ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတိုင်း စစ်တကောင်း တောင်တန်းဒေသထဲမှာ ဗိုလ်မင်းထောင် အပိုင်စားရတဲ့ ဗိုလ်မင်းကြီးကို နယ်စား (ဒေသအခေါ် ဟေရ်ဒမာန်)၊ ရွာစား (ဒေသအခေါ် ကာရ်ဘာရီ) တွေက အခွန် ဆက်သရတဲ့ ပိုင်စရာပွဲကို နှစ်စဉ် ကျင်းပလေ့ ရှိရာမှာ ယခုနှစ်အတွက် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ စတင် ကျင်းပခဲ့ပါတယ်။
ဒီ ပိုင်စရာပွဲကို နှစ်စဉ် ဇန်နဝါရီလ ရောက်တိုင်း ကျင်းပလေ့ ရှိပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ အစိုးရကလည်း ငွေကြေး အထောက်အပံ့တွေ ပေးအပ်ကာ တရားဝင် ခွင့်ပြုထားတဲ့ ဒီပွဲဟာ ဗိုလ်မင်းထောင်နေ ပြည်သူတွေလည်း တနှစ်လုံး တောတောင်တွေထဲမှာ အလုပ်လုပ်ခဲ့ရာမှ ဒီ ပွဲမှာပဲ အမောဖြေ ပျော်ကြရတဲ့ ပွဲတပွဲလို့လည်း ဆိုရမှာပါ။
“လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်က ကျနော် မြင်ဖူးတာကတော့ လမ်းပမ်းဆက်သွယ်ရေးလည်း မကောင်းတဲ့ အချိန်တုန်းကတော့ ဟေရ်ဒမန် (နယ်စား)၊ ကာရ်ဘာရီ (ရွာစား) တို့လည်း မစုံဘူး။ ရောက်လားကြတဲ့ ဟေရ်ဒမန်၊ ကာရ်ဘာရီတွေဆိုရင် ကြက်ဆိုရင် ကောင်းပေ့၊ ကြီးပေ့ဆိုတဲ့ ကြက်တွေကို ဗိုလ်မင်းကို ဆက်ဖို့ ယူလာကြတယ်။ ပွဲမတိုင် ခင် ၂ – ၃ ရက်လောက် ကစပြီး ဘန်တရိုဘန်မှာ လာအိပ်ကြပြီး ပွဲကို တက်ကြတယ်။ အဲဒီ တုန်းက ရှိခဲ့တဲ့ ပလန်မင်း၊ သတ်မင်းတွေ လာကြတယ်။ ကပွဲတွေရှိတယ်။ လောင်းကစား တွေလည်း ရှိတယ်။ ကွယ်လွန်သွား ခဲ့တဲ့ ၁၅ ဆက်မြောက် ဗိုလ်မင်းကြီး ဦးအောင်ရွှေဖြူ လက်ထက်မှာတောင် တော်တော်လေး စည်းကားတာကို တွေ့ရတယ်” လို့ ဗိုလ်မင်းကြီး အောင်ရွှေဖြူရဲ့ သားကြီး ဦးစောလှဖြူက သူ ဖြတ်သန်းခဲ့တဲ့ အတိတ်က ပိုင်စရာပွဲကို ပြောပြပါတယ်။
၅ ရက်ကြာ ကျင်းပတဲ့ ဒီပွဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနယ်နယ် အရပ်ရပ်က အိမ်သုံးပစ္စည်း အမျိုးမျိုး၊ အဝတ်အထည် အမျိုးမျိုး၊ ကစားစရာ အမျိုးမျိုးကို အနယ်နယ် အရပ်ရပ်က လာရောက် ရောင်းချကြတဲ့ ဈေးဆိုင်တွေ၊ ဒေသထွက် အရက်ဆိုင်တွေ၊ ကပွဲ၊ ဇာတ်ပွဲတွေနဲ့ မြန်မာနိုင်ငံက သီတင်းကျွတ်ပွဲတော်လို စည်းကား သိုက်မြိုက်လှ ပါတယ်။
“ဒီနှစ် ပိုင်စရာပွဲကတော့ ပွဲကိုလာတဲ့ လူတွေ နည်းတာကို တွေ့ရတယ်။ အခုလို နည်းသွားတဲ့ အဓိက အကြောင်းရင်း ကတော့ စီးပွားရေး အရမ်းကြပ်တည်း ကြတယ်။ နောက်ပြီး တော့ ရာသီဥတုကလည်း အရင်နှစ်တွေထက် ပိုအေးတယ်။ နောက်တခုက အခု ဗိုလ်မင်းကြီးက အသစ် တက်လာတာ ဆိုတော့ စီမံခန့်ခွဲမှု ကလည်း အားနည်းတာကြောင့် ဖြစ်နိုင်တယ်” လို့ ဦးစောလှဖြူက သုံးသပ်ပါတယ်။
တနှစ်မှာ တခါ အခွန်ဆက်ပွဲ ပြုလုပ်တဲ့ အခါမှာ အရက် တလုံး၊ စိမ်ရည် တလုံး၊ ကြက် တကောင်ကို ရွာစားတွေနဲ့ နယ်စားတွေက ဗိုလ်မင်းကြီးကို အရင်က အခွန်တော် ဆက်သ ကြရလေ့ရှိပေမဲ့ အခု အခါမှာတော့ ကြက်၊ အရက်နဲ့ စိမ်ရည်တလုံး အစား ကျသင့်တန်ဖိုးငွေ တာကာ ၄၀၀ ပေးသွင်းကြရပါတယ်။
“လယ် လုပ်သူတွေကို ကျတော့ ဧကအလိုက် အခွန် ကောက်တယ်။ တောင်ယာလုပ်တဲ့ လူတွေ ကျတော့ တောင်ယာ အကွက်လိုက် အပေါ် တွက်ပြီး ကောက်တယ်။ အခွန်ကောက်တယ် ဆိုတာကလည်း အရင်က ထုံးစံဖြစ်လို့ ကောက်ရတဲ့ သဘောပါ။ အခွန်ကောက်ဖို့ သွားရတဲ့ လမ်းစရိတ်က အဲ့ဒီထက် ပိုကုန်တယ်” လို့ နယ်စား တယောက်ဖြစ်သူ မောင်နုက ပြောပါတယ်။
ဗိုလ်မင်းကြီး အမိန့်နဲ့ တောင်ယာ၊ လယ် လုပ်ကိုင်သူ ပိုင်ရှင်တယောက်လျှင် အခွန်ငွေ ၆.၇၅ တာကာကို နယ်စားတွေက ကိုယ့် နယ်မြေအထဲက တောင်ယာ ဧက အလိုက် ကောက်ခံပြီး ဒီ ပိုင်စရာပွဲမှာ ဗိုလ်မင်းကြီးကို ဆက်သရပါတယ်။
ယင်း ကောက်ခံရရှိ ငွေများထဲမှှ ဗိုလ်မင်းကြီး အခွန်အဖြစ် ၄၂ %၊ ဘင်္ဂလားးဒေ့ရှ် အစိုးရက ၂၁ %နဲ့ ဟေရ်ဒမန်က ၃၇% စီ မျှဝေ ခံစားကြရတယ်လို့ ဆိုပါတယ်။
နယ်စား မောင်နု ဆက်ပြောတာက “အရင်တုန်းက ကျနော်တို့ ဗိုလ်မင်းထောင်ထဲမှာ လယ်လုပ်စားတဲ့လူက နည်းတယ်။ တောင်ယာ လုပ်တဲ့လူပဲ များတယ်။ မြေသြဇာ ကောင်းတော့ စပါးအထွက်နှုန်းလည်း ကောင်းတယ်။ အဲဒီတုန်းက ယာခွန် ကောက်တာ ကျတော့ အခုလို ငွေစက္ကူ မဟုတ်ဘူး။ ငွေသား ဒင်္ဂါးပြားတွေနဲ့ အခွန်ဆောင်ရတော့ တနှစ် တနှစ်ရတဲ့ အခွန်တွေကို လူ တယောက်က ၃ – ၄ ခေါက် ပြောင်းသယ် ရတယ်။ အခု အခွန်ကျတော့ စက္ကူငွေ ဆိုတော့ ယာခွန် ကောက်တယ် ဆိုတာက ဘာမှ မများလှဘူး”
ဗိုလ်မင်းထောင်ပိုင် (သို့မဟုတ်) ဗိုလ်မင်းကြီး အုပ်ချုပ်ထားတဲ့ နယ်နိမိတ် အကျယ်အဝန်းဟာ ဘန်တရိုဘန် ခရိုင်နဲ့ ရန်ဂါမာတီ ခရိုင်တွေမှာရှိပြီး ဒေသအခေါ် မူဇာလို့ခေါ်တဲ့ နယ်မြေပေါင်း ၁၀၉ မူဇာနဲ့ ကျေးရွာပေါင်း ၁၄၀၀ ကျော် ရှိပြီး မူဇာကို ဟေရ်ဒမာန် ခေါ် နယ်စားတွေက ပိုင်ဆိုင်ပြီး ကျေးရွာတိုင်းကို ကာရ်ဘာရီခေါ် ရွာစားတွေက ပိုင်ဆိုင်ပါတယ်။
ဗိုလ်မင်းထောင် နယ်မြေထဲမှာ ကျေးရွာ ပြောင်းရွေ့ခြင်းများ၊ အသစ် တည်ဆောက်ခြင်းများ ရှိပြီး အဲဒီလို ကျေးရွာ တွေကို အနည်းဆုံး ၂၅ အိမ်ထောင်စုထက် မနည်းတဲ့ ရွာတွေကိုဘဲ ရွာအဖြစ်သတ်မှတ်ကြောင်း ကာရ်ဘာရီ ဥပဒေ ထုံးစံရှိတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ စသည့် အုပ်ချုပ်မှု အဆင့်ဆင့်နဲ့ အုပ်ချုပ်ပေမဲ့ ဗိုလ်မင်းကြီး အုပ်ချုပ်တဲ့ ဗိုလ်မင်းထောင် နယ်မြေတွေထဲ မှာတော့ အစိုးရ အုပ်ချုပ်ရေး ယန္တယားတွေရှိသလို ဗိုလ်မင်းကြီးရဲ့ ဟေဒမန်တွေ ကာရ်ဘာရီတွေလည်း ပါဝင် အုပ်ချုပ်ကြရပါတယ်။
“ရွာတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ပြသနာတွေကို ကာရ်ဘာရီ၊ ဟေရ်ဒမန်တွေက မာရမာရိုး ရှေးထုံးတွေအရ တရားစီရင် ဆုံးဖြတ်ကြရတယ်။ အဲဒီလိုဆုံးဖြတ်တာကို မကြိုက်လို့၊ အစိုးရ အာဏာပိုင်တွေနဲ့ ဖြေရှင်းချင်တယ် ဆိုရင်လည်း အစိုးရနဲ့ သွားဖြေရှင်းလို့ ရတယ်။ ဒါပေမဲ့ အစိုးရ အာဏာပိုင်တွေကလည်း ကျနော်တို့ရဲ့ ခွင့်ပြုချက်ရမှပဲ သူတို့က ပြဿနာတွေကို ဖြေရှင်းပေး ပါတယ်” လ့ို ကာရ်ဘာရီ ဦးချစ်စိန်က ရှင်းပြပါတယ်။
ဟေရ်ဒမာန်တွေ၊ ကာရ်ဘာရီတွေရဲ့ အာဏာ ဆက်ခံပုံကတော့ ဆွေစဉ် မျိုးဆက်အလိုက် ဆက်ခံတာတွေ ရှိသလို အခြား တယောက်ယောက် ကိုလည်း အာဏာ လွဲပြောင်း ပေးအပ်နိုင်ကြောင်း ဦးချစ်စိန်က ရှင်းပြပါတယ်။
“ဟေရ်ဒမန်ဘဲဖြစ်ဖြစ်၊ ကာရ်ဘာရီဘဲဖြစ်ဖြစ် အဖေသေသွားလို့သားက စာမတတ်ဘူးဆိုရင် သူ့ ကို အဖေရဲ့ အာဏာ ကို လွှဲပြောင်းမပေးဘဲ အခြား တယောက်ယောက် (စာတတ်မြောက်သူ၊ ရပ်ရွာအကျိုးကို ရှေ့ရှု ဦးစားပေးသူကို) ရပ်ရွာ ပြည်သူတွေက ရွေးချယ်ပြီး ဗိုလ်မင်းကြီးဆီကို တင်ပြ အတည်ပြုပြီး အာဏာ ခန့်အပ်လေ့ရှိတယ်” လို့ ဦးချစ်စိန်က ပြောပါတယ်။
ဗိုလ်မင်းထောင် နယ်မြေ ထဲမှာ နေထိုင်ကြတဲ့ ပြည်သူတွေ (သို့မဟုတ်) ဗိုလ်မင်းထောင် နယ်မြေထဲကို လာရောက် နေထိုင်လိုကြသူတွေ အနေနဲ့ မြေရောင်း မြေဝယ်ကိစ္စတွေ၊ နိုင်ငံကူးပတ်စ်ပို့ ရရှိရေးတွေနဲ့ အစိုးရဝန်ထမ်း လျှောက်ထားရာ တွေမှာ ဗိုလ်မင်းကြီးနဲ့ ဟေရ်ဒမန်တွေရဲ့ ထောက်ခံချက်တွေ အသီးသီး ပါလေ့ရှိရတာဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ဗိုလ်မင်းထောင်ရဲ့ သီးခြား ဥပဒေတခုလို့ ဆိုရမှာဖြစ်ပါတယ်။
ဗိုလ်မင်းကြီးတွေရဲ့ ရာထူးအာဏာ ရွေးချယ် ခန့်အပ် ဆက်ခံပုံကတော့ “မင်းမျိုး မိသားစုမှာ ပထမတုန်းက ကြားဖူး တာက အဖအစား သားဖြစ်တယ်။ အင်္ဂလိပ် အုပ်ချုပ်နေစဉ် မင်းတမင်းမှာ သားမရလို့ သမီးမွေးတဲ့အခါ ကျနော်တို့ ဗိုလ်မင်းမျိုးရိုးမှာ ကျတော့ ဗိုလ်မင်းအဖြစ် မိန်းမကို တင်မြှောက်ခွင့် မရှိဘူး။ အဲ့ဒီအခါ ကျနော်တို့ မင်းမျိုးမင်းဆွေတွေ တိုင်ပင်ပြီး မိသားစုထဲမှာ အသက်ကြီးဆုံး ယောကျာ်ကို မင်းမြှောက်ရမယ်လို့ ဆုံးဖြတ်ပါတယ်။ အဲ့ဒီလူဟာ ကိုယ်လက်အင်္ဂါ ပြည်စုံဖို့နဲ့ ကျန်းမာရေး ကောင်းမွန်ဖို့ လိုတယ်။ ရာဇဝတ်မှု ကင်းတဲ့လူကိုမှ မင်းမြှောက်ရပါတယ်” လို့ ဦးစောလှဖြူက ရှင်းပြပါတယ်။
ဗိုလ်မင်းကြီးတွေ အာဏာလွှဲပြောင်းတဲ့ ပုံစံကတော့ အင်္ဂလိပ်အုပ်ချုပ်တဲ့ အချိန်ကစပြီး နန်းစဉ်ဓားကို ဗိုလ်မင်း အဆင့်ဆင့်ကို လွှဲပြောင်းပေးရပြီး အဲဒီအရင်က (အင်္ဂလိပ် အစိုးရ မအုပ်ချုပ်ခင်က) ဆိုရင် နန်းစဉ်ဓားရယ်လို့ သတ်မှတ်ထားလေ့မရှိဘဲ မိမိတို့ (ဗိုလ်မင်းတွေ) ကြိုက်နှစ်သက်ရာ ဓားကို ရွေးချယ် ကိုင်ဆောင်နိုင်တယ်လို့ သိရပါတယ်။
“အခု ဘင်္ဂလားးဒေ့ရှ် အစိုးရ လက်ထက်မှာတော့ ဘယ်သူကို ဗိုလ်မင်းအဖြစ် အာဏာလွှဲပြောင်းရမယ် ဆိုတာကို ကျနော်တို့ နန်းဆွေနန်းမျိုးတွေက အစိုးရကို တင်ပြရတယ်။ အဲဒီလို တင်ပြတာကို အစိုးရက အသိအမှတ်ပြု အမိန့်ချမှတ်တဲ့ အခါ ဗိုလ်မင်းအသစ်ကို အာဏာလွဲပြောင်းချိန်မှာ နိုင်ငံတော် သမ္မတရဲ့ ကိုယ်စား တိုင်းမှူးက လာပြီး အာဏာ လွှဲအပ်ပေးရတယ်။ အဲဒီလို အာဏာအပ်တဲ့ အခါမှာ နန်းစဉ်ဓါးကို လွဲပြောင်းလက်ခံ ပြီးတဲ့နောက်မှာ (နိုင်ငံတော် အစိုး ရ ကို တော်လှန် ပုန်ကန်မှု မပြုလုပ်ပါ) ဟု ကတိသစ္စာပြု ရွတ်ဆိုကြရတယ်” လို့ ဦးစောလှဖြူက ရှင်းပြပါတယ်။
ဦးစောလှဖြူက လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရတွေရဲ့ ဗိုလ်မင်း နန်းဆက်တွေအပေါ် ဝင်ရောက် စွက်ဖက်မှုတွေကို ဆက်လက် ရှင်းပြရာမှာတော့ “ဒီလို ဗိုလ်မင်းကြီး တပါး သေဆုံးသွားတဲ့ အခါ နောက်ထပ်တင်မယ့် ဗိုလ်မင်းအတွက် လက်ရှိ အစိုးရတွေ အနေနဲ့ မိမိတို့ ပါတီကို ထောက်ခံ အားပေးသူကို ဗိုလ်မင်း တင်မြှောက်ပေးဖို့ ဖိအားပေးမှုတွေ ရှိပါတယ်။ ဒါပေမယ့် လည်း နန်းမျိုး နန်းဆွေတွေက စည်းစည်းလုံးလုံးနဲ့ ရှေးထုံးဓလေ့ အတိုင်းပဲ တင်မြှောက်နိုင်ခဲ့တယ်” လို့ ဆိုပါတယ်။
တိုင်းရင်းသား လူမျိုးပေါင်း ၇၅ မျိုးလောက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ လူမျိုး ၁၁ မျိုးဟာ စစ်တကောင်းတိုင်း၊ စစ်တကောင်း တောင်တန်းဒေသ၊ ဘန်တရိုဘန်ခရိုင်ထဲက ဗိုလ်မင်းထောင်မှာ နေထိုင်ကြပြီး အဲဒီလူမျိုးတွေကတော့ မာရမာ၊ ချင်း၊ တြိပူရ (ခေါ်) မြုံ၊ မြို၊ ပန်ခွာ၊ ခမီး၊ ဘွန်၊ လူရှိုင်း၊ တောင်စင်ဂျာ(ခေါ်) ဒိုင်းနား၊ ဆပ်နဲ့ ဆပ်ကမာတွေ မှီတင်း နေထိုင်ကြပါတယ်။
သတ်မင်း အပိုင်စားရတဲ့ သတ်ထောင်ဟာ စစ်တကောင်းတိုင်း၊ စစ်တကောင်း တောင်တန်းဒေသ၊ ခါခရာဆိုရီ ခရိုင် ဖြစ်ပြီး အဲဒီ ခရိုင်ထဲမှာ အထက်ဖော်ပြပါ လူမျိုး ၁၁ မျိုးထဲက ဆပ်၊ မာရမာနဲ့ တြိပူရ (ခေါ်) မြုံလူတွေ နေထိုင်ကြပါတယ်။ ပလန်မင်းပိုင်တဲ့ ပလန်ထောင်ဟာ စစ်တကောင်းတိုင်း၊ စစ်တကောင်းတောင်တန်းဒေသ၊ ရန်ဂါမတီ ခရိုင်ထဲက တစိတ်တဒေသ ကို ပိုင်ဆိုင်ပြီး ပလန်ထောင်ထဲမှာတော့ ဆပ်၊ ခမီးနဲ့ မြို လူမျိုးနေထိုင်တာကို တွေ့ရပါတယ်။ ဗိုလ်မင်းထောင်မှာ အဲဒီလူမျိုး ၁၁ မျိုးလုံး နေထိုင်တာကို တွေ့ရပါတယ်။
တြိပူရ၊ ဘွန် (လင်းဂေး)၊ လူရှိုင်းတွေဟာ များသေားအာဖြင့် ခရစ်ယန်ကိုးကွယ်ကြပြီး ကျန်လူမျိုး ၈ မျိုးကတော့ အများစုဟာ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်ကြပါတယ်။
ဗိုလ်မင်းထောင်ကို ဘန်တရိုဘန် တောင်တန်း ခရိုင်လို့ နာမည်တပ်ထားသလို မှီတင်း နေထိုင်ကြသူတွေ ရဲ့ ၉၀% ဟာ တောင်ပေါ်ဒေသတွေမှာ ကျေးရွာတွေ တည်ဆောက် နေထိုင်ကြပြီး တောင်ယာ၊ လယ်၊ ဥယျဉ်ခြံစိုက်ပျိုးရေး၊ ရာသီပေါ်သီးနှံ စိုက်ပျိုး လုပ်ကိုင်စားသောက် ကြပါတယ်။
ဗိုလ်မင်းထောင်ထဲကနေ ကျွန်းသစ်၊ ကညင်၊ ဝါးမျိုးစုံ၊ ငှက်ပျော၊ သရက်နဲ့ ရာသီစာ အသီးအနှံ တွေလည်း ထွက်ရှိပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ တဝှမ်း ဒေသများသို့ တင်ပို့ ရောင်းချကြ ပါတယ်။
သို့သော်လည်း မိမိတို့ ဒေသထွက် ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် တင်ပို့ရောင်းချခြင်း မပြုနိုင်ဘဲ ဘန်တရိုဘန် ခရိုင်ထဲရှိ နယ်တွေကနေ ဘန်တရိုဘန်မြို့အထိလောက်သာ တင်ပို့နိုင်ကြပြီး ဘန်တရိုဘန်မြို့ကနေ တဆင့် တခြား မြို့တွေကို တင်ပို့ရာ မှာတော့ ဘင်္ဂါလီကုန်သည်တွေရဲ့ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားပုံကို ဥယျာဉ်ပိုင်ရှင် ဦးထွန်းစိန် က ပြောပါတယ်။
“ကျနော့်ခြံက ထွက်တဲ့ ငှက်ပျောခိုင်တွေကို ဘန်တရိုဘန်ကနေ စစ်တကောင်းမြို့အထိ တင်ပို့နိုင်တယ်။ ဒါပေမဲ့ စစ်တကောင်းကို ရောက်တဲ့ အခါကျတော့ ကုန်သည်တွေက ဘင်္ဂါလီတွေချည်းပဲ ဆိုတော့ သူတို့ ဘင်္ဂါလီကုန်သည် အချင်းချင်း ညှိပြီး ကျနော့် ငှက်ပျောခိုင်တွေကို မဝယ်ဘဲ ထားတယ်လေ။ ဒီလို လုပ်တာက ကျနော်တို့ ဒေသထွက် ပစ္စည်းတွေကို ဘန်တရိုဘန်မြို့မှာပဲ ဘင်္ဂါလီကုန်သည်တွေ လက်ကို မဖြစ်မနေ ရောင်းရအောင် ဖန်တီးတာ ဖြစ်တယ်” လို့ ဦးထွန်းစိန်က သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။
ဗိုလ်မင်းထောင်ထဲက မာရမာမျိုးတို့ဟာ သူတို့ကိုယ်သူတို့ မာရမာလို့ ခံယူခေါ်ဆိုနေကြပေမဲ့ အုပ်ချုပ်သူ အစိုးရ အဆက်ဆက် “မောခ်” လူမျိုးလို့ ခေါ်ဆို ရေးသားလားခဲ့တာကို မာရမာမျိုးတွေက လက်ခံမဘဲ တောင်းဆိုတဲ့ အတွက် ကြောင့် ၁၄ ဆက်မြောက် ဗိုလ်မင်းကြီး ဦးမောင်ရွှေဖြူက ပါလီမန်အမတ်ဖြစ် တာဝန် ထမ်းဆောင်ချိန်မှာ ပါကစ္စတန် အစိုးရကို မောခ်လူမျိုးဟု သုံးနှုန်းရေးသားမှုအစား မာရမာလူမျိုးအဖြစ် သုံးနှုန်း ရေးသားခေါ်ဆိုရန် ၁၉၆၀ ခုနှစ်ထဲမှာ တောင်းဆိုခဲ့သည့်အတွက် မောခ်လူမျိုးကနေ မာရမာ လူမျိုးလို့ စတင် ခေါ်ဝေါ် ရေးသားလားခဲ့ကြတာ ဖြစ်ကြောင်း ဦးရွှေဖိုးစိန်က ပြောပါတယ်။
“၁၉၆၀ ခုနှစ် ဟိုဘက်ပိုင်းက ဆိုရင် အစိုးရ စာရွက်စာတမ်းတွေမှာ မောခ် လူမျိုးဟု ရေးသား အသုံးခဲ့ပြီး ၁၉၆၀ နောက်ပိုင်းတွေမှာ မောခ် နာမည်အစား မာရမာလူမျိုး အနေနဲ့ ပြောင်းလဲ မှတ်တမ်းတင် ရေးသားခဲ့ပါတယ်။ မောခ်ဆိုတာဟာ ဘင်္ဂလားဘာသာ စကားအရ ပင်လယ်ဓါးပြ (သို့မဟုတ်) ကြမ်းတမ်းတဲ့ လူတွေကို ခေါ်ဆိုတဲ့ ဝေါဟာရ ဖြစ်တဲ့ အတွက်ကြောင့် မောခ်လူမျိုး ဆိုတဲ့ နာမည် လက်မခံတာဖြစ်တယ်” လို့ ဦးရွှေဖိုးစိန်က ရှင်းပြပါ တယ်။
ဘန်တရိုဘန် ခရိုင်ထဲမှာ နေထိုင်ကြတဲ့ လူမျိုးစုတွေဟာ အရင့်အရင် အချိန်က ဝတ်စားဆင်ယင်ဖို့ အတွက် ကိုယ်တိုင် ယက်လုပ် ဝတ်ဆင်လေ့ရှိကြပြီး အခုအခါ အလွယ်တကူ ဝယ်ယူဝတ်ဆင်လို့ ရတဲ့ ဝတ်စားဆင်ယင်မှု တွေကိုသာ ပိုမို ဝတ်စား ဆင်ယင်လား ကြတဲ့ အတွက် ရိုးရာဓလေ့တွေ တဖြည်းဖြည်း ပျောက်ကွယ်ကုန်ပြီလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ယဉ်ကျေးမှုဌာနက အရာရှိကြီးတဦးက ပြောပါတယ်။
မျိုးရိုးအဆက်ဆက် ရိုးရာလုပ်ငန်း ပျောက်ကွယ်လားရပုံနဲ့ ပတ်သက်ပြီး သူက ဆက်လက် ရှင်းပြရာမှာတော့ “ကျနော့် အမေက ချည်မျှင်ကနေ အဝတ်တခုဖြစ်တဲ့ အထိ ယက်လုပ်တတ်တယ်။ ကျနော့် မိန်းမ ကျတော့ ယက်ဖို့လောက်ပဲ တတ်တော့တယ်။ ချည်မျှင်ကို ယက္ကန်းစင်ပေါ် ရောက်အောင် ဘယ်လိုတင် ရမယ်ဆိုတာ မလုပ်တတ်တော့ဘူး။ ကျနော့် သမီးဆို ဘာမှကို မတတ်တော့ဘူး” လို့ ရှင်းပြပါတယ်။
ဗိုလ်မင်းထောင်မှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုး အများစုရဲ့ ဝတ်စားဆင်ယင်မှု ပြောင်းလဲလာတာနဲ့ အမျှ မြန်မာနိုင်ငံ ဘက်က ဝင်လာတဲ့ အဝတ်အထည်တွေကိုသာ အားကိုး နေကြရပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်သာ ပိတ်သွားမယ်ဆိုရင် ဘင်္ဂလီ ဝတ်စားဆင်ယင်မှုကိုပဲ ဝတ်ကြရတော့မှာ ဖြစ်ကြောင်း ယဉ်ကျေးမှုဌာန အရာရှိကြီးက ဆက်ပြောပါတယ်။
မာရမာ လူမျိုးတွေဟာ ရခိုင်လူမျိုးတွေနဲ့ သမိုင်းအစဉ် အလားအရ ဆက်နွယ်လာသည့် အလျှောက် စာပေအရေးအသား ဟာလည်း ရခိုင်၊ မြန်မာ အက္ခရာတွေကိုပဲ သူတို့ စကားပြေနဲ့ ရေးသားကြတာကို တွေ့ရပေမယ့် အခုလက်ရှိ မှာတော့ မိမိတို့ စာပေထက် ဘင်္ဂါလီ စာကိုသာ ဦးစားပေး နေရတယ်လို့ ဦးရွှေဖိုးစိန်က ပြောပါတယ်။
“အခုက ဘင်္ဂလားစာတတ်မှ အလုပ်ရတယ်၊ လူရာဝင်တယ်ဆိုတဲ့ အခြေအနေဆိုတော့ မိမိဘာသာစကားနဲ့ စာပေကို သင်ဖို့ အချိန် မရတော့ဘဲ ဘင်္ဂလားစာကိုပဲ ဦးစားပေး သင်ယူကြရတယ်။ လူကြီးပိုင်းတွေလောက်ပဲ မိမိဘာသာစကားကို ရေးတတ်၊ ဖတ်တတ်ပြီး လူငယ်ပိုင်းတွေဆို မတတ်သလောက် ဖြစ်နေပြီ” လို့ ဦးရွှေဖိုးစိန်က ရှင်းပြပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းတိုင်း၊ စစ်တကောင်း တောင်တန်းဒေသထဲမှာ သတ်ထောင်၊ ပလန်ထောင်၊ ဗိုလ်မင်းထောင် ရယ်လို့ နယ်မြေ ၃ ရှိပြီး အဲဒီနယ်မြေတွေကို လွန်ခဲ့ အနှစ် ၄၀၀ လောက်က ရခိုင်နိုင်ငံတော်ရဲ့ တစိတ်တဒေသ အဖြစ် ရှိခဲ့ကြတာပါ။
ဒီဗိုလ်မင်းထောင်နယ်ထဲကို NGO တွေနဲ့ အစိုးရ ဌာနဆိုင်ရာတွေ ဝင်လာပြီးတဲ့နောက်မှာ ဗိုလ်မင်းကြီးရဲ့ အလုပ်တွေဟာလည်း နည်းပါးလားပြီး ဘဏ္ဍာငွေ ရရှိမှု အခြေအနေက အရင်ကထက် ဝင်ငွေနည်းပါး လာတာ တွေ့ရပါတယ်။
“အရင်ကဆိုရင် ဓားကိုင်တို့၊ ရဲသား၊ ပြာတာ၊ စာရေးတို့ကို အများကြီး ထားရတယ်။ အခု အဲဒီလောက် မရှိတော့ဘူး။ မရှိတဲ့ အကြောင်းက အခွန်တော် ရတာလည်း နည်းတယ်။ အခွန်ငွေရတာ နည်းတော့ သူတို့တွေကို လစာလည်း မပေးနိုင်ဘူး။ အရင်တုန်းက လယ်မြေတွေ အများကြီး ရှိတယ်။ အခုတော့ လယ်မြေတွေလည်း သိပ် မရှိတော့ဘူး။ နောက်ပြီး အစိုးရက အဖွဲ့အစည်းတွေ များလားတဲ့ အခါကျတော့ ဗိုလ်မင်းလုပ်မယ့် အလုပ်တွေ မရှိတော့ဘဲ ဘဏ္ဍငွေ နည်း၊ အခြွေအရံတွေလည်း နည်းသွားတယ် လို့ ပြောရမှာပါ” လို့ ဦးစောလှဖြူက ပြောပါတယ်။
ဘန်တရိုဘန်ခရိုင်ထဲက လယ်ယာမြေအများစုကို ၁၉၈၀ ခုနှစ်အရင်ကဆို ဒေသခံ တိုင်းရင်းသားတွေကသာ ပိုင်ဆိုင်ခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့လူဦးရေ တိုးပွားမှုနှုန်း များပြားလားပြီး ဘင်္ဂါလီ လူမျိုးတွေရဲ့ နယ်မြေချဲ့ထွင်မှုတွေကြောင့် ဘန်တရိုဘန် ခရိုင်ထဲက လယ်ယာမြေ တော်တော်များများ ဆုံးရှုံးလာနေတယ်လို့ တောင်ယာလုပ်စားနေသူ တဦးဖြစ်တဲ့ ဦးကျော်လှအောင်က ပြောပါတယ်။
ဦးကျော်လှအောင် ဆက်ပြောတာကတော့ “အရင်တုန်းကဆိုရင် တောင်ယာခုတ်ဖို့အတွက် မြေလွတ်မြေရိုင်းတွေက မရှားဘူး။ အခု ကျတော့ ဒီ ဘင်္ဂါလီ အရင်းရှင်တွေက ရာဘာစိုက်ခင်းတွေ စိုက်ပျိုးလားတဲ့ အခါကျတော့ တောင်ယာ လုပ်မယ့် မြေလွတ် မြေရိုင်းတွေ ရှားလားတယ်လေ”
ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ သေးငယ်ပြီး လူဦးရေ သန်း ၁၆၀ ကျော်ရှိကာ လူဦးရေ တိုးပွားမှုနှုန်းကလည်း မြန်ဆန်နေသည့် အတွက် နေစရာနေရာ ရှားပါးလားရာက ၁၇၂၉ စတုရန်းမိုင် အကျယ်အဝန်းရှိတဲ့ ဘန်တရိုဘန် ခရိုင်ထဲကို ဘင်္ဂါလီလူမျိုး များဟာ ၁၉၈၀ ခုနှစ်နောက်ပိုင်းလောက် ကတည်းက ပိုမိုအခြေချ လာတာကိုတွေ့ရပြီး အခုဆိုရင် လူဦးရေ လေးသိန်းလေးသောင်း ကျော်ထဲမှာ ဘင်္ဂါလီဦးရေက ၆၀% လောက်ရှိနေပါပြီ။
ရေကြိုင်ချောင်း၊ မရီးချောင်း၊ ကပ်တိုင်ချောင်းတွေဟာ ဗိုလ်မင်းထောင်ထဲမှာ ဖြစ်ဖျားခံ စီးဆင်းနေပြီး ကပ်ပတိုင် ချောင်းကို ရေအားလျှပ်စစ် စီမံကိန်းအတွက် ၁၉၅၇ ခုနှစ်မှာ တာတမံဆည်ပြီး ၁၉၆၂ ခုနှစ်က စပြီး ဘင်္ဂလားဒေ့ရှ် တနိုင်ငံလုံးကို လျှပ်စစ် လိုအပ်မှုရဲ့ ၂၃၀ ကီလိုဝပ်ကို ဖြန့်ဝေပေးနေ ပါတယ်။
ဗိုလ်မင်း မျိုးဆက်တွေကတော့ –
(၁) ဗိုလ်မင်းကြီး ဦးမောင်စောဗျာန် (၁၆၅၅ – ၁၆၃၀)၊
(၂) ဗိုလ်မင်းကြီး ဦးမင်းရဲဖြူ (၁၆၃၀ – ၁၆၆၅)
(၃) ဗိုလ်မင်းကြီး ဦးဟရီဖြူ (၁၆၆၅ – ၁၆၈၇)၊
(၄) ဗိုလ်မင်းကြီး ဦးဟရီညို (၁၆၈၇ – ၁၇၂၇)
(၅) ဗိုလ်မင်းကြီး ဦးကောင်းလှဖြူ (၁၇၂၇ – ၁၈၁၁)
(၆) ဗိုလ်မင်းကြီး ဦးသက်တင်ဖြူ (၁၈၁၁ – ၁၈၄၀)
(၇) ဗိုလ်မင်းကြီး ဦးကောင်းလှညို (၁၈၄၀ – ၁၈၆၆)၊
(၈) ဗိုလ်မင်းကြီး ဦးမောင်ဖြူ (၁၈၆၆ – ၁၈၇၅)၊
(၉) ဗိုလ်မင်းကြီး ဒေါ်စံနှင်းညို (၁၈၇၅ – ၁၉၀၁)၊
(၁၀) ဗိုလ်မင်းကြီး ဦးစောလှဖြူ (၁၉၀၁ – ၁၉၁၆)၊
(၁၁) ဗိုလ်မင်းကြီး ဦးမောင်ခင်ညို (၁၉၁၆ – ၁၉၂၃)၊
(၁၂) ဗိုလ်မင်းကြီး ဦးကျော်ဇံဖြူ (၁၉၂၃ – ၁၉၃၃)၊
(၁၃) ဗိုလ်မင်းကြီး ဦးကျော်ဇောသန် (၁၉၃၃ – ၁၉၅၉)၊
(၁၄) ဗိုလ်မင်းကြီး ဦးမောင်ရွေဖြူ (၁၉၅၉ – ၁၉၉၆)၊
(၁၅) ဗိုလ်မင်းကြီး ဦးအောင်ရွေဖြူ (၁၉၉၆ – ၂၀၁၂)၊
(၁၆) ဗိုလ်မင်းကြီး ဦးကျော်သံဖြူ (၂၀၁၂ – ယနေ့အချိန်အထိ) တို့ ဖြစ်ကြပါတယ်။
ဗိုလ်မင်းထောင်နဲ့ ပလန်ထောင်မှာ နေတဲ့ လူတွေက မာရမာလူမျိုးလို့ ခံယူကြပြီး မြေပြန့်တွေဖြစ်တဲ့ ကောက်စ်ဘဇား (ဖလောင်ချိတ်) ခရိုင်ဘက်မှာ နေတဲ့ လူတွေက ရခိုင်လူမျိုး လို့ ခံယူကြတယ်။ သို့သော်လည်း သူတို့ဟာ ရခိုင်တွေဘဲ ဖြစ်တယ်လို့ ရခိုင်သမိုင်း ပညာရှင် ဒေါက်တာအေးချမ်းက ပြောပါတယ်။
“အဲဒီ မာရမာလူမျိုးတွေက အရင်ဟိုး ရခိုင်ပြည် မြောက်ဦးမင်းဆက် မတိုင်ခင် လောက်ကတည်းက အဲဒီမှာ အခြေချပြီး နေကြတယ်။ တချို့ကလည်း မြန်မာတွေ ရခိုင်ပြည်ကို သိမ်းတဲ့ အခါမှာ ထွက်ပြေးကြပြီးတော့ မာရမာတွေနဲ့ ပေါင်းပြီး နေတယ်။ အဲဒီတော့ စစ်တကောင်း တောင်တန်းဒေသမှာ ဗိုလ်မင်းထောင်၊ ဆပ်ကမာတွေနေတဲ့ သတ်တောင်၊ ပလန်လူမျိုးတွေ နေတဲ့ ပလန်ထောင်၊ အဲဒီလိုဖွဲ့ပြီး ထားခဲ့တယ်” လို့ ဒေါက်တာ အေးချမ်းက ဆိုပါ တယ်။
ဒေါက်တာ အေးချမ်း ဆက်လက် ရှင်းပြတာက “ဒီဗိုလ်မင်းထောင် ဗိုလ်မင်းမျိုးဆက်ဟာ ဘုရင့်နောင်ရဲ့ မြေးလောက် သွားဖြစ်တယ်။ ဘုရင့်နောင်ရဲ့မြေး နန္ဒာဘုရင့်ရဲ့သားကို ရခိုင်ဘုရင်က အဲဒီနေရာမှာ အပိုင်စား ပေးထားခဲ့တာ။ သူတို့ ကို သူတို့ မွန်လူမျိုးတွေလို့ ပြောဆိုတာတွေ ရှိတယ်။ အစတုန်းကတော့ မွန်တွေပေါ့နော်၊ နောက်တော့လည်း ရခိုင် လူမျိုးတွေ နဲ့ အိမ်ထောင် ကျပြီး ရောသွားကြတာပေါ့”
၂၀၁၁ ခုနှစ်ထဲမှာ ကွန်လွန်သွားခဲ့ပြီဖြစ်တဲ့ ၁၅ ဆက်မြောက် ဗိုလ်မင်းကြီး ဦးအောင်ရွှေဖြူက “ငါတို့ဟာ မာရမာလူမျိုး မဟုတ်ဘူး။ ငါတို့ဟာ ပဲခူး၊ ဟံသာဝတီက လာတဲ့ မွန် လူမျိုးတွေဖြစ်တယ်လို့” ဘင်္ဂလားဒေ့ရှ် နိုင်ငံ တီဗီသတင်းဌာနနဲ့ အင်တာဗျူး တခုမှာ ပြောသွားတာ ကြည့်လိုက်ရဖူးပါတယ်။
မြန်မာ အစိုးရအနေနဲ့ ဗိုလ်မင်းထောင်မှာရှိတဲ့ ဗုဒ္ဓ သာသနိက အဆောက်အဦးတွေ ဆောက်လုပ်လှူဒါန်းတာ တွေလည်း ရှိခဲ့ပြီး ၂၀၀၀ ပြည့်နှစ်က ဗိုလ်ချုပ်ကြီး ခင်ညွန့် (ဝန်ကြီးချုပ်ဟောင်း) ဘန်တရိုဘန်မြို့ကို ရောက်ရှိလာပြီး ဘာလားဂါရာ အရပ်မှာ ဗုဒ္ဓ ဓာတုစေတီကို လှူဒါန်းခဲ့ပါတယ်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ၂၆ ရက်နေ့မှာလည်း မြန်မာသံမတ်ကြီး ဦးမျိုးမြင့်သန်းဟာ ဘန်တရိုမြို့မှာ ဗိုလ်မင်းကြီး ဦးကျော်သံဖြူ ဦးစီးကျင်းပတဲ့ စုပေါင်းဘုံကထိန်ပွဲတော်ကို မာရမာ လူမျိုးတွေနဲ့ အတူ အလှူဒါနတွေ ပြုခဲ့ပါတယ်။
ဗိုလ်မင်းထောင်နယ်ထဲက ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားဆင်းတုတော်၊ သင်္ကန်း၊ ထီး၊ သပိတ်စတဲ့ ဘာသာရေး အသုံးအဆောင် ပစ္စည်းတွေကို မြန်မာနိုင်ငံဘက်က လာတဲ့ ပစ္စည်းတွေကိုသာ အများအားဖြင့် အသုံးပြု နေကြတာ လည်း ဖြစ်ပါတယ်။
၁၅ ဆက်မြောက် ဗိုလ်မင်းကြီး ဦးအောင်ရွှေဖြူဟာ ၂၀၁၂ ခုနှစ် သြဂတ်လ ၈ ရက်နေ့မှာ ကွယ်လွန်သွားပြီး နောက် ၁၆ ဆက်မြောက် ဗိုလ်မင်းထောင်ပိုင် ဗိုလ်မင်းကြီး အဖြစ် ၁၃ ဆက်မြောက် ဗိုလ်မင်း ဦးကျော်ဇောသန်ရဲ့ သားထွေး ဖြစ်သူ အသက် ၈၀ နီးပါးရှိပြီးဖြစ်တဲ့ ဦးကျော်သံဖြူက ဆက်ခံခဲ့တာကြောင့် ဗိုလ်မင်းထောင်ရဲ့ ဗိုလ်မင်းဆက်ဟာ ၁၆ ဆက်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။