ဆောင်းပါး

ဟီလာရီ ကလင်တန်ရဲ့ သံတမန်ရေး အတက်အကျများနဲ့ မြန်မာပြည်

This article has been converted from Zawgyi One to Unicode

မြန်မာ-အမေရိကန် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ အဓိက ပါဝင်လုပ်ဆောင်ခဲ့သူ တဦးဖြစ်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် ရာထူးက အနားယူသွားပြီး မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အားပေး ထောက်ခံခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်ကယ်ရီဟာ ယခုသတင်းပတ်က စတင်ပြီး ရာထူးဆက်ခံ တာဝန် ထမ်းဆောင်နေပါပြီ။

နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်နဲ့ နိုင်ငံခြားရေး ဝန်ကြီးသစ် ဂျွန်ကယ်ရီဟာ မြန်မာ့အရေး၊ ကမ္ဘာ့အရေး ဆက်ဆံထိတွေ့ ကိုင်တွယ်မှုတွေမှာ ဘယ်လိုကွာခြားမလဲ ဆိုတာကို အကဲခတ်များက စောင့်ကြည့်နေကြပါတယ်။

မစ္စက် ကလင်တန် အနေနဲ့ နိုင်ငံခြားရေး ဝန်ကြီး တာဝန်ထမ်းဆောင်စဉ်က ဘယ်အရေးကိစ္စတွေက အောင်မြင်မှုရခဲ့ပြီး ဘယ်အရေးကိစ္စတွေမှာ အားနည်းခဲ့ရသလဲဆိုတာကို နယူးယောက်တိုင်းမ် သတင်းစာကြီးက မကြသေးမီက သုံးသပ်ရေးသားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နွေရာသီက ဆီးရီးယားမှာ သမ္မတ ဘာရှား အာဆတ် ပြုတ်ကျရေးအတွက် ဆီးရီယားသူပုန်တွေကို လက်နက်ထောက်ပံ့ကူညီဖို့နဲ့ လေ့ကျင့်သင်ကြားပေးဖို့ အစီအစဉ်ကို မစ္စက် ကလင်တန်နဲ့ အမေရိကန် စီအိုင်အေ ဗဟို ထောက်လှမ်းရေး အကြီးအကဲ စစ်ဗိုလ်ချုပ်ကြီးဟောင်း မစ္စတာ ပီ ထရော့စ်တို့က အိမ်ဖြူတော်ကို အဆိုတင်ခဲ့ပါတယ်။

ဒါပေမယ့် အိမ်ဖြူတော်က ဒီလို စွန့်စားရမယ့် ကိစ္စအပေါ် အတော်စိုးရိမ်နေခဲ့တယ်လို့ အမေရိကန် အစိုးရ အရာရှိတွေကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းစာကြီးက ရေးသားဖော်ပြထားပါတယ်။ ဒါကလည်း သမ္မတ အိုဘားမားရဲ့ ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲ ကာလနဲ့လည်းတိုက် ဆိုင်တာနေတာကြောင့် ဆိုတာ အကြောင်းတခုပါ။

ဒါပေမယ့် ဒီ့အရင်တနှစ်ကတော့ မစ္စက် ကလင်တန်ဟာ အိမ်ဖြူတော်နဲ့ ဆက်ဆံရေး ကံကောင်းခဲ့ပါတယ်။ သူဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်အာဏာရှင် အုပ်ချုပ်ရေးကြောင့် အထီးကျန်နိုင်ငံဘ၀ ရောက်နေရာကနေ ရုန်းထွက်ချင်တဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည် တံခါးဖွင့်ဖို့ သမ္မတ အိုဘားမား လက်ခံလာအောင် ဆွဲဆောင်မှုကတော့ အောင်မြင်သွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

မစ္စက် ကလင်တန်ဟာ မြန်မာနဲ့ ဆက်ဆံရေး ပြန်လည် ဖွင့်နိုင်ခဲ့တဲ့ကိစ္စကို သူ့ရဲ့အောင်မြင်မှု၊ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒ အောင်မြင်မှုအနေနဲ့ ကြွေးကြော်ခဲ့တာပါ။

မစ္စက် ကလင်တန်ဟာ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလမှာ နိုင်ငံပေါင်း ၁၁၂ နိုင်ငံကို ရက်ပေါင်း ၄၀၁ ရက်ကြာ၊ မိုင်ပေါင်း ၁ သန်းလောက် ခရီးဆန့်ခဲ့သူ ဖြစ်ပါတယ်။

“ဆီးရီးယားနဲ့ မြန်မာ့အရေးတို့နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးသက်တမ်းအလွန် ဟီလာရီရဲ့ သမိုင်းမှတ်တိုင် တွေပါပဲ။ အောင်မြင်မှု၊ ကျဆုံးမှု တွေထဲက အထင်ရှားဆုံး ဖြစ်ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ပေါ်လစီကိုလည်း အခိုင်အမာ တခါးတချပ် ဖွင့်နိုင်သလို သင်ခန်းစာလည်း ရခဲ့ပါတယ်” လို့ နယူးယောက်တိုင်းမ် သတင်းစာက ရေးပါတယ်။

ဒါ့အပြင် ဆီးရီးယားနဲ့ ဘင်ဂါဇီအရေးမှာ မစ္စက် ကလင်တန် အတွက် အားနည်းချက်တွေ ဖြစ်တယ်ဆိုပေမယ့် ဒီနေရာမှာ အထင်ရှားဆုံး မီးမောင်းထိုးပြရမှာကတော့ မြန်မာစစ်အစိုးရနဲ့ သံတမန်လမ်း ဖွင့်နိုင်ခဲ့တာဟာ မစ္စက် ကလင်တန်ရဲ့ အောင်မြင်တခုဖြစ်တယ်လို့ နယူးယောက်တိုင်းမ်က သုံးသပ်ပါတယ်။

မြန်မာ့အရေး ချဉ်းကပ်ဆက်ဆံရေး လမ်းကြောင်းတွေကို ထိတွေ့ဆက်ဆံမှုတွေနဲ့ ပြန်ဖွင့်နိုင်ဖို့အတွက် မစ္စက် ကလင်တန်ဟာ ပင်တဂွန်နဲ့ အိမ်ဖြူတော်တို့ကိုလည်း အခြေအတင် လွန်ဆန်ခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။ အလားတူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုံး၀ အပြည့်အဝ ထောက်ခံနေတဲ့ ကင်တပ်ကီပြည်နယ် အထက်လွှတ်တော် အမတ် မစ်ချ် မက်ကော်နယ်လ်တို့လို အမတ်တွေရဲ့ ဆန့်ကျင်ဘက် မေးခွန်းထုတ်မှုတွေလည်း ခံခဲ့ရပါသေးတယ်။

မစ္စက် ကလင်တန်က သူ့လက်ထောက်တယောက်ဖြစ်တဲ့ အရှေ့အာရှဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့ဒ် ကမ်းဘဲလ်ကို မြန်မာပြည်က ဗိုလ်ချုပ်ကြီးတွေနဲ့ တွေ့ဖို့ စေလွှတ်ခဲ့ပါတယ်။ သူပြန်လာတဲ့အခါ မြန်မာပြည်ဟာ အပြောင်းအလဲအတွက် တာစူနေပြီဆိုတဲ့ ဆွဲဆောင်မှုကြောင့် မစ္စက် ကလင်တန်လည်း မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ဖြေလျှော့ပြီး သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ ပြန်လည်သုံးသပ်မှု အပြည့်အ၀ လုပ်ခဲ့တာပါ။

ဒါကိုပဲ အိမ်ဖြူတော်က သေချာ ပြန်သုံးသပ်ခဲ့ပြီး သမ္မတ အိုဘားမား ကိုယ်တိုင်က မစ္စက် ကလင်တန် မြန်မာပြည်ကို သမိုင်းဝင်ခရီးစဉ်အဖြစ်သွားဖို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာပဲ စေလွှတ်ခဲ့ပါတယ်။ ဒါကလည်း သမ္မတ အိုဘားမားကို တိုက်ရိုက် ဆွဲဆောင်မှု ရသွားစေခဲ့တာပါ။

“ကျမတို့ ဘာတွေ ဆက်ဖြစ်မယ်မသိဘူး။ သမ္မတကတော့ ကြည့်လိုက်၊ ကျနော် ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားနောက်မှာ ရှိတယ်လို့ အခြေခံသဘောကျကျ ပြောခဲ့ပါတယ်” လို့ မစ္စက် ကလင်တန်က ပြောခဲ့ကြောင်း နယူးယောက်တိုင်းမ်းက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ လုံး၀ သိသိသာသာကြီး ပြောင်းလဲမှု တိုးတက်နေတာ မဟုတ်ပေမယ့် မြန်မာ့ အခြေအနေဟာ ထိုက်သင့်တဲ့ တိုးတက်မှု တစုံတရာရှိတာကြောင့် သမ္မတ အိုဘားမား ကိုယ်တိုင်လည်း မစ္စက် ကလင်တန်နဲ့ အတူ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားနဲ့ အတူလာခြင်းဟာ ဒုတိယအကြိမ် မြန်မာခရီးစဉ်ဖြစ်ပြီး မစ္စက် ကလင်တန်ဟာ မြန်မာနိုင်ငံကို နိုင်ငံခြားရေးဝန်ကြီး တာဝန်နဲ့ ၂ ကြိမ်မြောက် လာရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဟာ ထင်ရှားခဲ့တာပါ။

ဒီလို သမိုင်းတင်မယ့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ အပြောင်းအလဲတွေရဲ့နောက်ကွယ်မှာ မစ္စက် ကလင်တန်ရဲ့ ကြိုးစားမှု၊ ချဉ်းကပ်မှုတွေနဲ့ ပတ်သက်လို့ ဘာတွေ ရှိခဲ့တယ်ဆိုတာ သူကိုယ်တိုင် မြန်မာအရေး လုပ်ဆောင်ခဲ့တာတွေကို ပြန်ပြောပြခဲ့ပါတယ်။

“ကျမတို့ရဲ့ ဆက်ဆံရေးဟာ အောင်မြင်မှု ရှိတယ်၊ မရှိဘူး စမ်းသပ်တဲ့အနေနဲ့ သူတို့ (မြန်မာ စစ်ခေါင်းဆောင်တွေ) ဟာ ဒီကာလ တခုအတွင်း တကယ် ပြောင်းလဲဖို့အတွက် ကျမတို့အနေနဲ့ နည်းလမ်းတွေ တွေ့နိုင်မလားဆိုပြီး နေရာ တချို့ကို သွားခဲ့တဲ့အခါမှာ ပထမဆုံး ပြောရမှာကတော့ ကျမ အခိုင်အမာ ယုံကြည်လာခဲ့ပါတယ်။ အစောပိုင်း ကာလတွေမှာပဲ ကျမအနေနဲ့ မြန်မာပြည်ကိစ္စကို စမ်းသပ်ချင်ခဲ့တာကြောင့် ဆုံးဖြတ်ချက် တခုချခဲ့တယ်။ အဲဒီမှာ မြန်မာနိုင်ငံက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီကို ကိုယ်စားပြုသူတွေ၊ ကျမတို့ လူတွေနဲ့ တွေ့ဖို့ လိုလားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ ကျမတို့ဆီက သံတမန်တွေကို စေလွှတ်မှု စတင်ခဲ့ပါတယ်”လို့ မစ္စက် ကလင်တန်က နယူးယောက်တိုင်းမ်းကို ပြောပါတယ်။

ဆက်လက်ပြီး မစ္စက် ကလင်တန်က ပြောရာမှာ “ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း ပတ်ဝန်းကျင်နဲ့ ကန့်သတ်မှု အလွန်အကျွံခံထားရတယ်။ အရှေ့အာရှနဲ့ ပစ္စိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့ဒ် ကမ်းဘဲလ်ကို ကျမက သံတမန်တွေ စေလွှတ်ရေးကိစ္စအတွက် ခန့်အပ် တာဝန်ပေးလိုက်တယ်။ နောက် သူ့ဆီက အစီရင်ခံစားတွေကို ကြည့်ပြီး နောက်ဆုံး ကျမလည်း သူကိုယ်တိုင်ကို မြန်မာပြည်ကို စေလွှတ်ခဲ့ပါတယ်။ အဲဒီကာလက သူ့ရဲ့ မြန်မာပြည်ခရီးဟာ အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး အရာရှိရဲ့ ခရီးစဉ်ပါပဲ။ သူက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တော်တော်များများနဲ့ တွေ့ဆုံဆွေးနွေးပြီး ပြန်လာတယ်။

မစ္စတာ ကာ့ဒ်ကမ်းဘဲလ် ပြန်လာတော့ ပြောပြတာတွေနဲ့ ပတ်သက်ပြီး မစ္စက် ကလင်တန်က “သူက ပြောတယ်လေ။ သူအာရုံအသိ ရတာကတော့ မြန်မာပြည်မှာ အရွေ့တခုတော့ ရှိနေတယ်။ ကျနော်တို့ ဒါကို တွန်းအားပေးပြီး အကူအညီ ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျမတို့ရဲ့ မြန်မာဆိုင်ရာ မူဝါဒကို ကြည့်တဲ့ တချိန်တည်းမှာပဲ ပုံမှန် လုပ်ငန်းစဉ်တခုရှိဖို့ ကျမတို့ လိုအပ်တယ်ဆိုတာ သူက ပြောခဲ့တယ်။ ကျမကလည်း ပြန်ပြောလိုက်ပါတယ်။ လူအများစုက မဖြူရင် မည်းတယ်ဆိုတဲ့ အမြင်တွေသာ များတယ်။ ဒီတော့ ကျမတို့က ဘာကြောင့် ထိတွေ့ဆက်ဆံရေး လုပ်မှာလဲဆိုတာနဲ့ ကျမတို့ ဘာကြောင့် မြန်မာပြည်ကို တယောက်ယောက် စေလွှတ်ရတယ်ဆိုတာ သတိရှိဖို့ ပြောဖြစ်ခဲ့တယ်” လို့ ဆိုပါတယ်။

“ဒါကြောင့် ကျမ လုပ်ဆောင်ခဲ့တာ ၂ ခု ရှိတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို အခိုင်အမာ ထောက်ခံနေတဲ့ အထက်လွှတ်တော် အမတ် မစ်ချ် မက်ကော်နယ် ဦးဆောင်တဲ့ သူတွေကိုလည်း ကျမသိခဲ့တာပါပဲ။ မစ်ချ် မက်ကော်နယ် ဆိုတာလည်း ကျမ လုပ်မယ့် လုပ်ငန်းတွေကို သေချာ ဝေဖန်ထောက်ပြမယ့်သူမျိုး။ ဒါကြောင့် ကျမ သူ့ကို သွားတွေ့ခဲ့တယ်။ ဒါက ပြောပြတာပါ။ ထုတ်ပြောဖို့ မဟုတ်ပါဘူး။
ကျမ ပြောချင်တာကတော့ မြန်မာပြည်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ စမ်းသပ်ဖို့ ကျမ အတူ အားထုတ်ကြိုးစား နေတယ်ဆိုတာပါပဲ” လို့ မစ္စက် ကလင်တန်က သူ့ရဲ့ ချည်းကပ်မှုတွေအကြောင်း ဆက်ပြောထားပါတယ်။

မစ္စက် ကလင်တန်က ဆက်လက်ပြီး “သူကလည်း ပြောပါတယ်။ ဒါ အလုပ်ဖြစ်မယ်လို့တော့ မထင်ဘူး၊ အလုပ်ဖြစ်ချင်မှ ဖြစ်မယ်၊ မဖြစ်ချင် မဖြစ်ဘူး။ ဒါပေမယ့် ငါသိချင်တာက ငါတို့ ကြိုးစား လုပ်ဆောင်နေတာကို မင်းထောက်ခံ အားပေးမယ်၊ အားမပေးဘူးဆိုတာပဲလို့ မက်ကော်နယ်က ပြောပါတယ်။ နောက်ဆုံးတော့ သူလည်း ပြောပါတယ်။ ဒီပြင်ကျန်တာတွေလည်း ဘာမှ အလုပ်မဖြစ်ခဲ့ဘူး။ ဒီတော့ မင်းကောင်းကောင်း လုပ်နိုင်မလားပဲ တဲ့လေ။ အဲဒါနဲ့ သူ့ရုံးခန်းက ထွက်လာရင်း လမ်းမှာသူက ရပ်လိုက်တယ်။ သူ့အတွင်းရုံးခန်းနား မရောက်ခင်လေးမှာပဲ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပေးတဲ့ လက်ရေးစာ မူရင်းကို ပေးလိုက်တယ်။ စာထဲမှာတော့ နှစ်ပေါင်းများစွာ သူ့အပေါ် ထောက်ခံအားပေးခဲ့တာတွေ အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ဆိုထားတာပါ” လို့ မစ္စက် ကလင်တန်က ဆိုပါတယ်။

နောက်ပိုင်းမှာ မစ္စက် ကလင်တန်ရော၊ သမ္မတ အိုဘားမားပါ မြန်မာနိုင်ငံကို သမိုင်းဝင် ခရီးစဉ်အဖြစ်နဲ့ လာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ခရီးစဉ်မတိုင်မီကပဲ သံတမန်ဆက်ဆံရေး ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ လုပ်ခဲ့ရင်း အာရှနဲ့ တရုတ်အရေး ကျွမ်းကျင်သူ မစ္စတာ ဒဲရစ်မစ်ချဲလ်ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ပထမဆုံး ပြန်လည် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ သမ္မတ အိုဘားမားအနေနဲ့ မစ္စက် ကလင်တန်ရဲ့ အာရှအပေါ် အာရုံထားရေး မူဝါဒကို အလေးအနက်ထားတဲ့ အရွေ့တခုသာမက တရုတ်နိုင်ငံအတွက်ပါ တုံ့ပြန်မှုတခုကို ထင်ဟပ်စေခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်နဲ့ တရုတ်နိုင်ငံ အိမ်နီးချင်းတွေအကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတာတွေကို ကူညီဖို့ အမေရိကန်အနေနဲ့ စိတ်ဝင်စားတယ်လို့ ၂၀၁၀ ခုနှစ်က မစ္စက် ကလင်တန် ကြေညာခဲ့စဉ်က တရုတ်က ဒေါသတကြီး တုံ့ပြန်ခဲ့မှုကိုလည်း ပြန်နှိုးဆွလိုက်သလိုပါပဲ။

အာရှတိုက်ကို ဆုံချက်ထား စဉ်းစားလာတဲ့ အမေရိကန် ပေါ်လစီရှိလာသလို တဖက်ကလည်း အမေရိကန်အနေနဲ့ ဒီ ဒေသကို ပိုပြီးများများ ထိတွေ့ ဆက်ဆံမှုတွေ ပိုတိုးလုပ်ဖို့ကိစ္စ ဖြစ်ခဲ့တာလို့ အမေရိကန် အမျိုးသားလုံခြုံရေး လက်ထောက် အကြံပေးအရာရှိ ဘင်ဂျမင် ဂျေရိုဒ့်က ဆိုပါတယ်။

အရှေ့အလယ်ပိုင်း အာရပ်ကမ္ဘာက နိုးထလာခဲ့တာကြောင့် အမေရိကန်အနေနဲ့ အာရှကို အာရုံထားဖို့ မဟာဗျူဟာကလည်း မစ္စက် ကလင်တန်အတွက် အခုလို အောင်မြင်ဖို့ မျက်နှာသာ ရစေခဲ့ပါတယ်။

“နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ကမ္ဘာတလွှား အမေရိကန် နိုင်ငံခြားရေး ပေါ်လစီကို အကောင်းဘက် မျက်နှာ မူနိုင်အောင် အံ့မခန်း ပြောင်းလဲစေခဲ့တယ်” လို့ သမ္မတ ဂျော့ ဒဗလျူ ဘုရှ် အစိုးရလက်ထက်က လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးလုပ်ခဲ့သူ ရစ်ချတ် အယ်လ် အာမီတေ့ဂျ် (Richard L. Armitage) က မှတ်ချက်ပေးပါတယ်။

ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ တချိန်က အာဖဂန်နဲ့ ပါကစ္စတန်နိုင်ငံဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေးအရာရှိ Vali R. Nasr ကလည်း “ကလင်တန်ဟာ နောက်ကွယ်က မနေချင်ခဲ့ဘူး။ သူက ရှေ့မျက်နှာစာမှာ ဦးဆောင်ချင်ခဲ့တာ” လို့လည်း နယူးယောက်တိုင်းမ်ရဲ့ သုံးသပ်ချက်မှာ မှတ်ချက်ပြုသွားပါတယ်။     ။

Loading