ဆောင်းပါး

ကချစ်စစ်ပွဲနဲ့ ပွင့်လင်းစ မီဒီယာ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာ နှစ်ပေါင်း ၆၀ ကျော်နေပြီဖြစ်ပေမယ့် စစ်မြေပြင်အခြေနေကို လွတ်လပ်စွာသတင်းပို့ခွင့်ရတာကတော့ ရက် ၆၀ မပြည့်သေးဘူးလို့ပြောရမှာပါ။ အထူးသဖြင့် အခုဖြစ်နေတဲ့ ကချင်စစ်ပွဲဟာ အစိုးရသစ်၊ လွှတ်တော်သစ်လက်ထက် ပြုပြင်ပြောင်းလဲရေးကာလ၊ အတိအကျ ပြောရမယ်ဆိုရင် ပြန်ကြားဝန်ကြီးအသစ်နဲ့ ဒုဝန်ကြီးအသစ်လက်ထက် မီဒီယာအသွင်ကူးပြောင်းရေး ကာလလို့ ကြွေးကြော်နေချိန်မှာ ပထမဆုံးကြုံလိုက်ရတဲ့ မီဒီယာ လွတ်လပ်ခွင့် စမ်းသပ်မှု တခုဖြစ်ပါ တယ်။

ဖဆပလ ခေတ်နဲ့ မဆလ ခေတ်အစောပိုင်းတွေမှာ သတင်းစာဆရာတွေကိုဖိတ်ပြီး စစ်မြေပြင်ကို ပြသတာတွေ ရှိခဲ့ဖူးတယ်လို့ သိရပေမယ့် သူပုန်တွေဘက်အထိသွားပြီး သူပုန်တပ်တွေနဲ့အတူ ပြည်တွင်းသတင်းထောက်တွေ ကိုယ်တိုင် သတင်းသွားယူတာကတော့ အခု ကချင်စစ်ပွဲဟာ ပထမဆုံးလို့ ကျနော်ထင် ပါတယ်။

၁၉၈၈ ခုနှစ် ၈ လေးလုံးအရေးတော်ပုံဖြိုခွဲခံရပြီးနောက်ပိုင်း တောခိုခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေနဲ့ နယ်စပ်တကျောက စစ်မြေပြင်တွေ၊ တိုက်ပွဲတွေအကြောင်းကို နိုင်ငံတကာသတင်းလောကက ဟိုးလေးတကျော် ဖော်ပြခဲ့ဖူးပါတယ်။ နိုင်ငံတကာ သတင်းထောက်တွေဟာ တောခိုကျောင်းသားတွေနဲ့အတူ လနဲ့ချီနေထိုင်၊ ရှေ့တန်း စစ်မြေပြင်အထိ လိုက်ပြီး သတင်းပို့ကြတာ ကျနော်ကိုယ်တိုင် တွေ့ဖူးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ပြည်တွင်းသတင်းထောက် တဦးတယောက်မှ နယ်စပ်က ကျောင်း သားတွေရှိရာဆီ လာပြီး သတင်းယူတာ တခါမှ မတွေ့ခဲ့ရဖူးပါ။ ဒါကြောင့် ဒီနေ့ စစ်ပွဲထဲအထိ သတင်း ယူခွင့်ရနေပြီဆိုတာဟာ လွန်ခဲ့တဲ့ နှစ် ၂၀ နဲ့စာရင် လုံး၀ တိုးတက်မှုတခုအဖြစ် မြင်မိပါတယ်။

ဒါပေမဲ့ သတင်းသမား ဘယ်နှစ်ယောက် စစ်မြေပြင်အထိသွားပြီး သတင်းယူခွင့်ရသလဲ။ ယူရဲသလဲ။ ဒီလို သတင်းယူဖို့ အစိုးရဆီက ခွင့်ပြုချက် တောင်းရသေးလား။ အရင်က ရှိခဲ့ပြီး အခုချိန်ထိလည်း တရားဝင် မဖျက်သိမ်းရသေးတဲ့ ပုဒ်မ ၁၇-၁ တရားမဝင် အသင်းအဖွဲ့များနဲ့ ဆက်သွယ်မှုနဲ့ မငြိဘူးလား စသဖြင့် မီဒီယာ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူူး။

တခါ အစိုးတပ်တွေဘက်ကကော သူတို့တပ်တွေနဲ့အတူ သတင်းယူဖို့ ဘာကြောင့် သတင်းထောက်တွေကို ခွင့်မပြုတာလဲ။ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းလွတ်လပ်ခွင့်အကြောင်းေ ပြောနေပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနမှာ သတင်းလွတ်လပ်ခွင့်မရှိသေး။ သတင်းယူခွင့် မရှိသေးတဲ့ သဘောလား။

မေးခွန်းတွေကြားက တိုးတက်မှု

မေးခွန်းတွေများစွာ ရှိနေသေးပေမယ့် မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်အခြေနေ အရင်ကထက် တစုံတရာ တိုးတက်လာတာ သေချာတယ်လို့ ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းသမား ကာကွယ်ရေးအဖွဲ့ RSF က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ကြေညာလိုက်ပါတယ်။ စစ်အစိုးရလက်ထက်မှာ အမြဲတန်း အောက်ဆုံးရောက်နေလေ့ရှိတဲ့ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်ဟာ အခုနှစ်မှာတော့ အရင်ကထက် ၁၈ ဆင့်အထိ တိုးတက်လာပြီး နိုင်ငံပေါင်း ၁၇၉ မှာ ၁၅၁ နေရာကို ရောက်လာတယ်လို့ RSF ကပြောပါတယ်။

စစ်အစိုးရခေတ်က ဖမ်းဆီးထားတဲ့ သတင်းထောက်နဲ့ ဘလော့ဂါတွေကို လွတ်ပေးလိုက်တာ၊ စာပေစိစစ်ရေးဌာနကို ဖျက်သိမ်းလိုက်တာ၊ ပြည်ပသတင်းဌာနတွေကို ပြည်ဝင်ခွင့်ပေးတာတွေဟာ သိသာတဲ့ တိုးတက်မှုတွေလို့ RSF က ထောက်ပြထားပါတယ်။ ဒါက နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းတခုကနေ မြန်မာ့မီဒီယာ လွတ်လပ်ခွင့်အပေါ် အမြင်ပါ။

နေ့စဉ်သတင်း ဖတ်နေသူ၊ မီဒီယာ တိုးတက်မှုအကြောင်း လေ့လာနေသူတဦးရဲ့အမြင်ကို ထပ်ဖြည့်ပြောရမယ်ဆိုရင် အဲဒီ ၃ ချက်အပြင် မီဒီယာတွေအပေါ် ဆက်ဆံပြောဆိုမှု၊ မီဒီယာရဲ့ အရေးပါပုံအကြောင်း အစိုးရက နားလည်လာမှု၊ မီဒီယာတွေမေးသမျှကို တာဝန်ခံဖြေကြားပေးမှု၊ အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်မှု၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ ခေတ်အစားဆုံး ဆိုရှယ်မီဒီယာ Facebook ပေါ် အထိ ပြန်ကြားရေး ဒုဝန်ကြီး ကိုယ်တိုင်တက်ပြီး လူထုဆက်သွယ်ရေးကို အလေးထား ဆောင်ရွက်လာမှု တွေဟာ ဒီနေ့ ပြန်ကြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးတွေလက်ထက် ထူးခြားတဲ့ တိုးတက်မှုအဖြစ် မြင်မိပါတယ်။

ဒီလို တိုးတက်လာတာဟာ အစိုးရဖက်က ပြောင်းလဲချင်တဲ့ ဆန္ဒရှိတာအပြင် တိုးတက်လာတဲ့ နည်းပညာ တွေနဲ့လည်း ဆက်စပ်နေတယ်လို့ ယူဆမိပါတယ်။ ဥပမာအားဖြင့် နေပြည်တော်က ပြန်ကြားရေး ဒု ဝန်ကြီးနဲ့ Facebook ပေါ်မှာ အပြန်အလှန် ရေးသားဆွေးနွေးနိုင်သလို လိုင်ဇာမှာ တိုက်ပွဲဝင်နေတဲ့ ABSDF-NB ကျောင်းသားတပ်မတော် (မြောက်ပိုင်း)က ရဲဘော်တွေနဲ့လည်း တပြိုင်တည်း ချက်တင်လုပ်နိုင်တဲ့ အခြေအနေအထိ ဆက်သွယ်ရေးနည်း စနစ်က တိုးတက်လာနေပါတယ်။ ဆိုလိုတာက သတင်းတွေဟာ အလျှင်အမြန် စီးဆင်းနေပြီး တချိန်နဲ့တပြေးညီ သတင်းမထုတ်ပြန်ဘူးဆိုရင် မထုတ်ပြန်တဲ့ဘက်က နစ်နာသွားနိုင်တဲ့ အခြေအနေဆီ တွန်းပို့လာနေပါတယ်။

အချိန်နဲ့တပြေးညီ တာဝန်ခံဖြေရှင်းမှုတွေထဲက ဥပမာတခုကိုကောက်နှုတ်ပြရမယ်ဆိုရင် ကေအိုင်အေ တပ်တွေကပစ်လို့ အရပ်သားတွေသေပါတယ်ဆိုပြီး အစိုးပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ဓာတ်ပုံဟာ မှားယွင်းနေပြီး တကယ်က အဲဒီပုံဟာ အဲပုဂံလေယာဉ် ပျက်ကျစဉ်ကပုံဖြစ်ပါတယ်လို့ အစိုးရ သတင်းနဲ့ စာနယ်ဇင်းဌာနရဲ့ တောင်းပန်မှု ဖြစ်ပါတယ်။

တခါ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ကချင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ပါသေးတယ်။ ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ အချက်အလက်နဲ့ ရေးသားတင်ပြပုံတွေဟာ လွတ်လပ်တဲ့မီဒီယာခေတ်နဲ့ အံဝင်ဂွင်ကျမဖြစ်သေးပေမယ့် စစ်အစိုးရ ခေတ်လို ဗြောင်မငြင်းဘဲ ဒီလို ထုတ်ပြန်ပြောဆိုလာတာကိုက တိုးတက်မှုအဖြစ် မြင်သင့်တယ်လို့ ထင်မိပါတယ်။

 Mindset နဲ့ ဥပဒေတွေ ပြောင်းဖို့လို

RSF အဖွဲ့ရဲ့အစီရင်ခံချက်တွေ၊ ရန်ကုန်မီဒီယာလောကနဲ့ ဆိုရှယ်မီဒီယာလောကမှာ တွေ့နေရတာတွပေါ်မူတည်ပြီး လက်ရှိပြန်ကြားရေးဝန်ကြီးဌာနကို ဒီလိုချီးမွန်းခန်းဖွင့်နေတုန်း ”လေလှိုင်းထဲက ကချစ်စစ်ပွဲ” ဆိုတဲ့ ဆောင်းပါးတပုဒ် ဧရာဝတီမဂ္ဂဇင်း အွန်လိုင်းပေါ်မှာ မြင်လိုက်ရပါတယ်။ အသေချာ ဖတ်ကြည့်တော့ ”ဟာ ဒီလူတွေကလဲ အရင် လူတွေအတိုင်းပါပဲလား” ဆိုပြီး အသံထွက် ညည်းမိတဲ့အထိ စိတ်ပျက်သွားမိပါတယ်။

ကေအိုင်အိုက တာဝန်ယူထုတ်လွှင့်နေတဲ့ လိုင်ဇာ FM ကို တိုက်ဖျက်တဲ့အစီအစဉ် (စိတ်ဓာတ်စစ်ဆင်ရေးဌာနကလို့ ယူဆရ) အရ သဇင် FM ဆိုတဲ့အစီအစဉ်ကို စစ်တပ်က ဆောင်ရွက်နေကြောင်း၊ စက် အားကောင်းလှတဲ့ မြဝတီနဲ့ စစ်တပ်ပိုင် စက်ကြီးတွေနဲ့ လိုင်ဇာ FM လိုင်း Frequency တထပ်တည်းမှာ သဇင် FM ကို ထုတ်လွင့်နေတာဖြစ်တယ်၊ ကေအိုင်အေ မကောင်းကြောင်း ဝါဒဖြန့်မှုကို အဓိက လုပ်နေတာဖြစ်တယ်လို့ သိလိုက်ရပါတယ်။

ဒီလုပ်ရပ်ကိုမြင်တော့ လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်၊ DVB ဒီမိုကရက်တစ်မြန်မာ့အသံနဲ့ RFA လွတ်လပ် သောအာရှအသံ လိုင်းတိုရေဒီယိုလိုင်းတွေပေါ်စက အဲဒီမြဝတီပိုင်စက်ကြီးတွေနဲ့ လိုင်းဖျက်ခဲ့ဖူးတာကို သွားသတိရမိပါတယ်။ တချိန်တည်းမှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း မကြခဏ ပြောလေ့ရှိတဲ့ ”မီဒီယာကို မီဒီယာနဲ့တိုက်ရမယ်” ဆိုတဲ့ ကြွေးကြော်သံကို ပြန်ကြားယောင်နေမိပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်ကို အသေအချာပြန်ဖတ် ကြည့်တဲ့အခါမှာလည်း လေသံက သိပ်ပြောင်းလှတယ်ရယ်လို့ မဟုတ်သေးပါဘူး။

ဆိုလိုတာကတော့ ကမ္ဘာ့နိုင်ငံရေး၊ လူထုရဲ့နိုင်ငံရေးနိုးကြားမှု၊ တိုးတက်လာတဲ့ နည်းပညာတွေအရ သဘောထားတွေ ပြောင်းဖို့လိုနေပြီဆိုတာကို သိပေမယ့် နှစ် ၆၀ နီးပါး အရိုးစွဲလာခဲ့တဲ့၊ ခေါက်ရိုးကျိုးနေသူတို့ရဲ့ စဉ်းစားပုံကတော့ အရင်လိုပါပဲ။

ဒါကြောင့် လုပ်ထုံးလုပ်နည်းတွေအပြင် စဉ်းစားပုံတွေပါ ပြောင်းဖို့ လိုနေပါတယ်။ စစ်ယူနီဖောင်းကနေ အရပ်သားဝတ်စုံ ပြောင်းဝတ်တာအပြင် စစ်သားဘဝက စဉ်းစားပုံနေရာမှာ အရပ်သားတဦးရဲ့ စဉ်းစားပုံနဲ့ပါ ပြောင်းပြီး အစားထိုးဖို့ လိုနေပါတယ်။

မီဒီယာအပေါ်တင်းကျပ်တဲ့ ဥပဒေတွေ ဖျက်သိမ်းတာအပြင် မီဒီယာအပေါ် လွတ်လပ်ခွင့်ပေးမယ့် ဥပဒေတွေကိုပါ ပြဌာန်းပေးဖို့ လိုနေပါတယ်။ လွတ်လပ်စွာ သတင်းယူခွင့်နဲ့ သတင်းယူခွင့်အပေါ် နှောင့်ယှက်ဟန့်တားသူတွေကို အရေးယူနိုင်တဲ့ ဥပဒေတွေပါ  ပြဌာန်းပေးဖို့ လိုနေပါတယ်။ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးတာအပြင် နောက်ထပ် မဖမ်းတော့ပါဘူးဆိိုတဲ့ အာမခံချက်ပေးနိုင်တဲ့ ဥပဒေတွေ လိုနေပါတယ်။

ဒီအတွက် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ကလည်း သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်မယ့် ဥပဒေ မူကြမ်းကို အခိုင်အမာ တင်ပြဖို့ လိုပါတယ်။ လွတ်လပ်စွာ သတင်းယူခွင့်၊ လွတ်လပ်စွာ သတင်းမေးခွင့်၊ လွတ်လပ်စွာ သတင်းရေးခွင့် အားလုံးကို အပြည့်အဝပေးဖို့။ အခြေနေအရ ဝန်ကြီးတဦး၊ အာဏာပိုင် တ ဦးရဲ့ ခွင့်ပြုချက်အရမျိုး မဟုတ်ဘဲ တိကျတဲ့ ဥပဒေအရ မီဒီယာလွပ်လပ်ခွင့်ပေးဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။

(စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသားလက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး DVB ၏ သတင်းထောက်ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသည်)

Loading