ထိုးပြီး တိုင်တန်းတာကို အစိုးရက ဘာမှ ဆောင်ရွက်ပေးမှု မရှိလို့ဆိုပြီး မြေယာတွေ ပြန်ရရေး တောင်းဆိုကြဖို့ ယာပိုင်ရှင်တွေက ပြင်နေကြပါတယ်။

ဒီတပ်တွေ စွဲထားတဲ့ ပင်းကတော့ တောင်တန်းဟာ မိုးရာသီ တခုကလွဲပြီး ပူးပြင်းခြောက်သွေ့ကာ ရေရှားပါးတဲ့နေရာ ဖြစ်ပါတယ်။ တိရိစ္ဆာန် စားကျက်နေရာကလွဲလို့ အသီးအနှံတွေတောင် စိုက်ပျိုးလို့ရတဲ့ နေရာတွေ မဟုတ်တဲ့ လွင်တီးခေါင် တောင်ကုန်းတွေပါ၊ မိုးရာသီမှာပေါက်တဲ့ မြက်တွေတောင် ဆောင်းလယ်ပိုင်းလောက် ရောက်တာနဲ့ ခြောက်သွေ့ကုန်ပါတယ်။

ဒါပေမယ့် ဒီတပ်တွေထဲမှာ အနီးအနားက ရွာတွေမှာ မရနိုင်တဲ့ ရေ၊ မီး ၂၄ နာရီရပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေလည်း ရှိပါတယ်။ လျပ်စစ်မီးကတော့ ဖောဖောသီသီ သုံးနိုင်တဲ့အတွက် ပင်းကတော့ တောင်တန်းကြီးတခုလုံး တညလုံး ထိန်ထိန်လင်းနေပါတယ်။

ဒီတောင်တန်းဟာ နေပြည်တော်-ကျောက်ပန်းတောင်း ရထားလမ်းရဲ့ အရှေ့ဘက် ၂ မိုင် အကွာမှာ ရှိပြီး ကျောက်ပန်းတောင်း-မိတ္ထီလာ ကားလမ်းမကြီးကနေ နတ်မောက်မြို့ကို ဖြတ်ဖောက်ထားတဲ့ ကားလမ်းရဲ့ အနောက်ဖက် ၃ မိုင်ကျော် အကွာမှာ ဖြစ်ပါတယ်။

တောင်ရဲ့ အနောက်ဖက် ၃ မိုင်ခန့်အကွာ တောင်ကြော တလျှောက်မှာတော့ ပင်းချောင်း (အင်းကန်)၊ ဆင်သေကန်၊ ရှမ်းကုန်း၊ ဂွေးကုန်းနဲ့ သားမြား ကျေးရွာတွေရှိသလို တောင်ရဲ့ အရှေ့ဖက်မှာလည်း ဆားတုံး၊ ဒန့်သလွန်၊ စရန်အိုင့်၊ ပင်းမြို့ဟောင်း၊ ကုန်းဇောင်း၊ တောင်ထောင့်၊ ရွာလေး၊ ရွာမွန် စတဲ့ ရွာတွေဟာ ဒီတောင်ကြောတလျှောက်လုံးမှာ အနီးဆုံး ရွာတွေ ဖြစ်ပါတယ်။

ပင်းကတော့ တောင်အနီးမှာရှိတဲ့ ကျမတို့ ဒေသခံတွေဟာ အရင်တုန်းက တောင်ပေါ်နဲ့ တောင်ခြေတွေမှာ မျှစ်ချိုး၊ ထင်းခုတ်၊ ဟင်းသီးဟင်းရွက်ရှာ၊ တိရိစ္ဆာန်တွေ စားကျက်မြေအဖြစ် အသုံးပြုနိုင်ခဲ့ကြပေမယ့် ၁၉၉၇ ခုနှစ်ကစပြီး ဒီတောင်ပေါ်မှာ အစိုးရတပ် အဆောက်အဦးတွေ တည်ဆောက်လာပြီး နောက်ပိုင်း ကန့်သတ်နယ်မြေတွေ လုပ်လိုက်ပြီးကတည်းက ဒေသခံတွေ တောင်ခြေကို ကပ်ခွင့်မရတော့တာ ဆယ်နှစ်ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

ဒါကတော့ သမ္မတဦးသိန်းစိန်က ဒီမိုကရေစီဖြစ်စဉ်ကို သွားနေချိန်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုပြီး ပြောဆိုနေချိန်မှာ စစ်တပ်က မြေတွေ နေရာတွေ သိမ်းယူ၊ ဒေသခံတွေကို နှင်ထုတ်ကာ မြောက်ကိုရီးယား ပညာရှင်တွေနဲ့ လျှို့လျှို့ဝှက်ဝှက်လုပ်နေတဲ့ စီမံကိန်းတခု အကြောင်းပဲ ဖြစ်ပါတယ်။

[သီတာအေး (နတ်မောက်) မှာ အမည်ရင်း မဟုတ်ဘဲ ရေးသားပေးပို့သူ၏ ကလောင်အမည်ဝှက် တခုသာ ဖြစ်ပါသည်]

Loading