ဆောင်းပါး

ထောင်ဆွေး

This article has been converted from Zawgyi One to Unicode

“ထောင်ဆွေး” ဆိုတဲ့စကားလုံးဟာ တကယ်တော့ စာဖတ်သူအများစုနဲ့ ရင်းနှီးမှုရှိတဲ့ စကားလုံးတော့မဟုတ်လို့ အဓိပ္ပါယ်ကိုလည်း ရုတ်တရက်နားလည်ကြမယ် မထင်ပါဘူး။ ဒီစကားလုံးက တော်တော်များများအတွက် နားစိမ်းနေပါလိမ့်မယ်။ တကယ်တော့ “ထောင်ဆွေး” ဆိုတာ အကျဉ်းထောင်တွေထဲ နှစ်များစွာ ဘက်ပေါင်းစုံက ဖိအားတွေကြောင့် စိတ်ဒဏ်ရာ၊ ရုပ်ဒဏ်ရာတွေကြောင့် ငြိတွယ်လာရတဲ့ ရောဂါဆိုးလို့ ဆိုနိုင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ နေရသည့် ထောင်တွင်း မြင်ကွင်းနှင့် အကျဉ်းသားအတွက် စားစရာ (ဓာတ်ပုံ – ဧရာဝတီ)

မြန်မာနိုင်ငံမှာ အကျဉ်းထောင်ပေါင်း ၄၄ ထောင်နဲ့ ရဲဘက်စခန်းပေါင်း ၁၁၀ ကျော် ရှိပါတယ်။ အကျဉ်းထောင်တွေမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ အခုထိ ၂၀၀ ကျော် ကျန်ရှိနေပါသေးတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ပြည်တွင်း ပြည်ပမှာ ထောင်နဲ့ချီပြီး ရှိနေကြပါတယ်။

ဒါပေမယ့် ထောင်က လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားတိုင်းလိုလို တခြားသာမန် နိုင်ငံသားတွေလို မဟုတ်တဲ့ ကျန်းမာရေး ပြဿနာ တခုမဟုတ် တခုခုကတော့ ရှိနေကြတာပါ။ စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာရေးမှာ တခုခု ထိခိုက်မှုတွေကြောင့် ရရှိလာတဲ့ ရောဂါလို့ ဆိုနိုင်တဲ့ ထောင်ဆွေးရောဂါဟာ အသက်ရှည်ရှည် ရှင်သန်နေထိုင်ဖို့ မလွယ်ကူကြပါဘူး။

ဒီလို ဆိုးကျိုးတွေ ဘာကြောင့် ဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းတွေက ဒုနဲ့ဒေးပါ။

ကျနော်လည်း အကျဉ်းထောင်တွေထဲ ဆယ်စုနှစ် ၂ ခု နီးပါး နေလာခဲ့ပြီး ပြစ်ဒဏ်ရက်စေ့လို့ ပြန်လွတ်မြောက်လာခဲ့တယ်။ ငရဲဘုံက လွတ်မြောက်လာခြင်းမျိုးပါ။ ဒါကြောင့် ဒီငရဲကို ပြန်ပြီး မတွေးချင်ဘူး။ မစဉ်းစားချင်ခဲ့ဘူး။ ဒါပေမယ့် မရခဲ့ပါဘူး။ အခုအချိန်အထိ ကျနော့်စိတ်ဟာလည်း ထောင်အတိတ်ဆိုးတွေကနေ ပြေးမလွတ်နိုင်သေးပါဘူး။

သာဓက တခုအနေနဲ့ ပြောရရင် အိပ်မက်မက်တဲ့ အခါမျိုးတွေမှာ အကျဉ်းထောင်ထဲ ဆယ်စုနှစ် ၂ ခုလောက် နေခဲ့ရတဲ့ ဖြတ်သန်းမှုက ကြီးတော့ အိပ်မက်ထဲမှာတောင် အကျဉ်းခန်းထဲမှာ ရှိနေတတ်ပြီး တခါတလေ အိပ်ရာက နိုးတဲ့အခါ ထောင်ထဲမှာ မနက် လူစစ်ရင် တန်းစီဖို့ ပုံစံ ထထိုင်မိတတ်တာမျိုး ကြုံနေရဆဲပါ။

ဒါကြောင့် ကျန်းမာရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်း ဂရုစိုက်နေရပြီး အဖက်ဖက်က ခံစားခဲ့ရတဲ့ ဒဏ်ရာတွေကို စိတ်နဲ့ပဲ ကုစားနေရပါတယ်။ အခုတော့ အကျဉ်းသား တဖြစ်လဲ သတင်းသမားအဖြစ်နဲ့ ဆိုတော့ ထောင်အကြောင်းတွေ ပိုပြီး မစဉ်းစား ဖြစ်အောင် အလုပ်နဲ့ ဖိထားဖြစ်တယ်။ ဒါပေမယ့် အချိန်တန်တော့ ထောင်နဲ့ပတ်သက်တာက တခုမဟုတ် တခု တော့ ကြုံနေရတာပါဘဲ။

နေ့စဉ် အသုံးပြုနေတဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာမှာလည်း ဒီအကြောင်းက မကင်းခဲ့ပါဘူး။ ဖေ့စ်ဘုတ် ကွန်ရက်ကနေ ငယ်သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ ပြန်လည် ဆုံဆည်းခွင့်တွေရသလို နှုတ်ဆက် ထွက်ခွာသွားတာတွေ သိရတယ်။

ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာပဲ သူငယ်ချင်းဖြစ်သူ နိုင်ငံရေးအကျဉ်းသား ကိုမင်းဟန်တယောက် မူးလဲလို့ ဆေးရုံတင်ရဆိုတဲ့ သတင်း မကြာသေးခင် ရက်ပိုင်းက ကြားလိုက်ရတယ်။ ကြားရပြီး နောက်နေ့မှာပဲ ဆုံးပါးသွားတယ်ဆိုတဲ့ သတင်း ထပ်ကြားရတယ်။

အကြောင်းစုံကို သိလိုက်ရတာက နှလုံးရောဂါကြောင့်ပါတဲ့။ မြန်မြန်ကြီး အကောင်းကြီးကနေ ကိုမင်းဟန် ဆုံးပါးသွားရတာပါ။ သူနဲ့ ကျနော်ဟာ ထောင်ကလွတ်လာတာလည်း မရှေးမနှောင်း။ သူက ၁၉၉၁ ခုနှစ်မတ်လက သေဒဏ်ကျပြီး အကျဉ်းထောင်တွေထဲမှာ ၂၁ နှစ်ကျော် နေခဲ့ပြီးနောက် ၂၀၁၁ အောက်တိုဘာ ၁၂ ရက်နေ့ကမှ သရက်ထောင်ကနေ လွတ်လာခဲ့တာ။

ပြန်လွတ်လာပြီး ၁ နှစ်ကျော်ကျော်အတွင်း အခုလို အသက် ဆုံးရှုံးသွားရလောက်အောင် ဖြစ်ရတာ ဘာကြောင့်လဲ သေချာစဉ်းစားမိတယ်။ အလားတူ ဖြစ်ရပ်တွေလည်း အများကြီးရှိခဲ့တော့ အားလုံးကို သေချာ လေ့လာကြည့်မိတယ်။

နောက်ဆုံးအဖြေတခုထွက်ခဲ့တယ်။

အခုလို ဆယ်စုနှစ်နဲ့ချီပြီး ထောင်ထဲမှာ နေခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း အများစုဟာ ထောင်ဆွေးလို့သာ စိတ်ပိုင်း၊ ရုပ်ပိုင်း ဖိစီးမှုတွေကြောင့် ကျန်းမာရေးတွေ ထိခိုက်ပျက်ဆီး၊ အသက်ပါ ဆုံးပါး ကြရတာဖြစ်တယ်လို့ ကောက်ချက်ချမိပါတယ်။

ဒီနေရာမှာ ဒီလိုဖြစ်လာကြရတာတွေဟာ ဖိအားတွေက ၃ မျိုး ၃ စားရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဒါတွေကတော့ အပြင်ကလာတဲ့ တချိန်က စစ်အာဏာရှင်တွေ ပေးတဲ့ ဖိအား၊ အတွင်းကလာတဲ့ ကိုယ့်အချင်းချင်း ဆီက လာတဲ့ ဖိအားနဲ့ မိသားစုဆီကလာတဲ့ ဖိအားတွေပါ။

အပြင်ကလာတဲ့ ဖိအား

အဆိုးဆုံးကတော့ စစ်အာဏာရှင်တွေ ပေးတဲ့ ဖိအားတွေနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ဒဏ်ရာ ဝေဒနာတွေပါ။

ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ့် နိုင်ငံရေး အကျဉ်းသား အချင်းချင်း ပေးတဲ့ဖိအားနဲ့ ကိုယ့်မိသားစုတွေဆီက ဖိအား ၂ ခု ကတော့ ရည်ရွယ်ချက်မရှိပေမယ့် အခြေအနေကြောင့် ဖြစ်လာတဲ့ ဖိအားမျိုးတွေပါ။ ကိုယ့်အတွင်းဘက်နေ ဖြစ်ပေါ်လာတဲ့ ဖိအားမျိုးတွေပါ။

ဒါပေမယ့် အပြင်ဘက်က လာတဲ့ ဖိအားရဲ့ အစအနေနဲ့ နည်းမျိုးစုံ နှိပ်စက် ညှင်းပန်းတဲ့ စစ်ကြောရေးစခန်း ရောက်နေစဉ် အတွင်း  စစ်ထောက်လှမ်းရေးနဲ့ အထူးရဲတွေရဲ့ စစ်ဆေးမေးမြန်း အမူတည်ဆောက်စဉ် ကာလမှာ စိတ်ပိုင်း ရုပ်ပိုင်း ငရဲခန်းဖြတ်သန်းမှုကို နိုင်ငံရေး အကျဉ်းသားတိုင်း ရင်ဆိုင်ဖြတ် ကျော်ခဲ့ရတာပါ။

ဒီနေရာမှာတော့ အမှုဖြစ်စဉ်အပေါ် မူတည်ပြီး ကြမ်းကြမ်းတမ်းတမ်း နှိပ်စက်မှု အတိမ်အနက်ကတော့ ကွာခြားပါတယ်။ စစ်ထောက်လှမ်းရေးနဲ့ ရဲအထူးတပ်ဖွဲ့တွေရဲ့ အပြင်းထန်ဆုံး နှိပ်စက်ခံရသူတွေကတော့ လက်နက်ကိုင်အမှုနဲ့ ပတ်သက်တဲ့ သူတွေပါဘဲ။

နိုင်ငံရေး အကျဉ်းသားတွေဟာ စစ်ကြောရေး စခန်းကထွက်၊ ထောင်ကိုရောက်၊ ထောင်ဗူး၀ တခါးမှသည် အချုပ်ရုံး၊ ထောင်ကျရုံး၊ မိန်းဂျေး၊ ပုံစံခန်း၊ အိပ်ဆောင် သို့မဟုတ် တိုက်ခန်းဆိုပြီး သွားရာလမ်းတလျှောက် ငရဲပန်းတွေကို ဆွတ်ခူး စားသောက်သွားကြရင်း ချမှတ်ခံ လိုက်ရတဲ့ ထောင်ပြစ်ဒဏ်ကို မြိန်ရည်ယှက်ရည် မြည်းရင်းပေါ။ ဒီလိုနဲ့ အဲဒီနေ့ ဘဝသစ်အတွက် စတင်ရင်ဆိုင် ကြရတော့တယ်။

သေသွားတာ မဟုတ်ပေမယ့် ကြာတော့လည်း အမေ့ခံရတယ်။ ပျောက်သွားတာ မဟုတ်ပေမယ့် ရှာလို့လည်း မတွေ့ရဘဲ အုတ်ရိုးနဲ့ သံတိုင်က လောကကြီးနဲ့ ခြားနားထားတယ်။

ဒီလိုနဲ့ မျှော်လင့်ချက်ကို အနီးဆုံးမှာထားရင်း တရက်ချင်း ဘဝတွေကို ဖြတ်သန်းကြရတယ်။

နေ့စဉ် အသက်ရှင်သန်ရေး အာဟာရ ဓာတ်ညံ့ဖျင်းတဲ့ ပျော့တူး မနပ် ထောင်ထမင်း၊ ပဲဟင်းရေကျဲ၊ ငပိပုပ်စပ်စပ်၊ ဝက်နဲ့ ခွေးတောင် မစားတဲ့ တာလဘော ဟင်းရည်တွေဟာ ထောင်ဆွေးရောဂါကို ဖြစ်စေတဲ့ အကြောင်းတရားများထဲက တခုပါ။ ထောင်ဝင်စာ လာတွေ့နိုင်သူကလည်း လူများစု မဟုတ်။ လာတဲ့ထောင်ဝင်စာတွေမှာလည်း အများစုက မိသားစု ချို့တဲ့မှုရဲ့ မျက်ရည်စတွေကို ဟင်းထုတ်ထဲ ထည့်လာခဲ့ကြရတာပါ။

ဒါတွေကြောင့် ရေချိုးဆင်းချိန်၊ ဒါမှ မဟုတ် နီးစပ်ရာရဲ့ စိုက်ခင်းထဲက ကန်းစွန်းကြီးအရိုး၊ အရွက်၊ ဟင်းနုနွယ်၊ ကန်စွန်းရွက်တွေကို မကျက်တကျက် ရေနွေး ဒါမှမဟုတ် တာလဘောဟင်းရည်တွေနဲ့ ဟင်းလုပ်စားရတဲ့ အဟာရ မပြည့်မီတဲ့ အစားအစာတွေ နေ့စဉ် စားသုံးရခြင်းဟာလည်း ထောင်ဆွေးရောဂါကို ဖြစ်စေပါတယ်။

ဒီလို အာဟာရ မပြည့်မီလို့ ယိုယွင်းလာတဲ့ ကျန်းမာရေးအတွက် အကျဉ်းထောင်ရဲ့ စောင့်ရှောက်မှုက နတ္ထိနီးပါးပါပဲ။ အသက် ဆုံးလုနီးပါးဖြစ်မှ ပြင်ပ ဆေးရုံတွေဆီကို ရောက်ကြရတာ အများစုဖြစ်ပါတယ်။ ဒါတွေကြောင့်ပဲ အကျဉ်းထောင်တွင်း သေဆုံးမှုတွေဟာ ကြောက်ခမန်းလိလိ ကိန်းဂဏန်းတွေ မြင့်တက်ခဲ့တာပါ။

အကျဉ်းထောင်တွင်းမှာ လူတယောက်ရဲ့ အသက်ဟာ တိရိစ္ဆာန်တကောင်လောက် တန်ဖိုးမရှိလို့ဘဲ အကျဉ်းထောင် ဆိုတာကို လူရှင် သချုႋင်းလို့ အမည်တပ်ခဲ့ကြတာပါ။

အကျဉ်းဦးစီးက မွေးမြူထားတဲ့ နွား၊ ဝက်တကောင် သေခြင်းအတွက် အကျဉ်းထောင်ဝန်ထမ်း တယောက်အပေါ် ဌာနရဲ့ အရေးယူမှုတွေ ဆင့်ကဲ ကျရောက်တတ်ပြီး လူသေဆုံးမှု၊ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသား သေဆုံးမှု၊ ထိခိုက် နစ်နာမှုလိုမျိုးအတွက်ကျတော့ ထောင်ဝန်ထမ်းအတွက် ရဲသီဟဗလတို့လို အစရှိတဲ့ ဘွဲ့ထူးမျိုးထိ ချီးမြှင့်ခံခဲ့ကြရတာ သာဓကတွေ အများကြီးပါ။

၁၉၉၉ ခုနှစ် မတိုင်မီက အကူအညီပေးတဲ့ သူတွေဆိုလို့ နီးစပ်ရာ သူငယ်ချင်းတွေကလွဲလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ဆိုတာလည်း မရှိ။ ဒါကြောင့် ထောင်စကားတခွန်း ရှိတယ်။ ဒီထောင်ပုံစံနဲ့သာဆို အကျဉ်းသားတယောက် ခံနိုင်ရည်ရှိလှ အလွန်ဆုံး ၃ နှစ်ပဲတဲ့။ မိသားစုနဲ့ မိတ်ဆွေတချို့ရဲ့ ကူညီမှု မရှိခဲ့ကြရင် နိုင်ငံရေး အကျဉ်းသားတွေ ၃ နှစ် ထက် အသက်ပိုရှည်ဖို့ မဖြစ်နိုင်ဘူးလို့ မှတ်ယူခဲ့ကြပါတယ်။

ဒါပေမယ့် အသက်ဆက်ကြတယ်။ တယောက်ဒဏ်ရာ တယောက်က လျှာနဲ့လျက်ကုပေးရင်း ဒဏ်ရာတွေကို ကျက်စေခဲ့တယ်။ ဒီ ဝေဒနာတွေကတော့ စစ်အာဏာရှင်တွေက ပေးတဲ့ ဒဏ်ရာတွေပါပဲ။

အတွင်းကလာတဲ့ ဖိအားများ

ဒီနေရာမှာ ပွင့်ပွင့်လင်းလင်း ထည့်ပြောရရင် နိုင်ငံရေးအကျဉ်းသားတိုင်း အကျဉ်းထောင်တွေထဲမှာ နောက်ထပ် ရင်ဆိုင်ရတဲ့ အရာက ကိုယ့်အချင်းချင်းပေးတဲ့ ဖိအားကြောင့် ဖြစ်ရတဲ့ ဝေဒနာတွေပါ။

နိုင်ငံရေး အကျဉ်းသားတိုင်း ထောင်တွင်းဘ၀ ဖြတ်သန်းမှုမှာ အလံကိုယ်စီ ရှိကြတယ်။ အတိတ်က ဖြတ်သန်းခဲ့တဲ့ အဖွဲ့အစည်းတွေကို ကိုယ်စားပြု ရပ်တည်ကြရင်း တချို့က မဟာမိတ်ဖွဲ့တယ်၊ တချို့က ဗျာဒိတ်ချဲ့တယ်။ ဒီလိုနဲ့ ထောင်တွင်း ဘဝဖြတ်သန်းရင်း တယောက်ကိုတယောက် ဒဏ်ရာတွေ ပေးမိကြပါရော။

ရည်ရွယ်သည် ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ တယောက်ကြောင့် တယောက်ကတော့ ဒဏ်ရာတွေ ရကြတယ်။ ထွက်ပေါက်မဲ့ လူသားတွေဘဝမှာ အတူနေသူချင်းက တချို့ ပိုချစ်သွားကြတယ်။ တချို့ အမုန်းတွေပိုက်ပြီး ထောင်အုတ်ရိုးနဲ့ သံတိုင်တွေရဲ့ အပြင်အထိ သယ်သွားကြတယ်။ တချို့က အနာဂတ်ကို စိုက်ပျိုးကြတယ်။ တချို့ အတိတ်မှာ ကျန်ရစ်ခဲ့တယ်။ ဒီလို အချင်းချင်း ပွတ်တိုက်မိလို့ ဖြစ်လာတဲ့ ဒဏ်ရာတွေကလည်း ထောင်ဆွေးစေတဲ့ အကြောင်းတပါး ဖြစ်ပါတယ်။

နောက်တခါ အကျဉ်းထောင်ထဲမှာ အငံ့လင့်ဆုံးက သတင်းပါ။ အပြင်လောကကြီးက ဖြစ်ပျက်နေတဲ့ နေ့စဉ်သတင်းတွေကို သိခွင့်ရလိုက်ခြင်းဟာ ဟင်းကောင်း တခွက်ထက် ပိုမြိန်ပါတယ်။

ဒါကြောင့်လည်း ထမင်းထဲ စပါးလုံးတွေပါသလို တချို့သတင်းတွေဟာ အုတ်ရိုးက ပြန်ရိုက်ခတ်တဲ့ စိတ် အာသာပြေ ကျွေးတဲ့ သတင်းတွေနဲ့ သတင်းအစစ်တွေ ရောပြွန်းနေတတ်ပြီး မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ်။ အားတက်လိုက်၊ စိတ်ဓာတ် ကျလိုက်နဲ့ ဒါကလည်း ထောင်ဆွေးစေတဲ့ အကြောင်းတခုပါပဲ။

နောက်ထပ် ဖိအားပေး ဝေဒနာဖြစ်စေတာကတော့ မိသားစုပါ။ မိသားစုဝင် နိုင်ငံရေး အကျဉ်းသား အကျဉ်းထောင်တွင်း ရှိနေစဉ်မှာ မိသားစု ရပ်တည်ရေး၊ စားဝတ်နေရေး ပြဿနာတွေကို တဖက်က ဖွင့်မပြောရက်ပေမယ့် ပြောမိကြတာတွေ ရှိတယ်။

ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားမိသားစုရဲ့ ရပ်တည်ရေးကိုပါ သက်ဆိုင်ရာ နယ်မြေအာဏာပိုင်တွေနဲ့ စစ်ထောက်လှမ်းရေးတွေက တနည်းနည်းနဲ့ ရန်ရှာတာ၊ ဖိအားပေး အကြပ်ကိုင်တာ ခံကြရတယ်။

ဒီလိုနဲ့ အကျဉ်းထောင်တွင်း စိတ်ဖိစီးမှုတွေကို နည်းမျိုးစုံ ရင်ဆိုင်ကြုံဆုံတွေ့ရတိုင်း သွေးတိုး၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ စတဲ့ ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေက ပုံမှန် အလုပ်မလုပ်ဖြစ်ကြတော့ပါဘူး။

ထောင်ကထွက် ဆေးစစ်တော့လည်း ဆေးစစ်ချက်တွေအတိုင်း ကုသနိုင်ဖို့က ဆေးဘိုးဝါးခက လုံလောက်အောင် မရှိ၊ ထောင်က ထွက်လာတော့ ကွာဟနေတဲ့ လောကကြီးကို ပြန်ပေါင်းကူးဖို့အရေးဟာ ထောင်ထွက် နိုင်ငံရေး အကျဉ်းသားတိုင်းအတွက် ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်ပါတယ်။

တဖက်က လက်တွေ့ဘ၀ ရပ်တည်ရေး၊ တဖက်က ယုံကြည်ချက် ရည်မှန်းချက်၊ အဲဒါတွေကို လွန်ဆွဲရင်း၊ ရင်မောရင်း ကိုယ့်ကျန်းမာရေးကိုလည်း မငဲ့ကွက်နိုင်တာ များကြပါတယ်။

ဘဝသစ်ပြန်လည် ရှင်သန်ရပ်တည်ရေး အတွက်လည်း မိသားစု ဝန်ထုတ်ဝန်ပိုးကို တဖက်က ရင်ဆိုင်ရင်း အနာဂတ် မှေးမှိန်နေဆဲ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အခုအထိ သက်ရှိထင်ရှားရှိသူ မြန်မာနိုင်ငံမှာ ခန့်မှန်းခြေအားဖြင့် ၁ သောင်းခွဲနဲ့ ၂ သောင်းဝန်းကျင်ကြားမှာ ရှိနေပါတယ်။

သူတို့ဟာ အနည်းနဲ့ အများတော့ ထောင်ဆွေး ရောဂါတွေ စွဲကပ်နေတာတော့ အမှန်ပါပဲ။ နိုင်ငံရေး အကျဉ်းသားဟောင်း တိုင်း ကာလတခု ကွာဟမှုကြောင့် အားနည်းချက်တွေ ရှိကောင်း ရှိနေနိုင်ကြပေမယ့် သူတို့ စွန့်လွှတ် ပေးဆပ်ခဲ့တာတွေ အတွက် အသိအမှတ်ပြုပြီး တိုင်းပြည် ပြန်လည် ထူထောင်ရေးမှာ တထောင့်တနေရာမှာ အသုံးချခွင့်ပေးဖို့ လိုအပ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးဖို့ လိုအပ်နေတာ အသေအချာပါပဲ။  ဒီကွက်လပ်ကို ဖြည့်ဆည်းဖို့ ကြိုးစားနေသူတွေ ရှိနေမယ်လို့ ထင်ပါတယ်။

ဒီလို နိုင်ငံရေး အကျဉ်းသားဟောင်းများကို ပြန်လည် ထူထောင်ရေး လုပ်ဆောင်ပေးတဲ့ လုပ်ငန်းစဉ်မျိုးမှာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ အစိုးရကသာ ဦးဆောင်ပြီး ကျန်တဲ့ လူမှုအင်အားစုတွေနဲ့ လက်တွဲလုပ်မယ်ဆိုရင် နိုင်ငံပြန်လည် ထူထောင်ရေးမှာ အင်အားတခု၊ လူသားရင်းမြစ်တခုကို ပြုစုပျိုးထောင်ပေးရာလည်း ရောက်နိုင်ပါတယ်လို့ ယုံကြည်မိပါတယ်။     ။

Loading