နော်ဝေးနိုင်ငံ ပါလီမန်ရှေ့ရင်ပြင်ဆီ ဇန်နဝါရီလ ၂၆ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ကျနော် ရောက်သွားခဲ့ပါတယ်။ အနုတ် ၁၀ ဒီဂရီ စင်တီဂရိတ် ရှိတဲ့အပြင် ဆီးနှင်းတွေလည်း ထူထပ်စွာ ကျနေတဲ့ကြားထဲမှာ လူ ၅၀ လောက်က ပိုစတာတွေထောင်ပြီး
ကြွေးကြော်သံတွေ အော်နေတာ မြင်လိုက်ရပါတယ်။ အနီးကပ်ကြည့်လိုက်တော့ ဒါးနှစ်လက် ကြက်ခြေခတ်ပုံပါတဲ့ အနီ အစိမ်း KIA(ကချင် လွတ်လပ်ရေး တပ်မတော်) အလံတွေ၊ ကချင်စစ်ပွဲရပ်ဖို့ တောင်းဆိုထားတဲ့ ပိုစတာတွေ။
“သိန်းစိန်…လူလိမ်၊ သိန်းစိန်…လူလိမ်။ လူသတ်အစိုးရ…အလိုမရှိ၊ လူသတ်အစိုးရ…အလိုမရှိ။ ကချင် စစ်ကို ချက်ချင်းရပ်…ပြည် တွင်းစစ်ကို ချက်ချင်းရပ်…”
တကယ်ဆိုရင် အော်စလို ပါလီမန်ရှေ့မှာ ဒီလို အသံမျိုး မကြားရတာ အတော်ကြာခဲ့ပါပြီ။ ၂၀၁၂ အစောပိုင်း ကြားဖြတ်ရွေးကောက်ပွဲ ပြီးကတည်းကလို့ ထင်ပါတယ်။ အခုတော့ လွန်ခဲ့တဲ့ နှစ် ၂၀ ကလို ကြွေးကြော်သံတွေ ပြန်ကြားလာရတဲ့အတွက် ကျနော်အဖို့ စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။
“မင်းကိုနိုင်ကို ချက်ချင်းလွှတ်…နိုင်ငံရေး အကျဉ်းသားတွေ ချက်ချင်းလွှတ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်…လွှတ် တော် အမတ်တွေကို ချက်ချင်းလွှတ်…”
ဒါက လွန်ခဲ့တဲ့နှစ်၂၀ အတွင်း ဒီပါလီမန်ရှေ့မှာ ကြားနေကြ ကြွေးကြော်သံတွေပါ။ အခုတော့ ကြွေးကြော်သံက နည်းည်းပြောင်းသွားပြီ။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာပြီး ဒီမိုကရေစီအခွင့်ရေး အနည်းအကျဉ်း ရလာပြီဆိုပေမယ့် လူမျိုးစုပြဿနာက မပြေ လည်သေး၊ စစ်ပွဲတွေ ရှိနေသေးတယ်ဆိုတာကို ပြောင်းလဲလာတဲ့ ကြွေးကြော်သံအသစ်က သတိပေးနေပါတယ်။
ပါလီမန်ရင်ပြင်ကနေ လက်ဝဲဘက်ကိုလှမ်းကြည့်လိုက်တော့ Grand Hotel ။ ဒါဟာ မနှစ်က ဇွန်လ နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လာတည်းသွားတဲ့နေရာ။ နော်ဝေးရောက် မြန်မာနိုင်ငံသား ထောင်နဲ့ချီ စောင့်ကြိုခဲ့တဲ့ နေရာပေါ့။
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ အမေစု ကျန်းမာပါစေ…”ဆိုတဲ့ ကြွေးကြော်သံတွေကို ကျနော်ပြန်ကြားယောင်နေမိပါတယ်။
“ဟေ့လူ။ မင်းကိုနိုင်တို့ ဖေဖော်ဝါရီ ၁၇ မှာ ဒီကိုရောက်မယ်ဗျ။ ဒီပါလီမန်ကိုလည်း လေ့လာမယ်လို့ သိရ တယ်”လို့ ဆန္ဒပြပွဲထဲ ကနေ ထွက်လာတဲ့ မိတ်ဆွေတဦးက လက်ပုတ်ပြီးပြောလိုက်တဲ့အတွက် ပါလီမန် နဲ့ Grand Hotel ကိုငေးမောပြီးတွေးတောနေတဲ့ ကျနော့်ရဲ့ အတွေးစ ပြတ်သွားပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ အလွန် ပါလီမန်အသစ် လက်ထက်မှာ ဘာတွေပြောင်းလဲခဲ့သလဲ
ဆန္ဒပြပွဲပြီးသွားတဲ့အခါမှာတော့ ရေခဲပြင်ဒေသရောက် တောထွက်၊ ထောင်ထွက်(တောခိုကျောင်းသား ဟောင်းနဲ့ နိုင်ငံရေးအကျဉ်း သားဟောင်းများ) ရဲဘော်ဟောင်းတွေရဲ့ ထုံးစံအတိုင်း ကော်ဖီဆိုင်တခုမှာစုထိုင်ပြီး လက်ရှိအခြေအနေတွေအပေါ် အမြင်အမျိုးမျိုး ပြောဖြစ်ကြပါတယ်။
“ဒီလူတွေ ဆန္ဒပြတဲ့အချိန်က သိပ်စောလွန်းတယ်ဗျာ။ ပြီးတော့ စနေ ရုံးပိတ်ရက်ဆိုတော့ ဘယ်သတင်းထောက်မှ မလာဘူး။ မီဒီယာတွေ ကာဗာ မလုပ်ရင် သိပ်မမိုက်ဘူးဗျ။ ဒါနဲ့ ဒီဗီဘီ-ကလည်း တယောက်မှ သတင်း လာယူတာ မတွေ့ပါလား”
“ဒီဗီဘီ က ဒီမှာ မရှိတော့ဘူးလေဗျာ။ အားလုံး ထိုင်းနဲ့ မြန်မာနိုင်ငံဆီ ပြောင်းသွားပြီ”
“ဒီဗီဘီ ကိုမပြောနဲ့လေ၊ ABSDF(ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး) နဲ့ DPNS (လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ)တောင် ရန်ကုန်ရောက်နေပြီပဲ။ ခေတ်ပြောင်းသွားပြီလေ ဗျာ။ အပြင်က လူတွေက အထဲကိုဝင်လည်၊ အထဲကလူတွေက အပြင်ကို ထွက်လည်တဲ့ ခေတ်ဖြစ်သွားပြီ”
တယောက်တပေါက် ပြောနေကြတဲ့ အသံတွေကို နားထောင်ရင်း သူတို့ပြောနေတဲ့“ပြောင်းလဲမှု” နဲ့ “တိုးတက်မှု”ဟာ သီးခြား စီ လား၊ “ပြောင်းလဲတိုးတက်မှု” အဖြစ် တတွဲတည်း ဖြစ်သင့်သလား ဆိုပြီး ကျနော် စဉ်းစားနေမိပါတယ်။
ဒီလိုငြင်းခုံလို့ ကောင်းတုန်း ပြည်တော်ပြန်တဦး ကျနော်တို့ဝိုင်းထဲ ရောက်လာပါတယ်။“ခင်ဗျားတို့က ကိုယ်တိုင် မရောက်ဘူး သေး ပဲ နဲ့ ထင်ကြေးတွေပဲ ပြောနေတယ်။ မြန်မာနိုင်ငံမှာ တကယ်ပြောင်းလဲနေပြီ၊ မယုံမရှိနဲ့ ကိုယ်တွေ့ မျက်စိနဲ့ မြင်လာတာ”ဆိုပြီး အဲဒီ ပုဂ္ဂိုလ် က အခိုင်အမာ ပြောထည့်လိုက်ပါတယ်။
“မြဝတီကနေ ရန်ကုန်အထိ ဘာ စစ်ဆေးရေးဂိတ်မှ မရှိတော့ဘူး။ ဝါးတားဂိတ်တွေလည်း မရှိဘူး။ မှတ်ပုံတင် စစ်တဲ့လူလည်း မရှိဘူး။ လုံးဝလွတ်လပ်နေပြီ”လို့ သူက ဆိုပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ဒီ လမ်းကို သူသွားခဲ့ရစဉ်က ဆိုရင် ဝါးတားဂိတ် အဆင့်ဆင့်ကိုဖြတ်၊ လမ်းမှာ၂ ည လောက် အိပ်ရတဲ့အပြင် ဘယ်နေရာမှာ ဘယ်အဖွဲက လာပစ်မလဲနဲ့ တထိတ်ထိတ် စိုးရိမ် နေရ တယ်။ အခု အပစ်ခတ်ရပ်စဲရေး ကာလမှာ ဒါမျိုး လုံးဝမရှိတော့လို့ ခရီးသွားရတာ အတော် စိတ်ချမ်းသာတယ်”လို့ ပြောပါတယ်။
“အရင်ကဆိုရင် တပ်ရင်းမှူးကား လာရင်တောင် ရှိသမျှကားတွေ၊ လူတွေအားလုံး လမ်းရှင်းခံရတယ်မို့လား။ အခု သမ္မတ ဦးသိန်းစိန် လာရင်တောင် လမ်းဖယ်ပေးဖို့ မလိုတော့ဘူး။ သူ့လမ်း သူသွား၊ ကိုယ့်လမ်း ကိုယ်လျှောက်ပဲ။ လုပ်အားပေး ခေါ်ခိုင်း တာလည်း မရှိတော့ဘူးလေ။ လူတွေက စစ်သားတွေကို အရင်လို မကြောက်တော့ဘူး”လို့ အဲဒီပြည်တော်ပြန်က သူမြင်ခဲ့ရတဲ့ ရုပ် ပိုင်း စိတ်ပိုင်း တိုးတက်မှုတွေကို အသေအချာ ရှင်းပြနေပါတယ်။
“ပြည်တွင်းမှာတင် မကဘူးနော်။ ဘန်ကောက်မှာတောင် မြန်မာတွေက အရင်လို အနှိမ်ခံ မဟုတ်တော့ဘူး။ လုံချည်ဝတ်ပြီး၊ ထဘီဝတ်ပြီး ရဲရဲတင်းတင်းသွားနေကြပြီ။ Western Union နဲ့ တရားဝင် ပိုက်ဆံ လွှဲလို့ရနေပြီ”လို့လည်း သူက ဆိုပါသေးတယ်။

ကိုယ်တွေ့မြင်လာတဲ့ ပြည်တော်ပြန် တဦးရဲ့ ပြောဆိုချက်တွေဟာ သူ့လိုပြည်တော် မပြန်ရဲသေး ဘဲ တောပြောတောင်ပြော လျှောက် ပြောနေ ဆဲဖြစ်တဲ့ ကျနော်တို့ တော ထွက်၊ ထောင်ထွက် လူတစုကို အတော် စိတ်ဝင်စား စရာဖြစ်စေခဲ့ပါတယ်။
“အဲဒါ မြေပြင်သတင်းနော်။ ခင်ဗျားတို့ရထားတဲ့ ကြားဖြတ်သတင်း၊ အင်တာနက်သတင်း။ မျက်နှာစာအုပ် သတင်းတွေထက် ပိုမှန် တယ်”လို့ ဆိုပြီး တောထွက်တယောက်က အရွှန်း ထဖောက်ပါတယ်။
တိုးတက်လာတာလား၊ ရေညီအမှတ်ကို ရောက်လာတာလား
တဖြည်းဖြည်းနဲ့ ကျနော်တို့ရဲ့ ငြင်းခုံပွဲက ပိုမိုအရှိန်ကောင်းလာပါတယ်။ ဒါပေမယ့် သူတို့ နားမလည်တဲ့ ဘာသာစကားနဲ့ အသံကျယ်ကျယ်ငြင်းနေကြတဲ့ ကျနော်တို့အုပ်စုကို ရန်ဖြစ်နေကြတာလားဆိုပြီး ဘေးလူတွေက ဝိုင်းကြည့်လာတဲ့အတွက် နေရာပြောင်းဖို့စီစဉ်ရပါတယ်။
ဒီမှာက ရန်ကုန်က လက်ဖက်ရည်ဆိုင်တွေလို ရေနွေးတအိုးမှာ၊ ဆေးလိပ်ဖွာပြီး တနေကုန် ထိုင်ငြင်းနေလို့မရ။ ၁၅ မိနစ် ဝန်းကျင် လောက်ပဲ ဆိုင်ထိုင်လေ့ရှိကြပြီး ဆေးလိပ်သောက်ခွင့် လုံးဝမရှိပါ။ နီးစပ်ရာ ရဲဘော်တယောက်ရဲ့ အိမ်ခန်းဆီ ချီတက်ပြီး ဆွေးနွေးပွဲကို ဆက်ကြပြန်ပါတယ်။
အခု ကျနော်တို့ဆွေးနွေးပွဲမှာပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ“လူနေက ချုံကြား စိတ်နေက ဘုံဖျား”လို့ ပြောရမလားပါပဲ။ ဘာကြောင့်လဲ ဆိုရင် လက်ရှိအခြေနေအရ သူတို့ဟာ သန့်ရှင်းရေး လုပ်သား၊ လူအိုရုံ လုပ်သား။ မူကြိုကျောင်း လုပ်သား။ ဈေးဆိုင်လုပ်သားတွေ ဖြစ်ကြပေမယ့် ဆွေးနွေးနေတဲ့ အကြောင်းရာတွေက သူတို့နေ့စဉ်အလုပ်နဲ့ ဘာမှ မဆိုင်ပါဘူး။
သူတို့ကိုယ်သူတို့ နေပြည်တော် လွှတ်တော်ထဲက အမတ်တွေထက် ပိုအရည်ချင်းရှိသူတွေလို့ ထင်နေသူတွေတောင် ပါနေပါသေး ပါတယ်။
“ကျနော်တို့ ဆွေးနွေးပွဲက ဒေါက်တာ ဆိတ်ဖွား ဖော်ထုတ်ရေး ကော်မရှင်ထက်တော့ ပိုအကျိုးရှိပါတယ်ဗျ”လို့ တယောက်က ဟာသ နှောပြီး ပြောပါတယ်။
“ဟုတ်တယ်ဗျ။ ကချင်မှာ စစ်ဖြစ်နေတာကလွဲရင် တနိုင်ငံလုံး တိုက်ပွဲမရှိတော့သလောက်ပဲ။ နိုင်ငံရေး အကျဉ်းသားတွေလည်း မကျန်တော့ သလောက်ပဲ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ဝင်စပြုနေပြီ ဆိုတော့ လူတွေက ဒီအစိုးရအပေါ် အတော်အကောင်းမြင်နေတာ”ဆိုပြီး တောထွက်တဦးကလည်း အလေးအနက် ဆွေးနွေးလာပါတယ်။
နောက်တဦးကလည်း သူပြောတာကို ထောက်ခံတယ်လို့ဆိုပြီး အရာရာကို နိုင်ငံရေးပေတံနဲ့ချည်း တိုင်းနေလို့မဖြစ်ဘူး။ အများပြည် သူ တွေက ဘယ်လိုမြင်သလဲ ဆိုတာကိုပါ ထည့်စဉ်းစားဖို့ လိုတယ်။ ဘာပဲ ပြောပြော၊ လက်လုပ်လက်စား သာမန်နိုင်ငံသား တဦး ဘက်ကနေကြည့်ရင် ဒီအစိုးရခေတ်မှာ အရင်အစိုးရခေတ်ထက် သူတို့ဘ၀ နည်းနည်းပိုအဆင်ပြေလာတာအမှန်ပဲလို့ ထောက်ပြပါတယ်။
“အဲဒါကြောင့် သမ္မတထောက်ခံပွဲ ဆိုတာတွေ မြန်မာနိုင်ငံမှာ ပေါ်လာတာပေါ့ဗျ။ သမ္မတနဲ့ ဒေါ်စု လက်တွဲ အလုပ်လုပ်ရင် အားလုံး အဆင်ပြေသွားလိမ့်မယ်လို့ လူတွေက မျှော်လင့်နေတာ”လို့ နောက်တဦးကလည်း ဆက်ဆွေးနွေးပါတယ်။ ဒါကြောင့် အစိုးရနဲ့ ဒေါ်စုကို ဝေဖန်တဲ့ ကျနော်တို့ အပြင်ကလူတွေကို ဘေးထိုင် ဘုပြောနေသူတွေ အဖြစ်၊ ဒီနေ့ ခေတ်စားနေတဲ့ စကားလုံးအတိုင်းဆိုရင် “ကီးဘုတ် တော်လှန်ရေးသမားတွေ”အဖြစ် လူအများစုက အဆိုးမြင် မြင်လာနေတယ်လို့ အဲဒီပုဂ္ဂိုလ်က ဆိုပါတယ်။
“ဒီမိုကရေစီ ခေတ်ပဲ ဗျာ။ ကိုယ့်အမြင်ကိုယ် လွတ်လပ်စွာ ပြောခွင့်ရှိရမှာပေါ့”လို့ နောက်တယောက် က ဝင်ပြောပါတယ်။
အဲဒီအချိန်မှာ ဘာမှမပြောဘဲ ငြိမ်နားထောင်နေတဲ့ အသက်ခပ်ကြီးကြီး ရဲဘော်တဦးက ထလာပြီး“ခင်ဗျားတို့ ပုံပြင်တခု ကြားဖူး လား”လို့ မေးရင်းနဲ့ ကျောက်တုံး ထမ်းလာတဲ့ လူတဦးရဲ့ ပုံပြင်ကို ပြောပါတော့တယ်။
ဒီပုံပြင်ကို စာဖတ်ပရိသတ် အတော်များများ ကြားဖူးပြီးသားလို့ ထင်ပါတယ်။ ရဲဘက် စခန်းတခုမှာ ကျောက်တုံးကြီး သုံး-လေး တုံး ကို ထမ်းပြီး တောင်ကုန်းပေါ် မောမောပန်းပန်း တက်လာနေတဲ့ နိုင်ငံရေးအကျဉ်းသားတဦးကို ထောင်ဝါဒါ တဦးကနေ သိပ်မောနေ သလားလို့မေးပြီး အပေါ်က ခပ်သေးသေး ကျောက်တုံးငယ်ကို ဖယ်ပေးလိုက်တယ်လို့ဆိုပါတယ်။ ဒီတော့ အကျဉ်းသားက အဲဒီ ထောင်ဝါဒကို ကျေးဇူးတင်စကား ပြောပါတယ်။
နောက်တနေရာရောက်တော့ နောက်ထောင်ဝါဒါ တယောက်က အလားတူ နောက်တတုံးကို ထပ်ဖယ် ပေးပြန်ပါတယ်။ အကျဉ်း သား ကလည်း ကျေးဇူးတင်ပြန်တယ်ပေါ့။ ဒီလိုနဲ့ ထောင်ဝါဒဟာ နိုင်ငံရေးအကျဉ်းသားရဲ့ ကျေးဇူးတင်ထိုက်သူလိုလို ဖြစ်သွားတဲ့ ပုံပြင်ပါ။
အခု ကျနော်တို့ပြောနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာနိုင်ငံက တိုးတက်ဖြစ်ထွန်းမှုဆိုတာတွေဟာ ဒီပုံပြင်လိုများဖြစ်နေ လေမလား။ နှစ် ၆၀ နီးပါး ကျောက်တုံးကြီးတွေ ထမ်းထားရတဲ့ သန်း ၆၀ သော အများပြည်သူတွေဟာ ကျောက်တုံး ဖယ် ပေး သူကို ကျေးဇူးရှင် အဖြစ် မြင်နေပြီး ဒါကို တိုးတက်မှုအဖြစ် မြင်နေမိတာမျိုးလား။ အရင် အစိုးရခေတ်က တင်ပေးထားတဲ့ ကျောက်တုံးတွေကို ဖယ်ပေးနေတဲ့ ဒီနေ့ အစိုးရနဲ့ လွှတ်တော်အမတ်တွေက ကျေးဇူးရှင်တွေလား။
တကယ်လို့ အခု နော်ဝေး ပါလီမန်ရှေ့မှာ လေကန်နေသူတွေ ကိုယ်တိုင်ကရော ကျောက်တုံးထမ်းနေရတဲ့ အများပြည်သူနေရာမှာပဲ ဖြစ်ဖြစ်၊ ကျောက်တုံးကို ဖယ်ရှားပေးနေတဲ့ အစိုးရဝန်ကြီးတွေ၊ လွတ်တော် အမတ်တွေနေရာမှာပဲ ဖြစ်ဖြစ် ရောက်နေမယ်ဆိုရင် ကျေးဇူးတင်သူနဲ့ ကျေးဇူးတင် ခံရသူဖြစ်နေကြမှာပဲ မဟုတ်လား။
ဒါပေမယ့် ကံကဆိုးချင်တော့ အခုအချိန်အထိ အိမ်မပြန်နိုင်သေးတဲ့ ဒီတောထွက်၊ ထောင်ထွက် ပြည်ပရောက် ၈၈ မျိုးဆက်တွေဟာ အဲဒီ ၂ နေရာမှာ မဟုတ်ဘဲ တတိယနိုင်ငံတွေကို ရောက်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုကို မြန်မာ မျက်စိနဲ့ မကြည့်ဘဲ သူတို့ရောက်နေတဲ့ ဖွံ့ံ့ဖြိုးပြီး နိုင်ငံတွေ၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ တိုင်းတာနေတဲ့အတွက် လက်ရှိအခြေနေ ကို တိုးတက်မှုလို့မမြင်ဘဲ နဂိုကတည်းက ရှိရမယ့် နေရာ၊ အခုမှ အနုတ်လက္ခဏာ ကနေ ရေညီအမှတ် သုံညအဆင့်ဆီ ရောက် လာတယ်လို့ မြင်နေမိတာမျိုးလားဆိုပြီး ကျနော် စဉ်းစား နေမိပါတယ်။ ။