[irrawaddy_gallery]
ရှမ်းပြည်နယ် ဘော်ဆိုင်းဒေသသည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄၃၇၀ အမြင့်တွင် တည်ရှိပြီး ခဲသတ္တုများ ထွက်ရှိသောကြေင့် အလွန် နာမည်ကြီးသော ဒေသဖြစ်သည်။ ဒေသခံ တိုင်းရင်းသား အများစုမှာ ဘိုးစဉ်ဘောင်ဆက် တောင်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းကြသူများ ဖြစ်သည်။
ဘော်ဆိုင်းဒေသသည် ရှမ်းပြည်နယ်၊ ကလောမြို့နယ်အတွင်း တည်ရှိသော ကျေးရွာအုပ်စုကြီးတခုဖြစ်သည်။ ကျောက်တောင်၊ ကန်ပြင်၊ ဂတ်တဲစု၊ ဆင်တောင်၊ သဖန်းပင်၊ တံတားကန်၊ ကန်ဦး၊ ပြင်သာ၊ ရွာဟောင်း၊ ဆီစက်၊ ရေဖြူကန်၊ ဖူးရဲ၊ ညောင်ကိုင်း၊ မြို့ဆိုး အစရှိသော ကျေးရွာများ ပါဝင်သည်။
လက်ဖက်စိုနှင့် လက်ဖက်ခြောက်၊ သနပ်ဖက်၊ ပြောင်းနှင့် တခြား တောင်ယာထွက် သီနှံများမှာ ဤဒေသ၏ အဓိက ထွက်ကုန်များဖြစ်သည်။ မိမိတို့ဒေသတွင် အဖိုးတန် သတ္တုသိုက်ကြီး ရှိနေခြင်းကြောင့် မိမိတို့ဘဝများ၊ ရိုးရာဓလေ့ စရိုက်များနှင့် သဘာဝပတ်ဝန်းကျင် အလှတရားများ တဖြည်းဖြည်း ပျောက်ကွယ်ရတော့မည်ကို သိရှိသူများရှိသလို မသိနားမလည်သည့် ရိုးသားသော ဒေသခံ တိုင်းရင်းသားများလည်း ရှိကြသည်။
အမြင်ကျယ်သော ဒေသခံတချို့က တာဝန်သိ ပြည်သူ့သတင်းသမားများကို သတင်းပေးကြသဖြင့် ထိုဒေသသို့ ၅ ကြိမ်ထက် မနည်းသွားရောက်လေ့လာကာ သတင်းအချက်အလက်များ စုဆောင်းခဲ့ပါသည်။
ဘော်ဆိုင်းဒေသသို့ သတ္တုတူးဖော်ရေး ကုမ္ပဏီများ စတင် ရောက်ရှိလာခဲ့ခြင်းနှင့် ပတ်သက်၍ ဒေသခံ ကုန်သည်တဦးက “၂၀၁၂ ခုနှစ် နှစ်စပိုင်းလောက်ကပဲဗျ၊ ဒီဒေသကို သတ္တုကုမ္ပဏီတွေ ဝင်ရောက်လုပ်ကိုင်နေတာ။ တရားဝင်လား၊ တရားမဝင်လားတော့ မသိဘူးဗျ။ အစောပိုင်းကာလမှာ တော့ပ်တန်းစတား ကုမ္ပဏီက သတ္တုတွင်းဝန်ကြီးဌာနနဲ့ ဖက်စပ်လုပ်ကိုင် ဆောင်ရွက်နေတာတော့ရှိတယ်” ဟု ပြောသည်။
ဘော်ဆိုင်းဒေသတွင် သတ္တုတူးဖော်ရေး ကုမ္ပဏီများ အမည် အမျိုးမျိုးဖြင့် လာရောက် လုပ်ကိုင်လျှက်ရှိခြင်းနှင့် ပတ်သက်၍ ဒေသခံတချို့က နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့် စသည်ဖြင့် သက်ဆိုင်ရာ အဆင့်ဆင့်ကို အကြောင်းကြား စုံစမ်းသော်လည်း တာဝန်ရှိသူများက တစုံတရာ အသိပေး အကြောင်းကြားခြင်း မရှိဟု သိရသည်။ ကောင်းသောအင်အားကြယ် အမည်ရှိ ကုမ္ပဏီသည် ထိုဒေသတွင် လုပ်ကွက် ၁၀ ခုအထိ လုပ်ကိုင်လျက်ရှိသည်ဟု ဆိုသည်။
ဒေသအတွင်း ထွက်ရှိသည့် သယံဇာတများကို တူးဖော်ထုတ်ယူနိုင်ရန် ဒေသခံ တိုင်းရင်းသားများ ပိုင်ဆိုင်သည့် ဥယျာဉ်ခြံမြေများကို ဖြတ်၍ စက်ယန္တရားကြီးများဖြင့် လမ်းများ ဖောက်လုပ်ခဲ့ကြကြောင်း၊ မြေစာများ၊ ကျောက်ခဲစ များသည် လက်ဖက်ခြံများ၊ လိမ္မော်ခြံများနှင့် တခြား သီးနှံစိုက်ခင်းများသို့ ရောက်ရှိကာ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ခြံတွေကို ဖြတ်ပြီး စက်ကြီးနဲ့ ထိုးသွားတယ်။ မသိလိုက်ဘူး။ နောက်တော့မှ သိတော့ ခြံက တော်တော်များများ ပျက်စီးနေပြီ။ ရွာအုပ်ချုပ်ရေးမှူးကို သွားတိုင်တော့မှ သူတို့ကြိုက်သလိုပေးတဲ့ လျော်ကြေးငွေကို ရတယ်။ တကယ်တော့ ပျက်စီးသွားတဲ့ သီးနှံပင်တွေ၊ လမ်းဖောက်လို့ ပေးလိုက်ရတဲ့ ခြံမြေတွေရဲ့ တန်ဖိုးက အဲဒီထက်မကဘူး။ အဲဒီ ကုမ္ပဏီတွေက နိုင်ငံတော်စီမံချက်လိုလို၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့လိုလို ပြောတော့ ပေးသလောက်နဲ့ ကျေနပ်နေရတာပေါ့” ဟု ဖျက်ဆီးခံရသော ခြံယာမြေပိုင်ရှင်တဦးက ပြောသည်။
ဖူးရဲရွာခံ ဓနုတိုင်းရင်းသူတဦးက သူ့အတွေ့အကြုံများနှင့် ပတ်သက်၍ “ကျမ အိမ်ထောင်ကျကတည်းက ဒီခြံကို အိမ်သားဘက်က အမွေပေးလို့ ခြံစိုက်စားခဲ့တာ။ အခု ကျမသား ၄ ယောက်လည်း အရွယ်ရောက်နေပြီ။ ကျမတို့ခြံရဲ့ အထက်ပိုင်းမှာ အခု သတ္တုတွေ တူးနေတယ်။ ခြံထဲမှာရှိတဲ့ စားပင်သီးပင်တွေ ပျက်ကုန်တယ်။ မိုင်းခွဲတဲ့ ကျောက်တုံးတွေက လွင့်လာတယ်။ ခြံထဲကိုတောင် မဆင်းရဲတော့ဘူး။ အသက်အန္တရာယ် စိုးရိမ်နေရတယ်။ ထောပတ်ပင်တွေ၊ တညင်းပင်တွေ၊ ပျားလိမ္မော်ပင်တွေ၊ လက်ဖက်ပင်တွေနဲ့ တခြားသီးနှံပင်တွေလည်း ဗြုန်း (မြေစာခဲ၊ ကျောက်ခဲ) တွေကျလို အကုန်ပျက်စီးသွားတယ်” ဟု ပြောပြသည်။
သတ္တုတူးဖော်ရာတွင် ကျောက်မိုင်းခွဲမှုများကို မည်သည့်အချိန်၊ မည်သည့်နေရာတွင် ခွဲမည်ဟု အနီးဝန်းကျင်ရှိ ဒေသခံများအား အသိပေး အကြောင်းကြားခြင်း မရှိကြောင်း၊ သတ္တုတူးဖော်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအတွက်လည်း တစုံတရာ ကြိုတင်ကာကွယ် လုပ်ဆောင်ပေးခြင်းများလည်း မရှိကြောင်း သိရသည်။
“ရေဖြူကန်ဆိုတာ ရေထွက်တခုပဲ။ ဒီဒေသတခုလုံး အားကိုးနေရတာ။ ဟိုဘက် ကျောက်ထပ်-နောင်လွယ်ကနေ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာအုပ်စု၊ စမ်းချောင်ရွာ အထိပဲ။ ဒီ ရေဖြူကန် ရေထွက်နဲ့ ဆက်နေတာ။ အဲဒီအနီးမှာ သတ္တုသန့်စင်ဆေးတဲ့ အလုပ်ရုံတခုကို တည်ဆောက်ထားတယ် ဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ။ အခုအချိန်မှာတော့ ကလေးတချို့ ခဲဆိပ်သင့်တဲ့ လက္ခဏာမျိုး တွေ့နေရပြီ။ နောင် ပိုဆိုးလာနိုင်တယ်။ နည်းစနစ်မှန်မှန် လုပ်ကိုင်တယ်ဆိုရင် အကြောင်း မဟုတ်ဘူး။ ကိုယ်လုပ်ချင်သလို လုပ်မယ်ဆိုရင် ဒုက္ခပါပဲဗျာ။ ဘယ်သူ့ကို အားကိုးလို့ အားကိုးရမယ်ဆိုတာ မသိအောင်ပါပဲဗျာ” ဟု ဒေသခံ တိုင်းရင်းသားတဦးက ပြောသည်။
အစိုးရသတ္တုတွင်း ဝန်ထမ်းဟောင်းတဦး “ဒါတွေက အားလုံးကို သန့်စင်ပြီးမှ ထုတ်လုပ်တယ်။ အားလုံးဟာ High Grate တွေ ထုတ်တယ်။ အခုဟာ လုံးဝကို သန့်စင်ပြီးတာတွေ ထုတ်နေတယ်။ ရှင်းရှင်းပြောမယ်၊ ကြက်သားပေါင် စားပြီးတော့မှ အရိုးကိုဟင်းချို ကျိုလိုက်တဲ့ ပုံစံမျိုးတွေ လုပ်နေကြတယ်။ အဲဒီ သတ္တုတွင်းက ကားတွေ ညမှာ ဝင်လာတယ်။ ညမှာပဲ ပြန်ထွက်သွားတယ်။ အစီးရေ မှတ်လို့တောင် မရဘူးဖြစ်နေတယ်” ဟု ဆိုသည်။
ကောင်းသောအင်အားကြယ် ကုမ္ပဏီမှ မြန်မာနိုင်ငံတာဝန်ခံ ဖြစ်သူ မစ္စတာ လောရုံအား ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေက မေးမြန်းခဲ့ရာ “မိမိတို့ ကုမ္ပဏီဟာ တရုတ်နိုင်ငံရှိ အင်အားကြီးသော ကုမ္ပကြီးတခုပါ။ အခုလို မြန်မာနိုင်ငံ ဘော်ဆိုင်းဒေသမှာ လုပ်ကိုင်ဆောင်ရွက်နေခြင်းဟာ မိမိတို့၏ တရုတ်နိုင်ငံသံရုံးနှင့် မြန်မာနိုင်ငံသံရုံးတို့ရဲ့ သဘောတူညီမှုဖြင့် လုပ်ကိုင် ဆောင်ရွက်နေခြင်းသာဖြစ်ပြီး မိမိတို့ အနေဖြင့်လည်း ဒေသဖွံ့ဖြိုးရေးနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ ဒီဒေသ မီးလင်းရေးနှင့် သောက်သုံးရေကန်များကို တူးဖော်ဆောင်ရွက်သွားမှာပါ” ဟု စကားပြန်မှ တဆင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကုမ္ပဏီက ဆီစက်ရွာအနီးတွင် တနေ့လျှင် သန့်စင်ပြီး သတ္တုတန် တထောင်ကျ စက်ရုံတခုကိုလည်း တည်ဆောက်နေပြီး စက်ရုံပြီးစီးပါ ဒေသခံများကို ဦးစားပေး ခန့်အပ်သွားမည်ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခရိုင်ညီလာခံ ကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးတင်မောင်တိုးက “ဒီ ဘော်ဆိုင်းဒေသက ဖွံ့ဖြိုးမှု အရမ်းနောက်ကျတယ်၊ ခေါင်တယ်ပေါ့နော်။ ဒီဒေသမှာ အဖိုးတန်တဲ့သတ္တုတွေ ထွက်တယ်။ ဒီသတ္တုတွေကို တိုင်းတပါးကလာပြီး တူးယူကြတယ်၊ အကျိုးအမြတ် ယူသွားတယ်။ ဒီဒေသက ဒေသခံတွေ ဘာမှ အကျိုးအမြတ် မရရှိဘူး။ အကျိုးအမြတ်ဆိုတာက ဥပမာ – ဒေသမီးလင်းရေး၊ ရေကန်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်းနဲ့ တခြားလိုအပ်တဲ့ လုပ်ဆောင်မှုတွေကို တွေ့ချင်ပါတယ်။ ဒါတွေလည်း ဒေသလိုအပ်ချက်ပါ။ ဒါမျိုးတွေကို ဒေသအကျိုးအတွက် မြင်ချင်ပါတယ်” ဟု ပြောသည်။
ဦးတင်မောင်တိုးက ဆက်လက်၍ “ကျနော်တို့ တိုင်းပြည်ဟာလည်း အခုမှ ဒီမိုကရေစီကို ဖော်ဆောင်ကာစ တိုင်းပြည်တခု ဖြစ်ပါတယ်။ လုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာ ထိုက်သင့်တဲ့ အခွန်ငွေတွေက တိုင်းပြည်ရဲ့ ဘဏ္ဍာအခွန်ငွေထဲကိုလည်း မရောက်၊ ပြည်သူတွေဆီကိုလည်း မရောက်ဘဲ ဒေသဆိုင်ရာ အာဏာပိုင်တွေဆီကို ရောက်သွားတာမျိုးလည်း ဖြစ်ကောင်းဖြစ် နိုင်တယ်။ ဒါကြောင့် တတ်နိုင်သမျှ နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရ အနေနဲ့ တရားဝင် ထင်သာမြင်သာ ရှိအောင် ပွင့်ပွင့်လင်းလင်း လုပ်ကိုင် ဆောင်ရွက်သင့်တယ်။ ဒါမှသာ ဒေသခံများအနေနဲ့လည်း သဘောတူ လက်ခံလာနိုင်မယ်။ ဒါဟာလည်း ဒေသခံတွေရဲ့ ဆန္ဒဖြစ်ပါတယ်” ဟု ဆိုသည်။
ကောင်းသောအင်အားကြယ် ကုမ္ပဏီက ကျောက်နီကျေးရွာအုပ်စု၊ သရက်ပင်လှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ပွေးအား လာရောက်ညှိနှိုင်းခဲ့ကြောင်း၊ ရွာ၏အထက် ပေ ၇၀၀ ကျော်မြင့်သော နေရာတွင် တူးဖော်ရန် လာရောက် ပြောဆိုခြင်းဖြစ်ကြောင်း၊ မိမိတို့ တူးဖော်သည့် နေရာကို သစ်တောပလပ်မြေ၊ တပ်မြေအဖြစ် ထောက်ခံပေးရန် စစ်တပ်မှ ဗိုလ်မှူးအဆင့် အမည်သုံး၍ ဖိအားပေး ပြောဆိုပြောဆိုကြောင်း သိရသည်။
သရက်ပင်လှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ပွေးက “ကျနော့်ကို လာပြောတယ်။ လက်မခံဘူး။ ရွာသူရွာသားတွေကမှ လက်မခံတာ။ ကျနော်လည်း သဘောမတူဘူး။ ရွာက လူငယ်တွေ လာပြောလို့ သိတယ်။ ကွင်းဆင်းလေ့လာတယ်။ ကုမ္ပဏီအမည်၊ တာဝန်ခံအမည်၊ အားလုံးကို သိတယ်။ ကျနော့်ကိုလာပြီး ညှိတယ်။ ကျနော်က မထောက်ခံဘူး။ ရွာမှာရှိတဲ့ သူတွေက သဘောမတူတာ၊ အများရဲ့ဆန္ဒကိုပဲကြည့်ရမှပေါ့” ဟု ပြောသည်။
သရက်ပင်လှကျေးရွာသည် တောင်ကြီးမြို့နယ် ကျောက်နီအုပ်စုအတွင်း ပါရှိပြီး ဒေသခံ အများစုမှာ ဓနုတိုင်းရင်းသားများ ဖြစ်သည်။
သတ္တုတူးဖော်ရာနေရာသို့ ဒေသခံ ဓနုတိုင်းရင်းသားလူငယ်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ အတွင်းရေးမှူးတို့နှင့် အတူ သွားရောက်လေ့လာကာ သတ္တုတူးဖော်ရေးကို ပြည်ထောင်စု သတ္တုတွင်း ဝန်ကြီးဌာန သို့မဟုတ် ပြည်နယ် အစိုးရတို့နှင့် မည်သို့ သဘောတူထားပြီး မည်ကဲ့သို့ လုပ်ကိုင်ဆောက်ရွက်နေကြောင်း မေးမြန်းခဲ့ရာ ကုမ္ပဏီတာဝန်ခံမှ ရေရာစွာ ဖြေဆိုနိုင်ခြင်း မရှိပေ။
ဆက်လက်၍ အဆိုပါ သတ္တုတူးဖော်ရေး ကုမ္ပဏီနှင့် ပတ်သက်ပြီး တာဝန်ယူထားသည့် ဗိုလ်မှူးဆိုသူကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းက “ကျနော်တို့ လုပ်ငန်းကို ရပ်ဆိုင်းထားပါတယ်။ ဒေသခံတွေက သဘောမတူလို့ပါ။ ၁၀ ရက်အတွင်း ဒီလုပ်ငန်းကို အပြီးပြောင်းရွှေ့ပေးမှာပါ။ ဒေသခံတွေရဲ့ ဆန္ဒကို လိုက်လျောပေးရမှာပါ” ဟု ဖြေကြားသွားသည်။
ထို့အပြင် မီဒီယာများတွင် ဖော်ပြမည်ကို စိုးရိမ်ကြောင်းလည်း အဆိုပါ ဗိုလ်မှူးက ဆက်လက်ပြောသည်။
နိုင်ငံရေး စိတ်ဝင်စားသူ ဒေသခံ လူငယ်တဦးက “ကျနော်တို့ အထိမ်းအမှတ်ပွဲတွေလုပ်တယ်၊ ငြိမ်းချမ်းရေးနေ့ ပွဲတွေလုပ်တယ်၊ ဘာပဲလုပ်လုပ် အမြဲတမ်းပဲ အချိန်နဲ့အညီ အဖွဲ့အစည်းတွေက စောင့်ကြည့်နေတာ။ ဘော်ဆိုင်းလို ဒေသမျိုးမှာ တရားမဝင် သတ္တုတူးနေတယ်၊ ဒါတွေကို မသိဘူးပြောရင် ကျနော်ကတော့ မယုံဘူး” ဟု ဆိုသည်။
နိုင်ငံတော်ပြန်တမ်းဝင် အရာရှိဟောင်းတဦးက “နည်းနည်း ပွင့်လင်းလာလို့ ဒါမျိုး ပြောရဲကြတာ။ အရင်တုန်းကဆိုရင် မပြောရဲကြဘူး။ ရှမ်းပြည်နယ်မှာ သဘာဝအရင်းအမြစ်တွေ အများကြီးရှိတယ်။ အသုံးမချတတ်တာ၊ အသုံးမချ နိုင်တာကတော့ နာကျည်းဖို့ကောင်းတယ်။ ဒေသခံ တိုင်းရင်းသားတွေရဲ့ ရိုးသားမှုတွေကို အသုံးချနေပြီး ခေတ်သစ် မြေရှင်ပဒေသရာဇ်စနစ်ကို ကိုယ်စားပြုချင်တဲ့ အာဏာရှင် အကျိုးပြု ခရိုနီများ မိမိတို့ အာဏာတည်မြဲရေး၊ မိမိတို့ ကိုယ်ကျိုးစီးပွား တိုးပွားရေး စတဲ့ အတ္တတွေကိုပဲ ကြည့်ပြီး ရှေ့တန်းတင်နေခဲ့မယ်ဆိုရင်တော့ နိုင်ငံတော်သမ္မတကြီး ပြောဆိုနေတာ၊ လုပ်ဆောင်နေတာတွေကို အလေးမထားသလို ဖြစ်နေမှပဲ” ဟု ပြောသည်။
ဘော်ဆိုင်းဒေသနည်းတူ ရှမ်းပြည်နယ် တခြားသော ဒေသများတွင်လည်း အလားတူ ဒေသခံများ၏ အကျိုးစီးပွား တစုံတရာ မရရှိဘဲ စီးပွားရေးကုမ္ပဏီများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ညှိနှိုင်းကာ သယံဇာတ ထုတ်ယူမှုများ ရှိနေကြောင်း၊ ဒေသခံများက မသိနားမလည်ခြင်း၊ ဝေးလံခေါင်သီပြီး ဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် စီးပွားရေး လုပ်ငန်းများနှင့် အာဏာပိုင်များက သဘာဝ သယံဇာတများကို စိတ်ကြိုက် ခြယ်လှယ်မှုများ ရှိနေကြောင်း သိရသည်။
(ကိုဖိုးသားသည် ရှမ်းပြည်နယ် တောင်ကြီး အခြေစိုက် Citizen Journalist တဦးဖြစ်ပြီး အပျော်တမ်း ဓာတ်ပုံရိုက်ကူးသူ၊ သတင်းနှင့် ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်)