ဆောင်းပါး

ဘယ်လို စာနယ်ဇင်း ဥပဒေမျိုးလဲ

This article has been converted from Zawgyi One to Unicode

၂၀၁၂ တွင် စတင် ပေါ်ပေါက်လာသော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် သမ္မတက တိုက်ရိုက် ပေးအပ် ထားသော တာဝန်တရပ်ကို ပီပီပြင်ပြင်လုပ်ကိုင်နေပြီဟု မြင်ရ၏။ ၎င်းတာဝန်ကား Media law (ခေါ်) Press law ခေါ် ဥပဒေကြမ်းကို ရေးဆွဲခြင်းဖြစ်၏။

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဖြစ်ပေါ်လာပုံသည် စိတ်ဝင်စားဖွယ် ဖြစ်သည်။ မြန်မာနိုင်ငံ စာနယ်ဇင်း လောကအား ချုပ်ချယ်၊ စီးနင်း၊ လွှမ်းမိုးထားသော စာပေစိစစ်ရေးကို ဖျက်သိမ်းကာ၊ စာနယ်ဇင်း ကောင်စီ ဟူ၍ ထားရှိမည် ဆိုပြီး အမည်စာရင်းများ ထုတ်ပြန်သောအခါ လက်ရှိ စာနယ်ဇင်းသမားများ၊ စာနယ်ဇင်းအဖွဲ့အစည်းများက တခဲနက် ကန့်ကွက်ခဲ့ကြ၏။ မိမိတို့ကိုယ်တိုင် မသိရှိလိုက်ရဘဲ ကောင်စီထဲ ပါနေခဲ့သူတချို့နှင့် ပြည်သူ မနှစ်မြို့သည်ကို လက်မခံ လိုသော ပုဂ္ဂိုလ်များက ကောင်စီမှ နုတ်ထွက်ခဲ့ကြသည်။ ဤသည်ကား ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာ ကျင့်သုံးမှုပင်ဖြစ်၏။

ထို့နောက် မကြာမီမှာပင် ကောင်စီကို ဖျက်သိမ်းကြောင်းနှင့် အသစ်ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။ အသစ်စာရင်းတွင် ပြည်သူများ ကျေနပ်နိုင်လောက်သော ပုဂ္ဂိုလ်များ ပြောင်းလဲပါဝင်လာသည်ကို တွေ့ရသည်။ ပညာရှင်များဖြစ်သော ပညာရပ်ဆိုင်ရာ အငြိမ်းစား ပါမောက္ခများ၊ အငြိမ်းစား တရားသူကြီးများကို လူထုအနေဖြင့် ကန့်ကွက်ရန်မရှိသကဲ့သို့၊ လူလတ်ပိုင်းများ ဖြစ်သော လက်ရှိမဂ္ဂဇင်း၊ ဂျာနယ် အယ်ဒီတာများကို ထည့်သွင်းထားခြင်းကိုလည်း ကျေနပ်စွာကြိုဆိုရန်ရှိ၏။

တနည်းပြောရလျှင် အုပ်ချုပ်ရေးအာဏာ (လက်ရှိအာဏာ) ရသူများ လုံးဝမပါဝင်ဘဲ၊ ဒီမိုကရေစီ အင်အားစုဟု ခေါ်ဆိုနိုင်သူများ ပါဝင်နေသဖြင့် ကျေနပ်ခဲ့ကြရ၏။ ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် လက်တွေ့အရ စာနယ်ဇင်း အငြင်းပွားမှုများကို နှစ်ဦးနှစ်ဘက် ပြေလည်အောင် (တရားရုံးအထိမရောက်အောင်) ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။ ထိုထက်ကြီးမားသော တာဝန်မှာ Media Law မူကြမ်း ရေးဆွဲရေးတည်း။

အထက်ပါ ကိစ္စအတွက် လွှတ်တော်မှ ရေးရာကော်မတီဝင်များနှင့် စာနယ်ဇင်းကောင်စီ တွေ့ဆုံပွဲတွင် လောလောဆယ် မှတ်ပုံတင်ထားဆဲ စာရေးဆရာသမဂ္ဂ၊ ကဗျာဆရာသမဂ္ဂနှင့် ရှေ့နေများကွန်ယက် စသည်တို့ကို ဖိတ်ကြားခဲ့သည်။ ကိုယ်တိုင် ပါဝင်နေသူများဖြစ်၍ ဥပဒေရေးဆွဲရာ၌ အကြံပြုကြပါရန် ဖိတ်ခေါ်ခဲ့သည်။

ဇန်နဝါရီ ၂၇ ရက်နေ့တွင်ကား ကျယ်ကျယ်ပြန့်ပြန့် တင်ပြနိုင်ရန် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံဘဏ်များ အသင်း အဆောက်အအုံ၌ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။ ဤနေ့မတိုင်မီ ၂၅ ရက်နေ့၌လည်း စာရေးဆရာ၊ ပုံနှိပ်၊ ထုတ်ဝေ၊ အသင်းများမှ ကိုယ်စားလှယ်တချို့ကို ဖိတ်ခေါ်ကာ၊ ပဏာမအားဖြင့် အကြံပြုချက်ရယူခဲ့၏။ ၎င်းတို့ရေးထားသော မူကြမ်းကို ဝေငှ၏။ ပြင်ဆင်ဖြည့်စွက်ရန် ဖိတ်ခေါ်၏။ ထိုနေ့က လူနည်းစုဖြစ်၍ အချိန်မကြာခဲ့ပေ။

ယနေ့ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ (Workshop) မှာကား သတင်းဂျာနယ် အများအပြားပါဝင်လာရာ၊ ပါဝင်ဝေဖန် ထောက်ပြသူ အများအပြား ရှိလာသည်။ ဆွေးနွေးပွဲတွင် စာနယ်ဇင်းကျင့်ဝတ်များ ကိစ္စကို နံနက်ပိုင်း၌ ၎င်း၊ စာနယ်ဇင်း ဥပဒေကိစ္စကို မွန်းလွဲပိုင်း၌၎င်း ခွဲခြားပြုလုပ်သည်။ ယနေ့ ရရှိသော အချက်အလက်များကို ရယူဖြည့်စွက်ရန်၊ နောက်ထပ် ၁၅ ရက် အချိန်ပေးပြီး စာဖြင့်ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ ပေးပို့နိုင်ကြောင်းလည်း ဖိတ်ခေါ်သည်။

ဤ ပထမမူကြမ်းကို အသေးစိတ်ရေးဆွဲပြီးလျှင် လွှတ်တော်သို့ တင်ပြရမည်ဖြစ်၏။ လွှတ်တော်က အတည်ပြု ပြီးသောအခါ အစီအစဉ်အတိုင်း သမ္မတထံ တင်ပြကာ၊ အတည်ပြုချက် ရယူရမည်ဖြစ်၏။ ဤနည်းဖြင့် နှစ်ပေါင်း ၅၀ အတွင်း မပေါ်ပေါက် ခဲ့ဖူးသော Media Law ပေါ်ထွက်လာမည် ဖြစ်ပေသည်။

လောလောဆယ် အားဖြင့်ကား အင်္ဂလိပ်ဝေါဟာရဖြင့် Media Law ခေါ် Press Law လည်းခေါ်သော ဥပဒေ၏ အမည်ကိုပင် တိတိကျကျ သတ်မှတ်၍ မပြီးသေးပေ။  သတင်းမီဒီယာ ဥပဒေဟု အမည်တပ်ထားကာ တချို့က စာနယ်ဇင်း ဥပဒေ ဟုဆိုသည်။ အထူးသဖြင့် Media ဟူသော ဝေါဟာရအတွက်၊ မြန်မာဝေါဟာရ ရှာမရ ဖြစ်နေပုံရ၏။ ထို့ကြောင့်လည်း မီဒီယာ ဟူ၍သာ အသံဖလှယ်ပြီး မွေးစား စကားလုံး လုပ်နေကြရ၏။

ကောင်စီ၏ ရှင်းလင်းချက်အရ ဤဥပဒေများကို ရေးဆွဲရာ၌ အိမ်နီးချင်းနိုင်ငံများ (အနောက်နိုင်ငံမပါ၊ ဥရောပ မပါ) ၏ ဥပဒေကို လေ့လာခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ဤကောင်စီ၌ ရှေ့မီနောက်မီ သတင်းစာ ဆရာကြီးများ ပါဝင်သဖြင့် ရှေးက ကျင့်သုံးခဲ့သော ၁၉၆၂ မတိုင်မီက စာနယ်ဇင်း ကျင့်ဝတ်များကိုလည်း ယူငင်သည်ဟုဆိုသည်။ ယနေ့ လူငယ်လူလတ် သတင်းသမား အများအပြားက၊ ဤကျင့်ဝတ်များနှင့် ပက်သက်ပြီး စိတ်ဝင်တစား ဆွေးနွေးခဲ့ကြသည်။

ဒီမိုကရေစီ ကျင့်ထုံးမှာ အများသဘောကို ရယူနိုင်ရန်အတွက် အောက်ခြေအထိ စိမ့်ဝင်ပြီး သဘောဆန္ဒရယူရမည် ဖြစ်၏၊ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမည်ဖြစ်၏။ ထိုသို့ အောက်ခြေလူအများစု၏ ဆန္ဒသဘောထားများကို စုစည်းပြီးှမှ အထက် အဖွဲ့အစည်းသို့ ဆင့်ကဲဆင့်ကဲ တင်ပြပြီး စိတ်ဝင်တစား ဆွေးနွေးခဲ့ကြသည်။

ဒီမိုကရေစီ ကျင့်ထုံးမှာ အများသဘောကို ရယူနိုင်ရန်အတွက် အောက်ခြေအထိ စိမ့်ဝင်ပြီး သဘောဆန္ဒရယူရမည်ဖြစ်၏။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမည်ဖြစ်၏။ ထိုသို့ အောက်ခြေလူအများစု၏ ဆန္ဒသဘောထား များကို စုစည်းပြီးမှ အထက် အဖွဲ့အစည်းသို့ ဆင့်ကဲဆင့်ကဲ တင်ပြပြီး ဆုံးဖြတ်ချက် ရယူရန်ဖြစ်သည်။

ယနေ့မြန်မာနိုင်ငံ၏ အနေအထားကို ဒီမိုကရေစီ မရသေးဘူးဟူ၍ လည်းကောင်း၊ ဒီမိုကရေစီသို့ သွားနေသည်ဟု လည်းကောင်း ဒီမိုကရေစီ လမ်းကြောင်းပေါ် မရောက်သေးဟု လည်းကောင်း၊ လမ်းကြောင်းပေါ် ရောက်ဖို့ စတင်နေရုံသာဟု လည်းကောင်း၊ အမျိုးမျိုး ဖွင့်ဆိုနေကြသည်။ နေရာအလိုက်၊ ကိစ္စအလိုက်၊ မှန်ပါလိမ့်မည်။

ယနေ့ စာနယ်ဇင်း လောကအတွက်ကား ဒီမိုကရေစီရေးအတွက် အရေးကြီးသော စာမျက်နှာကို အမှန်တကယ် ဖွင့်နိုင်ခဲ့ပြီဟု ဆိုနိုင်ပါသည်။ ထူထဲလေးလံသော တံတိုင်းကြီးဖြစ်သည့် “စာပေဆင်ဆာ” ကြီးကို ဖယ်ရှားပစ်ခဲ့သည်မှာ ထင်ရှားသော သက်သေဖြစ်၏။ သို့သော် မယုံရဲ၊ မယုံချင်၊ မယုံလွယ်သူများက ဆင်ဆာအစား တခြားအမည်နှင့် တမျိုးလာလိမ့်မည်ဟု စိုးရိမ်နေကြသည်မှာလည်း သဘာဝကျလှသည်။

စာပေစိစစ်ရေး မရှိတော့သည့် အနေအထားတွင် “ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ရုံး” ကိုထားရှိမည်ဖြစ်၏။ အနည်းငယ် ထူးဆန်းသည်မှာ စာပေစိစစ်ရေးရုံးကို “ပြည်ထဲရေးဝန်ကြီးဌာန” အောက်တွင် ထားခဲ့ရာမှ၊ ယခု မူပိုင်ခွင့်နှင့်မှတ်ပုံတင်ရုံး ကိုကား “ပြန်ကြားရေးဝန်ကြီးဌာန” အောက်သို့ ပြောင်းရွှေ့ခြင်းဖြစ်သည်။ ဘာအကြံအစည်များပါလိမ့် … မေးစေ့ ပွတ်ပြီး စဉ်းစားသူများ ရှိနေခြင်းမှာ မဆန်းပေ။

မည်သို့ပင်ဖြစ်စေ၊ မိမိတို့ စာနယ်ဇင်းသမားများ မဖြစ်မနေပြုလုပ်ကြရမည်က “လွတ်လပ်ရေး” ရပြီဆိုပြီး လမ်းမပေါ် ဆေးရိုးမလှန်းဖို့ဖြစ်၏။ သို့ဖြစ်လျှင် မိမိတို့ဆေးရိုးကို ဘယ်မှာလှန်းမည်နည်း။ လမ်းဘေးမှာလား၊ လယ်ကွင်းထဲမှာလား၊ ကိုယ့်ခြံဝန်း ထဲမှာလား။ လှမ်းစရာနေရာတော့ ရှိမှဖြစ်မည်။ ဆေးရိုးက လှန်းမှ ခြောက်ပြီးသုံး၍ ရမည်ဖြစ်၏။

ထိုအခါ “တာဝန်သိစိတ်” “တာဝန်ယူစိတ်” “ကျင့်ဝတ်” ဆိုတာတွေ ကပ်ပါလာသည်။ မိမိ၏ လွတ်လပ်ခွင့်သည် သူတပါးအား မထိခိုက်စေရ ဆိုသော ဒီမိုကရေစီ ကျင့်ထုံးနှင့် လူ့အခွင့်အရေး ဆိုသည်များက အသင့်စောင့်နေသည်။ ယခုပင် အသရေ ဖျက်မှု ဆိုသော ပုဒ်မ ၅၀၀ က ခေတ်စားနေလေပြီ။ လျော်ကြေးတောင်းကြပုံက သိန်း ၁၀၀၀၀၊ ၂၀၀၀၀ စသည်ဖြင့် မကြားဘူးတာတွေ ကြားနေရလေသည်။

စာနယ်ဇင်း ဥပဒေ၏ ရည်ရွယ်ချက်က၊ ထိုထိုသော ပုဒ်မတွေနှင့် မဆက်ဆံရအောင်၊ ကြားဝင်ဖျန်ဖြေရန်၊ အကာအကွယ် ပေးရန် စသဖြင့်ဖြစ်၍ အလွန်သင့်မြတ် ပါသည်။ အသင့်မြတ်ဆုံးက Down – Up စနစ်ဖြစ်၏။ အာဏာရှင် စနစ်တွင် အထက်မှ အောက်သို့ အမိန့်ပေးသော Up – Down ပုံစံများ ဖြစ်သည်။

ယခုဒီမိုကရေစီအရ အောက်မှရေးဆွဲ ပေးသည်ကို အထက်က အတည်ပြုပေးသော နည်းဖြစ်ရာ၊ ယခု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ လုပ်ဆောင်ချက်ကို၊ အလေးထား အသိအမှတ် ပြုကြရပါမည်။ မိမိတို့ပါ ဝင်ပြောခွင့်ရနေသဖြင့် ကျေနပ်ကြရပါမည်။

ဤနေရာ၌ “ဝင်ပြောခွင့်” ကို အလွဲမသုံးဖို့လည်း လိုပါသည်။ ဆွေးနွေးပွဲကို ငြင်းခုန်ပွဲ လုပ်၍ရပါသည်။ ငြင်းကြ ရမှာပဲ ဖြစ်သည်။ ကောင်စီဝင်များသည် ဤဥပဒေ ပုဒ်မများ ရရှိဖို့ အစည်းအဝေးပေါင်း ၁၃ ကြိမ်၊ ၁၄ ကြိမ်ခန့် ပြုလုပ်ခဲ့ရကြောင်း ပြောပါသည်။ ယခု စာယ်ဇင်း (အထူးသဖြင့် သတင်းသမား အများစု) ပါဝင်သော ဆွေးနွေးပွဲက ပထမအကြိမ် ဖြစ်၏။ လာမည့် ဧပြီလတွင် ပုဂ္ဂလိကသတင်းစာများ ပေါ်လာတော့မည်ဟု ကြားရသည်။ ထိုအချိန်တွင် ဤ ဥပဒေ အဆင်သင့် ဖြစ်နိုင်လျှင် ကောင်းမည်ဟု ဆန္ဒရှိသည်။ သို့သော် လွှတ်တော်ကို ဖြတ်သန်းရဦးမည်၊ နိုင်ငံတော် သမ္မတရုံး သွားရဦးမည်၊ ကြာနိုင်သည်။ သို့သော် ခြေလှမ်း တလှမ်းတိုင်းသည် ပန်းတိုင်နှင့် နီးကပ်လာစေမည်မှာ သေချာသည်။

နှစ်ပေါင်း ၅၀ အတွင်း တခါမျှ မလုပ်ဖူးသော “ဥပဒေ ရေးဆွဲခွင့်” ကို မိမိတို့ ဘာသာ အကြံပြုခွင့် ရခြင်းကိုပင် ကြည်နူး ဝမ်းသာ ကြရပါမည်။ စိတ်တိုင်းကျ ဖြစ်ဖို့၊ လူတိုင်းအကြိုက်ဖြစ်ဖို့ကမူ ဒိမိုကရေစီ၏ အနှစ်သာရ မဟုတ်၊ အများသဘောနှင့် ဖြစ်လာမည်ပင် ဖြစ်သည်။ ယခု ဆွေးနွေးပွဲတွင် အခြေအတင် ပြောကြခြင်းကို မြင်တွေ့ရခြင်းသည်ပင် ဒီမိုကရေစီ အရသာ ဖြစ်၏။ ကောင်စီဘက်က “၂ ပတ် အချိန်ရပါသေးတယ်၊ စာနဲ့လည်း ရေးပို့ကြပါ” ဟု သုံးလေးခါ ပြောမိသည်ကို “စာနဲ့ ရေးဖို့ပဲ ပြောနေတယ်၊ ဒါဆိုရင် အခု Workshop က အလားကားပေါ့” ဟု လူငယ်ပီပီ မာန်နှင့် ဌာန်နှင့် ပြောသွားသည်ကို မြင်ရသောအခါ ပြောခွင့်ရှိလာလေပြီ ဟု ဝမ်းသာရ၏။ ပြောသမျှကို တည်ငြိမ်အေးချမ်းစွာ ဖြေကြားနိုင်သော လူလတ်ပိုင်း ကောင်စီဝင်များကို မြင်ရခြင်းအတွက်လည်း ကြည်နူးရပါသည်။

ဥပဒေ ဆိုတာ ဘယ်တော့မှ ပြီးပြည့်စုံတယ် မရှိပါဘူး၊ ပြင်နေကြရဦးမှာပဲ ဟု ကောင်စီ ဥက္ကဋ္ဌက ပြောခဲ့၏။ မှန်ပါသည်။ ပြင်ခွင့်ရခြင်း၊ ပါဝင်ခွင့် ရခြင်းကိုပင် မိမိတို့ နိုင်ငံ၏ “ခြေလှမ်းအရွေ့” အဖြစ် ပီတိဖြစ်ကြရမည် မဟုတ်ပါလား။

တကယ်တမ်း ထွက်လာသည့် အခါ Down မှ တင်သော အချက်များ ပါမပါကိုလည်း စစ်ဆေးကြရပါဦးမည်။

(ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာမျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်။)

Loading