ဆောင်းပါး

လဘန်ဂရောင်ကို လွမ်းဆွတ်ခြင်း

This article has been converted from Zawgyi One to Unicode

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပင်လုံစာချုပ်၏ သက်တမ်းမှာ ၆၆ နှစ်ပင် ရှိခဲ့လေပြီ။ “ငြိမ်းချမ်းစွာ အတူ လွတ်လပ်ရေး ရယူရန်” ဟူသော ပင်လုံ၏ အဓိက ရည်ရွယ်ချက်ကြီး အောင်မြင်ခဲ့ သော်လည်း “ငြိမ်းချမ်းစွာ” ဟူသော စကားရပ်ကမူ လှောင်ပြောင် ရယ်မောနေဟန်နှင့် မြန်မာပြည် မြောက်ဖျားမှာ တင်းမာနေဆဲတည်း။

ဤစာရေးသူသည် ကချင်ပြည်နယ်သူ ဖြစ်၏။ မိမိတို့ တိုင်းပြည်အတွက် အမှတ်ထင်ထင် ဂုဏ်ယူရသော ပင်လုံစာချုပ်ကြီး လက်မှတ်ရေးထိုးသူ များတွင် မိမိတို့ ပြည်နယ်မှ လူကြီးများ ပါဝင်ခဲ့ခြင်းကို အမြဲတမ်း ဂုဏ်ယူခဲ့ဖူးသည်။ အဆိုပါ ကချင် လူကြီးများ ထဲမှ တဦးဖြစ်သော “လဘန်ဂရောင်” နှင့် ရပ်ဆွေ ရပ်မျိုး အဖြစ် ရင်းနှီးခဲ့ရခြင်းကိုလည်း ကြံဖန် ဂုဏ်ယူခဲ့ဖူး ပါသည်။

လဘန်ဂရောင်က ရွှေကူသားတော့ မဟုတ်၊ သို့သော် သူ၏ ဇနီးက ရွှေကူသူ ဖြစ်၏။ ကျွန်မ နေထိုင်သော မြို့ကုန်းရပ် ကွက်မှာပင် အခြေချသူ ဖြစ်၏။ တရပ်ကွက်တည်းချင်းမို့ ရင်းနှီးကြသည်။ ထိုအိမ်မှ သမီးအကြီးဆုံး “မမကြီး” သည် လဘန်ဂရောင်နှင့် လက်ထပ်ခဲ့သည်။ မမကြီးအောက် မမလေး၊ မမအေး တို့ပြီးလျှင် ကျန်သော သမီးများမှာ ကျမနှင့် ကျောင်းနေဖက် သူငယ်ချင်းများဖြစ်ရာ၊ ကျမသည် မမကြီးကို သူ့ညီမလေးများ ခေါ်သကဲ့သို့ မမကြီးဟု ခေါ်ပြီး လဘန်ဂေရောင်ကိုကား သူတို့ ခေါ်သလို “ကိုကြီး လဘန်”ဟု မခေါ်ဘဲ “အန်ကယ်လဘန်”ဟု ခေါ်ခဲ့သည်။

အန်ကယ်လဘန်က ကချင်လူမျိုး စစ်စစ်။ ပညာတတ် လူငယ်တဦး ဖြစ်ပြီး ပင်လုံစာချုပ်၌ လက်မှတ်ရေးထိုးခဲ့သူ ဖြစ်သည့် အပြင် ထို စာချုပ်၌ လက်မှတ်ရေးထိုးသူများ အားလုံးတွင် အသက်အငယ်ဆုံး အဖြစ် ထင်ရှားသူလည်း ဖြစ်ပေသည်။

၁၉၇၀ နောက်ပိုင်း အလုပ်အကိုင် အသီးသီးဖြင့် ရန်ကုန်သို့ ပြောင်းလာခဲ့ကြသော ကချင်ပြည်နယ်သားတို့သည် ရန်ကုန်မှာ စည်းစည်းလုံးလုံးနှင့် ကချင်ပြည်နယ် အသင်းအဖြစ် ထူထောင်ခဲ့ကြသည်။ အထူးသဖြင့် ဇန်နဝါရီ ၁၀ ရက်နေတွင် ကျရောက်သော ကချင်ပြည်နယ်နေ့ကို ကျင်းပခဲ့သည်။ သိမ်ဖြူကွင်းတွင် မနောပွဲ ကကြသည်။ ဇာတ်စင်ထိုးပြီး ကချင်ရိုးရာ အကတွေ ကကြသည်။ ကချင်ပြည်နယ်မှာကဲ့သို့ပင် မနောပွဲနှင့် ခေါင်ရည်တွဲဖို့၊ ကချင်ပြည်နယ်မှ ကောက်ညှင်း၊ တဆေး စသည်တို့ကို မှာယူကာ ရန်ကုန်မှာ “ခေါင်ရည်” ဖောက်ခဲ့သည်။

ကချင်၏ ယဉ်ကျေးမှုက ခေါင်ရည်သောက်ခြင်း ဖြစ်၏။ အိမ်သို့ ဧည့်သည်လာလျှင် ခေါင်ရည်ကို ဝါးကျည်တောက်ဖြင့် ဧည့်ခံ၏။ မနောကွင်းမှာ ဆိုလျှင်တော့ ခေါင်ရည်တွေ လျှံနေလေသည်။ ကောက်သင်းနံ့ မွှေးသော ခေါင်ရည်သည် ချိုမြ နေမြဲတည်း။ သည်တော့ ခေါင်ရည်ကို ယောက်ျား မိန်းမ အားလုံး သုံးဆောင်သည်မှာ မဆန်းပေ။ ရန်ကုန်ရောက် မနောကွင်းမှာလည်း ခေါင်ရည်ကို အထူးစီမံထားလေ့ရှိ၏။

တနှစ်မှာတော့ ဇာတ်စင်ဖျော်ဖြေရေး၌ အစီအစဉ် ကြေညာသူ တာဝန်ကျသော ကျမမှာ ဖျားနေသည်။ ကျမက မြန်မာ့ အသံ၌ Announcer မို့ ကျမကို တာဝန်ပေးလေ့ရှိခြင်း ဖြစ်ရာ၊ ထိုနှစ်က ဖျားနေသဖြင့် ကချင်ပြည်နယ်နေ့ အခမ်းအနား၏ လူကြီးဖြစ်သူ အန်ကယ်လဘန်ထံ ခွင့်တိုင်ရသည်။ အန်ကယ်လဘန်ကား ကျမခွင့်တိုင်သည်ကို လက်မခံပေ။ ခွင့်တိုင်ဖို့ သွားသူ မိုးကောင်းသား ကိုအုန်းရွှေကို ပြုံးလျှက်…

“ဟေ့.. မရဘူး။ အဲဒီ ကောင်မလေးကို ခေါင်ရည်တိုက်လိုက်” ဟု ပြောသည် ဆို၏။ အန်ကယ်လဘန်ကို မည်သူမျှ မလွန်ဆန်ရဲချေ။ ကိုအုန်းရွှေက ကျမကို ကားနှင့် လာခေါ်သည်။ သိမ်ဖြူကွင်းထဲ ရောက်ရောက်ချင်း ခေါင်ရည် တခွက် (စက္ကူခွက်နှင့်) တိုက်သည်။ ပွဲခင်းမြင်ကွင်းက ကချင်ပြည်နယ် ပြန်ရောက်နေသလို ခံစားရ၏။ မနောတိုင်များ၊ ကချင်တေးသံများ၊ ကချင် အဝတ်အစားများနှင့် ကချင်မြေ အတိုင်း ကိုး။

ကျမ အချမ်းပြေသွားသည်။ ပျော်လာသည်။ နောက် တခွက် သောက်ပြီးသောအခါ ဇာတ်စင်နှင့် သဟဇာတ ဖြစ်သွားပြီ။ ထိုညက ဘယ်လို စကားပြော မြိုင်ဆိုင်သလဲ မပြောပါနှင့်တော့။ စင်ဘေးမှ အန်ကယ်လဘန်ကား ကျမကို ရယ်ကျဲကျဲနှင့်၊ စကား တပြောပြောနှင့် သဘောကျ ကျေနပ်နေလေသည်။

ကျမတို့သည် နိုင်ငံရေးရာသီဥတု အပြောင်းအလဲအရ လမ်းကြောင်း အသီးသီးသို့ မျောပါခဲ့ကြရ၏။ ကျမက NLD ခေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဗဟို အမျိုးသမီး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဖြစ်လာသည်။ အန်ကယ်လဘန်က တ.စ.ည ပါတီ မှာ အမှုဆောင် လူကြီး။ ကျမတို့ အချင်းချင်း မတွေ့ဖြစ်ကြတော့ပါ။ သိမ်ဖြူကွင်းသည်လည်း ကားအမောင်းသင်ကွင်း ဖြစ်သွားခဲ့ပေပြီ။

၁၉၉၀ ရွေးကောက်ပွဲ။ ပါတီတာဝန်အရ ကျမသည် လွှတ်တော် အမတ် တနေရာ တာဝန်ယူခဲ့ရ၏။ သို့ဖြင့် မဲဆွယ် စည်းရုံးရေး ကာလအတွင်း အန်ကယ်လဘန်ကို ကျမ သွားရောက် တွေ့ဆုံရန် အကြောင်းဖန်လာသည်။ မူလက သွားရောက်တွေ့ဆုံဖို့ မရည်ရွယ်ပါ။ သို့သော် အန်ကယ်လဘန့်သား “အက်ဒီ” နှင့် လမ်းမှာ တွေ့ဆုံရာ အန်ကယ်လဘန် နေမကောင်း ဖြစ်နေကြောင်း သိရပြီး သူနှင့် တပါတည်း လိုက်သွားခဲ့ခြင်း ဖြစ်သည်။ အန်ကယ်လဘန် မသေခင် ကျမ မေးစရာ ရှိတာ မေးချင်သည်။

“အန်ကယ် ဒေါ်စုကို ဘာလို့ ကန့်ကွက်တာလဲ ဟင်။ အန်ကယ့် ဘာသာ ကန့်ကွက်တာလား။ ပါတီက ခိုင်းတာလား”

သည်မေးခွန်းသည် ကျမ အတွက် အရေးကြီးသည်။ ကျမ ချစ်ခင်လေးစားသာ အန်ကယ် လဘန်ကို ပြည်သူတွေ မုန်းတာ ကျမ မခံချင်ပါ။ အန်ကယ်လဘန် ဆိုတာ “ပင်လုံ” မဟုတ်ပါလား။

လူမမာသည် ထိုင်နေသော ပက်လက်ကုလားထိုင် လက်တန်းကို သူ့လက်နှင့် ဒေါသတကြီး ရိုက်ချ လိုက်၏။

“ဒီမယ် မိစံမေ.. ၊ ငါ့ကို ဘယ်သူက ခိုင်းလို့ ရမှာလဲ။ ငါ့ဟာ ငါ ကန့်ကွက်တာ”

“ဘာ.. ဖြစ်… လို့”

“ဟ .. ဘာဖြစ်ရမှာလဲ။ သူက ဗဟန်းမှာ လာဝင်တယ်၊ ငါကလည်း ဗဟန်းဆိုတော့ ငါ ကန့်ကွက်ရမှာပေါ့။ အဲဒီ ဥပဒေက သူ့ အဖေ ကိုယ်တိုင် လုပ်ခဲ့တာပါ။ နင် သိချင်ရင် ဥပဒေ စာအုပ်မှာ သွားကြည့်။ နင့်မှာ စာအုပ်မရှိရင် စာကြည့်တိုက်မှာ သွားရှာ…”

ကျမ စကား မဆက်နိုင်တော့ ပါ။ အန်ကယ်က ကျမကို ကြင်နာစွာ ကြည့်ပြီး… “ ဒီ ကောင်မလေး ငါ ပြောပြမယ်။ ၁၉၄၇ ခုနှစ်၊ အခြေခံ ဥပဒေ ရေးဆွဲတုန်းက တိုင်းပြု ပြည်ပြု လွတ်တော် အစည်းအဝေး လုပ်တာ။ အဲဒီမှာ “ဝံသာနု” ဆိုတဲ့ စကား ခေတ်စားတယ်။ လွတ်လပ်ရေး မရသေးဘူး။ လူတိုင်းက ဝံသာနု စကား ပြောတာ။ အဲဒါ အစည်းအဝေး ခဏနားတုန်း ထမင်းစား နားတာပေါ့။ အဲဒါ စားသောက်ပြီး အစည်းအဝေး ပြန် မစခင် မိုးတိုး မတ်တပ် စကားစမြည် ပြောကြတာပေါ့။ အဲဒီမှာ တယောက်က ပြောတယ်၊ “ငါတို့ကတော့ ဝံသာမနုနိုင်ပါဘူး၊ ဝမ်းစာပဲ လုရမှာပဲ” တဲ့။ ဘာပြောကောင်းမလဲ..၊ အဲဒီ စကားကို အခန်းထဲ ပြန်ဝင်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြားသွားတာ။ “ဟေ့ ဘယ်သူလဲ ဝမ်းစာလုချင်တာ၊ ဝမ်းစာတော့ မရဘူး၊ _ီးစာပဲ ရမယ်” တဲ့။ စိတ်ဆိုးပြီး ပြောတာ။ အဲဒီနောက် လူတွေ ဝံသာနုစိတ်ဓာတ် မရှိရကောင်းလား ဆိုပြီး အမတ်လောင်း အရည်အချင်းမှာ နိုင်ငံခြားသားနဲ့ မပတ်သက်ရ ဆိုတာ ထည့်ခဲ့တာ”

သြော်… ၆၆ နှစ်ပင် ကြာခဲ့ပြီ။ ပင်လုံ စာချုပ် လက်မှတ်ထိုးသူတွေလည်း မရှိကြတော့ ပြီ။ အန်ကယ် လဘန်ဂရောင် ပင် ကွယ်လွန်သွားခဲ့တာ ကြာပြီ။ ခေါင်ရည်နံ့ မွှေးပျံ့သော ငြိမ်းချမ်းသည့် ကချင်မြေသည်လည်း…..? …..? …….?။ ၁၂. ၂. ၂၀၁၃ သို့……။

(ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာမျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်။)

Loading