ဆောင်းပါး

အားလုံး ပြီးဆုံးသွား ပေမယ့်လည်း …

This article has been converted from Zawgyi One to Unicode

“အားလုံး ပြီးဆုံးသွားပေမယ့်လည်း … မပြောင်းလဲ … ချစ်နေဆဲ ပါ …”

အဆိုတော် လွှမ်းပိုင်ရဲ့ သီချင်းထဲက စာသားလေးပါ။ ဒီသီချင်းကို ကျမ ထပ်ခါ တလဲလဲ ညည်းနေမိပါတယ်။

ဟုတ်တယ်။

အားလုံး ပြီးဆုံးသွားခဲ့ပြီ။ ပြန်လုပ်ချင်လို့ မရတော့ဘူး။ ဒါကြောင့် … မပြောင်းလဲဘဲ ချစ်နေဆဲပါ။

ဘယ်သူ့ကို ချစ်တာလဲ ဆိုတော့ … စာပေရယ်၊ ပြီးတော့ စာပေသမားတွေရယ် …၊ ပြီးတော့ စာပေပရိသတ်တွေကိုရယ်ပေါ့။

ကျေနပ်သည် ဖြစ်စေ၊ မကျေနပ်သည် ဖြစ်စေ … အားလုံး ပြီးဆုံးသွားခဲ့ပါပြီ။ ကျမတို့ စာပေသမားတွေဟာ “ရသ” မျိုးစုံ ခံစားခဲ့ကြရ ပြီးပြီ။ ရသ တကယ် စုံပါတယ်။ ပျော်ရွှင်တာတွေ၊ ကြည်နူးတာတွေ၊ ရယ်မောတာတွေ..၊ ပြီတော့ ငိုကြွေးရတာ တွေ …။

ဟုတ်တယ်။ ကျမတို့ ငိုခဲ့တယ်။ ချောင်ကြားထဲမှာ တိတ်တိတ်ကလေး ငိုခဲ့တာမဟုတ်ဘူး။

လူရှေ့ သူရှေ့၊ အများရှေ့မှာ၊ မျက်နှာချင်း ဆိုင်ပြီး မျက်လုံးချင်း နားလည်စွာနဲ့ မျက်ရည်ကျခဲ့ကြတာပါ။

ဧရာဝတီ စာပေပွဲတော် … တဲ့။ လှလိုက်တဲ့ နာမည်။

ကျမတို့ ပေးထားတဲ့ နာမည် မဟုတ်ဘူးနော်။ သူတို့ စိတ်ကူးပါ။ သူတို့က ကျမတို့ရဲ့ နှလုံးသား အစစ်ဖြစ်တဲ့ “ဧရာဝတီမြစ်ကြီး” ကို ကျမတို့ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး နာမည်တပ်ပေးခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ စာပေပွဲတော်ပါ။

နိုဝင်ဘာက အစပျိုးလိုက်တာ၊ ဖေဖော်ဝါရီ ၁၊ ၂၊ ၃ ညနေ ၆ နာရီခွဲမှာ ပြီးဆုံးသွားခဲ့ပါပြီ။ ပိတ်ပွဲကို အဲဒီ နာရီမှာ ကျင်းပမယ် လို့ တာဝန်ရှိသူ တယောက် ပြောကြားချက်အရ သိခဲ့တာပါ။ ကျမကတော့ ပိတ်ပွဲကို မကြည့်ခဲ့တော့ပါဘူး။ ကျမ အသည်းနှလုံးတွေက ကြည့်ဖို့ ငြင်းဆန်နေကြတယ်။

ခြုံပြီး ပြောရရင်တော့ …

စကတည်းက (တိတိကျကျ ပြောရရင် ဒုတိယ အစည်းအဝေး၊ တာဝန်အရှိဆုံး ပုဂ္ဂိုလ်နဲ့ စတွေ့ ကတည်းက) ကျမတို့ ပြောခဲ့တယ် … ဒီပွဲကို “စာပေပွဲတော်”လို့ ပြောတဲ့အတွက် အင်မတန် အရောင်အသွေး ကင်းတဲ့၊ အဖြူရောင်သက်သက် ပွဲ ဖြစ်ပါစေ လို့။ သူ ကလည်း ကတိပေးခဲ့တယ်။ လုံး၀ နိုင်ငံရေး မပါပါဘူး တဲ့။ ကျမတို့ စာရေးဆရာတွေ ကျောခင်းပြီး ပေးခဲ့တဲ့ လမ်းကို တက်နင်းပြီး လျှောက်ခံခဲ့ရပေါင်း များပြီပဲ

ကောင်းပါတယ်။

ကျမတို့ မျှော်လင့်ထားတဲ့အတိုင်း … နိုင်ငံတကာက စာရေးဆရာတွေလည်း လာကြတယ်။ ပွဲ မတိုင်ခင် ကတည်းက ကြိုရောက်နေသူ တချို့နဲ့ ဆွေးနွေးပွဲလေးတွေ လုပ်ခွင့်ရခဲ့တယ်။ ညစာ စားပွဲလေးတွေမှာ လွတ်လွတ်လပ်လပ် စကား ဖလှယ် ခွင့် ရခဲ့တယ်။ အထူး သဖြင့် ကျမတို့ မြန်မာ စာရေးဆရာများရဲ့ “ဘ၀ ကြမ်းကြမ်း” စာအုပ်တွေကို သူတို့ သိချင် ကြတယ်။ ဌာနကြီး တခုက ကြားခံပြီး မြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာကို ပြန်ဆိုဖို့၊ ဟိုနိုင်ငံက စာအုပ်ပွဲတော်မှာ ခင်းကျင်းဖို့ အထိ သဘောတူခဲ့ကြပါတယ်။

လိပ်စာကတ်တွေ လဲလှယ်ကြ၊ ရေကန်ဘေးမှာ အအေးသောက်ရင်း အင်တာဗျူး၊ ဗီဒီယို မှတ်တမ်းတွေ ယူကြ၊ အမြင်တွေ ဖလှယ်ကြ။ ရလဒ်က ကျမတို့ မြန်မာနိုင်ငံက “ဘဝတွေ” ကို သူတို့ တချို့တဝက် တွေ့မြင်ခံစား သင်ယူသွားခဲ့တယ်။ သူတို့အတွက်လည်း မြတ်တယ်၊ ကျမတို့ အတွက်လည်း မြတ်တယ်။ စီစဉ်ပေးသူများကို သိပ်ကျေးဇူးတင်ပါတယ်။

စာပေပွဲတော် … ဆိုတာ ကြားတောင် မကြားဖူးတဲ့ ကျမတို့ စာရေးဆရာ တချို့က (အစည်းအဝေးမှာ ပြောခဲ့ပေမယ့်၊ အမှတ်တမဲ့နဲ့မို့) ဆွေးနွေးပွဲ (Panel Discussion) အတွက် မပြင်ဆင်ဘဲ၊ ရှေးရိုးအတိုင်း စာတမ်းတွေ ပြုစုကြလို့ ပင်ပန်းရုံမက ငွေလည်း ကုန်ကျသွားကြ ရှာတယ်။ အင်္ဂလိပ် ဘာသာနဲ့ ဝေငှလိုက်မဟဲ့ … ဆိုတဲ့ စေတနာနဲ့ အင်္ဂလိပ် ဘာသာ ပြန်ခိုင်းကြရလို့ ဘာသာပြန်ခတွေ တက်ကုန်ကြပါတယ်။ ကွန်ပျူတာ စာစီခ၊ မိတ္တူခ၊ ချုပ်ခတွေ အများကြီး ကုန်ကျ ရှာပါတယ်။ အင်းလျားလိတ် ဟိုတယ်ဆိုတဲ့ နေရာကို အသွားအပြန် လိုင်းကား မရှိလေတော့၊ တက္ကစီခ တွေလည်း အများကြီး ထပ်ဆင့် ကုန်ကြရ ရှာပါတယ်။ ကုန်ပါစေ … ပျော်ကြပါတယ်။ ပရိသတ်နဲ့ ပြောကြားသူ အပြန်အလှန် ပူးပေါင်း ဆွေးနွေး ကြတာ အလွန် ပီတိဖြစ်စရာ ကောင်းပါတယ်။

ခက်သွားတာက … အချိန်ဇယားပါ။

အင်္ဂလိပ်လို (ရှက်ဂျူး)၊ အမေရိကန်လို (စကက်ဂျူး) လို့ခေါ်တဲ့ အချိန်ဇယားက အတော် အခက်တွေ့စေခဲ့တာပါ။ အကြိမ် ပေါင်းများစွာ ပြင်လိုက်၊ ဝေလိုက်၊ နောက်ထပ် ညှိလိုက်၊ ပြန်ပြင်လိုက်၊ ဖြည့်လိုက်၊ ဖျက်လိုက်နဲ့ တကယ်တမ်း ပွဲကျင်းပမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင် နောက်ဆုံးရက် ဇန်နဝါရီ ၃၁ ကျမှ၊ နောက်ဆုံး ဇယား ထွက်လာတယ်။ (အထူးမှတ်ချက် – အဲဒီ ဇယား ဆွဲခွင့် ကျမတို့ မရခဲ့ပါ)

ဒီတခါ မူလက ၁ ရက်နေ့ လုပ်ရမယ်လို့ သိထားတဲ့ အဖွဲ့ကို ၃ ရက်နေ့ ရွှေ့လိုက်တာလည်း ကာယကံရှင်က မသိလိုက်ဘူး။ ညကျမှ သိလို့ ၁ ရက်နေ့ ပြန်ရွှေ့ပေးပါ ပြောတော့ အချိန် ရှာပေး ရှာပါတယ်။ ဒါပေမယ့် မူရင်း ဇယားမှာ မပါတဲ့ အတွက် အဲဒီ အဖွဲ့ခမျာ သူရတဲ့ အချိန်၊ သူ ရတဲ့ အခန်းကို သွားတဲ့ အခါ ခုံလေးတွေတော့ ရှိပါရဲ့ … ပရိသတ် တယောက်မှ မရှိ။ ဘယ်ရှိမလဲ … အားလုံးကို အဲဒီ ဇယားလေးတွေ အလကားဝေထားတာမို့ ဇယားလေးကို ကိုင်ပြီး ကြိုက်တဲ့ အခန်း သွားကြတာကိုး။ တပြိုင်နက် ၄ နေရာ ကျင်းပတယ်လေ။ ကြိုက်တာ ဆွေးနွေး … နားထောင်နိုင်ကြတယ်။ အင်္ဂလိပ်လို နားထောင်ချင်ရင် အင်္ဂလိပ်လို ပြောတဲ့ အခန်းသွား။ မြန်မာလို နားထောင်ချင်ရင် အဲဒီ ကြယ်ပွင့် (*) ပြထားတဲ့ အခန်း သွားပေါ့။

ခုနက ပြောခဲ့တဲ့ အဖွဲ့ခမျာမှာတော့ သူတို့ ပြောဖို့ လုပ်ကြတဲ့အခါ ဇယားမှာ ကွက်လပ်ကြီး ဖြစ်နေတော့ ပရိသတ်က မသိဘဲ ပရိသတ် တယောက်မှ မရှိတာပါ။ ဘာလုပ်ကြမလဲ … လို့ လျှပ်တပြက် စဉ်းစားကြတယ်။ ပရိသတ် မရှိဘဲ ပြောနေလို့က အဓိပ္ပာယ် မရှိဘူး။ ရွှေ့ဖို့ စဉ်းစားရင်လည်း အပိုပဲ။ သူတို့ မျက်ရည် မကျပါဘူး။ ဒေါသ မဖြစ်ပါဘူး။ ဘယ်သူမှလည်း အပြစ် မဖို့ပါဘူး။ ပညာတတ်တွေ ပီပီ … “ပညာရှိ အမျက် အပြင်မထွက်” ဆိုတဲ့ ဆုံးမစကားလို တိတိကျကျ ကျင့်သုံးသွားခဲ့ကြတယ်။ ငိုတာက ကျမပါ။ မျက်ရည် မကျဘဲ ရင်ထဲမှာ ငိုတာမို့ ပိုပြီး အခံရခက်ပါတယ်။

သူတို့ အဖွဲ့ဟာ ဒုတိယ အစည်းအဝေးက စပြီး အပြီးသတ် အထိ တက်ခဲ့ကြသူတွေပါ။ စာပေနယ်မှာ တစုံတရာ နာမည်ရပြီးသူတွေပါ။ စာတမ်းအတွက် အပင်ပန်းခံပြီး ဘာသာပြန်ခတွေ၊ မိတ္တူခတွေ၊ ကွန်ပျူတာ စာစီခ တွေကို သောင်းချီပြီး အကုန်အကျ ခံခဲ့ကြသူတွေပါ။ “ဆရာမပဲ လူကြီး လုပ်နေတာ” လို့ ကျမကို ခပ်သာသာလေး အပြစ်တင်ချင်ဟန် မျက်လုံးနဲ့ ကြည့်တာ မြင်ရတော့ ဇယားဆွဲတဲ့ အထဲမှာ ကိုယ်မှ ပါခွင့် မရခဲ့တာလေ … လို့ မျက်လုံးနဲ့ပဲ ဖြေခဲ့ရတယ်။ သူတို့ နာမည်တွေကို ကျမ မဖော်ရက်ပါဘူး။

နောက် တဖွဲ့က တမျိုး … ဆိုးပြန်ပါတယ်။

လူအများ ဖြတ်သွား ဖြတ်လာ လုပ်လို့ရတဲ့ နေရာမှာ နေရာရတယ်။ သူတို့ အဖွဲ့က တောင့်တယ်။ နားထောင်မယ့် ကိုယ်ပိုင် ပရိတ်သတ် (အမာခံ ပရိသတ်) လည်း အသင့်စုပြီးသား ရှိတယ်။ ဒါပေမယ့် အဲဒီ အခန်းမှာ ထိုင်ခုံ မရှိဘူး။

အခမ်းနားမှူး လုပ်တဲ့သူရဲ့ မျက်နှာက နာဂစ်ဖြစ်နေပြီ။ ကျမမှာ သူ့ကို စိတ်ထိန်းဖို့ ဖက်ပြီး ချော့ရတယ်။ တပြိုင်နက်တည်း မှာပဲ အခန်းစောင့် ဗော်လံတီယာတွေကို “ဟိန်းဟောက်” ရတယ်။

သူတို့ ခမျာလည်း ပျာယာခတ်ပြီး ထိုင်ခုံ ပြေးရှာကြပါရဲ့။ ဒါပေမယ့် စားပွဲက သေးနေလို့ ကိုယ့်လူတွေ ကိုယ့်လက်ကိုင်အိတ်၊ လွယ်အိတ်တွေကို ပေါင်ပေါ် တင်ပြီး စကားပြောရတာ မြင်တော့ ကြီးကျယ် ခမ်းနားတဲ့ စင်မြင့်နဲ့ ဆိုဖာတွေ ခင်းထားတဲ့ (Ball Room ) ဆိုတာကြီးနဲ့ ယှဉ်မိပြီး ကျမ ရင်နင့်ရပြန်တယ်။ ဒီကြားထဲ ကိုယ့် အမာခံ ပရိသတ်နဲ့ စပြီး ငြိမိပြီ ဆိုတဲ့ အချိန်မှာ၊ ကိုယ့်အခန်းကို ဖြတ်ပြီးတော့ ဟိုဘက် ဘောလ်ရွန်းကြီးဆီ အပြေးအလွှား သွားကြတဲ့ လူတွေက ကိုယ့်အခန်းကို မလေးမစား ပြုသွားတယ်လို့လည်း ခံစားမိပြန်တယ်။ ပညာရှိ အမျက် အပြင်မထွက်အောင် ကျင့်လက်စနဲ့ ကျင့်ရတယ်။ ဒီလိုအရေးတွေ မြင်လို့ ကျမက ကြိုတင်ပြီး ပြောခဲ့တာပါ။ (တားခွင့်တော့ မရှိဘူး ဟုတ်လား) သူတို့ ဘယ်လိုလူကို ဦးစားပေးခဲ့သလဲ၊ ဘယ်လို လူကို ဘယ်လို အခန်းမှာ ဘယ်လို အချိန်ပေးခဲ့သလဲ ဆိုတာ ကျမ ပြောဖို့ မလိုပါဘူး။ ဇယားတွေ ပေါပါတယ်။ လွယ်လွယ်နဲ့ ကြည့်လို့ ရပါတယ်။ အဲဒီ ဦးစားပေး ပုဂ္ဂိုလ်ကို တနေ့တည်းမှာ ၂ ချိန်တောင် ပေးခဲ့လို့ တခြား အခန်းတွေမှာ အာရုံ လျော့သွားတာ ခံရတာက ကာယကံရှင်တွေပဲ ခံစားကြရတာပါ။ အဲဒီလို ပရိသတ် ပြေးလွှား အာရုံစိုက်နေချိန်မှာ စာရေးဆရာ ဆရာမတွေ အများစုက အင်းလျားကန်းစောင်း မြက်ခင်းမှာ ဖင်ချထိုင်ပြီး စိတ်ကြေ နေကြရှာပါတယ်။ ပညာရှိ အမျက် အပြင် မထွက်။

အဆိုးဆုံးတကာ့ အဆိုးဆုံးကတော့ နောက်ဆုံး အခန်းတခုပဲ။ ညနေ ၆း၃၀ မှာ ပိတ်ပွဲလုပ်မယ်လို့ သိရတယ်။ အဲဒီ ၆း၃၀ မှာပဲ စာရေးဆရာ တစု (ဆရာမလေး ၂ ယောက်နဲ့ ဆရာ ၂ ယောက်) အစီအစဉ် ရှိနေတယ်။ သဘောကတော့ ဒီကလေး တွေရဲ့ အစီအစဉ်က ပိတ်ပွဲရဲ့ အပြင်ဘက်ပေါ့။ ပွဲတော် ပြင်ပပေါ့။

ကျမ တယောက်တည်း အတွက် ငိုစရာ မဟုတ်ပါဘူး။ ၃ ရက်အတွင်း ကျမက ၄ နေရာတောင် ဆွေးနွေးခဲ့ပြီးပြီ။ အင်္ဂလိပ် ဘာသာနဲ့ ၂ နေရာ၊ မြန်မာဘာသာနဲ့ ၂ နေရာပါ။ အခု ၆း၃၀ မှာ ဆွေးနွေးရမယ့် ကလေးတွေက တခါမှ မပြောရရှာ သေးပါဘူး။ သူတို့ ခမျာ အစည်းအဝေးတွေလည်း တက်ခဲ့ကြတယ်။ ၃ ရက်လုံးလုံးလည်း အပြေးအလွှား ဟိုသည်ကူးပြီး နားထောင်ခဲ့ကြရှာတာပါ။ အခု သူတို့ ရတဲ့ အလှည်က ပွဲတော် ပိတ်ပွဲ အပြင်ဘက်မှာ။ ပွဲတော် ပိတ်ပွဲက ရေကန်ဘေး လသာတဲ့ မြက်ခင်းမှာ။ သူတို့ ခမျာက အပေါ်ထပ် ချောင်ကျကျ အခန်း ကျဉ်းလေးထဲမှာ။ နေ့ခင်းက တွင်ကျယ်ခဲ့တဲ့ စန္ဒရားကြီးလည်း အဖုံးပိတ် ထားပြီ။ စားသောက်ခန်းမှာလည်း ကျီးနဲ့ ဖုတ်ဖုတ်။ လော်ဘီ မှာလည်း ဧည့်သည်တွေက လေယာဉ်ကွင်း ဆင်းမယ့် ခရီးဆောင် သေတ္တာတွေ နဲ့ …။

ကျမ ရဲဘော် တဦးက … “စာပေမှ တဆင့် လွတ်လပ်ခွင့်” ဆိုတဲ့ အခု သူတို့ ရထားတဲ့ ခေါင်းစဉ်ကြောင့် ဒီ အစီအစဉ်ကို လူမရှိတော့တဲ့ အချိန်မှာ ထားပေးတာလားလို့ မွေးခွန်း ထုတ်ခဲ့တယ်။ သူလည်း ပညာရှိပေါ့လေ။

ဟော … အောက်ဘက် မြက်ခင်းပြင်က လက်ခုပ်သံတွေပါလား …။ သူတို့ အောင်ပွဲခံနေပြီ။

အခန်းကျဉ်းလေးထဲက စာရေးဆရာမ လေးတွေကတော့ … မျက်စိသူငယ်နဲ့။ ကျမရဲ့ ရဲဘော်တဦးက “ရပ်လိုက်တော့” လို့ အဓိပ္ပာယ်ရတဲ့ လက်ဟန် (လည်ပင်းကို ဖြတ်ပြတာ) ပြလိုက်တယ်။

ဟုတ်တယ်လေ။ ဒီလိုပဲ ဆုံးဖြတ်ရတော့မှာပေါ့။ ကျမရဲ့ ညီမ တဦးက ရင်ကွဲတဲ့ ကဗျာ တပုဒ် ကောက်ရွတ်တယ်။ ကျမ ပေါက်ကွဲတယ်။ တပြိုင်နက်တည်းမှာပဲ ဆရာဖေမြင့် ပြောတဲ့ စကားကို သတိရတယ်။ ကိစ္စ အခက်အခဲ တခုခု တွေ့တိုင်း “နောက်ဆို ကိုယ့်ဟာကိုယ် လုပ်ရအောင်” တဲ့။

(ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာမျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်)

Loading